← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

“ကျန်းဟန်... နင်က တကယ်ကို လန်းတာပဲ။ ငါသာဆိုရင် ဒီလောက်အထိ တည်တည်ငြိမ်ငြိမ် ရှိနေနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သားရဲထိန်းချုပ်သူရဲ့ အမိန့်ပေးမှုတွေကိုလည်း အဲဒီအတိုင်းအတာအထိ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။”

ကျန်းဟန် ပွဲကြည့်စင်ဆီသို့ ပြန်ရောက်လာသောအခါ လီဇီဝေက အားကျချီးကျူးရိပ် အပြည့်ဖြင့် ပြောလိုက်သည်။

ဤတိုက်ပွဲတွင် ကျန်းဟန်သည် ပြိုင်ဘက်ကို ထိပ်တိုက်ရင်ဆိုင်ပြီး အနိုင်ယူခဲ့ခြင်း မဟုတ်သော်လည်း သူပြသခဲ့သည့် အမိန့်ပေးညွှန်ကြားနိုင်စွမ်းနှင့် သူ၏ သားရဲအပေါ် အကြွင်းမဲ့ ထိန်းချုပ်ထားနိုင်မှုမှာ သာမန် အခြေခံအဆင့် သားရဲထိန်းချုပ်သူတစ်ဦး၏ အတိုင်းအတာထက် များစွာ ကျော်လွန်နေခဲ့သည်။

“ငါ့မှာလည်း အခြားရွေးချယ်စရာ မရှိလို့ပါ။ အဲဒီကျောက်တုံးလူသားလေးက ကိုင်တွယ်ရ အရမ်းခက်ခဲလွန်းတော့ ဒီတစ်နည်းပဲ ရှိတယ်လေ။”

ကျန်းဟန်က လက်နှစ်ဖက်ကို ဖြန့်ပြရင်း ပြောလိုက်သည်။

“အင်း... အခုဆို နှစ်လပဲ ရှိသေးတယ်။ လူတိုင်းက တော်တော်လေး သန်မာလာကြပြီ။ ခဏနေရင် ငါလည်း နိုင်ပါ့မလားမသိဘူး။”

လီဇီဝေက သက်ပြင်းချလိုက်သည်။ သူမ၏ မီးတောက်ခွေးမှာလည်း လက်ရွေးစင်အဆင့်သို့ တက်လှမ်းထားနိုင်ခဲ့ပြီ ဖြစ်သော်လည်း ၎င်းမှာ အစောပိုင်းအဆင့်မျှသာ ရှိသေးပြီး စိတ်ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်းကိုလည်း မလုပ်ဆောင်နိုင်သေးချေ။

“အဆင်ပြေသွားမှာပါ။”

ကျန်းဟန်က သူမကို နှစ်သိမ့်ပေးလိုက်သည်။ ကွင်းထဲက လူအများစုမှာ သူမနှင့် အဆင့်အတန်းချင်း သိပ်မကွာကြပါချေ။ ယခုတင် ပြီးဆုံးသွားသည့် ပွဲစဉ်နှစ်ပွဲမှာ ထိပ်တန်းအဆင့် ပွဲစဉ်များဟု သတ်မှတ်နိုင်ပြီး ကျန်လူအများစု၏ သားရဲများမှာ လက်ရွေးစင်အဆင့် အစောပိုင်းအဆင့်တွင်သာ ရှိနေကြသေးသည်။

“လီဇီဝေ နဲ့ ကျောက်ထျန်း။”

မကြာမီမှာပင် လီဇီဝေ စင်မြင့်ထက်သို့ တက်ရောက်ရန် အလှည့် ရောက်ရှိလာခဲ့တော့သည်။

သူမသည် ကျန်းဟန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ မီးတောက်ခွေးနှင့်အတူ စင်မြင့်ထက်သို့ လှမ်းတက်သွားတော့သည်။

မီးတောက်ခွေးမှာ ယခုအခါ အပြည့်အဝ ကြီးထွားပြီးသည့် အိမ်မွေး ဆမွိုင်းခွေး တစ်ကောင်နီးပါး အရွယ်အစား ရှိနေပြီ ဖြစ်သည်။ ၎င်း၏ မီးလျှံကဲ့သို့ ရဲရဲတောက်နေသော အမွေးအမျှင်များသည် အရှိန်ပြင်းစွာ ပြေးလွှားလိုက်သည့်အခါ ပျံသန်းနေသော မီးလုံးကြီးတစ်လုံးနှင့်ပင် တူလှပေသည်။

