အခန်း ၁၂၀
Vol. 12 Ch. 120
အခန်း ၁၂၀: ငါ့ရဲ့ အိမ်မွေးသားရဲ
တခြားသူများ ဒုက္ခရောက်နေချိန်တွင် သခင်ကြီးမာသည် ဤကဲ့သို့ ဗြောင်ကျကျ လုယက်နေခြင်းပင်။
သို့သော် တစ်ဖက်လူသည် မည်သို့ပင်ဆိုစေကာမူ မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ဖြစ်ပြီး လုရန်၏ သင်္ဘောကို မူလက တာဝန်ယူခဲ့သူများသည် ဤသခင်ကြီးမာ မည်မျှထိ အစွမ်းထက်ကြောင်း သိပုံရသည်။
တစ်ဖက်လူသည် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်ကြောင်းကိုလည်း သူတို့ သိထားကြ၏။
ထို့ကြောင့် တစ်ဖက်လူက သူတို့ကို လုယက်နေသည်အား ကြည့်နေရုံသာရှိပြီး သူတို့ ဘာမျှ မတတ်နိုင်ခဲ့ပေ။
တခြားသူများထံလည်း ကြောက်ရွံသော မျက်နှာအမူအရာများ ရှိနေကြသည်။
ကမ်းစပ်မှာ မဝေးတော့ကြောင်း ထင်ရှားပေသည်။ အကယ်၍ သူတို့ တိုက်ရိုက်ရေကူးပါက သူတို့၏ အမြန်နှုန်းမှာ အလွန်မြန်ဆန်ပေမည်။
သူတို့သည် မည်သည့် အကာအကွယ်မျှ မလိုအပ်သလို သင်္ဘောပေါ် တက်ရန်လည်း မလိုအပ်ပေ။
သခင်ကြီးမာက လူအုပ်စုကို အထက်မှ ငုံ့ကြည့်ကာ ပြောဆိုသည်။
"ဒါက ဘာလဲ... မင်းတို့ ဘာလို့ ဒီအတိုင်း ရပ်နေကြတာလဲ... ပိုက်ဆံပေးလေ... ကုန်းပေါ် မတက်ချင်ရင်လည်း ရတယ်"
သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက် လူတိုင်း၏ အကြည့်များသည် လုရန်ဆီသို့ ရောက်သွားကြ၏။
ဤသည်မှာ လုရန်သည် သူတို့၏ကျောထောက်နောက်ခံ ဖြစ်နေသည့်အလားပင်။
မည်သို့ပင်ဆိုစေကာမူ သူသည် ချောက်နက်ကြီး၏ အောက်တွင် ရေနက်ပိုင်း ဧရာမနတ်ဆိုးကို ကိုင်တွယ်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဖြစ်နေသည်။
သို့သော် လုရန်သည် တိတ်ဆိတ်နေပြီး ရေနက်ပိုင်း ဧရာမနတ်ဆိုးထံ ဆက်သွယ်ရန် သူ၏ကြိုးစားအားထုတ်မှု အားလုံးကို အာရုံစိုက်ကာ ထိုသားရဲသည် ရေမျက်နှာပြင်သို့ တက်လာနိုင်ခြင်း ရှိမရှိကို ကြည့်ရန် ရည်ရွယ်ထားသည်။
အဘယ်ကြောင့်ဆိုသော် ထိုနတ်ဆိုးသားရဲသည် ထျန်းချွဲနယ်မြေ သို့မဟုတ် ချောက်နက်ကြီး၏ အောက်ခြေတွင်သာ ရွေ့လျားနိုင်ပါက သိပ်အသုံးဝင်မည် မဟုတ်သောကြောင့်ပင်။
လုရန်၏အတွေးကို လိုက်၍ ရေနက်ပိုင်း ဧရာမ နတ်ဆိုး၏ ခန္ဓာကိုယ်သည် ချောက်နက်ကြီးအောက်မှ အလျင်အမြန် မြင့်တက်လာပေ၏။
လူတိုင်း၏အကြည့်များက လုရန်ဆီသို့ ရောက်နေသည်ကို မြင်သောအခါ သခင်ကြီးမာက အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
သူက သရော်တော်တော် မေးမြန်းသည်။
"အစ်ကို... ဒီလူတွေက မင်းကို အထင်ကြီးပုံရတယ်... မင်းက ဦးဆောင်တော့မလို့လား"
လုရန်သည် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သော်လည်း တုံ့ပြန်အဖြေမပေးခဲ့ချေ။
ထိုအပြုအမူက ပိုင်လော့ကို အနည်းငယ် ထူးဆန်းသည်ဟု ခံစားသွားစေပြီး လုရန်ကို အနည်းငယ် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
လုရန်သည် ရေနက်ပိုင်း ဧရာမနတ်ဆိုးကို ကိုင်တွယ်နိုင်လောက်အောင် အစွမ်းထက်သော်လည်း သူကိုယ်တိုင်ကမူ အလွန်သတ္တိနည်းပုံရသည်ဟု သူမ တွေးတောလိုက်မိသည်။
ခွန်အားကြီးသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရချိန်၌ သူသည် ချက်ချင်းဆိုသလိုပင် စကားမပြောရဲတော့ချေ။
