တတိယအဆင့်ကို တွေ့မြင်ခြင်း….
Vol. 016 Ch. 775
သူ…သူကိုယ်တိုင်ကပင် တာအိုမည်ပေ၏။ ကောင်းကင်နှင့်မြေကြီးသည် မရေမတွက်နိုင်သော တာအိုများကို ဖန်တီးပေ၏။ သူကလည်း တာအိုသာ ဖြစ်ချေသည်။
သူ့ရှေ့တွင် မရေမတွက်နိုင်သော အလင်းလုံးများသည် ရှင်သန်ရာကနေ သေဆုံးခြင်း၊ သေဆုံးခြင်းကနေ ပြန်လည် ရှင်သန်လာခြင် တို့ ဖြစ်ပျက်နေချေသည်။ ဤအရာကပင် သူ့သေခြင်းရှင်ခြင်း တာအို ဖြစ်ပေ၏။
ကံကြမ္မာစက်ဝန်းတွင် ကံကြမ္မာအကျိုးဆက် ရှိပါက ကံကြမ္မာအကြောင်းရင်းလည်း ရှိပေလိမ့်မည်။ သဘောကတော့ လီမူဝမ်က အဖြေကို ရှာဖွေနေသကဲ့သို့၊ ဝမ်ဖျင်က သာမန်ဘဝကို ဖြတ်သန်းနေသကဲ့သို့ပင်။ ဤအရာကပင် ဝမ်လင်း၏ ကံကြမ္မာတာအို ဖြစ်နေပေသည်။
ထိုအခိုက်အတန့်မှာပင် ဝမ်လင်းက တစ်စုံတစ်ရာကို နားလည်သွားခဲ့သလို ခံစားရသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူက ဘာကိုမှ နားမလည်တော့ပြန်ပေ။ သည်စိတ်ရှုပ်ထွေးမှုက သူ့စိတ်ထဲသို့ ရိုက်ခတ်နေသည်။ သည်လှိုင်းက ပြင်းထန်သည်ထက် ပြင်းထန်လာကာ နောက်ဆုံးတွင် သူ့စိတ်ကို တုန်ယင်စေသည်။
သူက နိုးထလာခဲ့ချေပြီ။
သူက သူ့အသိစိတ်နှင့် ကြည်လင်မှုကို ပြန်ရလိုက်သည့် အခိုက်မှာပင် သူ့မူလစိတ်ဝိညာဉ်သည် ပြင်းပြင်းထန်ထန် တွန်းထုတ်ခြင်း ခံလိုက်ရသလို ခံစားလိုက်ရ၏။ သူက မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် တံခါးချပ်၏ အပြင်ဘက်သို့ ရောက်ရှိနေတော့သည်။
အပြင်လောကတွင် သူ့ပတ်လည်ရှိ အရာအားလုံးက ဘာတစ်ခုမှ ပြောင်းလဲသွားခြင်း မရှိပေ။ မိုးကြိုးက တုန်ဟည်းနေဆဲ ဖြစ်ကာ ခရမ်းရောင်အလင်းကလည်း သည်ဧရိယာကို ဖုံးလွှမ်းထားသည်။ အရာအားလုံးသည် ဘာတစ်ခုမှ ပြောင်းလဲမသွားသကဲ့သို့သာ တည်ရှိနေခဲ့ပေသည်။တံခါးချပ်၏ အပြင်ဘက်တွင် ဝမ်လင်း တံခါးထဲသို့ မဝင်ရောက်ခင်ကတည်းက အတိုင်း ရှိနေခဲ့သည်။ တံခါးချပ်၏ အထဲ၌ သူကြုံခဲ့ရသည့်အရာအားလုံးသည် အိပ်မက်တစ်ခုလို ဖြစ်ပျက်နေခဲ့တော့သည်။
ထိုအစစ်အမှန် မဟုတ်မှုကပင်…အစစ်အမှန်လော…။
သူ့မျက်စိရှေ့မှာပင် တံခါးချပ်ပေါ်ရှိ အဟက ဖြည်းဖြည်းချင်း ပြန်ပိတ်ကာ ပျောက်ကွယ်သွားချေသည်။ ခရမ်းရောင်အလင်းများ လွှမ်းခြုံထွေးထားသည့် လက်ကြီးကလည်း ပျောက်ကွယ်သွားခဲ့လေပြီ။ ခရမ်းရောင်အလင်းကလည်း ပြန်ကျုံ့လာခဲ့ကာ ကောင်းကင်ဘုံပုတီးစေ့ကို ပြောင်းလဲသွားစေခဲ့သည်။
ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ပေါ်၌ ထူးဆန်းအံ့ဖွယ် ပြောင်းလဲမှုတစ်ခု ဖြစ်လာခဲ့သည်။ အရင်တုန်းက ယင်းပုတီးစေ့ပေါ်၌ ဒြပ်စင်ငါးခုက ရေးထွင်းထားခဲ့ပေ၏။ သို့သော် ခုချိန်၌ ယင်းဒြပ်စင်ငါးခုနေရာတွင် ယင်နှင့်ယန်က အစားထိုး ဝင်လာခဲ့ခြင်းပင်။ ယင်က လမင်းကို ကိုယ်စားပြုကာ ယန်သည် နေမင်းကို ကိုယ်စားပြုပေသည်။ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့၏ တစ်ဝက်စီပေါ်၌ ယင်နှင့်ယန်၊ လမင်းနှင့်နေမင်းတို့သည် တစ်ခြမ်းစီ ဖုံးလွှမ်းသွားခဲ့ပေသည်။
၎င်းပုတီးစေ့က မျောလွင့်လာကာ ဝမ်လင်း မျက်ခုံးနှစ်ခုကြားထဲသို့ ပြန်လည် ဝင်ရောက်သွားလေ၏။
ဝမ်လင်းက လေထဲ၌ မလှုပ်မယှက်သာ ရှိနေသည်။ သူက မျက်လုံး ဖြည်းဖြည်းချင်း မှိတ်လိုက်၏။ အစောပိုင်းက တံခါးနောက်ကွယ်မှ အိပ်မက်လို မြင်ကွင်းများသည် သူ့စိတ်ထဲ၌ ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
သူက အချိန်ကုန်လွန်မှုကို နောက်တစ်ဖန် မေ့လျော့နေသည့်အလား ထင်မှတ်ရကာ သူ့စိတ်ထဲ၌ ပဲ့တင်ထပ်နေသော မြင်ကွင်းအဖြစ်အပျက်ကို နားလည်အောင် ကြိုးစားနေရင်း နစ်မြုပ်လို့နေသည်။ ထိုအစစ်အမှန်မဟုတ်သော အိပ်မက်လို အဖြစ်အပျက်က သူ့စိတ်နှလုံးထဲ၌ နည်းနည်းချင်း ရေးထွင်းလာခဲ့သည်။
ဝမ်လင်းက ထိုအိပ်မက်လို အဖြစ်အပျက်ထဲရှိ အရာအားလုံးသည် အလွန်တရာ အဖိုးတန်ကြောင်း သိနေခဲ့ပေသည်။ ဤအရာက ကောင်းကင်ဘုံလောက် ကြီးမားသည့် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။
သူက ထိုအိပ်မက်ကို မည်သူ့ကိုမျှ မပြောပြနိုင်ပေ။ သူက ထိုအဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်းလည်း ရှင်းပြနိုင်စွမ်း မရှိပေ။ သူက တစ်စုံတစ်ယောက်ကို ပြောပြမိမည်ကိုပင် အမှန်တကယ် စိုးရိမ်ကြောင့်ကြမိသည်။ သူက ရှေ့ဖြစ်ဟောသူနှင့် အပေါင်းအပါများက ထိုအခွင့်အရေးမျိုးအတွက် အရာအားလုံးကို စွန့်လွှတ်နိုင်သည်ဟုပါ ခံစားမိနေ၏။
ထိုအခွင့်အရေးအတွက် ထျန်ယွမ်ဂြိုပင် ဖြစ်စေ၊ သူတို့၏ ရတနာများအားလုံး၊ မန္တန်များအားလုံးကို ဖြစ်စေ လက်လွှတ်နိုင်ကြပေလိမ့်မည်။ ရှေ့ဖြစ်ဟောသူနှင့် အပေါင်းအပါများသည် ဤသို့သော တာအိုရှာဖွေနိုင်မည့် အခွင့်ရေးမျိုး ရရန် အရာအားလုံးကို စွန့်လွှတ်ပစ်ဖို့ပါ တုံ့ဆိုင်းနေလိမ့်မည် မဟုတ်ချေ။
