အခန်း ၁၁၉
Vol. 12 Ch. 119
အခန်း ၁၁၉: ရေနက်ပိုင်း ဧရာမ နတ်ဆိုးက မင်းနဲ့ ကစားနေတယ်
ဤမြင်ကွင်းက လက်ရှိနေရာရှိ လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
လူတစ်ယောက်ပြီးတစ်ယောက် သူတို့၏မျက်နှာအမူအရာများ ပြင်းထန်စွာ ပြောင်းလဲသွားကြ၏။
အကြောင်းပြချက်မရှိဘဲ နောက်ထပ် ရေနက်ပိုင်း ဧရာမ နတ်ဆိုးတစ်ကောင် မည်သည်ကြောင့် ရုတ်တရက်ကြီး ထွက်လာနိုင်မည်နည်း...
ပိုင်လော့တစ်ယောက်သာ ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့သည်။ ဤအရာသည် ယခင်သားရဲနှင့် အတူတူဖြစ်ပြီး လုရန်က ပြန်လွှတ်ပေးလိုက်ခြင်းပင်။
ပိုင်လော့က ကြောက်ရွံနေသော မျက်နှာအမူအရာဖြင့် မေးမြန်းသည်။
"နင် ဘာလုပ်နေတာလဲ... ဒီအကောင်ကို ဖမ်းမိထားမှတော့ ဖမ်းထားလိုက်ပေါ့... ဘာလို့ ပြန်လွှတ်ပေးရတာလဲ"
တစ်ချိန်တည်းမှာပင် သူမသည် အလွန်အမင်း သတိကြီးစွာထားနေခဲ့သည်။
လုရန်က တခဏကြာမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"မလိုပါဘူး... အဲ့ဒီသားရဲက အဆုံးမဲ့ပင်လယ်နဲ့ပဲ သက်ဆိုင်တာပါ"
အဓိကအားဖြင့် လုရန်တွင် ဤနတ်ဆိုးသားရဲကို သိမ်းဆည်းထားရန် နေရာမရှိချေ။ အကယ်၍ သူသာ ထိုနတ်ဆိုးသားရဲကို ကုန်းပေါ်တွင် လွှတ်ပေးလိုက်ပါက ထိုအကောင်သည် သေချာပေါက် သေဆုံးသွားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် နတ်ဆိုးသန့်စင်ခြင်းအိုး အတွင်း၌ ထိုနတ်ဆိုးသားရဲကို သန့်စင်ပြီးဖြစ်သော်လည်း အဆုံးမဲ့ပင်လယ်နှင့် ဝေးကွာသွားပါက ထိုအကောင်သည် တဖြည်းဖြည်း အားနည်းသွားမည် ဖြစ်သောကြောင့်ပင်။
ထိုနတ်ဆိုးသားရဲသာ သေသွားပါက နှမြောစရာ ကောင်းပေလိမ့်မည်။
ထို့ကြောင့် လုရန်သည် ထိုနတ်ဆိုးသားရဲကို ပြန်လွှတ်ပေးရန် စီစဉ်ခဲ့ပေ၏။ အနာဂတ်တွင် ထိုနတ်ဆိုးသားရဲကို သူ အသုံးလိုကောင်း လိုလာနိုင်သည်။
ပိုင်လော့သည် ရေနက်ပိုင်း ဧရာမနတ်ဆိုးကို စိုက်ကြည့်နေပြီး သူ၏လှုပ်ရှားမှုများ၌ သတိကြီးစွာထားနေသည်ကို သတိပြုလိုက်မိသည်။ ထို့နောက် ထိုနတ်ဆိုးသားရဲသည် တဖြည်းဖြည်း ပင်လယ်ရေထဲ၌ နစ်မြုပ်သွားကာ ဝေးကွာသွားပြီး အမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့သည်။
