← Chapters

နေ ပေါက်ကွဲစမ်း

Vol. 98 Ch. 1369

နေ ပေါက်ကွဲစမ်း

Vol. 98 Ch. 1369

တောင်ပင်လယ်လောက၏ပညာရှင်များ စည်းကို ချိုးဖျက်နေကြသည့်အချိန်မှာပင် တောင်ပင်လယ်လောကသားကျင့်ကြံသူအားလုံးသည်လည်း သူတို့၏နတ်ဘုရားစွမ်းရည်များကို ထိုစည်းထံ ပစ်လွှတ်နေကြသည်။ သို့သော် ကောင်းကင်ဘုံ ၃၃ ဘုံမှာ ဤစည်းကို စီရင်ရာတွင် မယုံကြည်နိုင်ဖွယ် အဖိုးအခကို ပေးဆပ်ထားခဲ့သည်အတွက် ၎င်းသည် ထူးခြားဆန်းကြယ်၏။ အက်ကြောင်းများ ထနေသည့်တိုင် မပြိုကွဲသွားပေ။

တောင်ပင်လယ်လောက၏အပြင်တွင် အင်ပါယာသခင်များနှင့် အပြင်သူများက တရစပ်တိုက်ခိုက်နေသဖြင့် ပေါက်ကွဲသံများ ပဲ့တင်ထပ်လျက်ရှိသည်။ လမှာ ပျက်စီးတော့မည့်အလား တဝုန်းဝုန်း တုန်ခါနေရာ ရွှမ်းဖန်သည် အေးစက်စက်ရယ်လျက် ကောင်းကင်ဘုံ (၁၆) အထိ ထိုးဖောက်သတ်ဖြတ်နေသော ပါရာဂွန်ရုပ်သေးရုပ်ကို အဖက်မလုပ်ပေ။ ထိုအစား သူ၏လက်နှစ်ဖက်လုံးက မုဒြာလက်ကွက်များဖော်ကာ သူ့ပတ်ဝန်းကျင်တွင် ထူးဆန်းသောအရှိန်အဝါတစ်ခု စုဝေးလာစေသည်။ မကြာမီ မရေမတွက်နိုင်သောအရိပ်များသည် သူ့အနီးနား၌ မြင်သာလာ၏။

ထိုသို့ဖြစ်လာသည့်အခါ အပြင်သူသန်းပေါင်းများစွာ၏ နတ်ဘုရားစွမ်းရည်များက မှော်ပင်လယ်ကြီးသဖွယ် နေကို ဝါးမြိုရန် ထိုးဆင်းလာကြသည်။ နေမှာ လကဲ့သို့ ခံစစ်အားမရှိ၍ မှော်ပင်လယ် ၎င်းကို ထိလိုက်လျှင်ချင်း ၎င်းသည် အက်ကွဲလာ၏။ နေတစ်စင်းလုံးမှာ ပြိုကွဲပေတော့မည်။

ထိုနေရာ မှော်ပင်လယ်၏အလယ်တွင် မန်ဟိုက ကြောက်ခမန်းလိလိတိုက်ကွက်ကြီးကို မျက်နှာမူလျက် ဟားတိုက်ရယ်လိုက်သည်။ ဤတိုက်ကွက်က ... နေ မတောင့်ခံနိုင်သောအရာဖြစ်မှန်း သိသောကြောင့် သူ၏မျက်လုံးများမှာ မီးဝင်းဝင်းတောက်နေတော့သည်။

ကောင်းကင်ဘုံ (၃၃) ဘုံမှ ပစ်ချခဲ့သော ကြောက်မက်ဖွယ်အလင်းတန်း၏ ကျေးဇူးကြောင့် နေကား ပြိုကွဲပေတော့မည်။ ကျင့်ကြံသူတစ်သိန်းကို မီးလောင်တိုက်သွင်းပစ်ခဲ့သည့် ထိုထိုးနှက်ချက်က နေကို ... ကြာကြာတောင့်ခံစေနိုင်မည်မဟုတ်ပေ ...

