အခန်း ၁၁၃
Vol. 12 Ch. 113
အခန်း ၁၁၃: ဒါကြောင့် ဘယ်သူမျှ ထွက်မသွားရဘူး
လုရန်၏လုပ်ရပ်က သူ၏ရှေ့ရှိ လူအုပ်ကြီးကို ပို၍ပင် ဇဝေဇဝါ ဖြစ်သွားစေသည်။
ဒီကောင်လေးက ဘာဖြစ်နေတာလဲ...
မောက်မာထောင်လွှားတယ်ဆိုရင်တောင် ဒီလောက်ထိ မိုက်မဲတာလား..
သူ့ရဲ့ရှေ့မှာ လူ ဘယ်လောက်များနေလဲဆိုတာကို သူ မမြင်ဘူးလား...
ထို့ပြင် နောက်က လူအုပ်ကြီးသည် ယနေ့ ခေါင်းဆောင်များမှာ အင်မော်တယ်သခင်ခြောက်ယောက်နှင့် အင်မော်တယ်ဧကရာဇ်တစ်ယောက်ဖြစ်ကြောင်း သိထားကြသည်။
ထို့ပြင် သူတို့၏နောက်တွင် အင်မော်တယ်နယ်ပယ်ရှိ ကျင့်ကြံသူများစွာလည်း ရှိနေသည်။
မည်သူကများ လူတစ်ယောက်တည်းဖြင့် လူများစွာကို ရင်ဆိုင်နိုင်သည်ဟု ပြောရဲမည်နည်း...
အင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေလျှင်မူ အခြေအနေ တစ်မျိုးဖြစ်သွားနိုင်ပေ၏။
သို့သော် သူတို့ရှေ့မှ ဤလူငယ်သည် အင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နိုင်သလော....
ဤသည်က ဟာသပြက်လုံးတစ်ခုသာ ဖြစ်ပေမည်။
ထို့ကြောင့် လုရန် ပြောဆိုနေစဉ် မည်သူမျှ သူ့ကို အာရုံမစိုက်ကြဘဲ သူတို့၏စိတ်ထဲတွင် သူ့ကို လူပြက်တစ်ယောက်အဖြစ်သာ သဘောထား၍ ကြည့်နေကြသည်။
ဤသည်မှာ လူအမြောက်အများ စုစည်းမိခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ဓာတ်ပင်။
သူတို့ အားလုံး စုရုံးနေကြသဖြင့် လုရန် စတင်၍ ဒေါသထွက်လာသည်။
လူအုပ်ကြီးအနက် မည်သူမျှ ထွက်ခွာသွားရန် ဆန္ဒမရှိကြချေ။
ထို့ပြင် ဤကောင်လေး အမှန်တကယ် အစွမ်းထက်နေလျှင်ပင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိထားမိသည်နှင့် ထွက်ပြေးရန် အချိန်ရှိသေးသည်ဟု သူတို့ တွေးတောထားကြ၏။
လူများစွာ ရှိနေသည့်အတွက် သူ အမှန်တကယ် အစွမ်းထက်နေလျှင်ပင် ပရမ်းပတာဖြစ်မှုကြားတွင် သူ လူဘယ်နှစ်ယောက်ကို သတ်နိုင်မည်နည်း။
ထို့ကြောင့် နောက်ဆုံးရလဒ်မှာ မည်သူမျှ ထွက်မသွားခြင်းပင်။
လုရန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပြီး သူက ပြောဆိုသည်။
"သနားစရာကောင်းလိုက်တာ... ငါ အခွင့်အရေး တစ်ခု ပေးခဲ့ပေမဲ့ မင်းတို့ထဲက တစ်ယောက်မှ မတန်ဖိုးထားကြဘူး... အဲ့ဒီလိုဆိုရင် စလိုက်ကြရအောင်"
လုရန်စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...
အတွေးတစ်ချက်နှင့်အတူ...
ဝီ...
