အခန်း ၁၁၇
Vol. 12 Ch. 117
အခန်း ၁၁၇: အော်... နင်ဖြစ်နေတာပဲ သောက်ကောင်စုတ်
မလှမ်းမကမ်းတွင်..
လုရန် အစောပိုင်းက ရင်းနှီးသည်ဟု ထင်ခဲ့သော အမျိုးသမီးသည် ရှောင်တိမ်းရန် သူမ၏ လူများကို ဦးဆောင်နေဆဲပင်။
သို့သော် သူမသည် လူအမြောက်အများ ခေါ်ဆောင်လာခဲ့သဖြင့် လူတိုင်းကို မကာကွယ်နိုင်ခဲ့ချေ။ ဤရိုက်ချက်အနည်းငယ်အတွင်းမှာပင် လူတစ်ဝက်ကျော် သေဆုံးသွားခဲ့လေပြီ။
ထို့အပြင် ဤလုပ်ငန်းစဉ်တလျှောက်လုံး အမျိုးသမီးသည် လုရန်ကို ရံဖန်ရံခါ လှမ်းကြည့်နေခဲ့သည်။
မည်းနက်နေသော ပတ်ဝန်းကျင်တွင် သူမ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားတော့သည်။
ဤအမှောင်ထုနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် သူမအတွက် ပို၍ပင် ရင်းနှီးနေပုံရပေ၏။
သို့သော် ထိုမျှလောက် အားကောင်းသော အထင်အမြင်ကို ချန်ထားရစ်ခဲ့သူ တစ်ဦးနှင့် သူမ မည်ကဲ့သို့သော ဆက်ဆံမှုမျိုး ရှိခဲ့သည်အား သူမ အမှန်တကယ်ကို မမှတ်မိပေ။
တစ်ဖက်တွင် လုရန်သည်လည်း အမျိုးသမီး၏ မျက်နှာအမူအရာနှင့်အကြည့်ကို သတိပြုမိခဲ့သည်။
သူမကို ယခင်က တစ်နေရာရာတွင် မြင်ဖူးသည်မှာ သေချာသည်ဟု သူ တွေးလိုက်ပြီး သူမကလည်း သူ့ကို ရင်းနှီးနေပုံရသည်။
သို့သော် ဤအချိန်တွင် လုရန်သည် ဤကိစ္စကို သူမနှင့် ဆွေးနွေးရန် အချိန်မရှိချေ။
သူသည် ရေနက်ပိုင်း ဧရာမနတ်ဆိုးကို ငုံ့ကြည့်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုနတ်ဆိုးသားရဲ၏ ဧရာမခန္ဓာကိုယ် ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်ကို သူ ရှင်းလင်းစွာ မြင်နိုင်သောကြောင့်ပင်။
လုရန်ထံတွင် ထိုထူးဆန်းသော ခံစားချက် ရှိနေဆဲဖြစ်ကာ ဤရေနက်ပိုင်း ဧရာမနတ်ဆိုးသားရဲသည် သူ့အတွက် အထူးတလည် လာနေခြင်းဖြစ်သည်။
လုရန်က ကျိန်ဆဲလိုက်သည်။
"သောက်ကျိုးနည်း... တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ... ငါ ထျန်းချွဲနယ်မြေကို ဖြတ်ပြီး သုံးဆယ့်နှစ်ထပ် ကောင်းကင်ကို ရောက်ရမှာ... ဒါပေမဲ့ ဒီကောင်နဲ့ ငါ ရင်ဆိုင်နေရတယ်... ငါ ဒီကောင်ကို သတ်ပစ်မှအေးမယ်"
ထိုသို့ပြောဆိုပြီးနောက်....
