အခန်း ၂၃၁
Vol. 24 Ch. 231
အခန်း (၂၃၁)
ပုန်ကန်သူများ
ရှူပြည်နယ်၊ ပေါင်တောက်စီရင်စု၊ ဖုန်းခရိုင်မြို့၌ ပုန်ကန်သူစစ်သည် နှစ်သိန်းနီးပါးခန့် စုရုံးလျက်ရှိနေကြသည်။ ဤနေရာသည် ပုန်ကန်သူများ၏ အဓိကဌာနချုပ် ဖြစ်လာခဲ့ပြီဖြစ်သည်။ စစ်သေနာပတိချုပ် ကျုံးဟိန်းနှင့် ရင်ဆိုင်ရချိန်တွင် ပုန်ကန်ထကြွချိန်ကတည်းက သိမ်းပိုက်ထားသမျှ နယ်မြေအားလုံးနီးပါးကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး တစ်လျှောက်လုံး “ဆုတ်ခွာ” နေခဲ့ရသော ပုန်ကန်သူများသည် ယခုအခါ ၎င်းတို့၏ စစ်အင်အားကို တစ်နေရာတည်း၌ ပြန်လည်ကျုံ့လိုက်ကာ စုစည်းထားကြရရှာသည်။ ခရိုင်ရုံးတော်သည် ယခုအခါ ပုန်ကန်သူများ၏ ယာယီဆွေးနွေးတိုင်ပင်ရာ နေရာ ဖြစ်လာခဲ့သည်။
ဤအချိန်တွင် ပုန်ကန်သူခေါင်းဆောင် လီထျန်ရှင်းသည် ပုန်ကန်ထကြွစဉ်ကတည်းက အတူတကွ သေရဲသေဝံ့ ဖြတ်သန်းလာခဲ့ကြသော ညီအစ်ကိုဟောင်းများနှင့်အတူ ဗျူဟာမြေပုံညွှန်း သဲစားပွဲကို စိုက်ကြည့်နေလေသည်။ သူသည် ထန်းရွက်ယပ်တောင်ကဲ့သို့ ကြီးမားလှသော လက်ဝါးကြီးကို ဆန့်ထုတ်ကာ မိမိ၏ ကြမ်းတမ်းသော မေးစေ့ကို ပွတ်သပ်လိုက်၏။ အသားမာတက်နေသော လက်ချောင်းများက မာကျောသော မုတ်ဆိတ်တိုများပေါ်သို့ ပွတ်တိုက်မိသောအခါ ရှပ်ခနဲအသံ ထွက်ပေါ်လာသည်။
“ပြောစမ်းဦး... ဒီတစ်ခေါက် ငါတို့ ဘယ်လိုတိုက်ကြမလဲ”
အတန်ကြာသည်အထိ မည်သူမျှ စကားမဆိုဘဲ အားလုံးက ခေါင်းငုံ့ကာ တိတ်ဆိတ်နေကြလေသည်။ ဤမြင်ကွင်းကို မြင်သောအခါ လီထျန်ရှင်းသည် စိတ်ထဲကနေ သက်ပြင်းရှည်ကြီးကို ချလိုက်မိပြီး နှလုံးသားထဲ၌ နောင်တရိပ်တို့ ယှက်သန်းလာခဲ့သည်။
ရရှိခြင်းရှိလျှင် ဆုံးရှုံးခြင်းရှိစမြဲ၊ ဆုံးရှုံးခြင်းရှိလျှင်လည်း ရရှိခြင်းရှိစမြဲပင်။ ချွေမျိုးနွယ်စု၏ ထောက်ပံ့ကူညီမှုကို ရရှိခဲ့ပြီးနောက် ၎င်းတို့သည် ဆန့်ကျင်ဘက်အနေဖြင့် ဇက်ကြိုးအကိုင်ခံလိုက်ရပြီး သံခြေကျင်း ခတ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။ အစပိုင်းတွင်မူ လီထျန်ရှင်းသည် ချွေမျိုးနွယ်စုထံမှ အကျိုးအမြတ်များကို အလကားနှိုက်စားနိုင်မည်ဟု တွေးကာ ကျေနပ်အားရနေခဲ့မိသည်။