ကောင်းကင်နှင့် မြေကြီးအကြားသို့ ရောက်ရှိလာသည့် ဓမ္မပုံရိပ်ယောင်တစ်ခုသည် လုရန်၏နောက်တွင် ထွက်ပေါ်လာပေ၏။
စစ်နတ်ဘုရားရှင်းထျန်း...
လူအုပ်ကြီး အံ့အားသင့်သွားတော့သည်။
"မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ယောက်လား... အို ဘုရားရေ... မဟာပေါင်းစည်းခြင်း အင်မော်တယ် တစ်ပါးဆိုရင်တောင် ဒီလောက်ထိ မောက်မာမနေသင့်ဘူး မဟုတ်လား"
"ဒီဓမ္မပုံရိပ်ယောင်က အရမ်းအစွမ်းထက်တယ်... ဘယ်လို ဓမ္မပုံရိပ်ယောင်မျိုးလဲ"
"အဲ့ဒါက စစ်နတ်ဘုရား ရှင်းထျန်း ဖြစ်ပုံရတယ်... ဒီကောင်လေးက ဘာလို့ ဒီလောက်ထိ မောက်မာရဲတာလဲဆိုတာ အခုတော့ ငါ နားလည်ပြီ"
"ရှင်းထျန်းဓမ္မပုံရိပ်ယောင် ဖြစ်နေရင်တောင် ဒါက တရားလွန်လွန်းတယ်"
"ဟုတ်တယ်... ဒီနေ့ ငါတို့ရဲ့ ခေါင်းဆောင်က အင်မော်တယ်ဧကရာဇ်တစ်ယောက်ပဲ"
သို့သော် နောက်တစ်စက္ကန့်မှာပင်...
ဝီ...
ဒုတိယမြောက် စစ်နတ်ဘုရားရှင်းထျန်း ဓမ္မပုံရိပ်ယောင်သည် လုရန်၏နောက်တွင် ထွက်ပေါ်လာသည်။
ထို့နောက် ကွင်းဆက်တုံ့ပြန်မှုတစ်ခုအလား ဓမ္မပုံရိပ်ယောင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
စုစုပေါင်း စစ်နတ်ဘုရားရှင်းထျန်းကိုးယောက်သည် လုရန်၏နောက်တွင် စီတန်း၍ ရပ်တည်နေသည်။
လူတိုင်း ဆွံ့အသွားကြ၏။
"ငါ မြင်နေတာ မှန်ရဲ့လား... ဓမ္မပုံရိပ်ယောင် ကိုးခု... တူညီတဲ့ ဓမ္မပုံရိပ်ယောင်ကိုးခု"
"ပြီးတော့ သူတို့အားလုံးက စစ်နတ်ဘုရား ရှင်းထျန်း တွေပဲ... အို ဘုရားရေ... ဒါက ဘာနည်းစနစ်လဲ"
"သူက ဒီနေရာမှာ ဟန်ရေးပြနေတာလား... ဓမ္မပုံရိပ်ယောင် ဘယ်နှစ်ခုပဲ ရှိရှိ အင်မော်တယ်သခင်တွေနဲ့ အင်မော်တယ်ဧကရာဇ်တွေရှေ့မှာတော့ အသုံးမဝင်ဘူး"
"သူ့ရဲ့မာနက အခြေခံရှိပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ဦးနှောက်မှာ တစ်ခုခု ချို့ယွင်းနေပုံရတယ်... သူက အတ္တလွန်ကဲနေတာပဲ ဖြစ်မယ်..."
