အခန်း ၇၈
Vol. 8 Ch. 78
အခန်း ၇၈
သူတို့နှစ်ဦးစလုံး၏ သားရဲများသည် ထူးခြားဆန်းကြယ်ကြ၏။ တစ်ကောင်မှာ ငွေရောင်လွှသွား ကင်းခြေများဖြစ်ပြီး နောက်တစ်ကောင်မှာ အမြီးဝါ ကျောက်နက်ကင်းမြီးကောက် ဖြစ်သည်။ တစ်ကောင်က သတ္တုဒြပ်စင်ဖြစ်ပြီး အခြားတစ်ကောင်က မြေဒြပ်စင်ဖြစ်ကာ နှစ်ကောင်စလုံးတွင် အဆိပ်ဂုဏ်သတ္တိများ ရှိကြသည်။ သာ၍ဆိုရသော် နှစ်ကောင်စလုံးမှာ လက်ရွေးစင်အဆင့် အလယ်အလတ်ဆင့်တွင် ရှိနေကြသဖြင့် ထိပ်တိုက်တွေ့ဆုံချိန်၌ တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ် ရှိလှသည်။
ငွေရောင်လွှသွား ကင်းခြေများ၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်အမင်း ပြင်းထန်လှသော်လည်း မြေဒြပ်စင်ရှိသော အမြီးဝါ ကျောက်နက်ကင်းမြီးကောက်အပေါ်တွင် မည်သည့်အသာစီးမျှ မရရှိနိုင်ခဲ့ချေ။ ဤအရာအားလုံးမှာ ကျောက်နက်ကင်းမြီးကောက်၏ ခန္ဓာကိုယ်ကို အလွန် မာကြောပြီး ဖောက်ထွက်ရန် ခက်ခဲလှသည့် ကျောက်နက်အလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသောကြောင့် ဖြစ်သည်။
အမြီးဝါ ကျောက်နက်ကင်းမြီးကောက်၏ အဆိပ်က ပိုမိုပြင်းထန်သည်။ ၎င်း၏ အဝါရောင်အမြီးတွင် ရှိသော အဆိပ်မှာ သွေးကို ပုပ်သိုးဆွေးမြည့်စေသော အဆိပ်ဖြစ်သည်။ ၎င်း၏ အဆိပ်ဆူးဖြင့် အထိုးခံရသော မည်သည့်သက်ရှိမဆို တစ်ကိုယ်လုံးရှိ သွေးများ ချက်ချင်း ပုပ်သိုးသွားကာ အနက်ရောင်သွေးများအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးဆွေးမြည့်ခြင်းသို့ ဦးတည်သွားစေသည်။
သို့သော်လည်း ငွေရောင်လွှသွား ကင်းခြေများ၏ သွေးထဲတွင် ပြဒါးသတ္တုများ ပါဝင်နေသဖြင့် ၎င်းသည် ထိုသွေးပုပ်အဆိပ်ကို ခုခံနိုင်စွမ်း ရှိနေပြန်သည်။
အချိန်အတော်ကြာသည်အထိ နှစ်ဖက်စလုံးမှာ တစ်ဖက်ကိုတစ်ဖက် ဘာမျှမလုပ်နိုင်ဘဲ အခြေအနေ တင်းမာနေခဲ့ကြသည်။
ထိုအရာက ကျန်းဟန် မြင်တွေ့ချင်ဆုံး အခြေအနေပင် ဖြစ်သည်။ သူတို့ တိုက်ပွဲ အချိန်ကြာလေလေ ပိုင်လင်း အနေဖြင့် စွမ်းအင်များ ပိုမို ပြန်လည်ဖြည့်တင်းနိုင်လေလေ ဖြစ်သည်။
ပိုင်လင်း ယခုတင် ကိုင်တွယ်ခဲ့ရသော သားရဲနှစ်ကောင်စလုံးမှာ လက်ရွေးစင်အဆင့် နှောင်းပိုင်းအဆင့်များဖြစ်ကြပြီး ‘စိတ်ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်း စွမ်းရည်ကိုပါ ကျွမ်းကျင်ထားကြသဖြင့် ၎င်းတို့ကို ဖြေရှင်းရန် ပိုင်လင်း၏ စွမ်းအင်များစွာ ကုန်ဆုံးထားခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း ပျော်ရွှင်စရာအချိန်များက ကြာရှည်မခံခဲ့ဘဲ စင်မြင့်ထက်က အခြေအနေမှာ မကြာမီမှာပင် ပြောင်းလဲသွားခဲ့တော့သည်။