“ငွေကိုတော့ ယူမယ် ဒါပေမဲ့ အသိအမှတ်မပြုဘူး၊ ထမင်းကိုတော့ စားမယ် ဒါပေမဲ့ ပိုက်ဆံမပေးဘူး၊ ပစ္စည်းတွေကို ယူပြီးမှ ငါ့ကို လာခိုင်းဦးမလို့လား။ ငါနားထောင်ချင်မှ နားထောင်မယ်။ နားမထောင်ချင်ရင် လှည့်တောင်မကြည့်ဘူး။”
ဟု သူ ကြုံးဝါးခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင်မူ သူသည် ထိပ်တန်း တန်ခိုးအာဏာကြီးမားလှသော မျိုးရိုးကြီး မျိုးနွယ်စုတစ်ခု၏ ရက်စက်လှသော အစီအမံများနှင့် လက်နက်များကို အမှန်တကယ် မြင်တွေ့လိုက်ရတော့သည်။ တောင်ပေါ်တွင် လူအင်အား သောင်းဂဏန်းမျှသာရှိသော ဓားပြဗိုလ်တစ်ဦးဖြစ်သည့် သူ့ကို ထိုမျိုးနွယ်စုကြီးက နောက်ကွယ်မှ ပံ့ပိုးပေးကာ ပြည်နယ်တစ်ဝက်နီးပါးကို ဖရိုဖရဲဖြစ်အောင် မွှေနှောက်နိုင်သည့် စစ်သည် နှစ်သိန်းအင်အားရှိသော ပုန်ကန်သူခေါင်းဆောင်ကြီးအဖြစ် သို့ တွန်းတင်ပေးခဲ့ခြင်းဖြစ်သည်။
ယခုအခြေအနေတွင်မူ သူသည် ငြင်းဆန်ချင်လျှင်ပင် ငြင်းဆန်၍ မရတော့ပေ။ သူ၏ လက်အောက်ခံ စစ်သူကြီးအများစုမှာ သူ၏ လူရင်းများ မဟုတ်ကြတော့ဘဲ၊ အောက်ခြေစစ်သည် အများစုမှာလည်း ‘ဂုဏ်သတင်းကို ကြားလို့ လာရောက်ပူးပေါင်းပါတယ်’ ဆိုသည့် စစ်သူကြီးများ ခေါ်ဆောင်လာခဲ့သော လူများသာ ဖြစ်ကြသည်။ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသော်လည်း သူသည် လုံးဝ ရုပ်သေးရုပ်တစ်ရုပ် မဖြစ်ရုံတမယ်သာ ရှိတော့ပြီး၊ အခြေအနေအရပ်ရပ်ကို စိတ်တိုင်းကျ ကြိုးကိုင်ခြယ်လှယ်နိုင်စွမ်း လုံးဝ မရှိတော့ချေ။ လီထျန်ရှင်းသည် စိုးရိမ်ပူပန်ခြင်းမရှိဘဲ မြေပုံပေါ်တွင် ထူးခြားဆန်းပြားသော အရာတစ်ခုခုကို မြင်တွေ့နေရသည့်အလား စိုက်ကြည့်နေမိသည်။
ထိုစဉ် သံချပ်ကာဝတ်ဆင်ထားပြီး ထည်ဝါခန့်ညားသော ကိုယ်ခန္ဓာနှင့် သူရဲကောင်းရုပ်ရည်ရှိသည့် စစ်သူကြီးငယ်တစ်ဦးက မတ်တတ်ထရပ်လိုက်လေသည်။
“ဗိုလ်ကြီးကို တင်ပြခွင့်ပြုပါ... ကျွန်တော်မျိုးရဲ့ အမြင်အရတော့ အခုအချိန်မှာ ဖုန်းခရိုင်ကို အပိုင်ကာကွယ်ထားရမှာဖြစ်ပြီး ဆက်ပြီး ဆုတ်ခွာလို့မဖြစ်တော့ပါဘူး။”