“အဲဒီလိုဆိုမှတော့ နေကို ဒီတိုင်းဖျက်စီးခွင့်ပေးမယ့်အစား ... မင်းတို့အပြင်သူတွေကိုပါ သေရွာခေါ်သွားနိုင်အောင် ငါ လုပ်သင့်တယ်” မန်ဟိုသည် လက်နှစ်ဖက်လုံးကို မြှောက်ပြီးနောက် နေ၏မျက်နှာပြင်အပေါ် ရိုက်ချလိုက်သည်။

သူ့ကျင့်ကြံခြင်းအခြေခံနှင့် အပြင်အားကိုယ်ခွန်းအားမှ အားဖြည့်ပေးထားသော ထိုရိုက်ချက်က နေကို တုန်ခါလာစေပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားစေတော့သည်။

နေ၏အကြွင်းအကျန်အစိတ်အပိုင်းများက အရပ်လေးမျက်နှာသို့ ဖြာထွက်ကာ မှော်ပင်လယ်ကို ရိုက်ခတ်လိုက်သည့် အစွမ်းထက်တိုက်ကွက်တစ်ကွက် ဖန်တီးလိုက်သည်။ ထိုအင်အားနှစ်ရပ် ဝင်တိုက်သွားသောအခါ ကြောက်ခမန်းလိလိတုန်ခါလှိုင်းတစ်လှိုင်းသည် ကြယ်တာရာကောင်းကင်အတွင်းသို့ ဖြာထွက်သွား၏။ ဘီလူးကြီးတစ်ကောင် ဟိန်းဟောက်နေသကဲ့သို့ အော်မြည်လျက် တောက်ပနေသော တုန်ခါလှိုင်းကြီးက .... ကမ္ဘာပျက်ကိန်းဆိုက်ရောက်လာသည့်အလား ပျက်စီးသွားစေသည်။

နေပေါက်ကွဲမှုမှ အလင်းရောင်နှင့်အပူလှိုင်းသည် မှော်ပင်လယ်ကို ဖုံးလွှမ်းလိုက်၏။ အပြင်သူများကား အင်အားကြီးမားသော်လည်း နေ၏အဖျက်စွမ်းအားမှာ သူတို့ ပြန်မတိုက်ခိုက်သောအရာသာ ဖြစ်ပေသည်။

နေသည် တောင်ပင်လယ်လောကကို နှစ်သိန်းသန်းပေါင်းများစွာ အလင်းရောင်ပေးခဲ့သည်မဟုတ်ပါလော။ လောကတစ်ခုလုံးအား အပူဓာတ်ပေးခဲ့သည်ကို ထည့်တွက်လျှင် ၎င်းမည်မျှပူသလဲ စိတ်ကူးကြည့်၍ပင်မရပေ။ အရေးအကြီးဆုံးက နေကား ပါရာဂွန်ကိုးတံဆိပ်၏ ရတနာတစ်ပါးမှ ဖန်ဆင်းခံထားရခြင်းဖြစ်သည်။ သို့ဖြစ်၍ ၎င်း၏ပေါက်ကွဲမှုသည် စိတ်ကူးဖြင့်မှန်းဆမကြည့်နိုင်အောင် ကြောက်စရာကောင်း၏။

အုန်းခနဲ နှလုံးကိုတုန်ရီသွားစေသော ပေါက်ကွဲသံအကျယ်ကြီးက ကောင်းကင်ဘုံများအထိ ပဲ့တင်ရိုက်၍ ၎င်းဖန်တီးလိုက်သော အလင်းရောင်က အရာရာတိုင်းကို လင်းထိန်သွားစေသည်။ တောင်ပင်လယ်လောကရှိ လူတိုင်းနှင့် ပေါက်ကွဲလှိုင်းဧရိယာအလွန်ရှိ အပြင်သူအားလုံး ဖြစ်ပျက်နေသောအရာကို အံ့ဩမှင်သက်စွာ ငေးကြည့်နေကြသည်။

