အခန်း ၁၁၁
Vol. 12 Ch. 111
အခန်း ၁၁၁: ချင်ဝူယောင်း၏ မြေအောက်နန်းတော်
"ဘာ...."
ထိုအံ့အားတသင့်ရေရွတ်သံ သူတို့၏ပါးစပ်မှ ထွက်သွားသည်နှင့် တပြိုင်နက်....
ဧရာမ ယောင်သားရဲ ရုပ်ထုနှစ်ခုသည် စတင်၍ မြည်ဟီးကာ တုန်ခါလာတော့သည်။
အနီးကပ် ကြည့်လိုက်လျှင် သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ ကျောက်တုံးများသည် အမှန်အားဖြင့် သူတို့အပေါ်တွင် ကပ်နေသော ကျောက်အခွံတစ်မျိုးသာ ဖြစ်ပေ၏။
လုရန်၏နောက်တွင် ထန်ကော်နှင့် ဆိုင်ရှင်မိန်းမသည် ထိုမြင်ကွင်းကို ကြက်သေသေစွာ စောင့်ကြည့်နေခဲ့ကြသည်။
သူမတို့သည် ဤတံခါးစောင့် သားရဲနှစ်ကောင်အကြောင်းကို ကြာမြင့်စွာကတည်းက ကြားဖူးခဲ့ကြသည်။
သို့သော် မည်သူမျှ မြေအောက်နန်းတော်၏ရှေ့သို့ အမှန်တကယ် မရောက်ဖူးကြသဖြင့် ထိုအရာများသည် ထွင်းထုထားသော အလှပြရုပ်ထုများ သက်သက်သာ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။
ဤအရာနှစ်ခုသည် အမှန်တကယ် အသက်ရှင်နေလိမ့်မည်ဟု မည်သူ ထင်မှတ်ထားခဲ့မည်နည်း။
ထန်ကော်က သတိထား၍ မေးလိုက်သည်။
"ဆရာ... ကျွန်မတို့ တိုက်ခိုက်ရမလား"
လုရန်က စဉ်းစားဟန်ဖြင့် တီးတိုးရေရွတ်လိုက်၏။
"အနားယူနေလိုက်ပါ"
ဤမြေအောက်နန်းတော်၏ ပိုင်ရှင်အစစ်အမှန်သည် မည်သူဖြစ်ကြောင်း သူ မေးမြန်းလိုသောကြောင့် တိုက်ရိုက်တိုက်ခိုက်ရန် မရည်ရွယ်ခဲ့ပေ။
အချိန်အနည်းငယ် အတွင်းမှာပင် ယောင်သားရဲ နှစ်ကောင်သည် သူတို့၏ အသွင်သဏ္ဌာန်များကို အပြည့်အဝ ဖော်ပြလာတော့သည်။
တစ်ကောင်သည် လုံးဝန်းသော ဧရာမခေါင်းနှင့် ခန္ဓာကိုယ်အနှံ့ ပြင်းထန်သော မီးတောက်များ လောင်ကျွမ်းနေသည့် အမည်မသိ မင်္ဂလာသားရဲတစ်ကောင်ပင်။
တခြားတစ်ကောင်သည် ခန္ဓာကိုယ် တစ်ခုလုံးမှ အေးစိမ့်နေသော အအေးလှိုင်းများကို ထုတ်လွှတ်နေသည့် ငှက်ကြီးတစ်ကောင်ဖြစ်သည်။
ရေခဲနှင့်မီးတောက်တို့ ရောနှောနေသော မြင်ကွင်းတစ်ခုသည် သူတို့၏မျက်စိရှေ့တွင် ထွက်ပေါ်လာပေ၏။
ယောင်သားရဲနှစ်ကောင်က တပြိုင်နက်တည်း ပြောဆိုသည်။
"သူတော်စင်နန်းတော်ကို ဘယ်သူက ကျူးကျော်ဝင်ရောက်ရဲတာလဲ"
တစ်ချိန်တည်းမှာပင်....