“ဝေါင်းးးးး”

စင်မြင့်ထက်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် မီးတောက်ခွေးသည် အစပျိုးသည့်အနေဖြင့် တစ်ဖက်ရှိ သံပါးစပ် မြေကြွက်ကို ကြည့်ကာ ကျယ်လောင်စွာ ဟောင်လိုက်တော့သည်။

“ဂရူးးးးး”

သံပါးစပ် မြေကြွက်လေးသည်လည်း အလျှော့မပေးလိုသည့်အလား ချက်ချင်းပင် ပြန်လည်ဟိန်းဟောက်လိုက်သည်။

ပြိုင်ပွဲစတင်သည်နှင့်တစ်ပြိုင်နက် ထိုသားရဲနှစ်ကောင်သည် အလျင်အမြန်ပင် တစ်ကောင်နှင့်တစ်ကောင် လုံးထွေးသတ်ပုတ်ကြတော့သည်။ နှစ်ကောင်စလုံးတွင် အံ့ဩစရာကောင်းလှသော ကိုက်ခဲနိုင်စွမ်းအား ရှိကြသည်။ ကနဦးတွင် ၎င်းတို့သည် သားရဲထိန်းချုပ်သူများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သော်လည်း မကြာမီမှာပင် စိတ်အရှိန်တက်လာကြပြီး သခင်များ၏ အမိန့်ပေးချက်များကို လုံးဝ လျစ်လျူရှုကာ တစ်ကောင်ကိုတစ်ကောင် တရစပ် ကိုက်ခဲနေကြတော့သည်။

“တာ့ဟုန်... နောက်ဆုတ်စမ်း။”

လီဇီဝေက အော်ဟစ်လိုက်သော်လည်း စင်မြင့်ထက်က မီးတောက်ခွေးကတော့ နားမထောင်ဘဲ အားရပါးရ ဆက်လက်ကိုက်ခဲနေခဲ့သည်။

“သံပါးစပ် မြေကြွက်လေး... ပြန်လာခဲ့။”

တစ်ဖက်မှ သားရဲထိန်းချုပ်သူကလည်း အော်ဟစ်လိုက်၏။

“ဂရူးးး... ဂရူးးး... ဂရူးးး”

“ဝူးးးးး”

သို့သော်လည်း စင်မြင့်ထက်က တိုက်ပွဲမှာတော့ ဆက်လက်၍ ပြင်းထန်နေဆဲပင်။ သံပါးစပ် မြေကြွက်လေးတွင် ခွေးတူဝက်တူတစ်ကောင်၏ ဇွဲသန်မှုမျိုး ရှိနေပုံရပြီး ရန်သူကို လဲပြိုအောင် မလုပ်နိုင်မချင်း လုံးဝ လွှတ်ပေးမည့်ပုံ မပေါ်ချေ။

“...”

“...”

ဤအခြေအနေကို မြင်လိုက်ရသောအခါ ကွင်းတစ်ခုလုံးရှိ လူများ ဆွံ့အသွားကြရတော့သည်။

လီဇီဝေသည် သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီး အမိန့်များကိုသာ ဆက်ပေးနေခဲ့ရသည်။ သို့သော်လည်း မီးတောက်ခွေးမှာ သံပါးစပ် မြေကြွက်လေးထက် အရွယ်အစား တစ်ဆင့် ပိုကြီးမားသဖြင့် ဤသို့ ကိုက်ခဲလုံးထွေး သတ်ပုတ်ရာတွင် တဖြည်းဖြည်းနှင့် အသာစီး ရရှိလာခဲ့သည်။

လီဇီဝေသည် သူမ၏ စိတ်ရိုင်းဝင်စေခြင်း ပါရမီကို အသုံးမပြုခဲ့သလို တစ်ဖက်မှ သားရဲထိန်းချုပ်သူသည်လည်း ၎င်းတို့၏ ပါရမီက တိုက်ခိုက်ရေးအတွက် မသင့်တော်၍လား မသိရဘဲ ထုတ်မသုံးခဲ့ပါချေ။