သူတို့၏မျက်စိရှေ့တွင် ဖြစ်ပေါ်နေသောမြင်ကွင်းမှာ .... သူတို့မြင်တွေ့ခဲ့ဖူးသမျှ အရူးမိုက်ဆုံးအရာဟု ဆိုနိုင်သည်။

နေကား ပေါက်ကွဲနေချေပြီ။

အုန်းးးးးးးးးး

ပေါက်ကွဲမှုက ချက်ချင်းဆိုသလို အဆုံးသတ်သွားမည့်အရာမဟုတ်ပေ။ စူးရှသောအလင်းရောင်နှင့် ပြင်းထန်သောအပူလှိုင်းကြီးက အရပ်လေးမျက်နှာသို့ အဆက်မပြတ် ဖြာထွက်ရိုက်ခတ်နေသည်။ မှော်ပင်လယ်မှာ အရိပ်အယောင်ပင် မမြင်ရတော့သည်အထိ ဖုံးလွှမ်းခံလိုက်ရပြီး ပတ်ပတ်လည်ရှိ အပြင်သူများမှာ ထွက်ပြေးရန် အချိန်မရလိုက်ပေ။ သူတို့အသွေးအသားတို့မှာ အရိုးများ ကွာထွက်ကုန်ကာ တစ်ကိုယ်လုံး မီးလောင်ပြာကျကုန်ကြသည်။

မျက်စိကျိန်းမတတ် တောက်ပသော အလင်းရောင်ကြောင့် တချို့မှာ မျက်လုံးမှိတ်လိုက်ကြ၏။ တချို့ကတော့ အလင်းတန်းများကို ကြည့်ဖို့ မျက်လုံးဖွင့်ထားကြသည်။ ဧရာမအလင်းလှိုင်းကြီးက အပြင်သူတပ်ဖွဲ့တစ်တန်းပြီးတစ်တန်းကို မီးမြှိုက်ပြာချပစ်နေသဖြင့် မချိတင်ကဲအော်ဟစ်သံများ ဆူညံပွက်လောရိုက်နေ၏။

ဤအခိုက်အတန့်တွင် ပါရာဂွန်ရွှမ်းဖန်သည် မုဒြာလက်ကွက်နှစ်ကွက် ဖော်ပြီးသွား၏။ သူ ခေါင်းမော့လိုက်သောအခါ ခံစားချက်မဲ့သောအပြုံးက သူ၏မျက်နှာထက်တွင် ဖြစ်ထွန်းနေသည်။ သူသည် စစ်ပွဲကို နားလည်သည့်အပြင် မည်သူမှ သူ့ကို မယှဉ်နိုင်ဟု မပြောဝံ့သော်လည်း ပါရာဂွန်ငါးဦးအနက် ပရိယာယ်အကြွယ်ဆုံးဖြစ်လေသည်။

“စစ်ပွဲမှာ အနိုင်နဲ့ အရှုံးပဲ ရှိတယ်” သူက အေးစက်စွာ ပြောသည်။ “မှန်တာမှားတာ မရှိဘူး။ အနိုင်ရဖို့ ငါဟာ ဘာကိုမဆို ပေးဆပ်ဖို့ အသင့်ပဲ။ အနိုင်ရဖို့နဲ့ ပတ်သက်လာရင် ငါ့ကိုယ်ငါတောင် စတေးဖို့ ဝန်မလေးဘူး။ တောင်ပင်လယ်လောကရဲ့ စိတ်ဓာတ်အားမာန် တက်ကြွလာကတည်းက ကံတရားဟာ ဆုံးဖြတ်ပြီးသွားပြီ.... ငါတို့မသေရင် မင်းတို့ သေစေရမယ်” ရုတ်တရက် သူက အပြင်သူများအစုလိုက်အပြုံလိုက် သေဆုံးသွားသည့်ဘက်သို့ လက်ဝှေ့ယမ်းလိုက်သည်။

