← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း (၁၆၁) ကျားသစ်ပေါက်လေး လယ်ယာခြံဝင်းထဲသို့ တရားဝင် ဝင်ရောက်လာခြင်း

နောက်တစ်နေ့တွင် ရွှီယန်က ဆောက်လုပ်ရေးအဖွဲ့ကို ဆက်သွယ်ကာ လယ်ယာခြံဝင်း အဝင်ဝရှိ မြေကွက်လပ်တစ်ခုတွင် ရိုးရှင်းသော ကားဂိုဒေါင်တစ်ခုကို စတင် တည်ဆောက်စေသည်။

ဝန်ထမ်းများ အားလုံးလည်း ထွက်လာကာ အခြေအနေကို ကြည့်ရှုရင်း ဝိုင်းဝန်း ကူညီလုပ်ကိုင်ပေးကြ၏။

"သူဌေး... ဒါ ဘာဆောက်နေတာလဲ"

ဝမ်ဝူက သိချင်စိတ်ဖြင့် မေးလိုက်သည်။

ကျန်သည့် နှစ်ယောက်မှာလည်း စိတ်ထဲတွင် သိချင်နေကြ၏။

"ကားဂိုဒေါင် ဆောက်နေတာလေ... ငါ ကားတစ်စီး ဝယ်ထားတယ်... နောက်ဆိုရင် ဒီထဲမှာ ရပ်ထားမလို့... အပြင်ဘက်မှာက လေနဲ့ သဲတွေ များတော့ ကိုယ်ပိုင်ကား ရပ်ထားဖို့ မသင့်တော်ဘူးလေ"

ရွှီယန်က ပြုံးရွှင်စွာဖြင့် ပြန်ဖြေလိုက်သည်။

"ကားဝယ်လိုက်တာလား... သူဌေးကတော့ တကယ် မိုက်တာပဲ... သူဌေး... သတင်းပို့စရာ တစ်ခုရှိတယ်... ကျွန်တော်လည်း ကိုယ်ပိုင်ကား တစ်စီး ဝယ်မလို့ စဉ်းစားထားတယ်... သာမန်အချိန်ဆို အပြင်မှာပဲ ရပ်ထားမယ်... ညဘက် ဘာမှ အလုပ်မရှိရင်တော့ မြို့ထဲကို ပြန်မလို့"

ထိုအချိန်တွင် မာဝန်က ရွှီယန်ကို အစီရင်ခံလိုက်သည်။

လူတိုင်းတွင် ကိုယ်ပိုင် ဘဝများ ရှိကြသဖြင့် နေ့တိုင်း လယ်ယာခြံဝင်းထဲတွင်သာ နေထိုင်၍ မရနိုင်ဘဲ မိသားစုကို ပြန်ကြည့်ရမည်မှာ သေချာပေသည်။

ဝမ်ဝူနှင့် လီဆန်းတို့ကတော့ လူပျိုများဖြစ်ပြီး ဘာအလုပ်မှ မရှိသဖြင့် ဤအပိုင်းနှင့် ပတ်သက်၍ လိုအပ်ချက် မရှိကြချေ။

"ပြဿနာ မရှိပါဘူး... လုံခြုံရေးကိုသာ ဂရုစိုက်... အိမ်ပြန်သင့်တဲ့အချိန် ပြန်ပေါ့... နောက်ပိုင်း လယ်ယာခြံဝင်းက ထပ်ပြီး တိုးတက်လာဦးမှာဆိုတော့ ငါ ဝန်ထမ်းတွေ ထပ်ငှားရနိုင်တယ်... အဲဒီအချိန်ကျရင် အလှည့်ကျ တာဝန်ကျစနစ်လေး လုပ်ပြီး ဒီမှာ အလှည့်ကျ စောင့်ကြတာပေါ့"

ရွှီယန်၏ အစီအစဉ်အရ လယ်ယာခြံဝင်းမှာ တဖြည်းဖြည်း ကြီးမားလာမည်ဖြစ်ပြီး နောက်ပိုင်းတွင် လူထပ်ငှားရမည်ဖြစ်ရာ စနစ်တကျ စီမံအုပ်ချုပ်ရန် သေချာပေါက် လိုအပ်ပေသည်။

သူ့အတွက်တော့ ဝန်ထမ်း စီမံခန့်ခွဲမှုကလည်း အလွန် အရေးကြီးလှ၏။ သို့သော် ယခုလောလောဆယ်တွင် လေးယောက်သာ ရှိသေးသဖြင့် အထူးတလည် စီမံနေစရာ မလိုဘဲ အားလုံးက မိမိတို့၏ အလုပ်များကို သေချာစွာ လုပ်ဆောင်နေကြလျှင် လုံလောက်ပြီ ဖြစ်သည်။

အလုပ်သမားများ၏ တည်ဆောက်မှု အမြန်နှုန်းက အလွန် မြန်ဆန်လှပြီး နေ့တစ်ဝက်ကျော်ခန့်ဖြင့် ကားဂိုဒေါင် တစ်ခု ပြီးစီးသွားခဲ့သည်။

