အခန်း ၇၉
Vol. 8 Ch. 79
အခန်း ၇၉
“ကျန်းဟန်ဟုတ်လား... သူ့ရဲ့ သားရဲက ကျောက်စိမ်းပိုးကောင် မဟုတ်ဘူးလား။ သူက အခုထိ ပြိုင်ပွဲဝင်ဖို့ သတ္တိရှိနေသေးတာလား။”
“ဟုတ်ပါ့... အခုဆို လူတိုင်းရဲ့ သားရဲတွေက လက်ရွေးစင်အဆင့်ကို ရောက်ကုန်ကြပြီ။ သူတို့ရဲ့ အလားအလာတွေကိုလည်း ပြသနေကြပြီ။ ကျောက်စိမ်းပိုးကောင်တစ်ကောင်က ဘာနဲ့ သွားပြိုင်မှာလဲ။”
“အဲဒါပြောတာ။ သူ ဒီတစ်ခေါက် တကယ်ပဲ နိုင်မယ်လို့ ထင်နေတာလား။ နေပါဦး... မဖြစ်နိုင်တာ။ သူက တကယ့်ကို ကိုယ့်ကိုယ်ကိုယ် အသိစိတ်မရှိတာပဲ။”
ကျန်းဟန် စင်မြင့်ထက်သို့ မတက်ရောက်ရသေးမီကပင် စင်ပြင်ပရှိ ပွဲကြည့်ပရိသတ်များမှာ ဝေဖန်ပြောဆိုသံများဖြင့် ဆူညံနေခဲ့ပြီ ဖြစ်သည်။
ပြီးခဲ့သည့် အဖွင့်ပြိုင်ပွဲတုန်းက ကျန်းဟန်၏ ကျောက်စိမ်းပိုးကောင်သည် လူတိုင်းအပေါ် အလွန် နက်ရှိုင်းသော အထင်ကြီးမှုကို ချန်ရစ်ထားခဲ့သည်။
သို့သော် တစ်ချိန်တည်းမှာပင် သူ၏ စကားများကြောင့် ဤလူများသည် သူ့အပေါ် အလွန်ဆိုးရွားသော အထင်အမြင်များ ရှိနေကြပြီး သူ အရှုံးကြီးရှုံးနိမ့်သွားမည့် အချိန်ကိုသာ မျှော်လင့်စောင့်စားနေကြခြင်း ဖြစ်သည်။
ကျန်းဟန်သည် စင်မြင့်အပြင်ဘက်ရှိ ပွက်လောရိုက်နေသော လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး တည်ငြိမ်အေးဆေးစွာဖြင့် ကွင်းထဲသို့ လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။
“ကြိုးစားထား... ငါ နင့်ကို ယုံတယ်။”
လီဇီဝေက ကျန်းဟန်ကို အားပေးသည့်အနေဖြင့် လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြလိုက်သည်။ ကျန်းဟန်၏ ယခုတစ်ခေါက် ပြိုင်ဘက်တွင် မိုးကြိုးဂုဏ်သတ္တိကို အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ချုပ်ချယ်နိုင်စွမ်း ရှိနေသဖြင့် မိုးကြိုးပိုးကောင် ဖြစ်နေလျှင်ပင် စွမ်းဆောင်ရည်ကောင်းပြသရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ပိုင်ပင်းသည်လည်း စင်မြင့်ထက်သို့ လှမ်းတက်လာခဲ့ပြီ ဖြစ်သည်။ သူ၏ ဘေးနားတွင် ကျောက်တုံးလူသားလေးက ကပ်လျက် လိုက်ပါလာခဲ့သည်။ ၎င်းသည် လက်ရွေးစင်အဆင့် အလယ်အလတ်ဆင့် သားရဲတစ်ကောင်ဖြစ်ပြီး ကြံ့ခိုင်ခြင်းဟူသော စွမ်းရည် ရှိရာ မည်သည့်တိုက်ခိုက်မှုမဆို ၎င်းကို တိုက်ချက်တစ်ချက်တည်းဖြင့် လဲပြိုသွားအောင် မလုပ်နိုင်ချေ။