အကြောင်းမူကား သည်တာအိုရှာဖွေ တွေ့ရှိမှုက ကျင့်ကြံသူသောင်းချီ၍ ဆာလောင်ငတ်မွတ်နေသော ထူးဆန်းအံ့ဖွယ် တတိယအဆင့်ကို ဖွင့်လှစ်နိုင်မည် ဖြစ်သောကြောင့်ပင်။
(ထိုတာအိုရှာသူများသည် နံနက်ခင်းတွင် ဉာဏ်အလင်းရ နားလည်၍ နေဝင်ချိန်တွင် သေဆုံးသည်လော…)
ဝမ်လင်းက ခုထိ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့၏ တန်ဖိုးကို မသိသေးပေ။ သို့သော် သူက ထိုပုတီးစေ့ထဲရှိ ရေခဲပြင်ကြီး၏ အပေါ်ယံကို တွေ့မြင်ခဲ့ရသည်ကပင် သူ့အား ကြီးစွာ တုန်လှုပ်စေခဲ့ပေသည်။ သည်အရာက သူဘယ်တော့မှ မေ့မသွားနိုင်မည့် အရာမျိုးပင် ဖြစ်သည်။
သည်တာအို ရှာဖွေတွေ့ရှိမှုက သူ့ကျင့်ကြံမှုအဆင့်ကို တိုးတက်သွားစေခဲ့ခြင်း မရှိချေ။ သို့သော် ၎င်းတွေ့ရှိမှုသည် သူ့တာအိုကို သန့်စင်မွမ်းမံပေးလေ၏။ ဝမ်လင်းက တံခါးချပ်ကြီးအောက်၌ မတ်တတ်ရပ်နေရင်း သူက သူ့စိတ်ဝိညာဉ်ထဲမှလာသည့် လေးစားကြောက်ရွံ့မှုကို နက်နက်နဲနဲ ခံစားနေရသည်။
ထိုသို့ဖြစ်ရခြင်းက အဆင့်များကြား ကွာခြင်းမှုကြောင့်ပင် ဖြစ်၏။ ဤကွာခြားချက်က ပုရွတ်ဆိတ်တစ်ကောင်နှင့် လူတစ်ယောက် ကွာခြားသလိုမျိုးဖြစ်၏။
ဝမ်လင်းက ထိုတံခါးချပ်နှင့် တူညီသော အဆင့်တွင် မရှိသော်လည်း နှိုင်းယှဉ်ပါက သူက ပုရွတ်ဆိတ်တစ်ကောင်မျှသာ ဖြစ်နေသော်လည်း သူက တတိယအဆင့်ကို တွေ့မြင်ခဲ့ဖူးပြီး ဖြစ်သည့် ပုရွတ်ဆိတ်ပင်။
သူက ကျင့်ကြံခြင်း၏ တတိယအဆင့်ကို တွေ့မြင်ခဲ့ဖူးပြီး ဖြစ်၏။
သူက အတွေးရေယာဉ်ထဲ၌ နစ်မြုပ်နေစဉ် ဝမ်လင်းအောက်ဘက်ရှိ မိုးကြိုးကန်က တစ်စုံတစ်ရာ၏ သက်ရောက်မှုကို ခံလိုက်ရသည်ဟု ထင်မှတ်ရသည်။ မိုးကြိုးပမာဏများစွာက အရပ်မျက်နှာအနှံ့သို့ စတင် ပျံ့နှံ့ကုန်ကြသည်။
သည်အခိုက်အတန့်မှာပင် မိုးကြိုးတန်းတစ်ခုသည် ဂြိုဟ်သိမ် ဂြိုဟ်မွှား ကွင်းပြင်ကြီးကို ဖြတ်သန်းလာနေ၏။ ထိုမိုးကြိုးတန်းသည် အနက်ရောင်ချပ်ဝတ်နှင့် မိုးကြိုးသားရဲ ဖြစ်သည်။ ထိုမိုးကြိုးသားရဲအပေါ်၌ ဆံပင်အနက်ရောင်နှင့် လူကြီး လိုက်ပါလာကာ သူ့မျက်လုံးက ထိုဂြိုဟ်သိမ်ဂြိုဟ်မွှားများကို ဖြတ်သန်းလာနေရင်း သတိထားလို့နေသည်။