လီထျန်ရှင်းသည် ထိုလက်အောက်ငယ်သားကို လှည့်ကြည့်လိုက်ရာ၊ သူ၏ အနေအထိုင်၊ စရိုက်လက္ခဏာနှင့် ရုပ်ရည်သွင်ပြင်တို့မှာ သာမန်ဓားပြအုပ်စုများနှင့် လုံးဝ တခြားစီ ဖြစ်နေခဲ့သည်။ အခြားသူများက ဆက်လက်တိတ်ဆိတ်နေသည်ကို မြင်သောအခါ လီထျန်ရှင်းသည် ခေါင်းကို အနည်းငယ်ခါယမ်းလျက် ညည်းညူသံ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
“ကျန်တဲ့လူတွေ အကုန်ထွက်သွားကြ... ငါ တပ်မှူးဖန့်နဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စရှိတယ်။”
“အမိန့်အတိုင်းပါ။”
အားလုံးက မတ်တတ်ရပ်ကာ ထွက်ခွာသွားကြပြီးနောက် မကြာမီ ထိုအခန်းတွင်း၌ လီထျန်ရှင်းနှင့် ဖန့်ရိ နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။ အပြင်ပန်းတွင် အလွန် ရိုသေကိုင်းညွတ်ပြီး စကားကို သေသေချာချာ နားထောင်နေပုံရသော ဖန့်ရိကို ကြည့်ရင်း လီထျန်ရှင်း၏ မျက်လုံးများထဲ၌ ဒေါသရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။
ဖန့်ရိနှင့် အခြားသော နောက်ကွယ်က ကူညီသူများသည် အပြင်ပန်းတွင် ရိုသေလေးစားဟန် ပြသကြသော်လည်း လက်တွေ့တွင်မူ လီထျန်ရှင်းနှင့် သူ၏ ညီအစ်ကိုဟောင်းများကို နှလုံးသားအောက်ခြေမှနေ၍ ပြင်းထန်စွာ နှာခေါင်းရှုံ့ အထင်သေးနေကြခြင်း ဖြစ်သည်။ သူတို့မျက်စိထဲတွင် လီထျန်ရှင်းတို့အုပ်စုမှာ ကံကောင်းလွန်း၍ နေရာရလာသော တောသားဓားပြများ၊ အသုံးချရန် အဆင်ပြေလှသည့် လက်နက်ကိရိယာများ သက်သက်သာ ဖြစ်သည်။ သူတို့၏ စည်းစနစ်ကျလွန်းသော ယဉ်ကျေးမှုမှာ ၎င်းတို့ ခံယူခဲ့ရသည့် ပညာရေးနှင့် ကြီးပြင်းလာမှုကြောင့်သာဖြစ်ပြီး လေးစားမှုဟူသည်ကား ရယ်စရာပင်။ ဤမျိုးရိုးကြီးအနွယ်ဝင် သခင်လေးများကို ဓားပြအုပ်စုအပေါ် တကယ့်စိတ်ရင်းဖြင့် လေးစားရန် တောင်းဆိုခြင်းက မဖြစ်နိုင်ရာ၊ အပေါ်ယံ ဟန်ဆောင်ပြခြင်းကပင် မျက်နှာသာအတော်ပေးထားခြင်း ဖြစ်ပေသည်။
လီထျန်ရှင်းသည် ရင်ထဲက ဒေါသကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး အောင့်အည်းကာ ပြုံးလိုက်သည်။