ဤအထူးအကျိုးအာနိသင်သည် မြေကမ္ဘာနတ်ဘုရား၏ အကာအကွယ်အဖြစ်သို့လည်း ဆင့်ကဲပြောင်းလဲနိုင်ပြီး ယင်းက ၎င်းအား သေစေနိုင်သော တိုက်ခိုက်မှုတစ်ခုကို ခုခံနိုင်စွမ်း ပေးစွမ်းမည့်အပြင် ၎င်း၏ ဂုဏ်သတ္တိအားလုံးကိုလည်း ပိုမိုမြင့်တက်စေမည် ဖြစ်သည်။
“ငါ့ရဲ့ကံက ဒီလောက်အထိ ကောင်းလိမ့်မယ်လို့ ထင်မထားဘူး။ အလကားနေရင်း အနိုင်ရလဒ်တစ်ခု ရတော့မှာပဲ။”
ပိုင်ပင်းက အနည်းငယ် ပြုံးလိုက်ပြီး ကျန်းဟန်ကို အထက်စီးဆန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်းရဲ့ နာမည်ကို ငါ ကြားဖူးပါတယ်။ ကျောက်စိမ်းပိုးကောင်တစ်ကောင်နဲ့ မင်းက တော်တော်လေး နာမည်ကြီးခဲ့တာပဲ။
ဒါပေမဲ့ ကျောက်စိမ်းပိုးကောင်ဆိုတာ အဆုံးမှာတော့ ကျောက်စိမ်းပိုးကောင်ပဲ။ ကျောက်စိမ်းဖီးနစ်လိပ်ပြာအဖြစ် ဆင့်ကဲပြောင်းလဲသွားရင်တောင် အမှိုက်က အမှိုက်ပဲ။”
“ဟက်... လူတွေအများကြီးက အဲဒီလို ပြောခဲ့ကြတာပဲ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူတို့က ပိုးကောင်တစ်ကောင်လောက်တောင် အသုံးမကျဖြစ်သွားကြတာပဲလေ။”
ကျန်းဟန်က ဘာမျှမဖြစ်သကဲ့သို့ ခပ်ဖွဖွ ရယ်မောလိုက်သည်။
“ပြိုင်ပွဲ စတင်ပါပြီ။”
ပိုင်ပင်း တစ်စုံတစ်ခုကို ထပ်မံပြောဆိုလိုသော်လည်း ဒိုင်လူကြီးက ပြိုင်ပွဲစတင်ကြောင်း ကြေညာလိုက်ပြီ ဖြစ်သည်။
“မင်း အရှုံးပေးဖို့ အဆင်သင့်ပြင်ထားလိုက်တော့။”
ပိုင်ပင်းက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်ပြီးနောက် လူကိုယ်တစ်ဝက်ခန့် အရွယ်အစားရှိသော လူသားပုံစံ သားရဲ ကျောက်တုံးလူသားလေးသည် စင်မြင့်၏ အလယ်ဗဟိုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ကျန်းဟန် ပိုင်ပင်းကို တစ်ချက်ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ပိုင်လင်ကို သူ၏ရှေ့မှောက်သို့ ဆင့်ခေါ်လိုက်သည်။
“ခုထိ ပိုးကောင်အဆင့်ပဲ ရှိသေးတာလား။ ကျောက်စိမ်းလိပ်ပြာအဖြစ်တောင် ဆင့်ကဲမပြောင်းလဲသေးဘူးပဲ။”
“ဟားဟားဟား... ဒီလောက်ရက်တွေ ကြာသွားတာတောင် သူက ဘာမှ မပြောင်းလဲသေးဘူးပဲ။ ငါဖြင့် ခဏလောက် စိုးရိမ်သွားမိသေးတယ်။”
“အေးလေ... အဲဒါပြောတာပေါ့။”
ဘေးပတ်ပတ်လည်ရှိ လူများသည် ပိုင်လင်းမှာ ယခုထက်ထိ ပိုးကောင်ပုံစံအတိုင်း ရှိနေဆဲဖြစ်သည်ကို မြင်သောအခါ ချက်ချင်းပင် တီးတိုးဝေဖန်လာကြတော့သည်။ ဒိုင်လူကြီးများဝိုင်းက ဒိုင်လူကြီးပင်လျှင် ပိုင်လင်း၏ လက်ရှိ အခြေအနေအစစ်အမှန်ကို ရိပ်မိခြင်း မရှိချေ။