၁၅ မိနစ်တိတိ ကြာမြင့်ပြီးနောက်တွင်တော့ မီးတောက်ခွေးသည် သံပါးစပ် မြေကြွက်လေးကို အပြတ်အသတ် အနိုင်ယူလိုက်နိုင်တော့သည်။

“လီဇီဝေ အနိုင်ရရှိသွားပါတယ်။”

“ဝေါင်းးးးး”

မိမိ အနိုင်ရရှိသွားပြီဖြစ်ကြောင်း နားလည်သွားသည့်အလား မီးတောက်ခွေးသည် ခေါင်းကိုမော့ကာ အောင်ပွဲခံဟိန်းဟောက်လိုက်တော့သည်။

“ဂရူးးး”

သို့သော် ၎င်း၏ ခြေထောက်အောက်တွင်မူ သံပါးစပ် မြေကြွက်လေးသည် ရှုံးနိမ့်သွားခဲ့လင့်ကစား မီးတောက်ခွေး၏ ခြေထောက်ကို သေလုမတတ် ဆက်လက်ကိုက်ခဲထားဆဲဖြစ်ပြီး လုံးဝ မလွှတ်ပေးခဲ့ချေ။

“ဟေး... မင်း ရှုံးသွားပြီလေကွာ။ ဒီလောက်အထိ မျက်နှာပျက်စရာကောင်းအောင် မလုပ်စမ်းပါနဲ့။”

တစ်ဖက်မှ သားရဲထိန်းချုပ်သူကလည်း ဆက်ပြီး အရှက်ခွဲမခံနိုင်တော့သဖြင့် အနားသို့ လျှောက်သွားကာ သံပါးစပ် မြေကြွက်လေးပေါ်မှ မီးတောက်ခွေး၏ ခြေထောက်ကို ဆွဲဖယ်လိုက်တော့သည်။

“ဂရူးးး”

ထိုကောင်သည် သူ၏ ကိုယ်ပိုင် သားရဲထိန်းခိုပ်သူကိုပင် မျက်နှာသာမပေးဘဲ မီးတောက်ခွေး၏ ခြေထောက်ကိုသာ အသက်နှင့်လဲ၍ ကိုက်ထားလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့မိချေ။

“...ငါပဲ ကိုင်တွယ်လိုက်ပါ့မယ်”

ကုသရေးအထူးပြု သားရဲထိန်းချုပ်သူတစ်ဦးက အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် လျှောက်လှမ်းလာရင်း ပြောလိုက်သည်။

“ဝူးးးး”

အချုပ်အနှောင်ကနေ လွတ်မြောက်သွားပြီးနောက် မီးတောက်ခွေးသည် လီဇီဝေထံသို့ ပျော်ရွှင်မြူးထူးစွာ ပြေးဝင်လာခဲ့ပြီး သူမ၏ ချီးမွမ်းစကားကို စောင့်မျှော်နေခဲ့သည်။

“နင်က ဘာလို့ ငါ့အမိန့်ကို နားမထောင်တာလဲ။ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲကို ပြန်သွားပြီး မင်းရဲ့ အမှားကို ပြန်သုံးသပ်နေလိုက်။”

လီဇီဝေက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မီးတောက်ခွေးကို မျက်နှာသာမပေးဘဲ ၎င်းကို သားရဲဟင်းလင်းပြင်ထဲသို့ တိုက်ရိုက်ပင် ပြန်လည်သိမ်းဆည်းလိုက်တော့သည်။

“တကယ်ကို ခက်ခဲလွန်းတယ်။ မီးတောက်ခွေးထဲမှာ မြွေပါနဲ့ ဟစကီး သွေးနှော ပါနေတယ်လို့ ပြောကြတယ်။ အဲဒါကြောင့် ထိန်းချုပ်ရတာ အရမ်းခက်တယ်။”

လီဇီဝေက သူမ၏ နဖူးကို လက်ဖြင့်အုပ်ရင်း သက်ပြင်းချလိုက်သည်။ ဤသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပါချေ။