သူ၏အင်မော်တယ်ပိုင်နက်နယ်မြေသည် ပထမဆုံးအကြိမ်အဖြစ် အပြင်ဘက်သို့ ပြန့်ကားသွားတော့သည်။
လုရန် သက်ပြင်းချနိုင်ခဲ့ပေ၏။ သူ၏နတ်ဘုရားစိတ်အာရုံကို မဖြန့်ကျက်နိုင်သော်လည်း အင်မော်တယ်ပိုင်နက်နယ်မြေကဲ့သို့ နိယာမစွမ်းအားများကိုမူ သက်ရောက်မှု ရှိပုံမရချေ။
ထို့နောက် လုရန်သည် ခေါင်းဖြတ်စက်စွမ်းရည်ကို အသက်သွင်းကာ ရေနက်ပိုင်း ဧရာမနတ်ဆိုးသားရဲကို စတင်၍ တိုက်ခိုက်တော့သည်။
သို့သော် သူ တွေ့ရှိရသည်မှာ ခေါင်းဖြတ်စက်၏ တိုက်ခိုက်မှုသည် ရေနက်ပိုင်း ဧရာမ နတ်ဆိုးသားရဲအပေါ် အကျိုးသက်ရောက်မှု မရှိခြင်းပင်။
သူ မျက်မှောင်ကြုတ်လိုက်၏။ ဤအရာ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။
ထို့နောက်...
လုရန်၏အတွေးတစ်ချက်ဖြင့် စစ်နတ်ဘုရားရှင်းထျန်း ဓမ္မပုံရိပ်ယောင် ကိုးခုသည် သူ၏နောက်တွင် ထွက်ပေါ်လာပြီး ရေနက်ပိုင်း ဧရာမနတ်ဆိုးသားရဲ၏ ရေဘဝဲလက်တံများဆီသို့ ပြေးဝင်သွားတော့သည်။
သို့သော် လုရန် အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်မှာ....
ရှင်းထျန်း ဓမ္မပုံရိပ်ယောင်များသည် ရေနက်ပိုင်းတွင် အနှောင့်အယှက်တချို့ ခံစားရပြီး လှုပ်ရှားမှုများ ဟန့်တားခံရရုံလောက်သာ ဖြစ်ခဲ့သည်။
သို့ရာတွင် ဓမ္မပုံရိပ်ယောင်၏တိုက်ခိုက်မှုများသည် ရေဘဝဲလက်တံများပေါ်တွင် အဖြူရောင် အမှတ်အသား ဖျော့ဖျော့လေးများကိုသာ ချန်ထားနိုင်ခဲ့သည်။ ရေနက်ပိုင်း ဧရာမ နတ်ဆိုးသားရဲ၏ ဧရာမ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ပါက ထိုတိုက်ခိုက်မှုသည် ခြင်ကိုက်ခံရသကဲ့သို့ ဖြစ်နေသည်။
လုရန်က တီးတိုးရေရွတ်လိုက်၏။
"သူ့ရဲ့ အရွယ်အစားက ကြီးမားလွန်းတယ်... ဒီအဆင့် တိုက်ခိုက်မှုတွေက ဘာသက်ရောက်မှုမှ မရှိဘူး"
ထို့နောက် သူသည် ရေနက်ပိုင်း ဧရာမနတ်ဆိုးသားရဲ၏တိုက်ခိုက်မှုကို နောက်တစ်ကြိမ် လေဟာနယ်ကူးပြောင်းခြင်းဖြင့် ရှောင်တိမ်းရန် တခြားသူများကို ဆွဲခေါ်သွားသည်။
သူ၏မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးသည်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားတော့သည်။
သူမက အော်ဟစ်လိုက်၏။
"ဟိုဘက်က လူတွေနဲ့ ဝေးဝေးနေကြ"
သူမ မြင်တွေ့ခဲ့ရသည်မှာ ရေနက်ပိုင်းဧရာမနတ်ဆိုး ၏တိုက်ခိုက်မှု အကြိမ်အနည်းငယ်တွင် ထိုနတ်ဆိုးသားရဲ၏ ရေဘဝဲလက်တံများအားလုံးသည် ထိုရင်းနှီးနေပုံရသော ကောင်လေးဆီသို့ ရိုက်ချနေခြင်းပင်။
လူသားမျိုးနွယ်မှ အဖွဲ့ဝင်တစ်ဦးက ရေနက်ပိုင်း ဧရာမနတ်ဆိုးထံမှ ဤကဲ့သို့သော ဒေါသမျိုးကို မည်သည်ကြောင့် နှိုးဆွနိုင်သည်ကို သူမ မသိသော်လည်း...