ထောင့်မှန်စတုဂံပုံစံ ဂိုဒေါင်ဖြစ်သဖြင့် အထူးတလည် ဒီဇိုင်းဆွဲနေစရာ မလိုဘဲ အုတ်စီကာ ဘိလပ်မြေ သုတ်လိုက်ရုံသာ ဖြစ်၏။

မွန်းလွဲပိုင်းတွင် ရွှီယန်က Audi 4S အရောင်းပြခန်းသို့ သွားကာ ကားထုတ်ယူခဲ့သည်။

A6 မှာ တကယ်ကို အနည်းငယ် ရိုးအီနေပြီး စီးပွားရေးဆန်သော အငွေ့အသက်များ အပြည့်ဖြစ်ရာ လူငယ်များ စီးရန် သိပ်မသင့်တော်သော်လည်း သူဌေးများ စီးရန်တော့ ကွက်တိပင် ဖြစ်သည်။

ယခုတော့ တကယ့် သူဌေးတစ်ယောက်၏ ဟန်ပန်ကို ရရှိသွားပြီ ဖြစ်၏။

ကားဝယ်သည့် ငွေနှင့် ပတ်သက်၍တော့ ရွှီယန်က ပတ်ဝန်းကျင်မှ လူများကို လိုက်ဖ်လွှင့်ရာမှ ရသည်ဟု ပြောထားပြီး အင်တာနက်သုံးစွဲသူများကိုတော့ လယ်ယာခြံဝင်းမှ ရသည်ဟုသာ ပြောထားရာ ဘယ်လိုပဲဖြစ်ဖြစ် အကြောင်းပြချက် တစ်ခုတော့ ရှိနေပေသည်။

နောက်ပိုင်း စီးပွားရေး ကိစ္စများ သွားရောက် ဆွေးနွေးသည့်အခါ မျက်နှာပန်းလှမည်ဖြစ်ပြီး လူများကလည်း ဤအချက်ကို အတော်လေး လက်ခံကြသည် မဟုတ်ပါလား။

ကားကို လယ်ယာခြံဝင်းသို့ မောင်းနှင်လာသောအခါ ဝန်ထမ်းများကလည်း အသစ်စက်စက် ကားကြီးကို မြင်ပြီး အံ့အားသင့်သွားကြသည်။

"လခွမ်း... Audi A6 ပါလား... သူဌေးရဲ့ လက်ဖွာမှုက တကယ်ကို မိုက်တာပဲ"

"လယ်ယာခြံဝင်းက ပိုက်ဆံမရှာနိုင်မှာကိုတောင် စိုးရိမ်နေခဲ့သေးတာ... ငါ စိုးရိမ်လွန်သွားတာပဲ... ငါတို့သူဌေးက တကယ့် လူကြမ်းကြီးပဲ"

"ဒီကားက ဘယ်လောက်တောင် တန်လဲ မသိဘူး... ကြည့်ရတာ တကယ်ကို လှပလွန်းတယ်"

သူတို့ သုံးယောက်က ချက်ချင်းပင် ဝိုင်းအုံလာကြပြီး မျက်နှာပေါ်တွင် အားကျမှုများ အပြည့်ဖြစ်နေကြ၏။

သူဌေး ဆိုသည်က သူဌေးပင် ဖြစ်သည်။ တစ်ခါ လှုပ်ရှားလိုက်သည်နှင့် သာမန် မဟုတ်ချေ။

ရွှီယန်ကတော့ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ကားကို ဂိုဒေါင်ထဲတွင် ရပ်ထားလိုက်ပြီး ဘာမှ မဖြစ်ခဲ့သကဲ့သို့သာ နေလိုက်သည်။

ကားဆိုသည်မှာ ကိရိယာ တစ်ခုသာ ဖြစ်ပြီး စီးပွားရေးအတွက် မလိုအပ်ပါက သူက ၎င်းကို ရောင်းချကာ ဈေးသက်သာသည့် ကားတစ်စီး ပြန်ဝယ်ပြီး အမြတ်အစွန်း ထုတ်ယူရန်ပင် ရည်ရွယ်ထားသေး၏။

"နောက်ပိုင်း စီးပွားရေး ကိစ္စတွေ ဆွေးနွေးရင် သုံးရမှာလေ... အထူးသဖြင့် ဘလူးဘယ်ရီနဲ့ သကြားသီး ကိစ္စတွေပေါ့... ဒီသစ်သီး နှစ်မျိုးက ဈေးငယ်လေးတွေမှာ ရောင်းရခက်တယ်... အချိန်ကျရင် ဈေးကွက်တွေဆီ သွားရမှာဆိုတော့ ကားလေးနဲ့မှ အဆင်ပြေမှာ... အရင်ကတော့ အငှားကား ဒါမှမဟုတ် Didi ကိုပဲ ငှားစီးနေရတာဆိုတော့ အရမ်းကို နွမ်းပါးလွန်းတယ်... တခြားသူတွေက ကျွန်တော် အငှားကားစီးတာကို မြင်ရင် အလိုလိုနေရင်း ဈေးနှိမ်တတ်ကြတယ်လေ"