သို့သော် လူအုပ်ထဲတွင် ဒေါသကြီးသူတစ်ဦး ရှိနေပေ၏။
သူက မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။
"ဒါက ဘာအဓိပ္ပာယ်လဲ... ငါ့ဘာသာငါ သွားလို့ မရဘူးလား... မင်းရဲ့ အစောင့်အရှောက်ကို ငါ ဘာလို့ လိုအပ်ရမှာလဲ... အဲ့ဒါက လုံးဝမလိုအပ်ဘူး"
ထိုသို့ပြောပြီးနောက် သူသည် လူအုပ်စုမှ ထွက်ခွာကာ ကမ်းစပ်ဆီသို့ တိုက်ရိုက်ရေကူးသွားတော့သည်။
ဤလူ၏စွမ်းအားမှာ သိပ်မမြင့်မားလှချေ။ သူ၏ အကာအကွယ် စိတ်ဝိညာဉ်စွမ်းအားကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားရခြင်းကပင် အလွန်ပင်ပန်းနေလေပြီ။
ယခုအချိန်၌ အခက်အခဲများနှင့် ကြုံတွေ့ရပြီး ပိုက်ဆံလည်း မပေးချင်သဖြင့် သူသည် အရာအားလုံးကို လျစ်လျူရှုလိုက်ခြင်း ဖြစ်ပေ၏။
လုရန်က ထိုလူကို ကူကယ်ရာမဲ့စွာ တစ်ချက်ကြည့်လိုက်သည်။
ခွန်အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သော လောကကြီးတွင် ဤကဲ့သို့ အခြေခံအချက်လေးကိုပင် နားမလည်ဘဲ သူ ဤအဆင့်ထိ မည်သို့ ကျင့်ကြံလာနိုင်ရသနည်း....
သူ မျှော်လင့်ထားသည့်အတိုင်း...
နောက်တစ်စက္ကန့်တွင် သခင်ကြီးမာက ထိုအမျိုးသားကို ခက်ထန်တင်းမာစွာ ကြည့်လိုက်သည်။
သခင်ကြီးမာ လှုပ်ရှားသည်ကိုပင် မမြင်လိုက်ရဘဲ အမျိုးသား၏ ခန္ဓာကိုယ်သည် 'ဝုန်း' ဟူသော အသံနှင့်အတူ ပင်လယ်မျက်နှာပြင်အောက်သို့ ရုတ်တရက် နစ်မြုပ်သွားပြီး လျှင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
လုရန်သည် ထိုအမျိုးသား ပျောက်ကွယ်သွားသော နေရာသို့ တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။
မဟာအင်မော်တယ်ဧကရာဇ်များသည် ကောင်းကင်တာအို၏ နိယာမတစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ထားသူများပင်။ သခင်ကြီးမာ၏နိယာမမှာ မြေဆွဲအား စက်ကွင်း ဖြစ်ပုံရသည်။
ဤသည်က အထူးတလည် အစွမ်းထက်သော နိယာမ တစ်ခု မဟုတ်သော်လည်း မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်က အသုံးပြုသောအခါ အသုံးပြုရန် လွယ်ကူလှသည်။ အကယ်၍ သူ မနှစ်သက်သူ တစ်ဦးနှင့် ကြုံတွေ့ပါက တစ်ဖက်လူကို ရိုးရှင်းစွာ ဖိနှိပ်ထားနိုင်သည်။
သူသည် တခြား အင်မော်တယ် သိုင်းပညာနည်းစနစ်များ သို့မဟုတ် မှော်ရတနာများကို အသုံးပြုရန်ပင် မလိုအပ်ချေ။
သခင်ကြီးမာက မေးမြန်းသည်။
"မြင်လား... မင်းတို့ မြင်တဲ့အတိုင်းပဲ... သူက ကမ်းပေါ်ကို သူ့ဘာသာသူ ရောက်နိုင်တဲ့ စွမ်းရည် တကယ် မရှိဘူးလေ... ကဲ... ကျန်တဲ့သူတွေက အခု ဘယ်လို စဉ်းစားနေကြလဲ"
ရေထဲတွင် ရှိနေသော လူအုပ်စုသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
သို့သော် သခင်ကြီးမာသည် သူတို့နှင့် အချိန်ဖြုန်းရန် ရည်ရွယ်ချက် မရှိဘဲ ပျင်းတိပျင်းရွဲလေသံဖြင့် ပြောဆိုသည်။
"ဒါကို ရှင်းရှင်းလင်းလင်း ပြောရအောင်... ငါက စိတ်ရှည်တဲ့လူ မဟုတ်ဘူး... မင်းတို့ မြန်မြန် လှုပ်ရှားတာ ပိုကောင်းမယ်"
သူ စကားပြောနေစဉ် သူ၏အာရုံကို ပြောင်းလဲလိုက်သည်။
နောက်ထပ် လူအနည်းငယ် နစ်မြုပ်သွားကာ လှိုင်းဂယက် အနည်းငယ် ဖြစ်ပေါ်ပြီးနောက် တိတ်ဆိတ်သွားတော့သည်။
တိုက်တိုက်ဆိုင်ဆိုင်ဖြင့်...