“ကျောက်တုံးလူသားလေး... တက်သွားပြီး အဲဒီကောင်ကို အမှုန့်ဖြစ်အောင် ထုချေပစ်လိုက်စမ်း။ ရူးသွပ်စွာ ထုရိုက်ခြင်း စွမ်းရည်ကို သုံးလိုက်။”
ကျန်းဟန်က ပိုင်လင်းကို ထုတ်လိုက်သည်ကို မြင်သောအခါ ပိုင်ပင်းသည် ချက်ချင်းပင် စိတ်အေးသွားပြီး ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်တော့သည်။
စောစောက ကျန်းဟန်၏ ယုံကြည်ချက်အပြည့်ရှိနေသည့် ပုံစံကို မြင်တုန်းက သူ အနည်းငယ် စိုးရိမ်ခဲ့သော်လည်း ယခုမူ ယင်းက ကျန်းဟန်၏ လေလုံးထွားမှုသက်သက်သာ ဖြစ်ပုံရသည်။
သူက တကယ့်ကို ခေါင်းမာတာပဲ။ ပိုးကောင်တစ်ကောင်တည်းနဲ့ ဒီလောက်တောင် မာနကြီးနေရတယ်လို့။
ကျန်းဟန်သည် ကျောက်တုံးလူသားလေးကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ တိုက်ပွဲဗျူဟာကို ချက်ချင်း ချမှတ်လိုက်သည်။
ကျောက်တုံးလူသားလေး အရှိန်ပြင်းစွာ ပြေးဝင်လာသည်ကို စောင့်ကြည့်ရင်း ကျန်းဟန်က ပိုင်လင်းကို အရင်ဆုံး ပိုးမျှင်တန်းများ ပစ်လွှတ်ရန် ခိုင်းစေလိုက်သည်။
မကြာမီမှာပင် ပိုးမျှင်လွှာများစွာသည် ကျောက်တုံးလူသားလေး၏ ခန္ဓာကိုယ်ကို ရစ်ပတ်နှောင်ဖွဲ့သွားခဲ့၏။ ပိုင်လင်း၏ ပိုးမျှင်များသည် အလွန် တောင့်တင်းခိုင်မာလှသဖြင့် သာမန်မိစ္ဆာသားရဲများအနေဖြင့် လုံးဝ ရုန်းထွက်နိုင်စွမ်း မရှိချေ။
“ကလေးကစားစရာ အကွက်တွေပဲ။”
ပိုင်ပင်းက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။ ကျောက်တုံးလူသားလေး၏ အားနည်းချက်ကို သူက မည်သို့မသိဘဲ နေပါမည်နည်း။
နောက်တစ်စက္ကန့်တွင် ကျောက်တုံးလူသားလေး၏ ခန္ဓာကိုယ်မှ ကျောက်သားအရေခွံတစ်လွှာ ကွာကျသွားပြီး ၎င်းအပေါ်တွင် ကပ်ငြိနေသော ပိုးမျှင်များပါ အတူတူ ပြုတ်ကျသွားခဲ့သည်။ ထိုအခွင့်အရေးကို အသုံးချကာ ကျောက်တုံးလူသားလေးသည် အကွာအဝေးတစ်ခုအထိ ရှေ့သို့ အလုံးအရင်း တိုးဝင်သွားပြီး ပိုင်လင်းထံသို့ ပြေးဝင်တိုက်ခိုက်လိုက်တော့သည်။
ကျောက်တုံးလူသားလေးသည် ကျောက်ဆောင်ကျောက်ခဲများဖြင့် ဖွဲ့စည်းထားသော သက်ရှိတစ်မျိုးဖြစ်ရာ ကျောက်သားအရေခွံတစ်လွှာ ခွာချလိုက်ခြင်းက ၎င်းအတွက် ဘာမျှအရေးမကြီးချေ။ ၎င်းကို အချိန်မရွေး ပြန်လည်ဖြည့်တင်းနိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ဤအကွက်က ပိုင်လင်းကို ခံစစ်သက်သက် အခြေအနေသို့ ရောက်ရှိသွားစေသည်။
“ဘုန်း...ဘုန်း...ဘုန်း...”