သူ့လက်ချောင်း၏ဝှေ့ယမ်းမှုနှင့်အတူ ထူးဆန်းသောလေသံနှင့်အသံတစ်သံက ကြယ်တာရာကောင်းကင်တွင် ပဲ့တင်ထပ်သွားလေသည်။

“အကြင်သူတို့ရဲ့ဝိညာဉ်၊ အကြင်သူတို့ရဲ့သွေးကို စတေးပူဇော်သည်၊ ကမ္ဘာနဲ့ကြယ်တွေက အာကာပြင်ကျယ်ကို ဖန်ဆင်း၍ ... စိတ်ဆန္ဒသည် ဓားသွားအဖြစ် စုစည်းစေသား”

အသံပဲ့တင်ထပ်နေစဉ် သေဆုံးသွားသည် အပြင်သူများ၏ မကျွတ်လွတ်သော ဝိညာဉ်များထံမှ စူးစူးဝါးဝါးအော်သံများ ထွက်လာသည်။ အလင်းနှင့်အပူလှိုင်း၏ အရှင်းဖယ်ရှားခြင်းခံလိုက်ရသင့်သော သူတို့၏သွေးများက ယခုတွင် တဝဲဝဲလည်လျက် စုဝေးကာ ဆန်းပြားစွာ တောက်ပလာသည်။

လွင့်စင်ပြိုကွဲသွားခဲ့ပြီးသော သွေးများမှာမူ ၎င်းတို့၏အနံ့အသက်က ပုံရိပ်ယောင်သွေးပင်လယ်တစ်စင်းကို လျင်မြန်စွာ ဖော်ဆောင်လိုက်ကြသည်

ကြယ်တာရာကောင်းကင်ကို ပြောင်းပြန်လှန်ပစ်ချင်နေသည့်အလား ဝိညာဉ်များ၏ မုန်းမုန်းတီးတီးကျိန်စာတိုက်သံများက ပဲ့တင်ထပ်နေသည်။ အပြင်သူများသန်းပေါင်းများစွာ၏ အော်ဟစ်သံများက ..... အပြင်းထန်ဆုံးအမုန်း ဖြစ်လာ၏။

“အမုန်းတရားကို ဓားသွားအဖြစ် ဖော်ဆောင်၍ ထိုဓားသွားနှင့် ... စိတ်ချင်းဆက်သွယ်နေမှုအားလုံးကို ဖျက်စီးနိုင်ရပါစေသား” ရွှမ်းဖန်၏အသံသည် မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်နေပြီး သူက အတိုင်းထက်အလွန် တင်းမာခက်ထန်သောအမူအရာဖြင့် လေပေါ် လက်ညှိုးထိုးလိုက်သည်။ ထိုသို့လုပ်လိုက်သည့်အခါ တဖွေးဖွေးလှုပ်နေသော သွေးပင်လယ်ကြီးသည် ... ဓားသွားအဖြစ် စုဝေးလာ၏။

အဆုံးမဲ့သောမုန်းတီးမှု ဖြစ်ပေါ်လာသော ... ဧရာမဓားသွား

ပါရာဂွန်အောဂူက ထိုဓားကို မြှောက်၍ မန်ဟို့ထံ ပိုင်းချလိုက်သည်။

“အောဂူ ဒီနေ့ ငါ မင်းကို လွတ်အောင် ... ကူညီပေးမယ်”

မန်ဟို ခေါင်းမော့လိုက်သည့်အချိန်မှာပင် ထိုအမုန်းဓားသွားက သူ့ကို ပိုင်းဖြတ်ဖို့မဟုတ်ကြောင်း သူ သဘောပေါက်လိုက်သည်။ ၎င်း၏ပစ်မှတ်အစစ်က မန်ဟို့အရှေ့နားလေးပင်။