သေချာသည်မှာ လုရန်၏ စစ်နတ်ဘုရားရှင်းထျန်း ဓမ္မပုံရိပ်ယောင်ကိုးခုသည်လည်း အမျိုးသမီးကို ဆွံ့အသွားစေခဲ့ခြင်းပင်။
ထိုကဲ့သို့ နည်းစနစ်မျိုးကို သူမ တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။
ကံမကောင်းစွာဖြင့် စစ်နတ်ဘုရား ရှင်းထျန်း ဓမ္မပုံရိပ်ယောင်ကိုးခုသည် ပြင်ပတွင် အလွန်အစွမ်းထက်သော်လည်း ဤရေနက်ပိုင်း ဧရာမနတ်ဆိုးရှေ့တွင် ယင်ကောင်များနှင့် တူညီနေသည်။
လုရန်သည် စစ်နတ်ဘုရား ရှင်းထျန်း ဓမ္မပုံရိပ်ယောင်များကို ပြန်လည်၍ ဆင့်ခေါ်ပြီး သူကိုယ်တိုင် တိုက်ခိုက်ရန် ရည်ရွယ်ထားသည်။
ဤစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော သားရဲကို သူ သတ်ဖြတ်ရပေမည်။
ဝီ...
သူသည် ခုန်းတုန်ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ် ကို ပထမဆုံး ပစ်ထုတ်လိုက်၏။
ပစ်လွှတ်လိုက်သည်နှင့် တပြိုင်နက် ခုန်းတုန် ကောင်းကင်ချိတ်ပိတ်စည်းတံဆိပ်သည် ချက်ချင်းကြီးမားလာပြီး ပင်လယ်၏ချောက်နက်ကြီးထဲသို့ နစ်မြုပ်သွားသော ဧရာမစတုရန်းပုံ စင်မြင့်တစ်ခုအလား ဖြစ်သွားတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် ချက်ချင်းဆိုသလိုပင် ပြင်ပသို့ ပျံ့နှံ့သွားသည်။ ရေနက်ပိုင်း ဧရာမနတ်ဆိုး၏ ရေဘဝဲလက်တံများပင်လျှင် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီး နှေးကွေးသွားပေ၏။
အနီးအနားရှိ အမျိုးသမီး၏ မျက်လုံးများ တောက်ပနေကာ သူမက ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။
သူမက စတုရန်းပုံစင်မြင့်ကို စိုက်ကြည့်ပြီး အံ့အားတသင့် အော်ဟစ်လိုက်သည်။
"အဲ့ဒီမှော်ရတနာက ရှေးဟောင်းရတနာတစ်ခု ဖြစ်ဖို့များတယ်... ဒီကောင်လေးက ဘယ်သူများလဲ"
"ဒီထျန်းချွဲ နယ်မြေကို ရောက်လာတဲ့အချိန်မှာ လူသားမျိုးနွယ်ကို ဘယ်တော့မှ မတိုက်ခိုက်တဲ့ ရေနက်ပိုင်း ဧရာမနတ်ဆိုးတောင် ဒေါသထွက်လာပြီးတော့ သူ့ကို အဆက်မပြတ် လိုက်ဖမ်းနေတယ်"
"အဲ့ဒီစစ်နတ်ဘုရား ရှင်းထျန်း ဓမ္မပုံရိပ်ယောင်ကိုးခု နည်းစနစ်ကို ငါ တစ်ခါမှ မမြင်ဖူးဘူး"
"ပြီးတော့ အခု သူက အရမ်းအဆင့်မြင့်တဲ့ ရှေးဟောင်းရတနာတစ်ခုကို ထုတ်သုံးလိုက်တယ်... ဒါက မွေးရာပါ ရှေးဟောင်းရတနာတစ်ခုတောင် ဖြစ်နိုင်တယ်"
