← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂: ငါ့ရဲ့ဇနီး ချန်ထားခဲ့တာတွေ

သူတို့နှစ်ယောက်သား လုရန်ကို မြေအောက်နန်းတော် အတွင်းပိုင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုနေရာရှိ အကြီးဆုံးခန်းမဆောင်တွင် အထူးပြင်ဆင်ထားသော စင်မြင့်တစ်ခု ရှိနေပေ၏။

လုရန် ဝင်သွားချိန်၌ စင်မြင့်ပေါ်တွင် လက်တဖဝါးအရွယ်အစားရှိသော သေတ္တာတစ်လုံးကို သူ ချက်ချင်းမြင်တွေ့လိုက်ရသည်။

သူသည် သူတို့နှစ်ဦးကို လှည့်ကြည့်လိုက်ကာ သူတို့က ခေါင်းညိတ်ပြပြီးမှသာ လုရန်က လျှောက်လှမ်းသွားပြီး သေတ္တာကို ဖွင့်လိုက်သည်။

သေတ္တာထဲတွင် တစ်စုံတစ်ခု အမှန်တကယ် ရှိနေသည်။

ထိုအရာမှာ လက်တဖဝါးအရွယ်အစားရှိသော သလင်းကျောက်တစ်ခု ဖြစ်ပြီး ပုံသဏ္ဌာန် မမှန်ဘဲ စိတ်ဝိညာဉ် သွေးကြောတစ်ခုမှ တူးဖော်ရရှိသော စိတ်ဝိညာဉ် ကျောက်စိမ်းတစ်တုံးနှင့် ဆင်တူသည်။

သို့သော် ထိုကျောက်သည် ခရမ်းရောင် ဖြစ်နေပေ၏။

ထိုကျောက်သည် လုံးလုံးလျားလျား ကြည်လင်နေပြီး အတွင်းတွင် တွန့်လိမ်နေသော သက်တန့်ရောင် ကြိုးမျှင်များကို မြင်တွေ့နိုင်ပြီး အလွန်အံ့အားသင့်ဖွယ်ကောင်းလှသည်။

လုရန်သည် ထိုကျောက်ကို အချိန်အတော်ကြာ စူးစိုက်ကြည့်နေခဲ့ပြီး သူ၏နတ်ဘုရားစိတ်အာရုံဖြင့် အာရုံခံကြည့်ခဲ့သော်လည်း ဤအရာ၏အသုံးဝင်ပုံကို သူ ရှာမတွေ့ခဲ့ပေ။ ထိုကျောက်သည် သာမန်ပစ္စည်းတစ်ခုနှင့် တူညီနေသည်။

သို့သော် ထိုအရာကို ချင်ဝူယောင်က ချန်ထားခဲ့သဖြင့် သာမန်အရာတစ်ခု မဟုတ်နိုင်သည်မှာ သေချာပေါက်ပင်။

လုရန်က မေးလိုက်သည်။

"ဒါက ဘာလဲ"

သို့သော် သူတို့ နှစ်ဦးက ခေါင်းခါယမ်းပြပြီး မသိကြောင်း အချက်ပြလိုက်ကြသည်။

လုရန် အနည်းငယ် သံသယဖြစ်သွားပြီး ဆက်မေးလိုက်၏။

"ဒါဆို ချင်ဝူယောင်းက ဒါကို ချန်ထားခဲ့တုန်းက မင်းတို့ကို ဘာပြောခဲ့သေးလဲ... ဒီအရာရဲ့ ရည်ရွယ်ချက်က ဘာလဲ... ဘာအတွက် သုံးတာလဲ"

သို့သော် သူတို့နှစ်ဦးသည် ဘာမျှမသိဘဲ ခေါင်းခါယမ်းနေဆဲပင်။

လုရန်သည် ထိုသလင်းကျောက်ကို တခဏကြာမျှ ထပ်မံ လေ့လာခဲ့ပြီးနောက် သူ ထွင်းဖောက်မမြင်နိုင်သေးကြောင်း တွေ့ရှိရသဖြင့် လောလောဆယ်တွင် လက်လျှော့လိုက်ပြီး သူ၏သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။