သူက ဂြိုဟ်သိမ်ဂြိုဟ်မွှားကွင်းပြင်နားသို့ ရောက်လာသည့်အချိန်တွင် တစ်ခုခုမှားနေသည်ကို ချက်ခြင်း သတိပြုမိလိုက်၏။ သည်နေရာရှိ မိုးကြိုးတုန်ခါမှုများက ပြင်းပြင်းထန်ထန် ဖြစ်နေကာ နောက်ဆုံးအကြိမ် သူ သည်နေရာသို့ ရောက်လာချိန်နှင့် မတူညီပဲ ဖြစ်နေသည်။
ထိုမိုးကြိုးထဲ၌ ဖော်မပြနိုင်စွမ်းသော အားကောင်းသည့် အော်ရာတစ်ခု ပါဝင်နေသည်။ သည်အရာက အနက်ရောင်ဆံပင်နှင့်လူကြီးကို တုန်လှုပ်သွားစေကာ သူက ပို၍ပင် သတိထားလာသည်။
သူက သည်ဂြိုဟ်သိမ်ဂြိုဟ်မွှား ကွင်းပြင်ကို ဖြတ်သန်းလာစဉ် သူ့အရှိန်ကို လျှော့ချလိုက်သည်။ သူက သည်နေရာသို့ မိုးကြိုးမူလမန္တန်ကို ကျင့်ကြံရန် အကြိမ်များစွာ ရောက်ခဲ့ဖူးကာ သည်နေရာနှင့် ရင်းနှီးပေသည်။ သို့သော် သူက ခုလိုမျိုး သတိထား၍ လာခဲ့ခြင်း တစ်ခါမျှ မရှိခဲ့ပေ။
အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် သူက အလယ်ဗဟိုနှင့် နီးကပ်လာသည်။ သူက ပို၍ နီးကပ်လာလေလေ တုန်လှုပ်မှုခံစားချက်က ပိုပြင်းထန်လာလေ ဖြစ်သည်။
“အဲဒီနေရာမှာ ဘာဖြစ်နေတာလဲ…” အနက်ရောင်ဆံပင်နှင့် လူကြီး၏ အသွင်က သုန်မှုန်လို့နေသည်။ သူ့ကျင့်ကြံမှုအဆင့်က အထည်ဒြပ်ယန်အဆင့်သို့ ရောက်နေပြီ ဖြစ်ကာ နိဗ္ဗာန်ကြိုမြင်ခြင်းအဆင့်သို့ ရောက်ရှိရန် အနည်းငယ်သာ လိုတော့ပေ၏။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူ့ကို ခုလိုမျိုး ခံစားစေသည့်အရာက များများစားစား မရှိလှပေ။
သို့ရာတွင် အခုအခိုက်အတန့်၌ သူ့စိတ်ထဲရှိ တုန်လှုပ်မှုခံစားချက်က ပို၍ပင် ပြင်းထန်လာခဲ့သည်။
အနည်းငယ် တုံ့ဆိုင်းပြီးသည့်နောက် သူက အံတင်းတင်းကြိတ်ကာ မိုးကြိုးသားရဲနှင့်အတူ ဂြိုဟ်သိမ်ဂြိုဟ်မွှား၏ နောက်ဆုံးအလွှာကို ဖြတ်ကျော်လာလိုက်သည်။ သိပ်မကြာခင်တွင် သူ့ရှေ့၌ မစိမ်းလှသော မိုးကြိုးကန် ပေါ်ထွက်လာ၏။
သူက မိုးကြိုးကန်အထက်ရှိ ဝမ်လင်းကို ချက်ချင်း တွေ့မြင်လိုက်သည်။ ခုလက်ရှိတွင် ဝမ်လင်း၏ အသွင်ဟန်ပန်က ထိုလူ့အတွက် အလွန်ထူးဆန်းနေ၏။ ဝမ်လင်းက လေထဲတွင် ရှိနေကာ သူ့ခန္ဓာကိုယ်တစ်လျှောက် မိုးကြိုးများစွာ ရွေ့လျားနေပြီး သူ့ဆံပင်များက လေမတိုက်ဘဲ လွင့်မျောနေသည်။
မိုးကြိုးကန်၏ အရွယ်အစားက ဆံပင်အနက်ရောင်နှင့် ထိုလူ့ကို ပင့်သက်ရှိုက်မိသွားစေ၏။ သူ့ရှေ့ရှိ မိုးကြိုးကန်ကို ကြည့်ကာ သူက နေရာများမှားလာသလားဟု ခံစားမိလိုက်ရ၏။ သူ နောက်ဆုံးအကြိမ် သည်မိုးကြိုးကန်သို့ ရောက်လာချိန်နှင့်စာလျှင် အခုအခါ၌ ၎င်းကန်၏ အရွယ်အစားသည် တစ်ဝက်တိတိသာ ရှိတော့ပေ၏။