သူတို့၏နောက်တွင် သူတို့၏ အစစ်အမှန် အသွင်အပြင်များနှင့် အလွန်ဆင်တူသော ဧရာမပုံရိပ်ယောင်ကြီးများ ထွက်ပေါ်လာတော့သည်။
ထိုအရာမှာ ယောင်မျိုးနွယ်၏သူတော်စင်သွေးမျိုးဆက် ဓမ္မပုံရိပ်ယောင်ပင်။
ဤယောင်သားရဲနှစ်ကောင်လုံးသည် အင်မော်တယ်ဧကရာဇ်နယ်ပယ်တွင် ရှိနေကြောင်း လုရန်က မြင်တွေ့နိုင်သည်။
ထိုအချက်က လုရန်ကို အကြီးအကျယ် အံ့အားသင့်သွားစေခဲ့သည်။
အင်မော်တယ်ဧကရာဇ်နယ်ပယ် ယောင်သားရဲ နှစ်ကောင်ကို ဤနေရာတွင် တံခါးစောင့်အဖြစ် နှစ်ပေါင်းကြာမြင့်စွာ ထားရှိခဲ့သည်ဆိုပါက ဤမြေအောက်နန်းတော်၏ ပိုင်ရှင်သည် အင်မော်တယ်ဧကရာဇ်တစ်ယောက်ကို အကြွင်းမဲ့ချေမှုန်းနိုင်စွမ်း ရှိနေသည်ဟု ဆိုလိုခြင်း မဟုတ်လော။
မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်...
လုရန် အံ့အားသင့်သွားတော့သည်။ သူ၏တပည့်များထဲတွင် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ရှိနေသလော။
ထို့ပြင် အခြေအနေကို ကြည့်ရသည်မှာ ထိုလူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေခဲ့ပုံရသည်။
လုရန်က တိုက်ရိုက်မေးလိုက်သည်။
"ဒီမြေအောက်နန်းတော်ရဲ့ ပိုင်ရှင်က ဘယ်သူလဲ"
ညာဘက်ရှိ မီးတောက်မင်္ဂလာသားရဲက မောက်မာထောင်လွှားစွာဖြင့် ပြန်လည်ဟိန်းဟောက်လိုက်သည်။
"ရိုင်းစိုင်းလိုက်တာ... သူတော်စင်မလေးရဲ့ နာမည်က မင်းခေါ်ဖို့ အရည်အချင်း ပြည့်မီတဲ့ အရာတစ်ခု ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
လုရန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
အတွေးတစ်ချက်ဖြင့်...
နတ်ဆိုးသန့်စင်ခြင်းအိုးသည် သူ၏ရှေ့တွင် ထွက်ပေါ်လာပြီးနောက် အရွယ်အစား ကြီးမားလာကာ ယောင်သားရဲနှစ်ကောင်၏ခေါင်းပေါ်ရှိ လေဟာနယ်တွင် တွဲလောင်းကျနေတော့သည်။
ရုတ်ချည်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူခြင်းစွမ်းအားတစ်ရပ် ပေါက်ကွဲထွက်လာသည်။
ယောင်သားရဲနှစ်ကောင်သည် ထိတ်လန့်တကြား ဖြစ်သွားပြီး တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူတို့ သတိထားမိချိန်တွင် အချိန်နှောင်းသွားလေပြီ။
သူတို့ မည်သို့ပင် လုပ်ဆောင်စေကာမူ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူခြင်းစွမ်းအားသည် အနည်းငယ်မျှ အားနည်းမသွားဘဲ သူတို့ကို နတ်ဆိုးသန့်စင်ခြင်းအိုးအတွင်းသို့ ဆွဲသွင်းသွားတော့သည်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ထန်ကော်နှင့်ဆိုင်ရှင်မိန်းမသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ကြ၏။
ဒါပဲလား...
အလွန်ခမ်းနားထည်ဝါပုံရသော ယောင်သားရဲနှစ်ကောင်သည် တိုက်ပွဲစတင်ရန် အခွင့်အရေးပင် မရလိုက်ဘဲ ပျောက်ကွယ်သွားသလော...