“မင်းက တော်တော်လေး အထင်ကြီးစရာကောင်းပါတယ်။ ဒါပေမဲ့ မင်းရဲ့ အရည်အချင်းက ဒီလောက်ပဲ။ ငွေရောင်လွှသွား ကင်းခြေများ... ငါ့ရဲ့ စွမ်းအားတွေကို ခံယူလိုက်စမ်း။”
ငွေရောင်လွှသွား ကင်းခြေများ၏ အနောက်ဘက်ရှိ အဝါရောင်ဝတ်စုံဝတ် လူငယ်က သူ၏ ပြိုင်ဘက်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အဝေးမှနေ၍ ပြင်းထန်သော စွမ်းအားတစ်ခုက ငွေရောင်လွှသွား ကင်းခြေများအပေါ်သို့ သက်ရောက်သွားခဲ့သည်။
ဤသည်မှာ သေချာပေါက် သားရဲထိန်းချုပ်သူတစ်ဦး၏ ပါရမီပင် ဖြစ်သည်။ ပါရမီ၏ ကောင်းချီးပေးမှုကို ခံယူပြီးနောက် ငွေရောင်လွှသွား ကင်းခြေများ၏ ခန္ဓာကိုယ်အရွယ်အစားမှာ ရုတ်တရက် အဆမတန် ကြီးမားလာခဲ့တော့သည်။ ၎င်း၏ မူလအလျား ၁.၅ မီတာမှာ ချက်ချင်းဆိုသလို ငါးမီတာအထိ ဖြစ်သွားခဲ့ပြီး ၎င်း၏ လွှသွားများမှာလည်း သာ၍ ထက်မြက်လာကာ ၎င်း၏ ကျောကုန်းပေါ်၌ ငွေရောင်အကြေးခွံများစွာ ပေါ်ထွက်လာခဲ့သည်။
“ရှူးးးးး”
ငွေရောင်လွှသွား ကင်းခြေများ၏ အရှေ့ပိုင်းကိုယ်ထည်တစ်ဝက်မှာ မတ်တတ်ကြွတက်လာခဲ့ပြီး ၎င်း၏ ပါးစပ်အင်္ဂါများ တုန်ခါလျက် စူးရှသော ဟိန်းဟောက်သံတစ်ချက်ကို လွှတ်ထုတ်လိုက်ရာ ကမ္ဘာဦးခေတ်က ဧရာမအင်းဆက်တစ်ကောင် နိုးထလာသည့်အလား ရှိနေတော့သည်။ စင်မြင့်ပတ်ပတ်လည်ရှိ အင်းဆက်အမျိုးအစား သားရဲများမှာ မအောင့်နိုင်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့ကြရသည်။
“ဒါက ခန္ဓာကိုယ်ကြီးထွားခြင်း ပါရမီ ထင်တယ်။ ငွေရောင်လွှသွား ကင်းခြေများ ဒီပွဲကို နိုင်တော့မယ်။”
“ဟုတ်တယ်... ငွေရောင်လွှသွား ကင်းခြေများရဲ့ လက်ရှိအရွယ်အစားက အမြီးဝါ ကျောက်နက်ကင်းမြီးကောက်ထက် သုံးဆမက ပိုကြီးသွားပြီ။ ကိုယ်အလေးချိန် ကွာခြားချက်က တိုက်ခိုက်နိုင်စွမ်းနဲ့ ကာကွယ်နိုင်စွမ်းကို သိသိသာသာ မြင့်တက်လာစေလိမ့်မယ်။”
ကြီးထွားခြင်း စွမ်းရည်ကို မြင်လိုက်ရသောအခါ စင်မြင့်အပြင်ဘက်ရှိ ပွဲကြည့်ပရိသတ်များကလည်း တစ်ယောက်တစ်ပေါက် မှတ်ချက်ပြုလာကြတော့သည်။
တခြားသော အချက်အလက်များချင်း ဆင်တူနေသည့်အခါတွင် ခန္ဓာကိုယ်အရွယ်အစား အသာစီးရမှုက အလွန် ထင်ရှားလှပေသည်။
ကြောင်နှင့် ကျား နှစ်ကောင်စလုံးတွင် လက်သည်းများနှင့် ထက်မြက်သော သွားများ ရှိကြသော်လည်း ကြောင်တစ်ကောင်က ကျားတစ်ကောင်ကို မည်သည့်အခါမျှ ယှဉ်နိုင်မည် မဟုတ်သကဲ့သို့ပင်။ ၎င်းတို့ကြားက အကြီးမားဆုံး ကွာခြားချက်မှာ အရွယ်အစားဖြစ်ပြီး ယင်းမှာ ကိုယ်အလေးချိန်ပင် ဖြစ်သည်။
“ဟမ့်... ငါ့မှာလည်း ပါရမီ ရှိတယ်ကွ။”