အစောပိုင်းက လူတော်တော်များများ လုရန်ကို ကြည့်နေကြသည်ကို သခင်ကြီးမာ မြင်တွေ့ခဲ့ရပြီး သူသည် လူအုပ်စုတစ်စုလုံး၏ ကျောထောက်နောက်ခံ ဖြစ်မည်ဟု ယူဆလိုက်၏။
ထို့ကြောင့် အတွေးတစ်ချက်ဖြင့် သူသည် လုရန်ကိုလည်း နစ်မြုပ်စေရန် ရည်ရွယ်လိုက်ပြီး ဤသည်က လုံလောက်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေမည််။
သို့ရာတွင် ရလဒ်အနေနဲ့မူ...
သူ၏နိယာမစွမ်းအား ပျံ့နှံ့သွားပြီး လုရန်ကို စိုက်ကြည့်နေကာ သူတို့နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိကြောင်း သူ တွေ့ရှိလိုက်ရသည်။
လုရန်သည် နေရာတွင် မလှုပ်မယှက် ရပ်နေပြီး အေးစက်စွာ စောင့်ကြည့်နေရုံသာဖြစ်သည်။
သခင်ကြီးမာ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားပုံရသည်။ လုရန်ကို နောက်တစ်ကြိမ် ဂရုတစိုက် ကြည့်လိုက်ရာ သူ၏နှလုံးသား တင်းကြပ်သွားတော့သည်။
သို့သော် အခြေအနေကို သူ ထပ်မံ၍ မစမ်းသပ်နိုင်မီ...
ရုတ်တရက် ပင်လယ်မျက်နှာပြင်သည် လှိုင်းများဖြင့် စတင်လှုပ်ခတ်လာပေ၏။
သခင်ကြီးမာ၏သင်္ဘောများ စတင်၍ ယိမ်းယိုင်ပြီး လှုပ်ခတ်လာသည်။
ဤအဆုံးမဲ့ပင်လယ်တွင် လေနှင့်လှိုင်းများကဲ့သို့ အရာများ မရှိသဖြင့် သခင်ကြီးမာ အံ့အားသင့်သွားသည်။
ဘာတွေ ဖြစ်နေတာလဲ....
သူသည် အောက်ဘက်ရှိ ပင်လယ်ရေပြင်ကို ငုံ့ကြည့်ကာ သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ နက်ရှိုင်းသော ပင်လယ်ရေမျက်နှာပြင်အောက်သို့ သူ၏နတ်ဘုရားစိတ်အာရုံ မထွင်းဖောက်နိုင်သဖြင့် ဘာမျှ မမြင်ရချေ။
သို့သော် သူ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ ပင်လယ်မျက်နှာပြင်သည် စတင်၍ကြွတက်ပြီး တဝုန်းဝုန်းထလာသည်ကို မြင်တွေ့မိလေ၏။
သခင်ကြီးမာက ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည်။
ထိုအရာက ပင်လယ်ရေအောက်မှ တစ်ခုခုကြောင့် ဖြစ်ပေါ်လာသော ဆူပွက်မှုပင်။
သခင်ကြီးမာက လှောင်ပြောင်လိုက်သည်။
"ဟမ့်... ငါ့ရဲ့ သင်္ဘောတွေကို ပင်လယ်ရေနဲ့ နိယာမကန့်သတ်ချက်ရဲ့ အမြင့်အထိ မြှောက်ဖို့ ကြိုးစားနေတာလား... မင်းက ဆရာတစ်ယောက်ရှေ့မှာ မင်းရဲ့ သေးငယ်တဲ့ ကျွမ်းကျင်မှုတွေကို ကြွားဝါနေတာပဲ"
ပင်လယ်ရေအောက်တွင် မည်သူက ပြဿနာရှာနေသည်ကို သူ မသိသေးသော်လည်း...