ကျောက်တုံးလူသားလေးသည် အနားသို့ ကပ်မိသွားသည်နှင့်တစ်ပြိုင်နက် ရူးသွပ်စွာ ထုရိုက်ခြင်း စွမ်းရည်ကို ချက်ချင်း ထုတ်သုံးလိုက်တော့သည်။ ပိုင်လင်းသည်လည်း ပျာပျာသလဲဖြင့် ၎င်း၏ခန္ဓာကိုယ်ကို မာကြောအောင် လုပ်လိုက်ရပြီး တိုက်ချက်နှစ်ချက်ကို တောင့်ခံပြီးနောက် လျှပ်တစ်ပြက်အတွင်း အလျင်အမြန်ဆုတ်ခွာသွားခဲ့သည်။
ကျန်းဟန် ပိုင်ပင်းကို တစ်ချက်ကြည့်လိုက်သည်။ ကျောက်တုံးလူသားလေး၏ အရေခွံခွာချနိုင်သော ဤစွမ်းရည်ကြောင့် သူ အနည်းငယ် အံ့ဩသွားမိသည်။ ၎င်းမှာ ကျောက်တုံးလူသားလေး၏ ထူးခြားချက်တစ်ခု ဖြစ်သော်လည်း တိုက်ပွဲအတွင်း လက်တွေ့အသုံးချသည်ကို မြင်ရခဲလှသည်။
သူသည် ယခင်က မြေဒြပ်စင် သားရဲများစွာနှင့် ရင်ဆိုင်ခဲ့ဖူးသော်လည်း ၎င်းတို့ထဲမှ တစ်ကောင်မျှ ဤကဲ့သို့သော နည်းလမ်းကို အသုံးမပြုခဲ့ကြချေ။ ၎င်းကိုကြည့်ခြင်းအားဖြင့် ပိုင်ပင်းသည် ဤသားရဲအတွက် အတော်လေး အားထုတ်ကြိုးပမ်းထားကြောင်း ထင်ရှားလှပေရာ အထူးအတန်းမှ ကျောင်းသားတစ်ဦးဖြစ်ရန် ထိုက်တန်ပေသည်။
သို့သော်လည်း ထိုသို့ဖြစ်လင့်ကစား ကျန်းဟန်သည် ပိုင်လင်းကို ပိုးမျှင်ပစ်လွှတ်ခြင်းစွမ်းရည်ကို ဆက်လက်အသုံးပြုစေခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ကျောက်တုံးလူသားလေး၏ လှုပ်ရှားမှုအရှိန်ကို နှောင့်နှေးစေရန်သာ အဓိကထားပြီး ကိုယ်တိုင်ကမူ အဆက်မပြတ် ရှောင်တိမ်းနေခဲ့သည်။
ကျောက်တုံးလူသားလေးသည် အရေခွံခွာချနိုင်စွမ်း ရှိသော်လည်း ကျန်းဟန်က ဗျူဟာပြောင်းလဲလိုက်ပြီးနောက် ပိုင်လင်းသည် ပတ်ချာလည် ပြေးလွှားတိုက်ခိုက်ရုံသာ ပြုလုပ်ပြီး ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိတော့ချေ။ ထို့ကြောင့် ကျောက်တုံးလူသားလေး၏ အရှိန်အဟုန်နှင့် ဖျတ်လတ်မှု အားနည်းချက်မှာ အထင်အရှား ပေါ်ထွက်လာခဲ့တော့သည်။
ကျောက်တုံးလူသားလေးက လိုက်ဖမ်းပြီး ပိုင်လင်းကတော့ ပြေးနေခဲ့သည်။