သေချာသည်မှာ ဤအရာများအားလုံးသည် လုရန်၏ ခွင့်ပြုချက်ဖြင့် ဖြစ်ပျက်သွားခြင်းပင်။
သို့သော် ပိုင်လော့သည် ထိုအချက်ကို မသိခဲ့ချေ။ သူမသည် လုရန်ကို အံ့အားသင့်စွာ ကြည့်နေခဲ့သည်။
သူမက ပြောဆိုလိုက်၏။
"ဒီရေနက်ပိုင်း ဧရာမ နတ်ဆိုးက ဒီလိုမျိုးကို ပထမဆုံးအကြိမ် ဆက်ဆံခံရတာ ဖြစ်ဖို့များတယ်... သူက မ နင့်ကို ကြောက်နေပြီဆိုတော့ ထပ်ပြီးမတိုက်ခိုက်ရဲတော့ဘူး"
ပိုင်လော့၏အမြင်အရ ရေနက်ပိုင်း ဧရာမနတ်ဆိုးသည် ရိုက်နှက်ခံရပြီး အရှုံးပေးသွားသောကြောင့် လွှတ်ပေးလိုက်သည်နှင့် ချက်ချင်းထွက်ပြေးသွားခြင်းပင်။
သို့သော် ဤနတ်ဆိုးသားရဲသည် ယခုချိန်၌ လုရန်၏အိမ်မွေးသားရဲဖြစ်သွားကြောင်း သူမှလွဲ၍ တခြားလူများ သိမည်မဟုတ်ချေ။ သူ ထိုကိစ္စကို ရှင်းပြရန် ပျင်းရိနေခဲ့သည်။
သူသည် ရှေ့မှ လူအုပ်စုကို မော့ကြည့်ပြီး အော်ဟစ်လိုက်သည်။
"ဆက်သွားကြ... မရပ်နဲ့"
လုရန်တွင် ပင်လယ်ကိုကြောက်ရွံသောရောဂါ မရှိသော်လည်း ချောက်နက်ကြီး၏အောက်တွင် ရှိနေရခြင်းက သူ့အတွက် အလွန်မသက်မသာ ဖြစ်စေဆဲပင်။
ထိုစကားကို ကြားသောအခါ ရှေ့မှ လူအုပ်ကြီးသည် လုရန်၏ အမိန့်ကို အနည်းငယ်မျှ မဖီဆန်ရဲဘဲ သူတို့၏ခရီးကို အလျင်အမြန် ပြန်လည်၍ စတင်လိုက်ကြတော့သည်။
နှစ်နာရီခန့်အကြာတွင်...
ရှေ့မှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
"ငါတို့ ရှေ့ကနေ ထွက်တော့မယ်... အရှိန်တင်ကြစို့"
ထို့နောက် လူတိုင်းသည် ထောင့်စွန်းတစ်ခုမှ အထက်သို့ စတင်၍ မျောတက်သွားကြ၏။
လုရန် အနည်းငယ် ဆွံ့အသွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို မသိမြင်နိုင်သဖြင့် ယခင်ကနှင့် မကွာခြားလှပေ။
ဤလူများသည် ထျန်းချွဲနယ်မြေနှင့် ပုံမှန်ကမ္ဘာကို မည်သို့ ခွဲခြားသိမြင်နိုင်သည်ကိုပင် သူ မသိခဲ့ချေ။
ထို့ပြင် ဤအတိုင်း အထက်သို့ မျောတက်သွားရုံဖြင့် သုံးဆယ့်နှစ်ထပ် ကောင်းကင်သို့ သူတို့ ရောက်ရှိသွားမည်လော....
ထိုကိစ္စသည် အမှန်တကယ်ကို ထိုမျှထိ ရိုးရှင်းသလော....