“ညီအစ်ကိုဖန့်... အခုက လူစိမ်းတွေ မရှိတော့ဘူး။ ငါက ကြမ်းတမ်းတဲ့ တောသားတစ်ယောက်မို့ ယဉ်ကျေးမှု အခင်းအကျင်းတွေကို သိပ်နားမလည်ဘူး၊ ဒါကြောင့် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။”
“ပြောပါ ဗိုလ်ကြီး။”
လီထျန်ရှင်းသည် ထရပ်လိုက်ရာ၊ ဝက်ဝံကြီးတစ်ကောင်ကဲ့သို့ ကြီးမားထွားကျိုင်းလှသော သူ၏ ခန္ဓာကိုယ်ကြီးက မြေပုံဆီသို့ ဖြည်းညှင်းစွာ တိုးကပ်သွားပြီး ဖုန်းခရိုင်ဟု မှတ်သားထားသော နေရာကို လက်ညှိုးထိုးပြလိုက်သည်။
“မင်းတို့ ခိုင်းသမျှကို ငါအကုန်လုပ်ပေးခဲ့ပြီးပြီ၊ သတ်ရမယ့်လူတွေကိုလည်း ငါအကုန် သတ်ခဲ့ပြီးပြီ။ မင်းတို့ကို ပေးထားတဲ့ ကတိတစ်ခုမှ ငါမဖျက်ခဲ့ဘူး။ အခုက မင်းတို့ဘက်က ကတိတည်ရမယ့် အလှည့်ပဲ။ မင်းတို့လူတွေကို ခေါ်ပြီး တရားဝင်အစိုးရစစ်တပ်ထဲ သွားပူးပေါင်းကြတော့၊ ငါကတော့ ငါ့ရဲ့ ညီအစ်ကိုဟောင်းတွေကို ခေါ်ပြီး တောင်ပေါ်ခံတပ်ကို ပြန်တော့မယ်။”
လီထျန်ရှင်း၏ စကားကို ကြားသောအခါ ဖန့်ရိသည် ခက်ခဲသွားဟန် အမူအရာပြလျက် စကားလုံးအချိုများဖြင့် ချော့မော့ပြောဆိုလာသည်။
“ဗိုလ်ကြီး... လက်ရှိ အခြေအနေတွေ ပြောင်းလဲသွားပြီဆိုတာ ခင်ဗျားလည်း သိမှာပါ။ ယွဲ့ပြည်နယ်ရဲ့ ဘုရင်ခံက သူ့ရဲ့ စစ်တပ်ကြီးကို ဦးဆောင်ပြီး ဒီကို ချီတက်လာနေပြီ...”
လီထျန်ရှင်းသည် မျက်လုံးများ ပြူးကျယ်သွားကာ လက်ဝါးကြီးကို ဝှေ့ယမ်းလျက် ဖန့်ရိ၏ စကားကို ဖြတ်ပြောလိုက်လေသည်။
“ယွဲ့ပြည်နယ် ဘုရင်ခံ လာနေလို့ကို ငါက ထွက်သွားချင်နေတာကွ။ ငါတို့က အကျိုးတူပူးပေါင်းဆောင်ရွက်သူတွေသက်သက်ပဲ၊ အရင်ကတော့ အဆင်ပြေခဲ့တာမှန်ပေမယ့် အခုက စစ်သည် နှစ်သိန်းက တိုက်ခိုက်ဖို့ လာနေတာကွ။ နှစ်သိန်း။ ဆက်တိုက်နေရင် ငါ့ရဲ့ ညီအစ်ကိုဟောင်းတွေထဲက ဘယ်နှစ်ယောက် တောင်ပေါ်ကို အသက်ရှင်လျက် ပြန်နိုင်မလဲ ငါမသိဘူး။ ငါတို့က ဘာဖြစ်လို့ မင်းတို့အတွက်နဲ့ အသက်စွန့်ရမှာလဲ။”