လမ်းခရီးတစ်လျှောက်တွင် ၎င်းသည် ပြိုင်ဘက်ကို စိတ်အနှောင့်အယှက်ဖြစ်စေရန် ပိုးမျှင်အချို့ကိုပင် လှမ်းပစ်လိုက်သေးပြီး ရံဖန်ရံခါတွင် ပိုးမျှင်များဖြင့် ကျောက်ခဲအချို့ကို ရစ်ပတ်ကာ လှမ်းထုရင်း ပြိုင်ဘက်၏ ကြံ့ခိုင်မှုကို တဖြည်းဖြည်းချင်း ကုန်ခမ်းအောင် လုပ်နေခဲ့သည်။
မူလက လူများသည် ကျန်းဟန်၏ ကျောက်စိမ်းပိုးကောင် တိုက်ကွက်တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသော်လည်း တဖြည်းဖြည်းနှင့် အခြေအနေမှာ တစ်ခုခုလွဲချော်နေပြီဖြစ်ကြောင်း ၎င်းတို့ ရိပ်မိလာကြသည်။
“သေစမ်း... ဒီကျောက်စိမ်းပိုးကောင်ရဲ့ ရှောင်နိုင်တဲ့အစွမ်း ဒီလောက်တောင် အားကောင်းရသလား။ ကျောက်တုံးလူသားလေးတော့ အလှောင်ပြောင်ခံနေရပြီ။”
“ဒီအတိုင်းသာ ဆက်သွားရင် ကျောက်တုံးလူသားလေးရဲ့ ကြံ့ခိုင်မှုတွေ အကုန်ကုန်သွားလိမ့်မယ်။ ကျန်းဟန်က ပြန်ပြီးအနိုင်ယူနိုင်တော့မှာလား။”
စင်မြင့်ထက်က ပိုင်ပင်းသည်လည်း အလွန်အမင်း ဒေါသထွက်လာပုံရပြီး ခက်ထန်စွာ အော်ဟစ်လိုက်တော့သည်။
“မင်းမှာ သတ္တိရှိရင် ထိပ်တိုက်ရင်ဆိုင်စမ်း။ ဘာလို့ ပြေးနေတာလဲ။”
ကျောက်တုံးလူသားလေးတွင် ကာကွယ်နိုင်စွမ်း မြင့်မားပြီး တိုက်ခိုက်နိုင်စွမ်း အသင့်အတင့် ရှိသော်လည်း ၎င်း၏ အရှိန်အဟုန်မှာတော့ မည်သို့မျှ ဖြည့်ဆည်း၍မရနိုင်သော အားနည်းချက်တစ်ခု ဖြစ်နေခဲ့သည်။ ကျန်းဟန်၏ အရုပ်ကဲ့သို့ လှည့်စားခြင်းကို ခံနေရသဖြင့် သူ တကယ်ကို စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ရသည်။
ပြင်းထန်သော ခွန်အားများ ရှိနေသော်လည်း ဂွမ်းပုံကြီးကို ထုရိုက်နေရသကဲ့သို့ ဘာတစ်ခုမျှ အရာမထင် ဖြစ်နေခဲ့ရသည်။
“မင်းမှာ သတ္တိရှိရင် ငါ့ကို မိအောင် ဖမ်းလေ။”
ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။
စင်မြင့်ထက်တွင် ပိုင်လင်းသည် ကျောက်တုံးလူသားလေးကို ဆက်လက်၍ ကစားနေ၏။ မြေပြင်မှာ ကျောက်တုံးလူသားလေး၏ ထုရိုက်မှုများကြောင့် ချိုင့်ခွက်များနှင့် တွင်းများ ဖြစ်နေခဲ့ပြီဖြစ်သော်လည်း ပိုင်လင်း၏ ခန္ဓာကိုယ်ပေါ်တွင်မူ မည်သည့်ဒဏ်ရာမျှ ရှိမနေခဲ့ချေ။
“မင်း ခွေးမသား ငါ့ကို ထိပ်တိုက်ရင်ဆိုင်စမ်းကွ...အားးးး”