“ဟားဟားဟား... သူက အမိန့်တွေ နားမထောင်ပေမဲ့ တိုက်ခိုက်ရေးအတွေ့အကြုံကတော့ အတော်လေး အဆင်ပြေပါတယ်။ သူ့ကို ဆက်ပြီး လေ့ကျင့်ပေးရင်း ပိုပြီးတော့ စည်းကမ်းတင်းကျပ်လိုက်ပေါ့။”

ကျန်းဟန်က ရယ်မောလိုက်သည်။ စင်မြင့်ထက်က မြင်ကွင်းက တကယ်ကို ရယ်စရာကောင်းလှပေသည်။

“ဒီတစ်နည်းပဲ ရှိတော့တာပေါ့။”

လီဇီဝေက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။

ပြိုင်ပွဲကတော့ ဆက်လက်ကျင်းပနေခဲ့သည်။ မကြာမီမှာပင် ပထမအဆင့် ပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီး ကွင်းထဲတွင် လူ ၁၁ ဦးသာ ကျန်ရှိတော့သည်။

ဤပြိုင်ပွဲတွင် ပါဝင်သူ အလွန်အမင်း များပြားခြင်းမရှိသည့်အပြင် သားရဲများအနေဖြင့် လက်ရွေးစင်အဆင့်သို့ မဖြစ်မနေ ရောက်ရှိရမည်ဟူသော သတ်မှတ်ချက် ရှိနေသဖြင့် လူအများအပြားမှာ တိုက်ရိုက် အရည်အချင်းပျက်ပြယ်သွားခဲ့ကြသည်။

အဆုံးတွင်မူ လူ ၂၂ ဦးသာ ကနဦးစိစစ်မှုကို အောင်မြင်ပြီး စင်မြင့်ထက်သို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ပွဲစဉ်အဆင့် ပြီးဆုံးသွားပြီးနောက် ယခုတစ်ဆင့်မှာတော့ တိုက်ရိုက် အဆုံးအဖြတ်ပွဲစဉ် ဖြစ်လာခဲ့တော့သည်။

ဤသည်မှာ ရွေးချယ်ရေး ပြိုင်ပွဲတစ်ခုသာ ဖြစ်သဖြင့် အဆင့်သတ်မှတ်ချက်များ လုပ်ဆောင်ရန် မလိုအပ်ဘဲ ထိပ်တန်း ၆ ဦး ထွက်ပေါ်လာလျှင်ပင် လုံလောက်ပြီဖြစ်ရာ ပြိုင်ပွဲက အလွန်လျင်မြန်ပြီး နေ့တစ်ဝက်နှင့်တင် ပြီးဆုံးလုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။

မကြာမီမှာပင် ဒိုင်လူကြီးများအဖွဲ့က ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သည်။ ၎င်းတို့သည် ပွဲစဉ်များအတွက် မဲနှိုက်ကြမည်ဖြစ်ပြီး မဲမရှိဘဲ ကျန်ရစ်သူ တစ်ဦးမှာတော့ နောက်တစ်ဆင့်သို့ တိုက်ရိုက် တက်လှမ်းခွင့် ရရှိမည် ဖြစ်သည်။

ကျန်းဟန်နှင့် အခြားသူများသည် တစ်ယောက်ပြီးတစ်ယောက် မဲနှိုက်ရန် တန်းစီလျက် တက်လှမ်းသွားကြသည်။ ကျန်းဟန် မဲနှိုက်ပြီးနောက် ကြည့်လိုက်ရာ သူရရှိသည့် နံပါတ်မှာ ၁၀ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“အလို... ဘုရားရေ ကျန်းဟန်... ငါ တကယ်ပဲ နောက်တစ်ဆင့်ကို တန်းတက်သွားပြီ။ အလို... ဘုရားရေ။”

ကျန်းဟန် လှည့်ထွက်လာစဉ်မှာပင် လီဇီဝေ၏ အံ့ဩတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။ သူ ပြန်လှည့်ကြည့်လိုက်သောအခါ လီဇီဝေသည် သူမ၏ မဲလိပ်စာရွက်လေးကို သူ့ရှေ့တွင် ဝှေ့ယမ်းပြနေခဲ့ပြီ ဖြစ်သည်။