ချင်ဝူယောင်နှင့် တွေ့ချိန်၌ သူမကို တိုက်ရိုက်မေးရန် သူ ရည်ရွယ်ထားသည်။

မည်သို့ပင်ဆိုစေကာမူ ယခုချိန်၌ သူ အလယ်ပိုင်းနယ်မြေသို့ ရောက်ရှိနေပြီဖြစ်ရာ ချင်ဝူယောင်ကို တွေ့ရမည့်အချိန်မှာ မဝေးတော့ချေ။

လုရန်သည် သူ၏အချိန်နိယာမက အနာဂတ်သို့သာ သွားနိုင်ပြီး အတိတ်သို့ ပြန်မသွားနိုင်သည့်အတွက် အနည်းငယ် စိတ်အနှောင့်အယှက်ပင် ဖြစ်နေမိသည်။

ထိုညတွင် သူတို့သည် မြေအောက်နန်းတော်၌ နေထိုင်ခဲ့ကြ၏။

လုရန်သည် မြေအောက်နန်းတော်တစ်ခုလုံးကို အကြိမ်ကြိမ် လှည့်လည်ကြည့်ရှုခဲ့သော်လည်း သဲလွန်စအသစ်ဟူ၍ တစ်စုံတစ်ရာမျှ မတွေ့ရှိခဲ့ပေ။

ထို့အစားထိုးအနေဖြင့် တချို့သော သီးသန့်နေရာများတွင် ချင်ဝူယောင်၏ မှေးမှိန်ပြီး ကြာရှည်စွဲကျန်နေသော အရှိန်အဝါကို သူ ခံစားခဲ့ရပြီး သူ၏ဇနီးကို တွေ့ရန် သူ အနည်းငယ် စိတ်မရှည် ဖြစ်သွားစေခဲ့သည်။

နောက်တစ်နေ့ နံနက်စောစောတွင် လုရန်တို့လူစုသည် သုံးဆယ့်နှစ်ထပ် ကောင်းကင်သို့ သွားရန် ရည်ရွယ်ကာ မြေအောက်နန်းတော်မှ ထွက်လာခဲ့ကြသည်။

သို့သော် သူတို့ ထွက်လာသည်နှင့် တပြိုင်နက် အပြင်ဘက်တွင် အလွန်များပြားသော လူအုပ်ကြီးကို တွေ့လိုက်ရသဖြင့် လုရန် အံ့အားသင့်သွားသည်။

လူပင်လယ်ကြီးက အိုအေစစ်တစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေပေ၏။ တောင်ကုန်းများနှင့် လယ်ကွင်းများကို ဖြတ်၍ ကြည့်လိုက်လျှင် လူများမှလွဲ၍ တခြားဘာမျှ မရှိပေ။

ဤသည်မှာ ယမန်နေ့က မြေကမ္ဘာမြို့ တွင် ပြောခဲ့သော နောက်တစ်နေ့ နံနက်စောစောတွင် စုရုံးမည့် လူအုပ်စု ဖြစ်နိုင်သည်။

လူများ ဤမျှထိများပြားမည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

ထန်ကော်သည်လည်း အလွန်အံ့အားသင့်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

သူမက ပြောဆိုသည်။

"မရင်းနှီးတဲ့ မျက်နှာတွေ အရမ်းများတယ်... သူတို့ အားလုံး အပြင်လူတွေ ဖြစ်ရမယ်... ဒေသခံတွေက အနည်းအကျဉ်းလောက်ပဲ ရှိတာ"

လုရန်က သူတို့ကို ဝေ့ဝိုက်၍ ကြည့်လိုက်သည်။

လူများ အလွန်များပြားသော်လည်း အစွမ်းထက်ဆုံးသူများမှာ ရှေ့ဆုံးမှ ဦးဆောင်နေသော လူခုနစ်ယောက်၊ ရှစ်ယောက်ခန့်သာဖြစ်သည်။

ဤသည်မှာ အင်မော်တယ်သခင်ခြောက်ယောက်နှင့် အင်မော်တယ်ဧကရာဇ်တစ်ယောက်ပင်။

မဟာအင်မော်တယ်ဧကရာဇ်များကမူ ဤနေရာတွင် မရှိကြချေ။

လုရန်သည် အနည်းငယ် ရယ်စရာကောင်းသည်ဟု ခံစားမိလေ၏။

ဤမြေအောက်နန်းတော်ရှိ ရတနာများအကြောင်း သတင်းကို မည်သူဖြန့်ခဲ့မှန်း သူ မသိသော်လည်း လူများစွာက ထိုကိစ္စကို အမှန်တကယ် ယုံကြည်ခဲ့ကြသည်။