ရည်ရွယ်ချက်ကို သူ တစ်ချက်ကြည့်ရုံဖြင့် ထွင်းဖောက်မြင်လိုက်၏။
သူ၏အတွေးတစ်ချက်ဖြင့် ပင်လယ်မျက်နှာပြင်တစ်ခုလုံး ချက်ချင်း ဖိနှိပ်ခံလိုက်ရပြီး သင်္ဘောများ လျင်မြန်စွာ တည်ငြိမ်သွားသည်။
သခင်ကြီးမာ၏ မြေဆွဲအားစက်ကွင်းသည် ထိုကဲ့သို့ကိစ္စများကို အလွန်လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်သည်။
သို့သော် တဖြည်းဖြည်းနှင့် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူ ခံစားလိုက်ရသည်။
ဤမြှောက်တင်သည့်အားသည် ပို၍ပို၍ အားကောင်းလာပေ၏။
တဖြည်းဖြည်းနှင့် သူ စတင်၍ ရုန်းကန်လာရပြီး ထိုအရာကို သူ၏နိယာမစွမ်းအားဖြင့် ဖိနှိပ်ရန်ပင် ခက်ခဲလာပုံရသည်။
ရုတ်တရက်....
သခင်ကြီးမာက တစ်ခုခုကို ခံစားလိုက်ရပြီး လုရန်ကို လှည့်ကြည့်လိုက်သည်။
သူက လေသံတိုးတိုးဖြင့် မေးမြန်းသည်။
"ဒါကို လုပ်နေတာ မင်းပဲ မဟုတ်လား"
လုရန်က ပခုံးတွန့်လိုက်ပြီး ငြင်းဆန်ခြင်းမပြုခဲ့ပေ။
သခင်ကြီးမာက အံ့ကြိတ်ပြီး ပြောလိုက်သည်။
"သောက်ကျိုးနည်း... မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
အဘယ်ကြောင့်ဆိုသော် ယခုအချိန်၌ ပင်လယ်ရေအောက်ရှိ မြှောက်တင်သည့် အားသည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။ သူ ထိန်းသိမ်းထားနိုင်စွမ်း ဆုံးရှုံးတော့ပေမည်။
လုရန်က အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"သိပ်ထူးထူးခြားခြားတော့ မဟုတ်ပါဘူး... ငါ့မှာ အိမ်မွေးသားရဲတစ်ကောင် ရှိတယ်... မင်းနဲ့ ကစားဖို့ ငါ သူ့ကို ခေါ်လိုက်တာပါ... ဒါပါပဲ"
သူ ရိုးရိုးရှင်းရှင်း ပြောလိုက်ပြီး ဤသည်မှာ အမှန်တရားပင်။
သခင်ကြီးမာ ဇဝေဇဝါ ဖြစ်သွားသော်လည်း သူ ထပ်မံ၍ စူးစမ်းရန် အခွင့်အရေး မရခဲ့ချေ။
ဘုန်း...
သခင်ကြီးမာ၏ နိယာမစွမ်းအားသည် အောက်ဘက်မှ တိုက်ရိုက်ထွင်းဖောက်ခံလိုက်ရပြီး ပင်လယ်မျက်နှာပြင်သည် ချက်ချင်းပေါက်ကွဲကာ အထက်သို့ မြင့်တက်လာပေ၏။
သင်္ဘောသုံးစင်းလုံး အထက်သို့ တန်းတန်းမတ်မတ် ပစ်တင်ခံလိုက်ရပုံရသည်။
တုံ့ပြန်မှုလျှင်မြန်ပြီး သူတို့၏ အမြင့်ကို ထိန်းသိမ်းရန် သင်္ဘောပေါ်မှ ခုန်ချခဲ့ကြသော သခင်ကြီးမာနှင့် အစွမ်းထက် အင်မော်တယ်ဧကရာဇ်တချို့မှလွဲ၍ ကျန်သူများမှာ တုံ့ပြန်ရန် အချိန်မရခဲ့ကြပေ။
သူတို့သည် လေထဲသို့ တိုက်ရိုက်ပစ်တင်ခြင်း ခံလိုက်ရသည်။
ထို့နောက် သင်္ဘောများနှင့် အတွင်းမှ လူများ၊ ကုန်စည်များနှင့် တခြားအရာများ အားလုံးသည် ကြေမွှပျက်စီးသွားပြီး ဖုန်မှုန့်များအလား အောက်သို့ လွင့်ကျလာတော့သည်။
သခင်ကြီးမာ၏မျက်နှာအမူအရာ အလွန်အမင်း ပျက်ယွင်းသွားပေ၏။
သို့သော် သူ့ကို ပို၍ပင် အံ့အားသင့်သွားစေသောအရာမှာ...