အမြီးဝါ ကျောက်နက်ကင်းမြီးကောက်၏ ပိုင်ရှင်ဖြစ်သော ဝတုတ်တုတ်ကောင်လေးက ကြီးထွားလာသော ငွေရောင်လွှသွား ရာပြာကောင်ကို မြင်သောအခါ သူ၏ပါရမီကို ချက်ချင်း အသုံးပြုလိုက်တော့သည်။
သို့သော်လည်း လူများကို အံ့အားသင့်သွားစေသည်မှာ ဖက်တီးလေး၏ ပါရမီကို လှုံ့ဆော်ပြီးနောက်တွင်လည်း အမြီးဝါ ကျောက်နက်ကင်းမြီးကောက်မှာ ဘာတစ်ခုမျှ ပြောင်းလဲသွားခြင်း မရှိခြင်းပင် ဖြစ်သည်။
တစ်ဖက်မှ အဝါရောင်ဝတ်စုံဝတ် လူငယ်သည်လည်း အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့သော်လည်း သူသည် ထိုအရာကို ထည့်မစဉ်းစားတော့ဘဲ ကြီးထွားလာသော ငွေရောင်လွှသွား ကင်းခြေများကို အရှိန်ပြင်းစွာ ပြေးဝင်တိုက်ခိုက်ရန် တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။
ကြီးထွားလာသော ငွေရောင်လွှသွား ကင်းခြေများသည် ကဏ္ဍပေါင်းစုံတွင် အဆမတန် တိုးတက်မှုများကို ရရှိထားခဲ့ပြီ ဖြစ်သည်။ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် ပြေးဝင်လာစဉ်အတွင်း ဖုန်မှုန့်တိမ်တိုက်များကို လိပ်တက်စေခဲ့ပြီး ၎င်း၏ ကြီးမားလှသော ပါးစပ်ဖြင့် အမြီးဝါ ကျောက်နက်ကင်းမြီးကောက်ကို ကိုက်ခဲရန် အားယူလိုက်တော့သည်။
ဤကဲ့သို့သော အခြေအနေနှင့် ရင်ဆိုင်ရသောအခါ အမြီးဝါ ကျောက်နက်ကင်းမြီးကောက်သည် ၎င်း၏ သေးငယ်သော အရွယ်အစား အသာစီးရမှုကို အားကိုးကာ ရှောင်တိမ်းရန် အစွမ်းကုန် ကြိုးစားခဲ့သည်။
သို့သော် ရှောင်တိမ်းပြီးကာစတွင်ပင် ငွေရောင်လွှသွား ကင်းခြေများသည် ချက်ချင်း ၎င်း၏ကိုယ်ခန္ဓာကို လှည့်လိုက်ပြီး ၎င်း၏ ရာချီသော ထက်မြက်လှသည့် လွှသွားခြေထောက်များဖြင့် အမြီးဝါ ကျောက်နက်ကင်းမြီးကောက်ကို ပွတ်တိုက်လှီးဖြတ်ပစ်လိုက်ရာ ကင်းမြီးကောက်၏ ခန္ဓာကိုယ်ပေါ်ရှိ ကျောက်နက်များနှင့် မြေသားလွှာများအားလုံး ချက်ချင်း ကွာကျသွားပြီး ကျောကုန်းဘေးဘက်တွင် ထင်ရှားလှသော ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့ရသည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ။ အရွယ်အစား အသာစီးရမှုက ထင်ထင်ရှားရှား ပေါ်ထွက်လာပြီ။ ငွေရောင်လွှသွား ကင်းခြေများက ကြောက်စရာကောင်းတဲ့ ခွန်အားရှိပြီး အမှားအယွင်းတွေကို ခံနိုင်ရည်ရှိပေမဲ့ အမြီးဝါ ကျောက်နက်ကင်းမြီးကောက်ကတော့ တစ်ချက်လေး မှားတာနဲ့ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရမှုကို ဖြစ်စေတာပဲ။”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူအများစုက အဆုံးသတ်ကို ခန့်မှန်းမိသွားကြပြီ ဖြစ်သည်။ အမြီးဝါ ကျောက်နက်ကင်းမြီးကောက် သေချာပေါက် ရှုံးနိမ့်ရတော့မည် ဖြစ်သည်။
“ငွေရောင်လေး... တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်လိုက်။”