လီထျန်ရှင်း၏ ပွင့်လင်းပြတ်သားလှသော မေးခွန်းကို ကြားလိုက်ရသောအခါ ဖန့်ရိသည်လည်း သူ၏ နူးညံ့လှသော အပေါ်ယံမျက်နှာဖုံးကို ခွာချလိုက်ပြီး သူ၏ မျက်နှာတစ်ခုလုံး အေးစက်တင်းမာသွားတော့သည်။
“ဗိုလ်ကြီး... ခင်ဗျား အခြေအနေကို ရှင်းရှင်းလင်းလင်း သဘောမပေါက်သေးဘူး ထင်တယ်။ ဒီမှာ ဆက်နေပြီး အသေခံတိုက်ရင် သေချင်သေလိမ့်မယ်၊ ဒါပေမဲ့ ခင်ဗျားသာ စစ်ပြေးဒုက္ခသည်လို ထွက်ပြေးမယ်ဆိုရင်တော့ ဧကန်မုချ သေရလိမ့်မယ်။ ခင်ဗျားက ပုန်ကန်မှုအလံကို လွှင့်ထူပြီး အစိုးရစစ်တပ်ကို တိုက်ခိုက်ခဲ့ကတည်းက လှည့်ပြန်မယ့်လမ်း လုံးဝ မရှိတော့ဘူး။ ခင်ဗျားက အခု တိုက်ပွဲတွေကို ရပ်ဆိုင်းပြီး တောင်ပေါ်ကို ပြန်ပုန်းနေရင် ဘုရင်ခံဝမ်က ခင်ဗျားကို လွှတ်ပေးလိမ့်မယ်လို့ ထင်နေတာလား။ နန်းတွင်းကော ခင်ဗျားကို အလွတ်ပေးပါ့မလား။ ခင်ဗျား အံ့ဩစရာကောင်းလောက်အောင် ထွက်ပြေးလွတ်မြောက်သွားခဲ့ရင်တောင် တစ်သက်လုံး လိုက်လံကွပ်မျက်တာကိုပဲ ခံနေရမှာ။”
“ဒါတင်မကသေးဘူး ခင်ဗျားကို ရှင်းရှင်းပဲ ပြောလိုက်မယ်၊ အကယ်၍ ခင်ဗျားက ဒီတော်လှန်ရေးတပ်ကြီးကို အင်အားခွဲထုတ်ဖို့ တဇွတ်ထိုးလုပ်မယ်ဆိုရင် ချွေမျိုးနွယ်စုကလည်း ခင်ဗျားကို အလွတ်ပေးမှာမဟုတ်ဘူး၊ ရှူပြည်နယ်ရဲ့ မျိုးရိုးကြီးမျိုးနွယ်စုတွေကလည်း ခင်ဗျားကို ချန်ထားမှာမဟုတ်သလို၊ စစ်သေနာပတိချုပ် ကျုံးဟိန်းကလည်း ညှာတာမှာမဟုတ်ဘူး... ဒါကြောင့်မို့လို့ နောက်ဆုတ်တာဟာ သေလမ်းပဲ၊ ရှေ့တိုးပြီး တိုက်ပွဲဝင်တာကမှ သေတွင်းထဲကနေ ရှင်လမ်းရှာနိုင်မှာ။ အကယ်၍ အောင်မြင်သွားခဲ့ရင် ခင်ဗျားကို ငါတို့ မတရားမလုပ်ပါဘူး။ ငါတို့ ကတိမဖျက်ဖူးတာ ခင်ဗျားသိပါတယ်။ ရာထူးအာဏာ၊ ရွှေငွေရတနာတွေနဲ့ လှပတဲ့ မိန်းမပျိုတွေကို ငါတို့ အလျှံပယ် ပေးမှာဖြစ်ပြီး လက်တွန့်နေမှာ မဟုတ်ဘူး။”
ဖန့်ရိ၏ ပျော့တစ်လှည့် မာတစ်လှည့်၊ ခြိမ်းခြောက်လိုက် နှစ်သိမ့်လိုက်ဖြင့် စည်းရုံးပြောဆိုမှုကြောင့် လီထျန်ရှင်းသည် မျှော်လင့်ချက်မဲ့စွာဖြင့် ထိုင်ခုံပေါ်သို့ ပြန်လည်ပြိုလဲကျသွားရရှာသည်။
လုံးဝ လမ်းပျောက်နေသော လီထျန်ရှင်းကို ကြည့်ရင်း ဖန့်ရိ၏ စိတ်ထဲ၌ အထင်မြင်သေးမှုများ ထွက်ပေါ်လာသည်။