သူမသည် အဘယ်ကြောင့် ထိုကဲ့သို့ သူတစ်ဦးနှင့် ပတ်သက်၍ မှတ်ဉာဏ်မရှိဘဲ ရင်းနှီးနေသည်ဟု ခံစားနေရသနည်း။
သို့သော် ထိုမျှသာမကဘဲ လုရန် လိုချင်သောအရာမှာ ဖိနှိပ်ခြင်းသက်သက် မဟုတ်ချေ။
ရုတ်ချည်းဆိုသလိုပင် ရွှမ်ယွမ် ဓားကိုလည်း လုရန်က ထုတ်လွှတိလိုက်ရာ ပင်လယ်ကြမ်းပြင်ထဲသို့ စိုက်ဝင်သွားသော ပင်လယ်ထောက်အပ်တစ်ချောင်းအလား ချက်ချင်းကြီးမားလာပြီး ရေနက်ပိုင်း ဧရာမနတ်ဆိုး၏ ရေဘဝဲလက်တံများကို ပြင်းထန်စွာ စတင်တိုက်ခိုက်တော့သည်။
အကျိုးသက်ရောက်မှုမှာ ကောင်းမွန်ပေ၏။ အနည်းဆုံးအနေဖြင့် ရွှမ်ယွမ်ဓားသည် ရှင်းထျန်းဓမ္မပုံရိပ်ယောင်များထက် များစွာပို၍ ထိခိုက်မှုကို ဖြစ်စေခဲ့ပြီး ရေဘဝဲလက်တံများပေါ်တွင် အက်ကွဲကြောင်းများကဲ့သို့ နက်ရှိုင်းသော ဒဏ်ရာများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
သို့သော် ယခင် ပြဿနာဟောင်းအတိုင်း ဖြစ်နေပြီး ဤသားရဲ၏ခန္ဓာကိုယ်သည် အလွန်ကြီးမားလွန်းသဖြင့် ဤမျှထိ သေးငယ်သော ဒဏ်ရာများမှာ အရေးမပါလှချေ။
အနီးအနားရှိ အမျိုးသမီးသည် ရွှမ်ယွမ်ဓားကို ကြည့်ကာ အံ့အားသင့်စွာဖြင့် ထပ်မံ၍ အော်ဟစ်လိုက်သည်။
"ဒုတိယမြောက် မွေးရာပါ ရှေးဟောင်းရတနာပဲ"
အလယ်ပိုင်းနယ်မြေတွင်ပင် မွေးရာပါ ရှေးဟောင်းရတနာကို မဆိုထားနှင့် ရှေးဟောင်းရတနာတစ်ခုသည်ပင် ထိပ်သီးအင်မော်တယ်ဧကရာဇ်များ အလုအယက် လိုချင်ကြမည့် အရာတစ်ခုပင်။
သူမကိုယ်တိုင်ပင် ထိုရတနာမျိုး တစ်ခုမျှ မပိုင်ဆိုင်ချေ။ အင်မော်တယ်ရတနာတစ်ခုသည် သူမအတွက် အလွန်အဖိုးတန်နေလေပြီ။
သို့သော် ဤကောင်လေးတွင် နှစ်ခုပင် ရှိနေလိမ့်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားခဲ့ပေ။
မဟုတ်ဘူး... အဲ့ဒါ မမှန်ဘူး...
အဘယ်ကြောင့်ဆိုသော် သူသည် တခြားအရာတစ်ခုကို ထပ်မံ၍ ပစ်ထုတ်လိုက်သည်ကို သူမ မြင်လိုက်ရသောကြောင့်ပင်။
ဤသည်မှာ ပုဆိန်တစ်လက်ပင်။
ပန်ဂုပုဆိန်....
ထုတ်လွှတ်လိုက်ပြီးနောက် ပန်ဂုပုဆိန်သည် ကြီးမားလာပြီး ရွှမ်ယွမ်ဓားနှင့်အတူ ဘေးတစ်ဖက်တစ်ချက်မှနေ၍ ရေနက်ပိုင်း ဧရာမနတ်ဆိုးသားရဲကို စတင်တိုက်ခိုက်တော့သည်။
ရေနက်ပိုင်း ဧရာမနတ်ဆိုးသည်လည်း သင်္ဘောနှင့် ပို၍နီးကပ်လာလေပြီ။
ထိုအမျိုးသမီး၏မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒီပုဆိန်..."