အဝါရောင်ဝတ်စုံဝတ် လူငယ်သည် သူ၏ အသာစီးရမှုကို အသုံးချကာ ပြိုင်ဘက်အား မည်သည့်အခွင့်အရေးမျှ ထပ်မပေးတော့ချေ။
“ရွှီးးးး”
နားကွဲလုမတတ် စူးရှသော ဟိန်းဟောက်သံနှင့်အတူ ငွေရောင်လွှသွား ကင်းခြေများသည် ၎င်း၏ ဦးခေါင်းနှင့် အမြီးကို ရုတ်တရက် တစ်ဆက်တည်း ချိတ်ဆက်လိုက်ပြီး ကြီးမားလှသော ငွေရောင်လွှဝိုင်းကြီးတစ်ခုအသွင်သို့ ဖန်တီးလိုက်သည်။ ၎င်းသည် အသွေးအသားများကို ဖြတ်တောက်မည့် လက်နက်ဆိုးကြီးတစ်ခုကဲ့သို့ အမြီးဝါ ကျောက်နက်ကင်းမြီးကောက်ထံသို့ ပျံသန်းဝင်ရောက်သွားခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ လည်ပတ်နေသော အသားကြိတ်စက်ကြီးတစ်ခုပမာ တရစပ် လည်ပတ်နေခဲ့ရာ ၎င်းနှင့် ထိမိသမျှ မည်သည့်မိစ္ဆာသားရဲမဆို အသားနှင့် သွေးများ အစိမ်းလိုက် ကြေမွပျက်စီးသွားရပေလိမ့်မည်။
ကျန်းဟန်ပင်လျှင် ခိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အနည်းငယ် တုန်လှုပ်သွားမိသည်။ ဤစွမ်းရည်သည် စိတ်ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်း မဟုတ်သော်လည်း ငွေရောင်လွှသွား ကင်းခြေများ၏ အားသာချက်များကို အပြည့်အဝ အသုံးချထားခြင်းဖြစ်ရာ ထွက်ပေါ်လာသော အစွမ်းအာနိသင်မှာ စိတ်ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်းထက် မလျော့ပါချေ။
“ဟဲဟဲ... အခု အချိန်တန်ပြီ။ အမြီးဝါ... အဆိပ်ကင်းမြီးကောက်အမြီး....။”
ဤအချိန်တွင် အောင်နိုင်သူတစ်ယောက်၏ ရယ်မောသံတစ်ခု ဟိန်းထွက်လာခဲ့သည်။ အမြီးဝါ ကျောက်နက်ကင်းမြီးကောက်၏ အမြီးသည် ရုတ်တရက် အဆမတန် ကြီးမားလာခဲ့ပြီး အေးစက်ကာ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများ ဖြတ်သန်းနေသည့် ထက်မြက်လှသော အမြီးဆူးကြီးသည် ငွေရောင်လွှသွား ကင်းခြေများထံသို့ ထိုးနှက်တိုက်ခိုက်လိုက်တော့သည်။
“အဆိပ်ကင်းမြီးကောက်အမြီး...ဒါ စိတ်ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်းပဲ။”
စင်မြင့်အပြင်ဘက်ရှိ လူများ မအောင့်နိုင်ဘဲ အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။ ဤနောက်ဆုံး မိနစ်ပိုင်းတွင်မှ ထင်မှတ်မထားသော အလှည့်အပြောင်းတစ်ခု တကယ်ပဲ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
ထိုအဆိပ်ကင်းမြီးကောက်အမြီးကို အားကောင်းလှသော အဝါရောင် စိတ်ဝိညာဉ်စွမ်းအင်များဖြင့် လွှမ်းခြုံထားရာ ၎င်းသည် သေချာပေါက် စိတ်ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်းစွမ်းရည်ပင် ဖြစ်သည်။