‘သူတို့က ဘာဖြစ်လို့ လီထျန်ရှင်းကို သေသေချာချာ ရွေးချယ်ပြီး နောက်ကွယ်က ပံ့ပိုးပေးခဲ့ရတာလဲ။ အကြောင်းရင်းကတော့ သူက သိပ်မပြတ်သား မလိမ္မာဘူး၊ သစ္စာရှိတယ်၊ ပြီးတော့ တိုက်ခိုက်ရေးမှာ အလွန်တော်လို့ပဲ။ ဉာဏ်မရှိခြင်းက လှည့်စားရန် လွယ်ကူစေပြီး၊ သစ္စာရှိခြင်းက နှောင်ကြိုးများစွာဖြင့် ချည်နှောင်ကာ ကြိုးကိုင်ရန် လွယ်ကူစေတယ်၊ တိုက်ခိုက်ရေး ထူးချွန်ခြင်းမှာမူ ပြောနေစရာပင် မလိုချေ။’
လောကရှိ နာမည်ကြီး သိုင်းပညာရှင် အများစု၏ နောက်ခံသမိုင်းကြောင်းမှာ ထင်ရှားလှပေသည်။ ချွေမျိုးနွယ်စုအနေဖြင့် မည်မျှပင် အရှက်မရှိပါစေ မိမိတို့၏ လက်အောက်ခံ သစ္စာရှိ ဝါရင့်နောက်လိုက်များကို ပုန်ကန်သူများအား ကူညီရန် အတိအလင်း စေလွှတ်၍ မရနိုင်ချေ။
ထို့ကြောင့် ရှူပြည်နယ်တစ်ခုလုံးတွင် အလင်းပိုင်းကော အမှောင်ပိုင်း၌ပါ တစ်ဦးတည်းသော ကန်းချီအဆင့်ရှိ သိုင်းပညာရှင်ဖြစ်သော လီထျန်ရှင်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ခဲ့သည်။ ဖန့်ရိအနေဖြင့် လီထျန်ရှင်းကို လုံးဝ ထွက်ခွာခွင့် မပေးနိုင်ပေ။ အကယ်၍ လီထျန်ရှင်း ထွက်သွားပါက သူတို့သည် အောင်ပွဲရရန် အခွင့်အလမ်းတစ်ခု ဆုံးရှုံးရလိမ့်မည်။ သူသည် အရှုံးမခံနိုင်ချေ။ မိမိ၏ မျိုးနွယ်စုက သူ့အား ပုန်ကန်သူများနှင့် ပူးပေါင်းရန် စေလွှတ်လိုက်ကတည်းက ဖန့်ရိအတွက် နောက်ဆုတ်ရန် လမ်းမရှိတော့ချေ။
သူသည် ပုန်ကန်သူဟူသော အမည်းစက် စွန်းထင်ခဲ့ပြီဖြစ်သည်။ အကယ်၍ ချွေမျိုးနွယ်စုသာ ကျရှုံးသွားခဲ့လျှင် သူ အသက်ရှင်လျက် လွတ်မြောက်ခဲ့လျှင်ပင် နောင်အနာဂတ်ဟူ၍ ရှိတော့မည်မဟုတ်ချေ။ ထို့ကြောင့် သူ အရှုံးမခံနိုင်ပါ။ ယခုအချိန်တွင် သူ့ရှေ့၌ လမ်းနှစ်လမ်းသာ ရှိတော့သည်။ အနိုင်ရရှိပြီး ရာထူးတိုးတက်ကာ အာဏာစက် တောက်ပလာရန် သို့မဟုတ် ရှုံးနိမ့်ပြီး အနာဂတ် လုံးဝ ပျက်စီးသွားရန်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် အောင်ပွဲရနိုင်မည့် အခွင့်အလမ်းတိုင်းကို လက်လွတ်မခံဘဲ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရမည် ဖြစ်သည်။