လုရန်သည် လွန်ခဲ့သည့်ညက နန်းတော်တဝိုက်တွင် အကြိမ်ကြိမ် လှည့်လည်ကြည့်ရှုခဲ့သည်။ ထိုအချိန်က ချင်ဝူယောင် ထွက်ခွာသွားချိန်တွင် ဤနေရာကို ရှင်းလင်းထားခဲ့ပြီးဖြစ်ပေ၏။ ကြွင်းကျန်ရစ်ခဲ့သောအရာများမှာ အမှိုက်များပင်။

ထိုယောင်သားရဲနှစ်ကောင်ကလည်း နန်းတော်ထဲတွင် ကောင်းသောအရာ တစ်ခုမျှ မကျန်တော့ကြောင်း ပြောဆိုခဲ့သည်။

လုရန် ထွက်လာချိန်၌ သူတို့နှစ်ဦးကိုလည်း ခေါ်ဆောင်လာခဲ့ပေ၏။

တစ်ချိန်တည်းမှာပင် အပြင်ဘက်ရှိ လူများသည် သူတို့၏စုဖွဲ့မှုများကို စီစဉ်နေကြပြီး သူတို့၏လူအင်အားကို မည်သို့ ခွဲဝေရမည်အား ဆွေးနွေးကာ ဝင်ရောက်ရန် ပြင်ဆင်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ ဤမြေအောက်နန်းတော်၏ အန္တရာယ်အဆင့်မှာ နာမည်ကြီးပြီး ရှေ့ဆုံးမှ ဦးဆောင်မည့် ပထမဆုံးလှိုင်းသည် ကြီးမားသော ထိခိုက်သေဆုံးမှုများနှင့် ကြုံတွေ့ရမည်မှာ သေချာပေါက်ပင်။

ထို့ကြောင့်...

နောက်ကျိနေသော ရေထဲတွင် ငါးဖမ်းရန် အုပ်စုနောက်သို့ လိုက်လိုသူများစွာ ရှိသော်လည်း ရှေ့ဆုံးမှ ဦးဆောင်ရန်ကိစ္စနှင့် ပတ်သက်လာလျှင် ဆန္ဒရှိသူ အလွန်နည်းပါးလှသည်။

ကြီးမားသော ဆုကြေးများ ပေးထားသော်လည်း ဆန္ဒရှိသူဟူ၍ သိပ်မရှိချေ။

မည်သို့ပင်ဆိုစေကာမူ ဆုကြေး မည်မျှပင် ကြီးမားစေကာမူ ထိုဆုကြေးကို ခံစားရန် အသက်ရှင်နေမှသာ ဖြစ်မည် မဟုတ်လော။

သို့သော် ထိုအချိန်မှာပင် လုရန်တို့လူစု နန်းတော်အတွင်းမှ ထွက်လာသည်ကို သူတို့ ရုတ်တရက် မြင်တွေ့လိုက်ရသည်။

လူတိုင်း အနည်းငယ် ဆွံ့အသွားကြ၏။

သူတို့ ဤနေရာတွင် ရောက်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ နန်းတော်အတွင်းသို့ လူတချို့ ဝင်သွားသည်ကို သူတို့ မည်သည်ကြောင့် သတိမထားမိခဲ့သနည်း။

ထို့ပြင် ယခင်က လူများစွာ နန်းတော်အတွင်းသို့ ဝင်ရောက်ခဲ့ဖူးသော်လည်း လူအုပ်စုတစ်စုသည် အထိအခိုက်မရှိဘဲ ထွက်လာနိုင်သည်ကို သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်။

သူတို့သည် နန်းတော်ထဲရှိ ရတနာများကို ရရှိသွားခဲ့သလော....

ဦးဆောင်နေသော အင်မော်တယ်သခင်များအနက်မှ တစ်ဦးက အော်ဟစ်မေးမြန်းသည်။

"မင်းတို့တွေ... ဘာလုပ်နေတာလဲ... မြေအောက်နန်းတော်ထဲကနေ ဘာလို့ ထွက်လာတာလဲ"

လုရန်သည် တစ်ဖက်လူကို အေးစက်စွာ တစ်ချက်ကြည့်ပြီး သူက ပြန်ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ... ဒီနန်းတော်က မင်းတို့ပိုင်တာမလို့လား... ငါ ဝင်လို့ မရဘူးလား"

ထိုစကားကို ကြားသောအခါ...