လုရန်ကို လူအများက အထင်မကြီးကြဘဲ လူပြက်တစ်ယောက်ကို ကြည့်နေသကဲ့သို့သာ ဆက်လက်၍ ကြည့်နေကြ၏။
အင်မော်တယ်သခင်များသည်လည်း ရှင်းထျန်း ဓမ္မပုံရိပ်ယောင်ကိုးခုကြောင့် အံ့အားသင့်သွားခြင်းမှလွဲ၍ အထူးတလည် စိုးရိမ်ပူပန်မှု မရှိကြချေ။
အင်မော်တယ်ဧကရာဇ်တစ်ယောက်သာလျှင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိပုံရသည်။
တခြားသူများ လုရန်၏နယ်ပယ်ကို မသိမြင်နိုင်ခြင်းမှာ သဘာဝကျသည်။ အဘယ်ကြောင့်ဆိုသော် ကွာဟချက်မှာ အလွန်ကြီးမားလွန်းသောကြောင့်ပင်။
သူတို့၏အမြင်တွင် လုရန်သည် ထူးခြားမှုကင်းမဲ့နေပြီး သူ၏ အစစ်အမှန် ရိုးရှင်းမှုအသွင်အပြင်သို့ ပြန်ရောက်နေသည့်အလားပင်။
မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်နှင့် နီးစပ်သော ထိုအင်မော်တယ်ဧကရာဇ်သာလျှင် သဲလွန်စတစ်ခုကို သတိထားမိပုံရသည်။
သူသည်လည်း သူ၏စိတ်ထဲတွင် အံ့အားသင့်သွားပေ၏။
သို့သော် လုရန်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် သူ အလွန်အကျွံ တွေးတောမိနေသည်ဟု ယူဆကာ ခေါင်းခါလိုက်သည်။
လုရန်သည် နောက်ထပ် စကားမပြောတော့ပေ။ စစ်နတ်ဘုရားရှင်းထျန်းကိုးယောက် ထွက်ပေါ်လာချိန်တွင် အတွေးတစ်ချက်ဖြင့် သူ၏အင်မော်တယ်ပိုင်နက်နယ်မြေကို အပြင်ဘက်သို့ ချဲ့ထွင်လိုက်သည်။
သို့သော် သူ ခေါင်းဖြတ်စက်ကို အသုံးမပြုသေးပေ။ ဤသည်မှာ လူအများကို ချက်ချင်းအမြစ်ပြတ်သုတ်သင်နိုင်သည်။
ဤအခြေအနေတွင် သူ မြင်လိုသည်မှာ သတ်ဖြတ်ခြင်းသာဖြစ်သည်။
အင်မော်တယ်ပိုင်နက်နယ်မြေ ပျံ့နှံ့သွားခြင်းမှာ ဓမ္မပုံရိပ်ယောင်ကိုးခုကို လှုပ်ရှားရန် ပို၍နေရာပေးခြင်းပင်။
လုရန်၏ဓမ္မပုံရိပ်ယောင်များ ထွက််ခွာလာသည်ကို မြင်သောအခါ လူများသည် ချက်ချင်းတုံ့ပြန်လိုက်ကြ၏။
"အင်မော်တယ်သခင်တစ်ယောက်... သူက အင်မော်တယ်သခင်တစ်ယောက်ပဲ"
"အင်မော်တယ်သခင်ကြီးတို့... မြန်မြန်လှုပ်ရှားကြပါ"
"မြန်မြန်... မြန်မြန်... သူ့ကို တားကြ"
လူတိုင်း ထိတ်လန့်သွားကြသည်။
စစ်နတ်ဘုရားရှင်းထျန်း ဓမ္မပုံရိပ်ယောင်ကိုးခု...