“ဒါ့အပြင် ဗိုလ်ကြီး... ငါတို့ အနိုင်ရဖို့ အခွင့်အလမ်းက မနည်းလှပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ အားသာချက်က ငါတို့ဘက်မှာ ရှိနေတာ။ စစ်သေနာပတိချုပ် ကျုံးဟိန်းက နတ်ဘုရားတစ်ပါးလို စစ်ဗျူဟာ ခင်းကျင်းနိုင်ပြီး သူ့ရဲ့ အနောက်ဘက်ဒေသ စစ်တပ်ကြီးကလည်း တိုက်ပွဲပေါင်း ရာချီကို ဆင်နွှဲခဲ့တဲ့ ဝါရင့်လက်ရွေးစင် တပ်ဖွဲ့ကြီး ဖြစ်တယ်။ ဒါကို ခင်ဗျားလည်း လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက အမှန်တကယ် မြင်တွေ့ခဲ့ရမှာပါ။”
“ယွဲ့ပြည်နယ် ဘုရင်ခံရဲ့ စစ်တပ်ကတော့ လက်နက်အင်အား ကောင်းမွန်တာကို အားကိုးပြီး လွယ်ကူတဲ့ တိုက်ပွဲအနည်းငယ်မှာ အနိုင်ရခဲ့တဲ့ လူသစ်စုတွေ သက်သက်ပဲ။ ယွဲ့လူမျိုး ရိုင်းတွေကို နှိမ်နင်းခဲ့တာကလွဲရင် သူတို့မှာ ဘာထူးခြားတဲ့ အောင်မြင်မှု အစဉ်အလာ ရှိလို့လဲ။ သူ့ရဲ့ လက်အောက်မှာ ‘ကန်းချီ’ အဆင့်ရှိတဲ့ ရဲရင့်တဲ့ စစ်သူကြီးနှစ်ယောက် ရှိတယ်လို့ ကြားရပေမယ့် ဒါက ဘာအရေးလဲ။ အကြီးစား စစ်မက်စစ်ပြင်မှုတွေထဲမှာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ သိုင်းပညာစွမ်းအားက တစ်ခုလုံးရဲ့ အခြေအနေကို မပြောင်းလဲနိုင်ပါဘူး။ ဓားပြဗိုလ်ကြီးလို သိုင်းပညာ အလွန်မြင့်မားတဲ့သူတောင် စစ်တပ်ကြီးတစ်ခုလုံးကြားထဲမှာ စိတ်ကြိုက် လှုပ်ရှားဖို့ မလွယ်ကူဘူး မဟုတ်လား”
ခြိမ်းခြောက်ပြီးနောက် ဖန့်ရိသည် လီထျန်ရှင်း၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပေးရန်အတွက် သဘာဝကျစွာပင် ပြန်လည်ချော့မော့ရပြန်သည်၊ သို့မဟုတ်ပါက သူ စိတ်ပျက်လက်ပျက်ဖြင့် လက်လျှော့သွားလျှင် ဒုက္ခရောက်ပေလိမ့်မည်။
ဖန့်ရိ၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက် လီထျန်ရှင်း၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ပြန်လည်တောက်ပလာပြီး သူ၏ စိတ်ထဲ၌ အတွေးသစ်တစ်ခု ပေါ်လာခဲ့သည်။
“ကြည့်ရတာတော့ တိုက်လို့မရတာမျိုးတော့ မဟုတ်သေးဘူးပဲ...”