လုရန်၏ခံစားချက်အရ သူတို့သည် ကမ်းစပ်မှ ဆင်းလာပြီး ပင်လယ်အောက်ခြေကို လှည့်ပတ်ကာ အထက်သို့ ပြန်တက်လာသကဲ့သို့ ခံစားရသည်။
ထိုသို့ဆိုလျှင် ပင်လယ်မျက်နှာပြင်ပေါ်မှ မည်သည်ကြောင့် တိုက်ရိုက်ဖြတ်မကူးသနည်း....
လုရန် နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
သို့သော် ဤလုပ်ငန်းစဉ်ကို အမှန်တကယ်ပင် သိပ်ပြီး ဒုက္ခမများလှပုံရသည်။ ထန်ကော်၏ အဆိုအရ ပုံမှန် အခြေအနေများတွင် ရေနက်ပိုင်း ဧရာမနတ်ဆိုး သည် လူသားမျိုးနွယ်၏သင်္ဘောများကို တိုက်ခိုက်လေ့ မရှိချေ။
ဘေးကင်းစွာ ဖြတ်သန်းသွားရန် သင်္ဘောပေါ်တွင် စောင့်ဆိုင်းနေရုံသာ လိုအပ်သဖြင့် ထိုကိစ္စမှာ အလွန် ရိုးရှင်းလှသည်။
ဤတစ်ကြိမ်တွင် မတော်တဆမှု ဖြစ်သွားခြင်း သက်သက်သာ ဖြစ်ပေ၏။ ရေနက်ပိုင်း ဧရာမ နတ်ဆိုး သည် လူသားများ၏သင်္ဘောကို မည်သည်ကြောင့် အရူးအမူး စတင်၍ တိုက်ခိုက်သည်ကို မည်သူမျှ မသိခဲ့ကြပေ။
ထို့ပြင် ထိုနတ်ဆိုးသားရဲသည် သင်္ဘောကိုပင် ဖျက်ဆီးလိုက်၏။
အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက ရေနက်ပိုင်း ဧရာမ နတ်ဆိုးကို ခြိမ်းခြောက်ရန် ဝင်မပါခဲ့ပါက လက်ရှိနေရာရှိ လူများအားလုံး သေဆုံးသွားမည်မှာ သေချာပေါက်ပင်။
သို့သော် သူတို့ မသိခဲ့သောအရာမှာ ရေနက်ပိုင်း ဧရာမနတ်ဆိုးသည် အစပထမကတည်းက လုရန်အတွက် လာခဲ့ခြင်းဖြစ်သည်ဟူသော အချက်ပင်။
လူတိုင်း အထက်သို့ မျောတက်သွားသည်နှင့်အမျှ ချောက်နက်ကြီး၏ အမှောင်ထုထဲတွင် အလင်းဖျော့ဖျော့တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။
မကြာမီ လူတိုင်း ပင်လယ်မျက်နှာပြင်မှ ထွက်ပေါ်လာကြတော့သည်။
လုရန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မျက်စိတစ်ဆုံးအကွာအဝေး၌ ကျွန်းငယ်လေး တစ်ကျွန်းကို ဝိုးတဝါး မြင်တွေ့နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုနေရာမှာ သုံးဆယ့်နှစ်ထပ် ကောင်းကင်အတွက် ဆင်းသက်ရမည့်နေရာ ဖြစ်ပေမည်။
တစ်စုံတစ်ယောက်က လုရန်ကို မြှောက်ပင့်ဖားယားသော လေသံဖြင့် ပြောဆိုသည်။
"ကြီးမြတ်တဲ့ အင်မော်တယ်ကြီး... အဲ့ဒါက ရှေ့မှာပဲ... ကျွန်တော်တို့ ကုန်းပေါ်တက်တာနဲ့ သုံးဆယ့်နှစ်ထပ် ကောင်းကင်ကို ရောက်ပါပြီ"
လုရန် နောက်သို့ လှည့်ကြည့်လိုက်ရာ သုံးဆယ့်သုံးထပ်ကောင်းကင်၏ နယ်နိမိတ် မည်သည့်နေရာ၌ ရှိနေသည်ကို လုံးဝမမြင်ရချေ။
လုရန်၏ခန့်မှန်းချက်အရ ဤအကွာအဝေးတွင် ထိုနယ်နိမိတ်သည် မမြင်နိုင်လောက်အောင် မဖြစ်သင့်သောကြောင့် ထိုအခြေအနေမှာ အလွန်ထူးဆန်းသည်ဟု ခံစားရသည်။
လုရန်က ထန်ကော်တို့ကိုကြည့်ပြီး ပြောလိုက်၏။
"ပျံသန်းသွားကြစို့..."