“ဂုဏ်ယူပါတယ်။ ဒါက တကယ့်ကို နတ်ဘုရားအဆင့် ကံကောင်းမှုပဲ။”

ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။

အခြားသူများလည်း မအောင့်နိုင်ဘဲ လှမ်းကြည့်လာကြပြီး ၎င်းတို့၏ မျက်ဝန်းများထဲ၌ မနာလိုရိပ်အချို့ ဖြတ်သန်းသွားကြသည်။ ဤကံကောင်းမှုက အလွန်အမင်း ကောင်းမွန်လွန်းလှပေသည်။

လူအချို့မှာ စိတ်ထဲတွင် မတင်မကျနှင့် မကျေမနပ် ဖြစ်နေကြသော်လည်း ဘာမျှမတတ်နိုင်ပါချေ။ ၎င်းကို ဒိုင်လူကြီးများက ဆုံးဖြတ်ချက်ချထားခြင်း ဖြစ်သည်။

“ဟားဟား... ဟုတ်ပါ့။ ဒါက တကယ်ကံကောင်းတာပဲ။ ဒီနေ့က ငါ့ရဲ့ ကံကောင်းတဲ့နေ့ ဖြစ်နေတာလားမသိဘူး။”

လီဇီဝေက ဝမ်းသာအားရ ပြောလိုက်သည်။

သူတို့နှစ်ဦး ခဏတာမျှ ထပ်မံစကားပြောဆိုပြီးနောက် ပြိုင်ပွဲက စတင်သွားခဲ့သည်။

မကြာမီမှာပင် ကျန်းဟန်၏ အလှည့်သို့ တစ်ဖက်ပြန်ရောက်လာခဲ့ပြန်သည်။ ယခုတစ်ကြိမ်တွင် သူ၏ ပြိုင်ဘက်မှာ လေနှင့်ရေ နှစ်မျိုးစပ်ဂုဏ်သတ္တိရှိသော တောင်ပံလေးခုပါ ရေလှိုင်းငှက် ဖြစ်သည်။

“ဟားဟားဟား... ကျန်းဟန် မင်းရဲ့ ကောင်းမွန်တဲ့နေ့ရက်တွေ ကုန်ဆုံးသွားပြီကွ။”

မပြန်သေးဘဲ ရှိနေသေးသော ပိုင်ပင်းင ကျယ်လောင်စွာ ရယ်မောလိုက်၏။

“ဝမ်ရှန်း... ငါ့အတွက် ကလဲ့စားချေပေးစမ်းပါ။ မင်း နိုင်ရင် ငါ မင်းကို လုံဟူ အမွေးပွဂဏန်းနဲ့ တစ်ဝိုင်းကျွေးမယ်။”

ပိုင်ပင်းသည် ထိုတောင်ပံလေးခုပါ ရေလှိုင်းငှက်၏ ပိုင်ရှင်ကို သိကျွမ်းနေကြောင်း ထင်ရှားလှပေသည်။

“ဟားဟား... စိတ်မပူပါနဲ့။”

အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသော ဝမ်ရှန်းက ရယ်မောလိုက်သည်။ သူ၏ တောင်ပံလေးခုပါ ရေလှိုင်းငှက်သည် ပျံသန်းနိုင်ရုံသာမက ပိုးကောင်အမျိုးအစား သက်ရှိများ၏ သဘာဝရန်သူလည်း ဖြစ်သည်။ သူ ဤပွဲအတွက် အနိုင်ရလဒ်ကို လက်ထဲ၌ ဆုပ်ကိုင်ထားပြီးသား ဖြစ်သည်။

“ငါတော့ ကျန်းဟန် ဒီတစ်ခေါက် နိုင်မယ်လို့ လုံးဝမယုံဘူး။ တကယ်လို့ သူ ထပ်နိုင်ရင် ငါ အမဲသားအစိမ်း သုံးပိဿာကို အကုန်စားပြမယ်။”

စင်ပြင်ပရှိ ပွဲကြည့်ပရိသတ်အချို့က အော်ဟစ်လိုက်ကြသည်။

“စိတ်မပူပါနဲ့။ မင်း အဲဒါကို စားရမှာ မဟုတ်ပါဘူး။ ကျန်းဟန်က သေချာပေါက် ရှုံးမှာပဲ။ တကယ်လို့ သူ မရှုံးရင် ငါ သူ့ရှေ့မှာ ဒူးထောက်ပြမယ်။”