ဤဖက်တီးလေးသည် ဤမျှလောက်အထိ စိတ်ရှည်သည်းခံနိုင်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြချေ။ သူသည် စိတ်ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်းကို ကနဦးကတည်းက တတ်မြောက်ထားသော်လည်း ထုတ်မသုံးခဲ့ဘဲ ဤကဲ့သို့အဆုံးအဖြတ်ပေးမည့် အရေးကြီးသော အခိုက်အတန့်ကျမှသာ အစွမ်းကုန် ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။
ငွေရောင်လွှသွား ကင်းခြေများ၏ လွှဝိုင်းတိုက်ကွက်က အစွမ်းထက်လှသော်လည်း ၎င်းကို အသုံးပြုနေစဉ်အတွင်း လမ်းကြောင်းပြောင်းလဲရန် အလွန် ခက်ခဲလှပြီး အနည်းငယ်မျှသာ ပြုပြင်နိုင်သည်။ ဤအချိန်တွင် စိတ်ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်းကို အသုံးပြုလိုက်ခြင်းက တိုက်ချက်ထိမှန်မှုကို အဆမတန် မြင့်တက်သွားစေမည် ဖြစ်သည်။
“ဟမ့်... မင်းမှာ ဒီကွက် ရှိနေမှန်း ငါ ကနဦးကတည်းက သိပြီးသားကွ။”
သို့သော်လည်း အဝါရောင်ဝတ်စုံဝတ် လူငယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ငွေရောင်လွှသွား ကသ်းခြေများသည် ရှောင်တိမ်းခြင်း သို့မဟုတ် နောက်ဆုတ်ခြင်း လုံးဝမရှိဘဲ ရှေ့သို့သာ ဆက်လက် တိုးဝင်တိုက်ခိုက်လိုက်သည်။
စူးရှသောအသံတစ်ခုနှင့်အတူ အမြီးဝါ ကျောက်နက်ကင်းမြီးကောက်၏ ကြီးမားလှသော ကင်းမြီးကောက်အမြီးသည် ငွေရောင်လွှသွား ကင်းခြေများကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။ သို့သော် လူများကို အံ့အားသင့် မျက်လုံးပြူးသွားစေသည်မှာ ငွေရောင်လွှသွား ကင်းခြေများ၏ ခန္ဓာကိုယ်ပေါ်တွင် ငွေရောင်အလင်းလွှာတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ပြိုင်ဘက်၏ သေစေနိုင်သော ထိုးနှက်ချက်ကို ပိတ်ဆို့တားဆီးလိုက်ခြင်းပင် ဖြစ်သည်။
“ဒီငွေရောင်လွှသွား ကသ်းခြေများကလည်း စိတ်ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်းကို တကယ်ကြီး ကျွမ်းကျင်ထားတာလား။”
ခဏတာမျှ စင်မြင့်အပြင်ဘက်ရှိ လူများ အံ့ဩတကြီး ရေရွတ်လိုက်ကြမိသည်။ ဤမြင်ကွင်းသည် လူတို့၏ မျှော်လင့်ချက်ကို လုံးဝ ကျော်လွန်သွားခဲ့သည်။ ဤမျှလောက်အထိ အကွက်စိပ်စိပ်နှင့် လှည့်ကွက်ဆင် တိုက်ခိုက်ခြင်းက ယခုလေးတင် သားရဲထိန်းချုပ်သူ ဖြစ်လာကြသည့် လူငယ်ချင်း တိုက်ပွဲဖြစ်တာ တကယ်ပဲ ဟုတ်ပါ၏လော။
“ဒါက မဖြစ်နိုင်ဘူး။ မင်း ဒါကို ဘယ်တုန်းက ကျွမ်းကျင်သွားတာလဲ။”
ဖက်တီးလေးက မျက်လုံးအဝိုင်းသားဖြင့် အလန့်တကြား အော်ဟစ်လိုက်မိသည်။
သူ၏ အမြီးဝါ ကျောက်နက်ကင်းမြီးကောက်၏ အမြီးမှာ ထိုလွှဝိုင်းတိုက်ကွက်ကြောင့် ဖြတ်တောက်ခြင်း ခံလိုက်ရပြီးဖြစ်ရာ ရှုံးနိမ့်မှုကတော့ အသေအချာပင် ဖြစ်သွားခဲ့ချေပြီ။
“ဟွမ်ထောင် အနိုင်ရရှိသွားပါတယ်။”