လုရန်သည် တိတ်တဆိတ် စောင့်ဆိုင်းနေရင်း နတ်ဆိုးသန့်စင်ခြင်းအိုးအတွင်းသို့ သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ကြည့်ရှုလိုက်သည်။
သူ မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိပြီးနောက် နတ်ဆိုးသန့်စင်ခြင်းအိုးအတွင်းရှိ ပြောင်းလဲခြင်း အမြန်နှုန်းမှာ သိသိသာသာ တိုးတက်လာခဲ့သည်။
မကြာမီ ယောင်သားရဲနှစ်ကောင်သည် လုရန်၏ အမှတ်အသားဖြင့် အတင်းအကြပ် တံဆိပ်ခတ်နှိပ်ခံလိုက်ရသည်။
ထန်ကော်က မေးမြန်းသည်။
"ဆရာ... အဲ့ဒီယောင်သားရဲ နှစ်ကောင် သေသွားပြီလား"
လုရန်က ပြန်ဖြေလိုက်၏။
"မသေသေးဘူး... သူတို့က အသုံးဝင်သေးတယ်"
အချိန်ကိုက်ဖြစ်ပြီဟု မြင်သောအခါ သူသည် အတွေးတစ်ချက်ဖြင့် ယောင်သားရဲနှစ်ကောင်ကို လွှတ်ပေးလိုက်သည်။
ယခုချိန်၌ သူတို့သည် နာခံမှု ရှိနေကြလေပြီ။ သူတို့သည် မည်သူ့ကိုမျှ ခြိမ်းခြောက်ရန် ဆန္ဒမရှိတော့ဘဲ ရိုးသားစွာဖြင့် လူသားအသွင်ကို ယူလိုက်ကြသည်။
ညာဘက်ရှိ မီးတောက်မင်္ဂလာသားရဲသည် ကြွက်သားများ တောင့်တင်းသော လူသန်ကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး သူ၏အနီရောင်ဆံပင်ရှည်များသည် မီးတောက်များအလား သူ၏ ခေါင်းပေါ်တွင် ဖြည်းညှင်းစွာ လူးလွန့်နေသည်။
သူ၏အရေပြား တစ်ခုလုံးမှာ နီရဲနေပြီး လူသားအသွင်ဖြင့်ပင် သူ့ထံမှ ထွက်ပေါ်လာသော ပြင်းထန်သော အပူရှိန်ကို ခံစားနေရဆဲပင်။
တခြားသားရဲတစ်ကောင်ကမူ လုရန်ကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။ ရေခဲငှက်သည် အမှန်အားဖြင့် အမျိုးသမီးတစ်ဦး ဖြစ်နေသည်။
သူမသည် ပုံရိပ်ယောင်ကဲ့သို့ ဝေဝါးပြီး အဖြူရောင် အဝတ်အစားများကို ဝတ်ဆင်ထားပေ၏။ သူမ၏အသွင်အပြင်သည် ရေခဲနှင့် ကျောက်စိမ်းကဲ့သို့ ဖြူစင်သန့်ရှင်းကာ အေးစက်သော မြူခိုးများက သူမ၏နံဘေးပတ်လည်တွင် ဖြည်းညှင်းစွာ လှည့်ပတ်နေသည်။
သူမသည် အလွန်လှပပြီး သိမ်မွေ့သော မျက်နှာပေါက် ရှိကာ အပြာရောင် ဆံပင်ရှည်များသည် သူမ၏နောက်တွင် ပေါ့ပေါ့ပါးပါး ဖြာကျနေပြီး သူမ၏ တင်ပါးကို ဖြတ်ကာ ဖနောင့်အထိ ကျဆင်းနေသည်။
ကွာခြားချက်မှာ ယခုအချိန်၌ သူတို့နှစ်ဦးလုံးသည် လုရန်အပေါ် အလွန်အမင်း ရိုသေလေးစားနေကြခြင်းပင်။
သူတို့က ရိုသေစွာဖြင့် ခေါ်လိုက်ကြသည်။
"သခင်"
ထန်ကော်နှင့်ဆိုင်ရှင်မိန်းမ အံ့အားသင့်သွားကြသည်။
ထိုသားရဲနှစ်ကောင်သည် မသေသေးချေ။ သို့သော် မျက်စိတစ်မှိတ်အတွင်း သူတို့သည် လုရန်ကို 'သခင်' ဟု မည်သည်ကြောင့် ခေါ်ဆိုကြသနည်း။
ဤသည်မှာ သူတို့ကို သတ်ခြင်းထက် များစွာပိုဥခက်ခဲလှသည်။
လုရန်က သူ၏လက်ကို ဝှေ့ယမ်းပြီး သူက မေးမြန်းသည်။