ပင်လယ်မျက်နှာပြင် ပေါက်ကွဲသွားပြီးနောက် ကောင်းကင်သို့တိုင်အောင် မြင့်မားပုံရသော ဧရာမ ရေဘဝဲလက်တံ တစ်ခုသည် ရေထဲမှ တိုက်ရိုက်ထွက်ပေါ်လာခြင်းပင်။
နိယာမ၏အမြင့်သည် ဤအရာအပေါ် မည်သည့် အကျိုးသက်ရောက်မှုမျှ ရှိပုံမရပေ။
ပင်လယ်ထဲမှ ထွက်ပေါ်လာသော ထိုအရာသည် ကမ္ဘာ့သစ်ပင်ကြီးတစ်ပင်နှင့် တူညီကာ ထူထဲပြီး ခိုင်ခံ့လှသည်။ ထိုရေဘဝဲလက်တံပေါ်ရှိ စုပ်ခွက်တစ်ခုတည်းကပင် သခင်ကြီးမာ၏ ယခင်သင်္ဘောများထက် များစွာပို၍ ကြီးမားနေသည်။
သခင်ကြီးမာ ထိတ်လန့်တကြား ဖြစ်သွားပေ၏။
"ရေနက်ပိုင်း ဧရာမနတ်ဆိုး..."
သူ၏မျက်လုံးများကိုပင် သူ မယုံနိုင်အောင် ဖြစ်နေခဲ့သည်။
မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်အနေဖြင့် သခင်ကြီးမာသည် နှစ်ပေါင်းသောင်းနှင့်ချီပြီး ကျင့်ကြံခဲ့သည်။ သူသည် ထျန်းချွဲနယ်မြေသို့ မကြာခဏ ရောက်ဖူးပြီး ရေနက်ပိုင်း ဧရာမနတ်ဆိုးကို ယခင်က မြင်ဖူးခဲ့သည်။
သို့သော် သူ ထိုနတ်ဆိုးသားရဲနှင့် တစ်ကြိမ်တစ်ခါမျှ မဆက်ဆံဖူးခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ရေနက်ပိုင်း ဧရာမနတ်ဆိုး နှင့် လူသားမျိုးနွယ်သည် မည်သည့်အချိန်ကမျှ အဆက်အသွယ် မရှိခဲ့သောကြောင့်ပင်။
ဒါပေမဲ့ ဒါက ဘာကြီးလဲ...
ရေနက်ပိုင်း ဧရာမနတ်ဆိုးတစ်ကောင်သည် ပင်လယ်မျက်နှာပြင်မှ မည်သည်ကြောင့် ထွက်လာရသနည်း...
ထို့ပြင် ဤသည်မှာ ရေနက်ပိုင်း ဧရာမနတ်ဆိုး၏ ရေဘဝဲလက်တံ တစ်ခုမျှသာ ဖြစ်ပေ၏။
ရုတ်တရက်...
သခင်ကြီးမာက တစ်ခုခုကို တွေးတောမိပြီး ပင်လယ်ရေထဲတွင် ရှိနေဆဲဖြစ်ကာ သူ၏ အမြင့်ကို ဂရုတစိုက် ထိန်းသိမ်းရင်း လှိုင်းများနှင့်အတူ အတက်အကျ ဖြစ်နေသော လုရန်ကို လှည့်ကြည့်လိုက်သည်။
အစောပိုင်းက ဤကောင်လေးသည် သူ၏အိမ်မွေးသားရဲကို အပြင်ထွက်ကစားရန် ခေါ်ချင်သည်ဟု ပြောဆိုခဲ့လေ၏။
ဖြစ်နိုင်သည်မှာ ရေနက်ပိုင်း ဧရာမ နတ်ဆိုးက သူ၏အိမ်မွေးသားရဲ ဖြစ်နေသလော...
Book 12 end.