ထိုနေရာ မန်ဟို့အရှေ့တွင် မည်သူမျှမမြင်ရသော တစ်စုံတစ်ခု ရှိနေသည် ... အမျှင်တစ်မျှင်။ ယခုမတိုင်ခင်အထိ ၎င်းကို သူ သတိမထားမိခဲ့ပေ။

၎င်းက ထူးဆန်းသောမှော်အတတ်ကို ထုတ်လွှတ်ပြီးနောက်မှသာ ရွှမ်းဖန် မြင်လိုက်ရသော အမျှင်တစ်မျှင်ဖြစ်သည် ..... မန်ဟိုနှင့် ပါရာဂွန်ရုပ်သေးရုပ်ကို ဆက်သွယ်ပေးထားသည့် အမျှင်။

ထိုအမျှင်မှတစ်ဆင့်၊ နတ်ဘုရားစိတ်ဆန္ဒမှတစ်ဆင့် မန်ဟိုသည် ပါရာဂွန်ရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်၏။ ပို၍အရေးကြီးသည်မှာ ထိုအမျှင်က မန်ဟို့အပိုင်မဟုတ်သလို ၊ သူ ဖန်ဆင်းထားသည့်အရာလည်း မဟုတ်ပေ။ ၎င်းက ... ချုံမန်းတိုင်ဆီမှ လာလေသည်။

ဓားသွားက ထိုအမျှင်ကို ဖြတ်တောက်ဖို့ ... ကျဆင်းနေသည်။

၎င်းသာ အောင်မြင်လျှင် .... မန်ဟိုနှင့် ပါရာဂွန်ရုပ်သေးရုပ်၏ကြားက ဆက်သွယ်မှု ပြတ်တောက်သွားလိမ့်မည်။

အပြင်သူသန်းပေါင်းများ၏ သွေးနှင့်ဝိညာဉ်များသည် ပါရာဂွန်ရွှမ်းဖန်၏အစီအစဉ်အတိုင်း ဓားသွားတစ်လက် ဖြစ်လာခဲ့၏။ သူ၏အပြုအမူများက ထင်ရာစိုင်းသယောင် ထင်ရသော်လည်း အမှန်မှာ အပြင်သူများအရေးသာရန်အတွက် လုပ်ခဲ့ခြင်းသာ ဖြစ်ပေသည်။

ဤအခိုက်အတန့်တွင် မန်ဟို့ကို သတ်ရန်မဟုတ်ဘဲ ထိုအမျှင်ကို ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်သော သူ၏ရွေးချယ်မှုက ပါရာဂွန်ရုပ်သေးရုပ် ပါရာဂွန်ဒဏ္ဍာရီနဂါးအား သတ်ဖို့ ကြိုးစားနေသည့် ပြဿနာကိုလည်း ဖြေရှင်းပြီးဖြစ်လိမ့်မည်။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်လိုက်သလိုပင်။

အုန်းခနဲ မြည်ဟည်းသွားစဉ် သူနှင့် ပါရာဂွန်ရုပ်သေးရုပ်အကြားက ဆက်သွယ်မှု ဖြတ်တောက်ခံလိုက်ရသည်ကို ခံစားလိုက်ရသဖြင့် မန်ဟို၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

ပါရာဂွန်ရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ခြင်းက နံရိုးတစ်ချောင်းမရှိတော့သည်နှင့်တူသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံ (၁၆) သို့ ထိုးတက်သွားနေသော ပါရာဂွန်ရုပ်သေးရုပ်မှာ ဆတ်ခနဲ တုန်ရီသွားသည်။ ၎င်း၏မျက်လုံးများ မှိန်ကျလာပြီး ၎င်းမှာ အရှိန်လျှော့ကာ ရပ်သွားလေသည်။