ဒိုင်လူကြီးက အနည်းငယ် အံ့အားသင့်စွာဖြင့် ကြေညာလိုက်သည်။ ထို့နောက် ကုသရေးအထူးပြု သားရဲထိန်းချုပ်သူတစ်ဦး ရောက်ရှိလာပြီး အမြီးဝါ ကျောက်နက်ကင်းမြီးကောက်ကို ကုသပေးလိုက်သည်။ အဆင့်မြင့် သားရဲများအတွက်မူ ဤဒဏ်ရာများက ဘာမျှ မဟုတ်ပါချေ။
“ဟားဟားဟား... မင်းရဲ့ ပါရမီအကြောင်းကို ငါ အစကတည်းက သိထားပြီးသားပါကွာ။”
ဟွမ်ထောင်က ထိုဖက်တီးလေးကို ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
“ဟမ့်... နောက်တစ်ခေါက်ကျရင် ငါ မင်းကို လုံးဝ ထပ်မရှုံးစေရဘူး။”
ဖက်တီးလေးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ တစ်ခါမျှ ထုတ်မသုံးဖူးသလောက်ဖြစ်သည့် သူ၏ပါရမီ စိတ်ဝိညာဉ်စွမ်းအင် ကောင်းချီးပေးခြင်းကို ပြိုင်ဘက်က ကြိုတင်သိရှိနေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိချေ။
သို့သော်လည်း သူ မတရားရှုံးနိမ့်ခဲ့ရခြင်းမျိုးတော့ မဟုတ်ပါချေ။ ငွေရောင်လွှသွား ကင်းခြေများကို လက်ရွေးစင်အဆင့် အလယ်အလတ်ဆင့်မှာတင် စိတ်ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်း စွမ်းရည်ကို ကျွမ်းကျင်ပိုင်နိုင်အောင် လုပ်ပေးနိုင်ခဲ့သည့်အတွက် ဤဟွမ်ထောင်သည် တကယ်ကို အစွမ်းထက်သူတစ်ဦး ဖြစ်ပေသည်။
“ဒီဟွမ်ထောင်က အတန်း ၁ က ကျောင်းသားတစ်ယောက်ပဲ။ သူက ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး။”
လီဇီဝေ စင်မြင့်ထက်က မြင်ကွင်းကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။ အထူးတန်းတွင် ရှိနေနိုင်သော ကျောင်းသားများသည် သာမန်လူများ မဟုတ်ကြသည်မှာ အမှန်ပင်။
ကျန်းဟန်ကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ဤ အခြေခံအဆင့် သားရဲထိန်းချုပ်သူ လူငယ်များသည် တဖြည်းဖြည်း ရင့်ကျက်လာပြီး သာ၍ သန်မာလာကြကာ တိုက်ပွဲများသည်လည်း ယခင်ကလို ရိုးရှင်းမနေတော့ချေ။
သို့သော်လည်း ထိုသူနှစ်ဦး၏ တိုက်ပွဲသည် ကျန်းဟန်အတွက် အတော်အတန် အနားရချိန်ကို ပေးစွမ်းနိုင်ခဲ့သည်။ ပိုင်လင်းသည် ၎င်း၏ ကုန်ဆုံးသွားသော စွမ်းအင်အချို့ကို ပြန်လည်ဖြည့်တင်းပြီးဖြစ်ရာ နောက်တစ်ပွဲအတွက် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“နောက်တစ်ပွဲကတော့ ကျန်းဟန်နဲ့ ပိုင်ပင်းတို့ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်နှစ်ဦးစလုံး စင်မြင့်ထက်ကို တက်ရောက်ပေးကြပါ။”
ထိုအချိန်တွင် ဒိုင်လူကြီးက ကြေညာမောင်ခတ်လိုက်တော့သည်။
ကျန်းဟန်၏ နာမည်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် စင်မြင့်ပတ်ပတ်လည်တစ်ခုလုံး ရုတ်တရက် ဆူညံပွက်လောရိုက်သွားခဲ့တော့သည်။