သူသည် မိုးကြိုးမီးရထားလုံးကို ဆင့်ခေါ်ရန် ရည်ရွယ်ကာ သူတို့ကို သူ၏အနီးသို့ စုရုံးစေခဲ့သည်။
သို့သော် ထိုအချိန်မှာပင် ပိုင်လော့က ရုတ်တရက် အော်ဟစ်လိုက်သည်။
"မလုပ်နဲ့... နင် ထျန်းချွဲနယ်မြေကို ဖြတ်ကူးတာ ဒါက ပထမဆုံးအကြိမ်လား"
အမ်...
လုရန်က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"တကယ်တော့ ပထမဆုံးအကြိမ်ပါပဲ... ပြဿနာ ရှိလို့လား"
ပိုင်လော့သည် သူမ၏သိုလှောင်အိတ်ထဲမှ အဆင့်နိမ့်ပြီး အသုံးမပြုသော မှော်ရတနာတစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်သည်။
ထို့နောက် သူမသည် ထိုပစ္စည်းကို လေထုထဲသို့ ပစ်တင်လိုက်၏။
ထိုမှော်ရတနာသည် သူမ၏ လက်မှ ထွက်ခွာသွားသည့် အခိုက်အတန့်တွင် အဝေးသို့ မရောက်မီမှာပင် ရုတ်တရက် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
လုရန်က ထိုမြင်ကွင်းကို ဆွံ့အစွာ စောင့်ကြည့်နေခဲ့သည်။
ပိုင်လော့က ရှင်းပြလိုက်သည်။
"နင်လည်း မြင်တဲ့အတိုင်းပဲ... ဒီအဆုံးမဲ့ ပင်လယ်ရဲ့ အထက်မှာ ပျံသန်းခွင့် တားမြစ်ထားတယ်... ရေမျက်နှာပြင်ကနေ အမြင့်တစ်ခုထက် ကျော်လွန်သွားတဲ့ ဘယ်အရာမဆို ကောင်းကင်တာအိုရဲ့ စည်းမျဉ်းတွေကြောင့် သတ်ဖြတ်ခံရလိမ့်မယ်... မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်တောင်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
လုရန်က ပိုင်လော့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဤအကြောင်းကို သူ အမှန်တကယ် မသိခဲ့ပေ။
သို့သော် ယခင် သင်္ဘောများကို ပြန်တွေးကြည့်သောအခါ လုရန် နားလည်သွားခဲ့သည်။ ဤ 'အမြင့်တစ်ခု' သည် သင်္ဘောများ စမ်းသပ်ပြီးနောက် ရရှိလာသော ရလဒ် ဖြစ်နိုင်သည်။
ထိုသင်္ဘောများ၏အမြင့်မှာ အခြေခံအားဖြင့် ကောင်းကင်နှင့်မြေကြီး၏ နိယာမများက သတ်မှတ်ထားသော အမြင့်ပင်။
လုရန်က မေးမြန်းသည်။
"ခွင့်ပြုထားတဲ့ အမြင့်တစ်ခု ရှိနေသေးတယ်ဆိုတော့ နည်းနည်းနိမ့်နိမ့် ပျံသန်းလိုက်ပေါ့... ရေမျက်နှာပြင်ပေါ်ကနေ ဒီအတိုင်း ပျံသန်းသွားရင် မရဘူးလား"
ပိုင်လော့က သူမ၏ပခုံးများကို တွန့်ကာ ပြောလိုက်၏။
"ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ နင်က နည်းနည်းလေး ဂရုမစိုက်ဘဲ အထက်ကို နည်းနည်းမြင့်သွားရင် နင် သွားပြီပဲ... နင် စွန့်စားချင်တယ်ဆိုရင် ဘယ်သူမှ နင့်ကို တားမှာ မဟုတ်ဘူး"
ဤသည်မှာ အမှန်ပင်။
လုရန်က စွန့်စားရန် အကြံအစည်ကို ချက်ချင်းစွန့်လွှတ်လိုက်သည်။
အထူးချွန်ဆုံးသူများပင် အမှားလုပ်မိနိုင်ပြီး လုရန်သည် ဤနေရာတွင် ရှင်းပြ၍မရအောင် သုတ်သင်ခံရမည်ကို မလိုလားပေ။
ထို့ကြောင့် တခြားရွေးချယ်စရာ မရှိသဖြင့် လူတိုင်း ရေကူးရပေမည်။
သို့သော် ထိုအချိန်မှာပင် အဝေးမှနေ၍ သင်္ဘော သုံးစင်းသည် ဤဦးတည်ချက်ဆီသို့ ရုတ်တရက် ရွက်လွှင့်လာသည်။
မကြာမီ သူတို့သည် လူတိုင်း၏ရှေ့သို့ ရောက်ရှိလာကြ၏။
ဤသင်္ဘောသုံးစင်းသည် အလွန်ကြီးမားပြီး လုရန်နှင့် တခြားသူများ ယခင်က စီးခဲ့သော သင်္ဘောများထက် များစွာပို၍ ကြီးမားသည်။
သို့သော် ထိုသင်္ဘောများ၏အမြင့်မှာ အတူတူသာဖြစ်ပြီး ပို၍ကျယ်ဝန်းကာ ပြန့်ပြူးသော ကုန်းပတ်တစ်ခု ရှိသည်သာ ကွာခြားသည်။ အဆုံးမဲ့ ပင်လယ်၏ အထက်ရှိ ကောင်းကင်နှင့်မြေကြီး၏ နိယာမများက သတ်မှတ်ထားသော အမြင့်ကန့်သတ်ချက်များကို သူတို့လည်း သိရှိထားပုံရသည်။
သူတို့သည် အဝိုင်းတစ်ခုပုံစံဖွဲ့ကာ လူတိုင်းကို အတွင်းထဲတွင် ဝန်းရံလိုက်ကြ၏။
ဤအချိန်တွင် မူလက သင်္ဘောကို ထိန်းချုပ်မောင်းနှင်ခဲ့သော လူအုပ်စုက ရှေ့သို့ ထွက်လာတော့သည်။
"သခင်ကြီးမာ... ပိုက်ဆံတွေ အားလုံး အဆင်သင့်ဖြစ်ပါပြီ... ဒီမှာပါ"
သူတို့ထဲမှ တစ်ယောက်က သိုလှောင်အိတ်တစ်လုံးကို ပစ်ပေးလိုက်သည်။
ဤသည်မှာ အဆင့်နိမ့် သိုလှောင်အိတ်တစ်လုံးပင်။
သခင်ကြီးမာဟုခေါ်သော သူသည် သင်္ဘောပေါ်တွင် ရပ်ကာ အထက်မှ အောက်သို့ ငုံ့ကြည့်နေသော နှုတ်ခမ်းမွှေးရေးရေးရှိသည့် အမျိုးသားတစ်ဦးပင်။
လုရန်သည် တစ်ဖက်လူ၏နယ်ပယ်ကို တစ်ချက်ကြည့်လိုက်ရာ သူသည် အမှန်တကယ်ပင် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေကြောင်း မြင်တွေ့လိုက်ရသည်။
လုရန် အနည်းငယ် ဆွံ့အသွားသည်။ ဤသည်မှာ ရှားယီယီမှလွဲ၍ စိတ်ဝိညာဉ်နယ်မြေတွင် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်နှင့် သူ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းပင်။
ထိုသခင်ကြီးမာသည် သိုလှောင်အိတ်ကို စစ်ဆေးပြီး ပြောလိုက်၏။
"မလောက်ဘူး..."