“ဝိညာဉ်သန်းပေါင်းများစွာက ဖန်တီးလိုက်တဲ့ ဝိညာဉ်ဓားသွားက နတ်ဘုရားစိတ်ဆန္ဒအားလုံးကို ဖြတ်တောက်နိုင်တယ်။ မန်ဟို ... အောဂူမရှိရင် မင်းက သေလူပဲ” ရွှမ်းဖန်က အားရဝမ်းသာစွာ ရယ်သည်။ သူသည် သူ့ကိုယ်သူ ပရိယာယ်အရာ၌ ကျွမ်းကျင်သူအဖြစ် အမြဲယုံကြည်ခဲ့ပြီး ဤဖြစ်ရပ်က သူမှန်ကြောင်း သက်သေပြခဲ့လေပြီ။ သူ၏ဗျူဟာခင်းနိုင်စွမ်းနှင့် ဖြတ်ထိုးဉာဏ်က တကယ်လည်း တောင်ပင်လယ်လောကအတွက် ပြဿနာဖြစ်စေသည်။

သူမရှိလျှင် စစ်ပွဲသည် အများကြီးပို၍ ရိုးရှင်းလိမ့်မည်။ တောင်ပင်လယ်လောက ခံစားရသော ပျက်စီးဆုံးရှုံးမှုများလည်း သည့်ထက်ပို၍ သက်သာမည်။ သို့သော် ယခုတော့ နေတစ်စင်းလုံး ပေါက်ကွဲသွားခဲ့သလို လလည်း အန္တရာယ်များနေသည်။

သို့ထိတိုင် မန်ဟို့မျက်လုံးများသည် တခဏပြူးကျယ်သွားပြီး သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခု ပေါ်လာသည်။ ပါရာဂွန်ရွှမ်းဖန်ကား လှည့်ကွက်သုံးရသည်ကို သဘောကျပြီး မည်သူမှမရိပ်စားမိနိုင်သော အကြံအစည်များ၊ အစီအစဉ်များကို တွေးနိုင်သည်။ ထိုအကြောင်းကို မန်ဟို သိထားပြီးလေပြီ။ ဤအခိုက်အတန့်တွင် ... မန်ဟိုက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်၍ လည်ချောင်းရှင်းလိုက်သည်။

အမျှင်ကို ချုံမန်းတိုင်မှ ဖန်တီးခဲ့၍ ချုံမန်းတိုင် မည်မျှကြောက်စရာကောင်းကြောင်း မန်ဟို မသိသော်လည်း ပါရာဂွန်တစ်ဦးကိုပင် ရုပ်သေးရုပ်အဖြစ် ပြောင်းလဲပေးနိုင်သောအချက်လေးနှင့်တင် .. ချုံမန်းတိုင်သည် တော်ရုံလူမဟုတ်ကြောင်း၊ ကြောက်မက်ဖွယ်စွမ်းရည်များကို ပိုင်ဆိုင်ထားကြောင်း သိသာထင်ရှားပေ၏။

ချုံမန်းတိုင်က မန်ဟို ပါရာဂွန်ရုပ်သေးရုပ်တစ်ရုပ် ရရှိစေရမည်ဟု ကတိပေးခဲ့သော်လည်း ယခုတော့ ... ထိုဆက်သွယ်မှုအား တစ်စုံတစ်ယောက်က ဖြတ်တောက်လိုက်၍ ပါရာဂွန်ရုပ်သေးရုပ်ကို သူ ဆုံးရှုံးလိုက်ရလေပြီ။ အားလုံးအထဲ အရေးကြီးဆုံးမှာ ... ချုံမန်းတိုင်သည် သူ့သခင်ရှင်သန်ထမြောက်လာမည့် မျှော်လင့်ချက်အတွက် မန်ဟို့အကူအညီကို လိုအပ်သည်။ ထို့ကြောင့်လည်း ချုံမန်းတိုင်က မန်ဟို့ကို အန္တရာယ်မပြုခဲ့သည်သာမက သူတို့၏သဘောတူညီချက်အရသာမက အကာအကွယ်အနေဖြင့်လည်း ရုပ်သေးရုပ်တစ်ရုပ် ပေးခဲ့ခြင်းပင်။