အင်မော်တယ်သခင်က မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်လိုက်သည်။

သူက မေးမြန်းလေ၏။

"မင်းတို့ ဘယ်တုန်းက ဝင်သွားတာလဲ... ဒီမှာ စောင့်နေတဲ့အချိန်တုန်းက မင်းတို့ကို ငါတို့ ဘာလို့ မမြင်ခဲ့တာလဲ"

လုရန်က ပြောဆိုသည်။

"အဓိပ္ပာယ်မရှိတာ... ငါတို့က မနေ့ညကတည်းက ဝင်သွားတာ... မင်းတို့က ဘာကို မြင်နိုင်မှာလဲ"

မနေ့ညက....

လူတိုင်း၏မျက်လုံးများ ချက်ချင်းထူးဆန်းသွားပြီး လုရန်ကို တပြိုင်နက်တည်း စိုက်ကြည့်နေကြ၏။

ထိုလူက ဆက်လက်၍ မေးမြန်းသည်။

"မင်း ပြောတာကမှ အဓိပ္ပာယ်မရှိတာ... မင်းတို့ လူနည်းနည်းလေးနဲ့ မင်းတို့က ဘယ်လိုလုပ်ပြီး အသက်ရှင်ရက် ပြန်ထွက်လာနိုင်စွမ်း ရှိမှာလဲ... ဒါမှမဟုတ် မင်းတို့ နန်းတော်ထဲမှာ ထူးခြားတဲ့ အရာတစ်ခုခုကိုများ ရှာတွေ့ခဲ့တာလား"

လုရန် အနည်းငယ် ရယ်ချင်စိတ်ပေါက်သွားတော့သည်။

အမှန်အားဖြင့် အခြေအနေသည် အလွန်သိသာရှင်းလင်းနေလေပြီ။

အဆုံးတွင်တော့ ထိုအရာမှာ လောဘသာ ဖြစ်ပေ၏။

ဤလူအုပ်စုက လုရန်တို့အဖွဲ့သည် နန်းတော်အတွင်း၌ ရတနာတချို့ ရရှိခဲ့သည်ဟု တွေးထင်ကာ သူ့ကို စမ်းသပ်နေကြခြင်းပင်။

စမ်းသပ်ရန်ပင် လိုအပ်သေးသလော။ ဤအတိုင်း ဖွင့်​ဟမေးမြန်းလျှင် ရပြီမဟုတ်လော။

လုရန်က ခေါင်းခါယမ်းပြီး ပြောဆိုသည်။

"ငါ စစ်ဆေးပြီးပြီ... ဒီနန်းတော်ထဲမှာ ဘာမှ မရှိဘူး... ပစ္စည်းတစ်ခုပဲ ရှိတာ... အဲ့ဒါကလည်း မင်းတို့နဲ့ ဘာမှမဆိုင်ဘူး... ဒါကြောင့် မျှော်လင့်မနေကြနဲ့... မင်းတို့အားလုံး... လူစုခွဲကြတော့"

လူစုခွဲရန်ဆိုသည်မှာ သူတို့ကို သူ ပေးနေသည့် နောက်ဆုံးအခွင့်အရေးပင်။

သို့သော် သူတို့ ထွက်သွားမည် မဟုတ်ကြောင်းကိုလည်း လုရန် သိထားသည်။

မျှော်လင့်ထားသည့်အတိုင်းပင်...

လုရန် ထိုသို့ပြောသည်ကို ကြားပြီးနောက် လူအတော်များများ၏မျက်လုံးများ နီရဲသွားတော့သည်။

အင်မော်တယ်သခင်တစ်ယောက်က အော်ဟစ်လိုက်၏။

"ဘာပစ္စည်းလဲ... အဲ့ဒါကို ပေးစမ်း"

လုရန်က ဂရုမစိုက်သောလေသံဖြင့် မေးမြန်းသည်။

"မင်းက ဘယ်သူမလို့လဲ... မင်းကို ငါက ဘာလို့ ပေးရမှာလဲ"

ရိုးရိုးသားသား ပြောရလျှင် လုရန်သည် လူသတ်ရသည်ကို မကြိုက်သော်လည်း သူ၏ လက်များမှာ လွန်ခဲ့သည့် ရက်အနည်းငယ်ကစ၍ အမှန်တကယ်ပင် အနည်းငယ် ယားယံနေခဲ့သည်။