ဝမ်လင်းက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာ၏။
သူ့မျက်လုံးက မဖော်ပြနိုင်စွမ်းသော မျက်လုံးတစ်စုံ ဖြစ်နေချေသည်။ သူ့မျက်လုံးထဲ၌ ကမ္ဘာလောကနှင့် လောက၏ ဥပဒေသများ ပါဝင်နေပုံ ရ၏။ ထိုမျက်လုံးတစ်စုံက ကောင်းကင်နှင့်မြေကြီးကို ဖြတ်သန်း၍ မြင်နိုင်စွမ်း ရှိနေပေသည်။
သူ့မျက်လုံးကနေ တုန်လှုပ်ဖွယ် ခံစားချက်ကိုပါ ပေးစွမ်းနေခဲ့သည်။ သည်လိုခံစားချက်များက တွေ့မြင်လိုက်ရသူတိုင်းအဖို့ တုန်လှုပ်သွားပေလိမ့်မည်။ ထိုအကြည့်အောက်၌ သူတို့ကိုယ်သူတို့ ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားမိပေလိမ့်မည်။
ထိုမျက်လုံးတစ်စုံထဲ၌ ဝမ်လင်း၏ အစစ်အမှန်မဟုတ်သော အိပ်မက်၏ အငွေ့အသက်၊ အကြွင်းအကျန်တို့ ပါဝင်နေခဲ့သည်။ သည်အခိုက်အတန့်၌ သူသာလျှင် ကောင်းကင်ဘုံတာအို ဖြစ်သည်ဟု ထင်ရသည်။
ထိုမျက်လုံးတစ်စုံ၏ အကြည့်က ကျင့်ကြံခြင်းတတိယအဆင့်၏ အော်ရာပင် ဖြစ်ချေတော့သည်။ ဝမ်လင်းက ထိုအနက်ရောင်ဆံပင်နှင့် လူထံသို့ စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
ထိုအကြည့်ကပင် အနက်ရောင်ဆံပင်နှင့်လူကို မရေမတွက်နိုင်သော မိုးကြိုများ သူ့အပေါ် ပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရစေသည်။
ထိုအခိုက်အတန့်၌ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် တင်းကျပ်သွားကာ ဝမ်လင်း၏မျက်လုံးတစ်စုံသာ သူ့ကမ္ဘာ၌ တည်ရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။ ဤအခိုက်အတန့်၌ ထိုအကြည့်ကသာ သူ့ဘဝ ဖြစ်တည်မှုဟု ခံစားလိုက်ရသည်။
မိုးကြိုးသံများက သူ့နားထဲ၌ တုန်ဟည်းနေခဲ့သည်။
သူက ထိုသို့သောအကြည့်မျိုးကို နားမလည်နိုင် ဖြစ်ရသည်။ သို့သော် ထိုအကြည့်သည် သူနားလည်သဘောပေါက်နိုင်မှု၏ အလွန်တွင် ရှိနေပေသည်။ သည်စွမ်းအားက သူ့မျက်လုံးထဲသို့ တိုက်ရိုက် ဆုတ်ဖြဲ ဝင်ရောက်လာကာ သူ့ဖြစ်တည်မှုတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
သူ့မူလစွမ်းအင်နှင့်အတူ ခန္ဓာကိုယ်ထဲရှိ သွေးများအားလုံးပင် လှည့်ပတ်သွားကြ၏။ သူက အလွန် ထိတ်လန့်နေမိချေပြီ။ သူက ထိုအကြည့်အောက်၌ သူ့မူလစွမ်းအင်ကိုသာ မလှည့်ပတ်ပါက ချက်ချင်း ပြိုလဲသွားတော့မည် ဖြစ်သည်။