မန်ဟို၏သေခြင်းရှင်ခြင်းက သူ့သခင်ကို ချုံမန်းတိုင် အသက်ပြန်သွင်းနိုင်ခြင်း၊ မသွင်းနိုင်ခြင်းနှင့် များစွာသက်ဆိုင်သည်မဟုတ်ပါလော။ မှန်သည်၊ မန်ဟိုလည်း ထိုအခြင်းအရာကို ကောင်းစွာသိသည်။

သို့ဖြစ်၍ အမျှင်ဖြတ်တောက်ခံလိုက်သည့်အတွက် ဒေါသအထွက်ဆုံးလူမှာ မန်ဟိုမဟုတ်ဘဲ ချုံမန်းတိုင်ဖြစ်ကြောင်း လွယ်လွယ်ကူကူ ခန့်မှန်းကြည့်နိုင်သည်။ သူသည် အိပ်နေခဲ့သော်လည်း ယခုလိုဖြစ်ရပ်ကြောင့် သေချာပေါက် နိုးလာလိမ့်မည်။

ဤအခိုက်အတန့်တွင် မန်ဟိုက ပြောလိုက်သည်.. "ချုံမန်းတိုင် .. အမျှင်အဖြတ်ခံလိုက်ရပြီ”

ရွှမ်းဖန် မန်ဟို့ဆီ ချီတက်လာနေစဉ် သူ၏ရယ်သံကြီးက ပဲ့တင်ထပ်နေဆဲဖြစ်သည်။ သို့သော် သူ့မျက်နှာပျက်သွားပြီး ရင်ဒိန်းခနဲ တုန်သွား၏။ ကပ်ဘေးကြီးတစ်ခုခု ဖြစ်ပွားတော့မည့်အလား အလွန်ဆိုးရွားသောခံစားချက်ကို သူ ရလိုက်လေသည်။

တစ်ချိန်တည်းမှာပင် ရပ်နေသောပါရာဂွန်ရုပ်သေးရုပ်၏ပါးစပ်မှ အသံတစ်သံ ရုတ်တရက် ထွက်လာသည်။

“မင်းက ငါ ဖန်ဆင်းခဲ့တဲ့အမျှင်ကို ဖြတ်တောက်ဝံ့တယ်လား” ပါရာဂွန်ရုပ်သေးရုပ်က ချာခနဲ လှည့်လာပြီး ၎င်း၏မျက်လုံးမျာ နီရဲတောက်နေသည်။ ယခုအချိန်တွင် ဤသည်မှာ ပါရာဂွန်ရုပ်သေးရုပ်မဟုတ်တော့ဘဲ ... ပါရာဂွန်ရုပ်သေးရုပ်အတွင်း၌ မြှုပ်နှံခံထားရသော ... ချုံမန်းတိုင်၏ ဝိညာဉ်အပိုင်းအစဖြစ်၏။

သူ့အသံတွင် သတ်ဖြတ်လိုသောအငွေ့အသက်တို့ ပြည့်နှက်နေပြီး အမျက်ဒေါသကို ဖော်ပြနေသည်။ ထိုအသံကို အမှန်တကယ် ကြားနိုင်သူ မရှိသလောက်နည်းသော်လည်း ရွှမ်းဖန်ကတော့ ကြားလိုက်ရ၍ မျက်လုံးများဝိုင်းစက်ပြူးကျယ်သွားသည်။ ထို့နောက် ပါရာဂွန်ရုပ်သေးရုပ်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်နေစဉ် သူ့နှလုံးသားသည် တဒိန်းဒိန်းခုန်လာ၏။

ထို့နောက်.... သူ့မျက်နှာပျက်သွားတော့သည်။

All Chapters