"မင်းတို့ ဒီမှာ နေတာ ဘယ်လောက်ကြာပြီလဲ"
လုရန်သည် အချိန်ပေါ် အခြေခံ၍ ဆုံးဖြတ်ချက် တစ်ခု ချလိုခဲ့သည်။
မီးလူသားက ပြောဆိုသည်။
"နှစ်ပေါင်း ငါးသောင်းလောက် ရှိပြီ"
ရေခဲအမျိုးသမီး၏အဖြေကမူ မီးလူသားနှင့် မတူညီချေ။
"နှစ်ပေါင်း ခုနစ်သောင်း"
လုရန်က ဆက်မေးလိုက်၏။
"မင်းတို့ကို ဒီမှာ နေဖို့ ဘယ်သူက ပြောတာလဲ"
သူတို့နှစ်ယောက်သား တပြိုင်နက်တည်း တုံ့ပြန်အဖြေပေးလိုက်ကြသည်။
"သူတော်စင်မလေးပါ... ဧကရာဇ် နန်းတော်ကို စောင့်ကြပ်ပြီး လူတစ်ယောက် ပေါ်လာတဲ့အချိန်ကို စောင့်နေဖို့ သူက ကျွန်တော်တို့ကို ပြောခဲ့တယ်"
ဤတစ်ကြိမ်တွင် သူတို့၏အဖြေများမှာ အတိအကျ တူညီနေသည်။
လုရန်က မေးလိုက်၏။
"ဘာအဓိပ္ပာယ်လဲ... ဘယ်သူ့ကို စောင့်ရမှာလဲ"
သူတို့နှစ်ဦးက တိုက်ရိုက်ဖြေဆိုလိုက်ကြသည်။
"လုရန်လို့ နာမည်ရတဲ့ လူတစ်ယောက်ကိုပါ"
အမ်...
လုရန်၏နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားတော့သည်။
အဲ့ဒါက ငါ မဟုတ်ဘူးလား...
သူတို့ နှစ်ဦးသည်လည်း တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး လုရန်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
သူတို့နှစ်ယောက်သား တပြိုင်နက်တည်း မေးမြန်းလေသည်။
"သခင်... ဖြစ်နိုင်တာက သခင်ကများ..."
လုရန်က ပခုံးတွန့်ကာ ဝန်ခံလိုက်၏။
"ငါက လုရန်ပဲ"
ထို့နောက် သူက ဆက်ပြောလိုက်သည်။
"မင်းတို့ကို လူတစ်ယောက်ကို စောင့်နေဖို့ ပြောခဲ့တာဆိုတော့ လူတစ်ယောက် လာတဲ့အချိန်မှာ ဘာလို့ မမေးတာလဲ... ဘာလို့ အဲ့ဒီလို အော်ဟစ်နေရတာလဲ"
ဒါက...
သူတို့နှစ်ဦး အနည်းငယ် အနေရခက်သွားပြီး ရှင်းပြသည်။
"သခင်က မြေအောက်နန်းတော်ကို ဆင်းလာတဲ့ ကျွန်တော်တို့ ကြုံဖူးတဲ့ ပထမဆုံး လူပါ... ကျိုးကြောင်းဆီလျော်မှုအရဆိုရင် သခင့်က ဒီလောက်စောစော ရောက်လာဖို့ မလိုသေးပါဘူး"
လုရန်သည် သူ၏နောက်ရှိ လမ်းကြောင်းကို လှည့်ကြည့်လိုက်၏။
ဤယောင်သားရဲ နှစ်ကောင်သည် မြေအောက်နန်းတော် ပွင့်သွားကြောင်းကို မသိပုံရသလို သူတို့၏ နောက်ရှိ လမ်းကြောင်းတွင် လူအများအပြား သေဆုံးခဲ့ပြီးဖြစ်ကြောင်းကိုလည်း မသိပုံရသည်။
သူတို့၏ ကျောက်ခဲအသွင်ပြောင်းနေသည့် အခြေအနေသည် သူတို့၏ အာရုံခံစားမှု စွမ်းရည်များကို ပိတ်ဆို့ထားပုံရပေ၏။
လုရန်က ဆက်မေးလိုက်သည်။
"ဒါဆို... မင်းတို့ ပြောနေတဲ့ အဲ့ဒီသူတော်စင်မလေးက ဘယ်သူလဲ... သူရဲ့ နယ်ပယ်က ဘာလဲ"
သူတို့နှစ်ဦးက စဉ်းစားပြီး ပြောဆိုလိုက်ကြသည်။
"သူတော်စင်မလေးရဲ့ နာမည်က ချင်ဝူယောင်းပါ... အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့က စွန့်ပစ်တောရိုင်းနယ်မြေမှာ ရှိနေခဲ့တယ်..."