ယနေ့တွင် တောင်ကုန်းများနှင့် လယ်ကွင်းများကို ဖုံးလွှမ်းလုမတတ် လူများစွာ ရှိနေခြင်းမှာ တိုက်ဆိုင်လွန်းလှသည်။

လုရန် သူတို့ကို အခွင့်အရေးတစ်ခု ပေးခဲ့သော်လည်း သူတို့က မည်သို့ တန်ဖိုးထားရမည်အား မသိခဲ့ကြချေ။

အင်မော်တယ်သခင်က ပြောဆိုသည်။

"ငါတို့က နန်းတော်ကို စူးစမ်းရှာဖွေဖို့ အချိန်အကြာကြီး ပြင်ဆင်ခဲ့ရတာ... မင်းတို့ကို အရင်လက်ဦးသွားခွင့် ဘယ်လိုလုပ်ပြီး ပေးနိုင်မှာလဲ... ဒီနေ့ ငါတို့ရဲ့ လူအင်အားဖွဲ့စည်းပုံကို မင်း မြင်ပြီးပြီပဲ... ပစ္စည်းကို ပေးပြီး မင်း ထွက်သွားလို့ရတယ်... မဟုတ်ရင် အကျိုးဆက်တွေကို မင်းဘာသာမင်း ခံပေတော့"

လုရန်က ခပ်ဖျော့ဖျော့ပြုံးပြီး ပြောဆိုသည်။

"မင်း ရူးနေလား... မင်းတို့ ဘယ်လောက်ကြာကြာ ပြင်ဆင်ခဲ့လဲ... ဘာတွေ ပြင်ဆင်ခဲ့လဲ...လူဘယ်နှစ်ယောက် ပြင်ဆင်ခဲ့လဲ ဆိုတာတွေက ငါနဲ့ ဘာမှမဆိုင်ဘူး... ငါ အရမ်းရှင်းရှင်းလင်းလင်း ပြောပြီးပြီ... မင်းတို့ ပစ္စည်းကို လိုချင်ရင် မင်းတို့ကိုယ်တိုင် လာယူကြစမ်း..."

အင်မော်တယ်သခင်သည် ဤစကားကို ကြားသောအခါ လုရန်ကို စူးစိုက်၍ ကြည့်နေလေ၏။

အဘယ်ကြောင့်ဆိုသော် သာမန်သဘောတရားအရ ဤလူပင်လယ်ကြီးကို မြင်လျှင် တစ်စုံတစ်ယောက်ထံတွင် ဤကဲ့သို့ ရမ်းကားသည့် သဘောထားမျိုး ရှိမည် မဟုတ်သောကြောင့်ပင်။

ထိုလူသည် အရေးပါသောပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေသလော....

သို့သော် သူသည် ထိုကဲ့သို့လူစားမျိုးနှင့် မတူညီပေ။

တစ်ဖက်လူ၏အုပ်စုတွင် မိန်းကလေးငယ်လေးတစ်ယောက်ပင် ပါဝင်နေသည်။

ဤအချက်ကို တွေးမိသောအခါ...

အင်မော်တယ်သခင်၏အကြည့်များ အေးစက်သွားပြီး သူက ခက်ထန်တင်းမာစွာ ပြောဆိုသည်။

"အဲ့ဒီလိုဆိုရင် အန္တရာယ်ကို မင်းဘာသာ မင်း ဖိတ်ခေါ်တာပဲ... ငါတို့ကို ရက်စက်တယ်လို့ မပြစ်တင်နဲ့"

ထိုသို့ပြောပြီးနောက် သူသည် တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။

သို့သော် ဤအရေးကြီးသော အခိုက်အတန့်တွင်...

လုရန်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ငါ ရက်စက်တယ်လို့ မပြောနဲ့... ငါ မင်းတို့ကို အခု အခွင့်အရေး တစ်ခု ပေးမယ်... သုံးအထိ ငါ ရေတွက်မယ်... ထွက်သွားချင်တဲ့သူတွေ အခု ထွက်သွားလို့ ရပြီ... ထွက်မသွားချင်တဲ့သူတွေ ဒီနေရာမှာ သေရမယ်"

နောက်ထပ် အချိန်ဆွဲမနေဘဲ...

လုရန်က စတင်၍ ရေတွက်လိုက်သည်။

"သုံး..."

All Chapters