ပိုင်ပင်းတစ်ယောက် တကယ့်ကို ပေါက်ကွဲလုမတတ် ဖြစ်နေခဲ့ရသည်။ ဤကောင်မှာ အောက်တန်းကျလွန်းလှ၏။
သို့သော်လည်း သူ၏ ပါရမီအရည်အချင်းက ကျောက်တုံးလူသားလေးကို အရှိန်အဟုန်ပိုင်းတွင် မည်သည့်အသာစီးမျှ မပေးစွမ်းနိုင်သဖြင့် ယင်းက သူ့ကို အဆမတန် စိတ်ဆင်းရဲစေခဲ့သည်။
၎င်းသည် မိမိဘေးနားမှာ ယင်ကောင်တစ်ကောင်က တဝီဝီနှင့် အဆက်မပြတ် နှောင့်ယှက်နေသော်လည်း ဘယ်လိုပဲ ရိုက်ရိုက် မထိမှန်နိုင်သကဲ့သို့ပင် ဖြစ်သည်။ ရံဖန်ရံခါတွင် မိမိ၏ အရေပြားကိုသာ နီရဲသွားအောင် ရိုက်မိပြီး ထိုယင်ကောင်ကတော့ ဘာဒဏ်ရာမျှ မရရှိဘဲ အကောင်းအတိုင်း ရှိနေသကဲ့သို့ပင်။
ထို့ပြင် ကျောက်တုံးလူသားလေးအနေဖြင့် ငြိမ်ငြိမ်လေး ရပ်နေ၍လည်း မရချေ။ အကယ်၍ ၎င်းက မလှုပ်ရှားပါက ပိုင်လင်းက အစပျိုးပြီး ၎င်းကို လာဆွကာ တိုက်ခိုက်ဦးမည် ဖြစ်သည်။
ဤပွဲစဉ်သည် မကြုံစဖူး ထူးခြားစွာဖြင့် နာရီဝက်ခန့်အထိ ကြာမြင့်သွားခဲ့ပြီး ပွဲကြည့်ပရိသတ် အများအပြားမှာ ပျင်းရိငြီးငွေ့လွန်းသဖြင့် ထွက်ခွာသွားကြတော့သည်။
“ကျန်းဟန် အနိုင်ရရှိသွားပါတယ်။”
ဒိုင်လူကြီးက ကျန်းဟန်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကို အနည်းငယ် ချီးကျူးမိသွား၏။ တစ်ချိန်တည်းမှာပင် ပိုင်ပင်း၏ သနားစရာကောင်းလှသော အခြေအနေအတွက်လည်း စာနာမိသွားသည်။
သားရဲထိန်းချုပ်သူ တစ်ယောက်ချင်းစီတွင် မတူညီသော အဓိကအားသာချက်များ ရှိကြရာ ၎င်းတို့အထဲတွင် ဤကဲ့သို့သော ပြိုင်ဘက်ကို ပိတ်ဆို့ချုပ်ချယ်ပြီး အင်အားကုန်ခမ်းအောင် တဖြည်းဖြည်းချင်း မျှားခေါ်တိုက်ခိုက်သည့် သားရဲထိန်းချုပ်သူ အမျိုးအစားကတော့ စိတ်အနှောင့်အယှက်အဖြစ်ရဆုံးပင် ဖြစ်သည်။
“အားးးး... ကျန်းဟန်...မင်းခွေးသူတောင်းစား။”
ပိုင်ပင်းတစ်ယောက် အလွန်အမင်း ဒေါသထွက်လွန်းသဖြင့် နံရံကိုပင် လက်သီးဖြင့် ထိုးပစ်လိုက်တော့သည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်းက ကျောက်စိမ်းပိုးကောင်တစ်ကောင်ကို ရှုံးနိမ့်သွားခဲ့တာပဲလေ။”