ထို့ပြင် သူတို့အားလုံးသည် အင်မော်တယ်သခင်အဆင့် ဓမ္မပုံရိပ်ယောင်များပင်။
လူအုပ်ကြားထဲတွင် လျှောက်သွားရုံဖြင့်ပင် လူများစွာကို နင်းခြေသတ်ဖြတ်နိုင်သည်။
ရှေ့မှ အင်မော်တယ်သခင်ခြောက်ယောက်နှင့် အင်မော်တယ်ဧကရာဇ်တစ်ယောက်တို့သည် ကြောက်လန့်နေရန် မလိုချေ။
သို့သော် နောက်မှ အသေးအဖွဲလူများကမူ ထိုသို့ မဟုတ်ပေ။
သူတို့သည် ပွဲကြည့်ရန်သာ လာကြခြင်းပင်။ တစ်စုံတစ်ယောက် သေရမည်ဆိုလျှင်ပင် ထိုလူသည် သူတို့ကိုယ်တိုင် မဖြစ်လိုကြချေ။
တစ်ချိန်တည်းမှာပင် အင်မော်တယ်သခင်တစ်ယောက်က ရှေ့သို့တက်လာပြီး အေးစက်စွာ ပြောဆိုသည်။
"မင်းက အင်မော်တယ်သခင်တစ်ယောက်ပဲ... မင်းမှာ ဒီလောက်ထိ ယုံကြည်မှု ူရှိတာ မဆန်းပါဘူး... ဒါပေမဲ့ ဒီနေ့ မင်း ပျက်စီးသွားလိမ့်မယ်"
ထိုသို့ပြောဆိုပြီးနောက် သူသည် သူ၏ဓမ္မပုံရိပ်ယောင်ကို ဆင့်ခေါ်လိုက်၏။ ဤှသည်မှာ နွားနတ်ဆိုးသားရဲတစ်ကောင်ပင်။
စစ်နတ်ဘုရားရှင်းထျန်းလောက် မမြင့်မားသော်လည်း ထိုဓမ္မပုံရိပ်ယောင်သည် တုတ်ခိုင်သောခါးနှင့် ကျယ်ပြန့်သော ပခုံးများဖြင့် အလွန်ခမ်းနားထည်ဝါသည်။
ရုတ်ချည်းဆိုသလိုပင် သူသည် နွားနတ်ဆိုး ဓမ္မပုံရိပ်ယောင်ကို ထိန်းချုပ်ကာ စစ်နတ်ဘုရား ရှင်းထျန်းကို တိုက်ခိုက်ရန် ကြိုးပမ်းလိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် တစ်ခုခု မှားယွင်းနေကြောင်း သူ သတိထားလိုက်မိသည်။
စစ်နတ်ဘုရားရှင်းထျန်းနှစ်ယောက်သည် ပင်မအုပ်စုမှ ခွဲထွက်ကာ နွားနတ်ဆိုးဆီသို့ တိုက်ရိုက်ပြေးဝင်သွားပေ၏။
သူတို့ ရောက်လာသောအခါ ပုဆိန်ကြီးများကို ဝှေ့ယမ်းကာ နွားနတ်ဆိုးကို ဟင်းသီးဟင်းရွက် လှီးသကဲ့သို့ ခုတ်ထစ်လိုက်သည်။
"ဟမ့်... မောက်မာလိုက်တာ... ငါ့ နွားနတ်ဆိုး ဓမ္မပုံရိပ်ယောင်ရဲ့ ခုခံနိုင်စွမ်းက..."
သူ၏စကား မဆုံးခင်မှာပင်...
ဝှစ်...
နွားနတ်ဆိုး ဓမ္မပုံရိပ်ယောင်၏ လက်တစ်ဖက် ခုတ်ဖြတ်ခြင်စခံလိုက်ရသည်။
ထို့နောက် တခြားတိုက်ခိုက်မှုတစ်ခု ကျရောက်လာကာ ပုဆိန်ခုတ်ချက်တစ်ချက်သည် နွားနတ်ဆိုး ဓမ္မပုံရိပ်ယောင်၏ ရင်ဘတ်ကို ထိမှန်သွားပြီး နွားနတ်ဆိုး၏ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်၏။
နောက်ထပ်ပုဆိန်တစ်ချက်က နွားနတ်ဆိုး၏ ခေါင်းကို ဖြတ်ပစ်လိုက်သည်။
ဤမြင်ကွင်းကို မြင်သောအခါ အင်မော်တယ်ဧကရာဇ် ၏မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