တတိယမြောက် မွေးရာပါ ရှေးဟောင်းရတနာ ထွက်ပေါ်လာခြင်းက သူမကို အလွန်အံ့အားသင့်သွားစေခဲ့သည်။ ထို့ပြင် ဤပုဆိန်ကို မြင်လိုက်ရခြင်းက သူမ၏မျက်လုံးများကို ချက်ချင်းပြူးကျယ်သွားစေသည်။
အမျိုးသမီးသည် ချက်ချင်းမှတ်မိသွားပေ၏။
"အဲ့ဒီကောင်ပဲ"
ဤသည်မှာ မဟာလေဟာနယ်နယ်မြေတွင် သူမ၏မွေးရာပါ တာအိုသစ်သီးကို လုယူသွားခဲ့သော ကောင်လေးပင်။
အကယ်၍ ထိုအချိန်ပြီးနောက် မကြာမီတွင် တခြားမွေးရာပါ တာအိုသစ်သီးတစ်လုံးကို ရရှိရန် သူမ ကံကောင်းခြင်း မရှိခဲ့ပါက ယခုအချိန်တွင် သူမသည် မဟာလေဟာနယ်ထဲတွင် လှည့်လည်သွားလာနေဆဲ ဖြစ်ပေမည်။
ထိုသို့သာဆိုလျှင် သူမကို နှစ်ပေါင်းရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီသည်ထိ ကြာမြင့်စေပေမည်။
လက်သည်တရားခံသည် ထိုကောင်လေးပင်။
မဟာလေဟာနယ်တွင် သူမသည် တခြားသူများကို မမြင်ခဲ့ဖူးခြင်း မဟုတ်သော်လည်း သူမသည် သူတို့နှင့် မည်သည့်အချိန်မျှ အဆက်အသွယ် မရှိခဲ့ပေ။
ဤသည်မှာ မဟာလေဟာနယ်တွင် မှော်ရတနာတစ်ခုကို အမှန်တကယ် အသုံးပြုနိုင်သော သောက်ကောင်စုတ်လေးတစ်ယောက်ကို သူမ မြင်တွေ့ခဲ့ရသည်မှ လွဲ၍ပင်။
ထို့ပြင် သူသည် အရမ်းလျှင်မြန်ပေ၏။
ထိုအချိန်က သူမနှင့်တစ်ဖက်လူ နှစ်ဦးလုံးသည် နတ်ဘုရားစိတ်ဝိညာဉ်အသွင်ဖြင့် ရှိနေခြင်းသာဖြစ်သည်။ သူတို့သည် သူတို့၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်များနှင့် တူသော်လည်း အမြင်အာရုံ ခံစားမှုမှာ ကွဲပြားသည်။
ထို့ကြောင့် သူမသည် လုရန်ကို ရင်းနှီးနေသလို သူကလည်း သူမကို ရင်းနှီးနေသည့်တိုင် မည်သူမည်ဝါဖြစ်ကြောင်းကိုမူ သူတို့ အမှန်တကယ်ကို မမှတ်မိနိုင်ခဲ့ကြချေ။
သို့သော် ဤပုဆိန်ကို မြင်လိုက်ချိန်၌ သူမ ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားတော့သည်။
သူမသည် ထိုသောက်ကောင်စုတ်၏ အသွင်အပြင်ကို မမှတ်မိနိုင်သော်လည်း ဤပုဆိန်ကို သူမ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ချေ။
မဟာလေဟာနယ်တွင် ထွက်ပေါ်လာနိုင်သော ပုဆိန် တစ်လက်...