အခြားတစ်ယောက်ကလည်း ဝင်ရောက်ထောက်ခံလိုက်သည်။ ကျန်းဟန် ယခင်က ပြသခဲ့သည့် ခွန်အားအရ ဆိုပါက သူ အနိုင်ရရန် မည်သည့်အခွင့်အရေးမျှ လုံးဝမရှိဟု ပြောနိုင်ပေသည်။

“ပြိုင်ပွဲ စတင်ပါပြီ။”

“မင်း ပြီးခဲ့တဲ့ပွဲတုန်းက မင်းရဲ့ အရှိန်အဟုန် အားသာချက်ကို အားကိုးပြီး ကံကောင်းပြီး နိုင်သွားတာပဲ။ ဒီပွဲမှာတော့ မင်း အဲဒီလို အခွင့်အရေးမျိုး ရတော့မှာ မဟုတ်ဘူး။”

တောင်ပံလေးခုပါ ရေလှိုင်းငှက်၏ ပိုင်ရှင် ဝမ်ရှန်းက ကျန်းဟန်ကို ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“ဟုတ်ပါပြီကွာ။”

ကျန်းဟန်က ခေါင်းညိတ်ပြလိုက်ပြီး ပိုင်လင်းကို ထုတ်လိုက်သည်။

“ရေလှိုင်းငှက်... သူ့ကို သင်ခန်းစာတစ်ခု ပေးလိုက်စမ်း။ အဲဒီ ပိုးမျှင်တွေကြားထဲမှာ အောက်မကျသွားအောင် သတိထား။”

ဝမ်ရှန်းက အေးစက်စွာ အော်ဟစ်အမိန့်ပေးရင်း ပြုံးလိုက်သည်။

“ကျီးးးးး”

ရေလှိုင်းငှက်က အော်ဟစ်လိုက်ပြီး ပိုင်လင်း၏ အထက်ကောင်းကင်တွင် ဝဲပျံလှည့်ပတ်လျက် အားနည်းချက်ကို စောင့်ဆိုင်းနေခဲ့သည်။

“ကျီး...”

ပိုင်လင်း အပေါ်သို့ မော့ကြည့်လိုက်ပြီး ပိုးကောင်ဟိန်းဟောက်သံ တစ်ချက်ကို လွှတ်ထုတ်လိုက်ပြီး “ငါ့ခေါင်းပေါ်မှာ တခြားကောင်တွေ ပျံသန်းနေတာကို အမုန်းဆုံးပဲ” ဟု ပြောနေသည့်အလား ရှိနေတော့သည်။

နောက်တစ်စက္ကန့်တွင် ခရမ်းရောင် လျှပ်စီးတန်းတစ်ခုသည် ပိုင်လင်း၏ ဦးခေါင်းပေါ်ရှိ ဦးချိုမှ ရုတ်တရက် ပြေးထွက်သွားခဲ့ပြီး ၎င်း၏အထက်တွင် ဝဲပျံနေသော တောင်ပံလေးခုပါ ရေလှိုင်းငှက်ထံသို့ တိကျစွာ ထိမှန်သွားခဲ့တော့သည်။

“ဘုန်းးးး”

လူအများ၏ မျှော်လင့်တကြီး စောင့်ကြည့်နေသော အကြည့်များကြားထဲမှာပင် တောင်ပံလေးခုပါ ရေလှိုင်းငှက်သည် မည်သည့်ကြိုတင်အချက်ပြမှုမျှမရှိဘဲ မြေပြင်ပေါ်သို့ ဘုန်းခနဲလဲကျသွားခဲ့ပြီး လုံးဝ မလှုပ်ရှားနိုင်တော့ချေ။

ခဏတာမျှ ကွင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရာ အပ်ကျသံပင် ကြားရလုမတတ် ဖြစ်သွားခဲ့ရသည်။

လူတိုင်း၏ မျက်နှာအမူအရာများမှာ ဤအခိုက်အတန့်၌ လုံးဝဆွံ့အလျက် အေးခဲသွားကြတော့သည်။

All Chapters