ဤသည်က နှစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေခြင်းဟု ပြောနိုင်သော်လည်း နွားနတ်ဆိုး ဓမ္မပုံရိပ်ယောင်သည် တိုက်ပွဲအတွင်းတွင် ဟင်းသီးဟင်းရွက် ခုတ်ထစ်ခံရသကဲ့သို့ ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။
ဤလူသည် အင်မော်တယ်သခင် မဟုတ်နိုင်ပေ။
အင်မော်တယ်ဧကရာဇ်ပင် မဟုတ်နိုင်ချေ။
ကြွင်းကျန်သော အင်မော်တယ်သခင်များသည် ဤမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားကြ၏။ သူတို့သည် ဆက်ကြည့်မနေရဲတော့ဘဲ သူတို့၏ ဓမ္မပုံရိပ်ယောင်များကို တစ်ခုပြီးတစ်ခု ဆင့်ခေါ်လိုက်ကြသည်။
သို့သော် ရလဒ်မှာ များစွာမကွာခြားချေ။
နှစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ရန် မဆိုထားနှင့် စစ်နတ်ဘုရားရှင်းထျန်းတစ်ယောက်က တစ်ဖက်ရှိ ဓမ္မပုံရိပ်ယောင်ငါးခုကို တိုက်ခိုက်ခြင်းပင် ပြဿနာ မရှိပေ။
တစ်ချိန်တည်းမှာပင် ကျန်ရှိသော စစ်နတ်ဘုရားရှင်းထျန်းများသည် လူအုပ်ကြီးထဲသို့ အပြင်းအထန် နင်းခြေတိုက်ခိုက်ကြတော့သည်။
ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ချီများ လုံးဝ ပြောင်းလဲသွားပြီး တိမ်တိုက်များနှင့်လေများ အရောင်ပြောင်းသွားတော့သည်။
လုရန်သည် ထိုမြင်ကွင်းကို တည်ငြိမ်စွာ စောင့်ကြည့်နေပေ၏။
ထိုအင်မော်တယ်ဧကရာဇ်သည် အစမှအဆုံးအထိ စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူသည် အလွန်အမင်း သတိကြီးသူတစ်ယောက်ပင်။
သို့သော် ဤအချိန်တွင် သူသည် ယခင်ကထက် ပို၍ နောင်တရနေခဲ့သည်။
အကြောင်းအရင်းမှာ သူသည် ယခုအချိန်၌ ဤလူသည် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်ကြောင်း သေချာပေါက် သိရှိသွားသောကြောင့်ပင်။
မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ပင်။
နိယာမစွမ်းအားကို ပိုင်ဆိုင်ထားသော မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်...
သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ပြေးရန် ပျံသန်းသွားပြီး စကားတစ်ခွန်းမျှ မပြောတော့ချေ။
သို့သော် သူ နောက်လှည့်လိုက်သည့် အချိန်အခိုက်အတန့်မှာပင် ရွှေရောင်အလင်းတန်းတစ်တန်းသည် သူ၏ရှေ့ရှိ ကောင်းကင်ဘုံကိုးထပ်မှ ကျဆင်းလာပေ၏။
ရုတ်ချည်းဆိုသလိုပင် ကောင်းကင်နှင့်မြေကြီးအကြားသို့ စစ်နတ်ဘုရားရှင်းထျန်းထက် များစွာပို၍ကြီးမားသော ရွှေရောင်သံချပ်ကာဝတ် နတ်ဘုရားတစ်ပါး ကောင်းကင်ယံမှ ဆင်းသက်လာသည်။
လက်ရှစ်ဖက် ထျန်းဖုန်း....