“ဒါက ဘာလို စွမ်းအားမျိုးလဲ…” အနက်ရောင်ဆံပင်နှင့် လူကြီးသည် သူ့ခန္ဓာကိုယ်ကို တစ်လက်မမျှ မလှုပ်ရှားနိုင် ဖြစ်နေရသည်။ သူ့ခန္ဓာကိုယ်ထဲ၌လည်း မူလစွမ်းအင်က အရူးအမူး လှည့်လည်နေသည်။ သူ့ပါးစပ်သည်လည်း စေးကပ်ခြောက်နေကာ သူ့တစ်ကိုယ်လုံးသည်လည်း ချွေးများ ရွှဲနစ်နေသည်။ သို့ရာတွင် သူက သူ့မျက်လုံးကို ထိုအကြည့်မှ မခွာနိုင် ဖြစ်နေရ၏။
သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူ့ဘဝတွင် ခုလောက် ကြောက်လန့်တုန်လှုပ်နေမိသည်မှာ ပထမဆုံး ဖြစ်သည်။ သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ အရှင်သခင်နှင့် တွေ့ခဲ့သည့် အချိန်တွင်ပင် ခုလိုမျိုး ကြောက်ရွံ့တုန်လှုပ်မိခြင်း မရှိပေ။
ဝမ်လင်းက အနက်ရောင်ဆံပင်နှင့်လူကို တည်ငြိမ်စွာ ကြည့်သည်။ သူ့မျက်လုံးထဲ၌ တာအိုရှာဖွေခြင်း လမ်းကြောင်း ရှိနေသည်။ သူက သူ့ရှေ့ရှိ လူကို ကျင့်ကြံသူ သို့မဟုတ် သေမျိုးဟု ခွဲခြားမမြင်ဘဲ လူတစ်ယောက်ဟုသာ မြင်နေ၏။ ဝမ်လင်း မျက်လုံးထဲရှိ နားလည်မှုဖြင့် အခြားလူတစ်ယောက်သည် သူ့အတွက် ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့သာ ဖြစ်နေတော့သည်။
တာအိုရှာဖွေခြင်း အိပ်မက်မက်စဉ်က သူ့အကြည့်သည် အလင်းလုံးများကို ဘဝစက်ဝန်းတစ်ခုအား မြန်ဆန်စွာ ဖြတ်သန်းသွားစေသည့် တာအို ဖြစ်နေခဲ့သည်။ သူက ထိုအကြည့်ကို ခုချိန်ထိ သယ်ဆောင်လာကာ အနက်ရောင်ဆံပင်နှင့်လူကြီးကို ကြည့်လိုက်ခြင်းပင်။
သူ့အမြင်၌ သည်လူက အိပ်မက်ထဲရှိ အလင်းလုံးများနှင့် တူနေ၏။
အနက်ရောင်ဆံပင်နှင့်လူကြီး၏ မျက်လုံးထဲရှိ ကြောက်ရွံ့မှုသည် အကန့်အသတ်သို့ ရောက်လာခဲ့သည်။ သူက ခုလိုမျိုး သေခြင်းရှင်ခြင်း အခိုက်အတန့်မျိုးအား တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ ထိုအကြည့် သူ့အပေါ်သို့ ကျရောက်လာသည့် အခိုက်အတန့်တွင် သူ့မူလစိတ်ဝိညာဉ်သည် လောင်ကျွမ်းလာသည်ဟု ခံစားမိနေခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်ပင် ထိန်းချုပ်မှု လွတ်လာသည်ဟု ထင်ရကာ မမြင်ရသောမီးတောက်အဖြစ် ဖြစ်တည်လာကြသည်။