ရုတ်တရက် အမျိုးသမီးက လုရန်ကို ကြည့်နေသော အကြည့်မှာ ထူးဆန်းလာတော့သည်။
သူမ၏သွားများသည် မုန်းတီးမှုကြောင့် ယားယံလာပေ၏။
သို့သော် ယခုအချိန်သည် အထက်သို့တက်သွားပြီး သူ့ကို ထိပ်တိုက်ရင်ဆိုင်ရန် အချိန်မဟုတ်ချေ။
သူမသည် သူမ၏လူများကို ပို၍ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
ရေနက်ပိုင်း ဧရာမနတ်ဆိုး၏ ပစ်မှတ်မှာ သူမ မဟုတ်ဘဲ သူ ဖြစ်နေသောကြောင့် ပွဲကြည့်ရသည်ကို သူမ ပျော်ရွှင်နေခဲ့သည်။
လုရန် အနည်းငယ် အံ့အားသင့်သွားပေ၏။
သူ၏နည်းလမ်းများအနက် တစ်ခုမျှ များစွာအသုံးမဝင်ချေ။ သူ၏တိုက်ခိုက်မှုများသည် ရေနက်ပိုင်း ဧရာမနတ်ဆိုးအပေါ် သိပ်ပြီးအကျိုးသက်ရောက်မှု မရှိခဲ့ပေ။ ထိုနတ်ဆိုး၏ခန္ဓာကိုယ်မှာ အလွန်ကြီးမားလွန်းသဖြင့် သူ ပြုလုပ်နိုင်သော ထိခိုက်မှုမှာ အလွန်အမင်း အကန့်အသတ်ရှိသည်။
ယခုအချိန်၌ လုရန်ထံတွင် နောက်ဆုံး မှော်ရတနာ တစ်ခုသာ ကျန်တော့သည်။
ဤသည်မှာ နတ်ဆိုးသန့်စင်ခြင်းအိုးပင်။
သို့သော် နတ်ဆိုးသန့်စင်ခြင်းအိုးသည် တိုက်ခိုက်ရေး မှော်ရတနာတစ်ခု မဟုတ်ချေ။
ထိုအချက်ကို တွေးမိသောအခါ လုရန်၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။
သူ၏နဖူးကို သူ ရိုက်ချလိုက်၏။ ထိုကိစ္စကို သူ မည်သည်ကြောင့် မေ့လျော့နေခဲ့သနည်း။
နတ်ဆိုးသန့်စင်ခြင်းအိုး၏ ရည်ရွယ်ချက်မှာ နတ်ဆိုးသားရဲများကို သန့်စင်ရန်ပင်။
ထို့ကြောင့် အတွေးတစ်ချက်ဖြင့် သူသည် နတ်ဆိုးသန့်စင်ခြင်းအိုးကိုလည်း ထုတ်လွှတ်လိုက်တော့သည်။
အဝေးတွင်ရှိနေသော အမျိုးသမီးသည်လည်း ကြက်သေသေသွားတော့သည်။
ဤကောင်လေးသည် အတိအကျ ဘာလုပ်သနည်း...
သူသည် မှော်ရတနာများကို လက်ကားရောင်းချခြင်း ဖြစ်သလော....
တခြားသူများ တစ်ခုပင် မရနိုင်သော မွေးရာပါ ရှေးဟောင်းရတနာများကို သူသည် အလကားရသကဲ့သို့ မည်သည်ကြောင့် ပစ်ထုတ်နိုင်ရသနည်း။
နတ်ဆိုးသန့်စင်ခြင်းအိုးကို ထုတ်လွှတ်လိုက်သည်နှင့် တပြိုင်နက် ထိုအိုးသည်လည်း ချက်ချင်းကြီးမားလာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူခြင်း စွမ်းအားတစ်ရပ် ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။
သူ၏ရှေ့ရှိ ရေပေါ်သို့ ထွက်ပေါ်လာခါစဖြစ်သော ရေနက်ပိုင်း ဧရာမနတ်ဆိုး၏ ခန္ဓာကိုယ်ကြီးသည် ချက်ချင်းအေးခဲတောင့်တင်းသွားပြီးနောက် နတ်ဆိုးသန့်စင်ခြင်းအိုးဆီသို့ ဆွဲယူခြင်း ခံလိုက်ရသည်။
လုရန်၏မျက်လုံးများ တောက်ပသွားပေ၏။ ဤသည်က အလုပ်ဖြစ်သွားလေပြီ။