ထိုအချိန်က ချင်ဝူယောင်းသည် စွန့်ပစ်တောရိုင်းနယ်မြေသို့ သွားခဲ့ပြီး သူတို့ကို အောက်ဘုံမှ အလယ်ပိုင်းနယ်မြေသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ရေခဲအမျိုးသမီးကို အရင်ဆုံး ခေါ်ဆောင်သွားခဲ့ပြီး အချိန်အတော်ကြာမှ သူတော်စင်မလေးသည် စွန့်ပစ်တောရိုင်းနယ်မြေသို့ နောက်တစ်ကြိမ် သွားရောက်ကာ မီးလူသားကို ခေါ်ဆောင်လာခဲ့သည်။
သူတို့ နှစ်ဦး ရောက်ရှိလာချိန်တွင် ဤမြေအောက်နန်းတော်သည် ရှိနေပြီးဖြစ်ပေ၏။
သို့သော် သူတော်စင်မလေးသည် အချိန်ကြာမြင့်စွာ မနေခဲ့ဘဲ တခြားသူများကို နန်းတော်မှ ခေါ်ဆောင်သွားကာ သူတို့ကို ဤနေရာတွင် စောင့်ကြပ်စေခဲ့သည်။ သူတော်စင်မလေး ဘယ်သွားကြသည်ကိုမူ မည်သူမျှ မသိပေ။
ဤအချိန်အခိုက်အတန့်တွင် လုရန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ၏နှလုံးသား ပြင်းထန်စွာ ခုန်ပေါက်နေတော့သည်။
ထိုအမျိုးသမီးမှာ အမှန်တကယ်ကို ချင်ဝူယောင်းပင်။
မီးလူသားက သတိပြန်ဝင်လာပြီးနောက် ပြောလိုက်သည်။
"စကားမစပ်... လွန်ခဲ့တဲ့ နှစ်ပေါင်းငါးသောင်းတုန်းက သူတော်စင်မလေးက မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေပြီ... အခုတော့... ကျွန်တော်တို့လည်း မသိတော့ဘူး"
ရေခဲအမျိုးသမီးက ဖြည့်စွက်၍ ပြောဆိုသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းခုနစ်သောင်းတုန်းကလည်း သူက မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ပဲ"
လွန်ခဲ့သော နှစ်ပေါင်းခုနစ်သောင်းကလား...
လုရန် အနည်းငယ် အံ့အားသင့်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။
ချင်ဝူယောင်းသည် လွန်ခဲ့သော နှစ်ပေါင်း ကိုးသောင်းကျော်က အထက်ဘုံသို့ တက်လှမ်းခဲ့ပြီး သူမသည် လွန်ခဲ့သော နှစ်ပေါင်းခုနစ်သောင်းကတည်းက မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေခဲ့သလော။ ဆိုလိုသည်မှာ သူမ စိတ်ဝိညာဉ်နယ်မြေသို့ ရောက်ရှိပြီးနောက် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်လာရန် နှစ်ပေါင်းနှစ်သောင်းသာ ကြာမြင့်ခဲ့ခြင်းပင်။
အမှန်အားဖြင့် ထို့ထက်ပင် ပိုစောနိုင်သေးသည်။
အဘယ်ကြောင့်ဆိုသော် ဤသားရဲနှစ်ကောင်ကို ဤနေရာသို့ ခေါ်ဆောင်လာချိန်တွင် ချင်ဝူယောင်းသည် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေပြီ ဖြစ်သောကြောင့်ပင်။
သူမ မည်သို့ လုပ်ခဲ့သနည်း....