အခြားလူတစ်ယောက်၏ အကြည့်ကို သူက လုံးဝ ခုခံနိုင်စွမ်းမဲ့ရသည်။ ကောင်းကင်ဘုံက သူ့ကို သေဟုပြောလျှင် သူက သေရမည်ကဲ့သို့ပင် ထင်မြင်နေသည်။ သူ့ခန္ဓာကိုယ်ထဲ၌ လေးစားကြောက်ရွံ့မှုတို့ ပြည့်နှက်နေ၏။
သူသာမက သူ့အောက်ရှိ မိုးကြိုးသားရဲသည်လည်း ထိုအကြည့်၏ ပြင်းထန်မှုကို ခံစားမိသည်သာ ဖြစ်သည်။ ၎င်းက အကြောက်အလန့် ဟိန်းသံပြု၍ ၎င်း၏ခန္ဓာကိုယ်က တဖြည်းဖြည်း ကမ္ဘာမြေထဲသို့ ဖုန်မှုန်အဖြစ် ပျောက်ကွယ်လာသကဲ့သို့ ဖြစ်နေသည်။
ထိုအရာများအားလုံးက ခဏတွင်း ဖြစ်ပျက်သွားခဲ့ခြင်းပင်။ ဝမ်လင်းမျက်လုံးထဲရှိ အေးစက်မှုသည် ပျောက်ကွယ်သွား၏။ သည့်နောက် သူက အသက်ဝဝရှူသွင်းကာ မျက်လုံးမှိတ်ထားလိုက်သည်။
ထိုကြောက်မက်ဖွယ် စွမ်းအားကနေ နိုးထလာမိချိန်တွင် အနက်ရောင်ဆံပင်နှင့်လူကြီး၏ ခန္ဓာကိုယ်သည် ပြိုကျပျက်စီးလုနီးပါး ဖြစ်နေခဲ့ပေသည်။ သူက ချွေးများရွှဲနစ်နေကာ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင် တစ်ဝက်ပင် ကုန်ဆုံးသွားခဲ့ရသည်။ သူ့မူလစိတ်ဝိညာဉ်ပင် အရွယ်အစားတစ်ခု ကျုံ့သွားခဲ့ကာ သူက အလွန်အမင်း အားနည်းနေ၏။ သူက ဝမ်လင်းကို ကြည့်နေရင်း သူ့စိတ်ထဲ၌ ကြောက်လန့်မှုတို့ ပြည့်နေတော့သည်။
“သိပ်ကြောက်ဖို့ ကောင်းလွန်းတယ်…။ ဒီ…ဒီအကြည့်က ဘယ်လိုအကြည့်မျိုးလဲ…။ သူ့ကျင့်ကြံမှုအဆင့်ကကော…”
အနက်ရောင်ဆံပင်နှင့်လူကြီးသည် ပင့်သက်ရှိုက်မိသွားသည်။ သူ့ခန္ဓာကိုယ်က တုန်ယင်နေ၏။ သူ့မျက်နှာကလည်း လုံးဝ ဖြူရော်နေခဲ့သည်။သူက သည်နေရာသို့ လာခဲ့မိသည်ကို နောင်တရနေမိသည်။ သူသာ သည်နေရာသို့ မရောက်လာခဲ့ပါက ခုလို ကြောက်မက်ဖွယ်အကြည့်မျိုးနှင့်လည်း ဆုံတွေ့စရာ ရှိလိမ့်မည် မဟုတ်လား။
သူက သူ့ရှေ့ရှိလူ၏ မျက်လုံးကို နောက်ထပ် အသက်ရှူစာ အနည်းငယ် ကြာသည့်အထိ ကြည့်မိပါက သူသည် ပျက်စီးသွားရလိမ့်မည်ကို သံသယ ရှိမနေပေ။ သူ့မူလစိတ်ဝိညာဉ်ပင် လွတ်မြောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
သူ့အောက်ရှိ မိုးကြိုးသားရဲက ပိုဆိုးနေသေး၏။ ၎င်းက ဝမ်လင်းကို ကြောက်လန့်တကြား ကြည့်နေမိသည်။ အမှန်တော့ မိုးကြိုးသားရဲဟူသည် ၎င်းတို့၏ မာနက ၎င်းတို့ကို အညံ့ခံသည်ထက် အသက်သာ ပေးမည်ဟုသောစိတ်ကို ဖြစ်စေသည်သာ။ သို့သော် ခုအကြည့်က သေဆုံးခြင်းလောက် ရိုးရှင်းမနေဘဲ ပိုမြင့်သောအဆင့်တစ်ခု၏ ဖိနှိပ်ခြင်း ဖြစ်လို့နေသည်။
******