ကျန်းဟန်က သူ့ကို သရော်လှောင်ပြောင်ရန် မမေ့ခဲ့ချေ။ အမှန်တကယ်တော့ သူလည်းပဲ အခြားရွေးချယ်စရာ မရှိခဲ့ခြင်း ဖြစ်သည်။ ပိုင်လင်းမှာ ပိုးကောင်တစ်ကောင်အဆင့်သာ ရှိသေးသဖြင့် ၎င်း၏ တိုက်ခိုက်မှုနည်းလမ်းများက အလွန် အကန့်အသတ် ရှိလွန်းလှသည်။ ၎င်းတွင် ထက်မြက်သော ပါးစပ်အင်္ဂါ သို့မဟုတ် အစွယ်များ ရှိမနေဘဲ ပိုးမျှင်ပစ်လွှတ်ခြင်း၊ လျှပ်စီးထုတ်လွှတ်ခြင်းနှင့် ခန္ဓာကိုယ်မာကြောခြင်းတို့ကိုသာ အားကိုးနိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း ဤစွမ်းရည်များသည် ဤကျောက်တုံးလူသားလေးနှင့် တွေ့ချိန်တွင်တော့ အရာမထင်ဖြစ်ခဲ့ရသည်။ ဤအခြေအနေကို မြှင့်တင်ရန်အတွက် သူသည် ပိုင်လင်း နဂါးအဖြစ်သို့ ဆင့်ကဲပြောင်းလဲမည့်အချိန်ကိုသာ စောင့်ဆိုင်းရမည် ဖြစ်သည်။ ထိုအချိန်ကျမှသာ အရာအားလုံးက လုံးဝ ဥဿုံ ပြောင်းလဲသွားပေလိမ့်မည်။
“အားးး... မင်း စောင့်နေလိုက်။ နောက်တစ်ခေါက်ကျရင် ငါ မင်းကို မှုန့်မှုန့်ညက်ညက် ကြေအောင် နင်းခြေပစ်မယ်။”
ပိုင်ပင်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် အလွန်အမင်း မခံချင်စိတ် အပြည့်ဖြင့် ထွက်ခွာသွားတော့သည်။
စင်မြင့်အတွင်း၊အပြင်ရှိ လူအချို့က ကျန်းဟန်ကို အနည်းငယ် ကြောက်ရွံ့သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ဤကောင်က တကယ့်ကို ထူးဆန်းလွန်းလှသည်။ ထိုကျောက်တုံးလူသားလေးကို အရှင်လတ်လတ် စွမ်းအင်တွေ ကုန်ခမ်းပြီး သေလုမတတ် ဖြစ်အောင် ကစားသွားခဲ့ခြင်း ဖြစ်သည်။
ပိုင်ပင်းသည် တိုက်ပွဲအတွင်း ကျန်းဟန်ကို မျှားခေါ်ရန်အတွက် အားနည်းချက် အကွက်များကို တမင်တကာ အကြိမ်ကြိမ် အရဲစွန့်ပြခဲ့သော်လည်း ကျန်းဟန်ကတော့ ထိုလှည့်ကွက်ထဲသို့ လုံးဝ ကျမလာခဲ့ချေ။ သူသည် အလွန်အမင်း တည်ငြိမ်လွန်းလှသည်။ အကယ်၍ သူတို့ကိုယ်တိုင်သာ ဤကဲ့သို့သော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရမည်ဟု တွေးမိရုံမျှဖြင့်ပင် တစ်ကိုယ်လုံး သက်တောင့်သက်သာမရှိဘဲ စိတ်ပျက်စရာကောင်းလှသည်ဟု ခံစားလိုက်ရတော့သည်။