လုရန်တွင် စနစ်ရှိပြီး အောက်ဘုံတွင် နှစ်ပေါင်း တစ်သိန်းကြာ တက်ရောက်စာရင်းသွင်းခြင်းမှ စုဆောင်းထားသော သမုဒ္ဒရာကဲ့သို့ ကြီးမားသည့် ချီပမာဏရှိသည်။
စနစ်၏ တက်ရောက်စာရင်းသွင်းခြင်းများမှ ပေးသော ကျင့်ကြံမှုနှင့်မှော်ရတနာများလည်း သူ့ထံတွင် ရှိပေ၏။
ထို့ပြင် သူ၏ကျင့်ကြံမှုကို အရှိန်မြှင့်ရန် လင်းပေါင်အာရှိသည်။
သို့သော် ချင်ဝူယောင်းတွင် ဘာမျှ မရှိပေ။
လုရန်က ဆက်မေးလိုက်သည်။
"သူက မင်းတို့ကို ငါ့ကို ဒီမှာ စောင့်နေဖို့ ပြောခဲ့တာလား... ငါ ဒီကို လာမယ်ဆိုတာကို သူက ဘယ်လိုသိတာလဲ"
ထို့ပြင် လုရန်သည် ရှေးဟောင်းကြေးဝါတံခါးမှလာကာ မြေကမ္ဘာမြို့ကို ဖြတ်သန်းပြီး မြေအောက်နန်းတော်သတင်းကိုရရှိ၍ ဤနေရာသို့ လာမည်ကို လွန်ခဲ့သော နှစ်ပေါင်းသောင်းနှင့်ချီကတည်းက သူမ တွက်ချက်ထားခဲ့လော....
ဤသည်က မယုံနိုင်စရာ ကိစ္စတစ်ရပ်ပင်။
သူတို့နှစ်ဦးက ခေါင်းခါယမ်းပြီး ပြောဆိုသည်။
"အဲ့ဒါကိုတော့ ကျွန်တော်တို့ မသိပါဘူး"
သူတို့သည် ဤကိစ္စကို မသိသည်မှာ သဘာဝကျပေ၏။
လုရန်က ထပ်မေးလိုက်သည်။
"ဒါဆို ငါ ရောက်လာတဲ့အချိန်မှာ မင်းတို့ကို ဘာလုပ်ခိုင်းတာလဲ"
ချင်ဝူယောင်းသည် အလယ်ပိုင်းနယ်မြေရှိ သုံးဆယ့်သုံးထပ် ကောင်းကင်၏ အမြင့်မားဆုံး ကောင်းကင် တွင် ရှိနေကြောင်း လုရန် သိသော်လည်း ဤသားရဲနှစ်ကောင်ကမူ ချင်ဝူယောင်း ယခု ဘယ်နေရာ၌ ရှိနေသည်ကို မသိကြချေ။
ဤယောင်သားရဲ နှစ်ကောင်ကို သူ၏အလာကို စောင့်ဆိုင်းရန် လွန်ခဲ့သော နှစ်ပေါင်းသောင်းနှင့်ချီကတည်းက မည်သည်ကြောင့် ချင်ဝူယောင်း စီစဉ်ထားခဲ့ရသနည်းဟု သူ သိချင်နေခဲ့သည်။
"သခင် ရောက်လာတာနဲ့ သခင့်ကို ပစ္စည်းတစ်ခု ပေးရမယ်လို့ သူက ကျွန်တော်တို့ကို ပြောခဲ့တယ်... သခင်... ကျေးဇူးပြုပြီး ကျွန်တော်တို့နောက်ကို လိုက်ခဲ့ပါ"
ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးသည် နောက်လှည့်ကာ သူတို့၏နောက်ရှိ မြေအောက်နန်းတော်ဆီသို့ လျှောက်လှမ်းသွားတော့သည်။ လုရန်သည်လည်း အလျှင်အမြန် လိုက်သွားခဲ့လေ၏။
သူ အမှန်တကယ်ကို သိချင်နေခဲ့သည်။
လွန်ခဲ့တဲ့ နှစ်သောင်းနှင့်ချီ အကြာတုန်းက ချင်ဝူယောင်းသည် သူ့အတွက် မည်သည့်အရာကို ချန်ထားခဲ့သနည်း...