လုရန်က တည်ငြိမ်စွာ ပြောဆိုသည်။
"မင်းက အင်မော်တယ်ဧကရာဇ်တစ်ယောက်ဆိုတော့ ငါ မင်းကို အထူးဆက်ဆံပေးမယ်... လာ... ငါ့ရဲ့ လက်ရှစ်ဖက် ထျန်းဖုန်းနဲ့ ကစားကြည့်စမ်း"
တစ်ချိန်တည်းမှာပင် အင်မော်တယ်သခင် အနည်းငယ်သည် ဤအချိန်အတွင်း လုရန်၏ သုတ်သင်ရှင်းလင်းခြင်းကို ခံလိုက်ရလေပြီ။
ကျန်ရှိသော လူအုပ်ကြီးသည် တောင်ကုန်းများနှင့် လယ်ကွင်းများတစ်လျှောက် အသည်းအသန် ထွက်ပြေးကြတော့သည်။
လူတချို့က ကောင်းကင်တွင် ပျံသန်းကြပြီး တချို့က မြေကြီးပေါ်တွင် ပြေးကြသည်။ လူတချို့က မှော်ရတနာများကို အသုံးပြုကြပြီး တချို့က ကျင့်ကြံခြင်း နည်းစနစ်များကို ထုတ်ဖော်အသုံးပြုလိုက်ကြ၏။
သူတို့ တစ်ယောက်စီတိုင်းသည် သူတို့၏မိဘများက ခြေထောက်နှစ်ချောင်း အပိုထပ်ပေးခဲ့လျှင် ကောင်းမည်ဟု ဆန္ဒရှိနေကြသည်။
လူတိုင်းသည် ထိုအစွမ်းထက်ပုဂ္ဂိုလ်က ထွက်ပြေးရန် အခွင့်အရေး ပေးခဲ့စဉ်က မည်သည်ကြောင့် မတန်ဖိုးထားခဲ့သနည်းဟု နောင်တရနေသည်။
ယခုအချိန်၌ သူတို့သည် အသက်လုပြေးရုံသာ ရှိပြီး သူတို့၏ကံကြမ္မာကို စမ်းသပ်ရုံသာ ရှိတော့သည်။
လုရန်က ထိုကိစ္စကို ချက်ချင်းသတိပြုမိသွားသည်။
အင်မော်တယ်နယ်ပယ်ရှိ လူအုပ်ကြီးသည် ပရမ်းပတာ ပြန့်ကျဲကာ ပြေးလွှားနေသည်။ စစ်နတ်ဘုရားရှင်းထျန်းကိုးယောက်အတွက် သူတို့ အားလုံးကို ထိုနေရာတွင် ထိန်းထားရန် ခက်ခဲပြီး လူတစ်ဝက်ကျော်မှာ အိုအေစစ်မှ ထွက်ပြေးသွားကြလေပြီ။
သို့သော် လုရန်သည် အလျင်မလိုခဲ့ချေ။
သူ့အင်မော်တယ်ပိုင်နက်နယ်မြေ၏ အကွာအဝေးသည် ယခုအချိန်၌ ပို၍ကျယ်ပြန့်လာပြီး နဂါးတံခါး သဲကန္တာရထက်ပင် ကျော်လွန်သွားလေပြီ။
သူတို့သည် အင်မော်တယ်ပိုင်နက်နယ်မြေအတွင်း၌ ရှိနေသရွေ့ ခေါင်းဖြတ်စက်က အရာအားလုံးကို အဆုံးသတ်ပေးနိုင်သည်။
ဤသည်ကား မဟာအင်မော်တယ်ဧကရာဇ်၏ ခေါင်းဖြတ်စက်ပင်။
သူ ထွက်ပြေး၍ မလွတ်နိုင်သည်ကို မြင်သောအခါ အင်မော်တယ်ဧကရာဇ် သည်လည်း သူ၏ ကိုယ်ပိုင် ဓမ္မပုံရိပ်ယောင်ကို အလျင်အမြန် ဆင့်ခေါ်လိုက်၏။
လုရန်၏နံဘေးတွင် ရှိနေသာ ထန်ကော် တွေဝေမိန်းမောနေသည်။
ဆိုင်ရှင်မိန်းမနှင့် ယောင်သားရဲနှစ်ကောင်သည်လည်း ထပ်တူထပ်မျှပင်။ လင်းပေါင်အာတစ်ယောက်သာ ထိုမြင်ကွင်းကို တည်ငြိမ်စွာ စောင့်ကြည့်နေပြီး အကြိမ်များစွာ မြင်ဖူးထားသဖြင့် အနည်းငယ် ပျင်းစရာကောင်းသည်ဟုပင် ခံစားနေရသည်။