ဟင်...
အစောပိုင်းက လူက အော်ဟစ်လိုက်သည်။
"ဒါက မဖြစ်နိုင်ပါဘူး သခင်ကြီးမာ... ကျွန်တော် သေချာရေတွက်ထားပြီးပါပြီ... ဘာပြဿနာမှ မရှိပါဘူး"
သခင်ကြီးမာက သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောဆိုသည်။
"မင်း အထင်လွဲနေပြီ... ငါ ဆိုလိုတာက အဲ့ဒါက အရင်စျေးနှုန်းလေ... အခု နှစ်ဆတိုးဖို့ လိုတယ်"
ဒါက...
အမျိုးသားက အနေရခက်စွာ ပြောလိုက်သည်။
"သခင်ကြီးမာ... ကျွန်တော်တို့ နှစ်ပေါင်းများစွာကြာအောင် ငြိမ်းချမ်းတဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့ပြီးတော့ အမြဲတမ်း ဒီစျေးနှုန်းပါပဲ... ဒီတစ်ခေါက် ဘာလို့ နှစ်ဆ တိုးသွားတာလဲ"
သခင်ကြီးမာက ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး ပြောဆိုလိုက်၏။
"သင်္ဘောပျောက်သွားအောင် အောက်မှာ မင်းတို့ ဘာလုပ်ခဲ့လဲဆိုတာ သရဲတောင် မသိနိုင်ဘူး... သင်္ဘော မရှိရင် မင်းတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ငါ ဘယ်လို ဆက်လုပ်နိုင်မှာလဲ... ပြီးတော့ မင်းတို့ကို ဒီလို သနားစရာကောင်းတဲ့ အခြေအနေမှာ တွေ့ရတော့ ကုန်းပေါ်တက်တဲ့အချိန်မှာ မင်းတို့ကို ကာကွယ်ပေးဖို့ ငါက ပိုတောင်းရမှာပေါ့"
ဤသခင်ကြီးမာသည် သင်္ဘော ပျောက်သွားပြီး အနာဂတ်တွင် သူတို့ ပူးပေါင်းဆောင်ရွက်၍ မရနိုင်တော့ကြောင်း မြင်သောကြောင့် သူတို့ကို တစ်ကြိမ်တည်းဖြင့် အပြတ်တောင်းယူရန် စီစဉ်ခဲ့ခြင်းပင်။
သူက တခြားသူများကိုလည်း ဝေ့ဝိုက်၍ကြည့်ကာ အော်ဟစ်လိုက်သည်။
"တခြားသူတွေအတွက်လည်း အတူတူပဲ... မင်းတို့ဆီမှာ ရှိတဲ့ ပိုက်ဆံ အကုန်ထုတ်... ငါ ကျေနပ်ရင် မင်းတို့ သင်္ဘောပေါ် တက်လို့ရပြီ...မင်းတို့ကို ကုန်းပေါ်ထိ ငါ ခေါ်သွားပေးမယ်"
လုရန် မျက်ခုံးပင့်လိုက်သော်လည်း သူကိုယ်တိုင် လှုပ်ရှားရန် အစီအစဉ် မရှိပေ။
ထိုအစား အတွေးတစ်ချက်ဖြင့်...
ပင်လယ်ရေနက်ပိုင်းတွင် ပုန်းအောင်းနေသော ရေနက်ပိုင်း ဧရာမနတ်ဆိုးသည် ရုတ်တရက် စတင်၍ လူးလွန့်လာတော့သည်။