ရွှီယန်က ကားဂိုဒေါင်ထဲရှိ ကားကို ကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

ဤကားက အနည်းငယ် ရိုးအီနေသည်ဟု ဆိုနိုင်သော်လည်း မောင်းနှင်ရသည်မှာ အတော်လေး ကောင်းမွန်သဖြင့် မောင်းရသည်ကလည်း ကောင်းလှပေသည်။

အဓိကမှာ သစ်သီးကုန်သည်များနှင့် ဆက်သွယ်သည့်အခါ သူ ကားမောင်းလာသည်ကို မြင်ပါက သူ၏ စွမ်းဆောင်ရည်အပေါ် ပို၍ အထင်ကြီး လေးစားလာကြမည် ဖြစ်၏။ အငှားကား စီးလာသည်ထက် သေချာပေါက် ပိုကောင်းပေလိမ့်မည်။

လယ်ယာခြံဝင်း၏ နေ့စဉ်ဘဝမှာ ယခင်ကဲ့သို့ပင် ပေါ့ပါးပြီး အေးချမ်းလှသည်။

သို့သော် မကြာမီမှာပင် လယ်ယာခြံဝင်း၏ ဘဝက ဆူညံပွက်လောရိုက်လာတော့မည် ဖြစ်၏။ 'ဖဲချပ်ကြီး' တစ်ခုက လမ်းခုလပ်တွင် ရှိနေပြီး မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည်။

လယ်ယာခြံဝင်း နောက်ဘက်ရှိ သစ်တော။

ဆောင်းဦး နှောင်းပိုင်းသို့ ရောက်ရှိလာသောအခါ တိရစ္ဆာန်လေးများက ရာသီဥတု အေးလာသည်ဟု ခံစားရသဖြင့် လှုပ်ရှားမှုများ သိပ်မများတော့ရာ ကျားသစ်၏ အမဲလိုက်ရသည့် အခက်အခဲကလည်း အနည်းငယ် မြင့်တက်လာခဲ့သည်။

မိခင်ကျားသစ်မကြီး ယနေ့ ပင်ပင်ပန်းပန်းဖြင့် ယုန်နှစ်ကောင် ဖမ်းမိခဲ့သော်လည်း ကျားသစ်ပေါက်လေးက တစ်ကောင်ခွဲကို စားပစ်လိုက်၏။

လွန်ခဲ့သည့် ရက်အနည်းငယ်က ဖမ်းမိခဲ့သော မြင်းသမင် တစ်ကောင်ကိုလည်း ကျားသစ်ပေါက်လေးကသာ အများဆုံး စားသောက်ခဲ့သည်။

ထို့အပြင် ကျားသစ်ပေါက်လေးမှာ ယခုအချိန်အထိ အမဲလိုက် ကျွမ်းကျင်မှုကို နည်းနည်းလေးမှ မသင်ယူရသေးချေ။ အမဲလိုက်လိုသည့် စိတ်ကူးပင် မရှိပေ။ မိခင်ကိုသာ အားကိုးနေခြင်းပင် ဖြစ်သည်။

ရာသီဥတုက အေးမြလာတော့မည်ဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ ပိုပို အေးလာကာ ဆောင်းတွင်းရောက်၍ နှင်းများ ဖုံးလွှမ်းသွားပါက အစားအစာ ရှာဖွေရန် ပို၍ ခက်ခဲလာမည် ဖြစ်၏။

ဤမျှ ကြီးမားနေသော သားကြီးကို ဘယ်လို ကျွေးမွေးရမည်နည်း။

မိခင်ကျားသစ်မကြီးက ကျားသစ်ပေါက်လေးကို ပြုစုပျိုးထောင်ရင်း နောက်ဆုံးတွင်တော့ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်တော့သည်။

'မင်းရဲ့ ပထွေးဆီကို သွားတော့... သူ့ဆီမှာ စားစရာတွေ အကုန်ရှိတယ်... သူ့နောက်လိုက်သွားရင် မင်းလည်း အသက်ရှင်နိုင်မှာပါ'

ထိုအကြောင်းကို တွေးမိပြီးနောက် မိခင်ကျားသစ်မကြီးက တစ်ချက် အော်ဟစ်လိုက်ကာ ကျားသစ်ပေါက်လေးကို ခေါ်ဆောင်၍ သစ်တော အပြင်ဘက်သို့ ထွက်လာခဲ့သည်။

ဤသို့ဖြင့် ရွှီယန်၏ လယ်ယာခြံဝင်း အပြင်ဘက်သို့ တောက်လျှောက် ရောက်ရှိလာခဲ့၏။

ကျားသစ်ပေါက်လေးက လယ်ယာခြံဝင်းကို မြင်သောအခါ ချက်ချင်းပင် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ ၎င်းက ရွှီယန် ဤနေရာတွင် နေထိုင်ကြောင်းကို သိရှိထား၏။

မိခင်ကျားသစ်မကြီးက ကျားသစ်ပေါက်လေးကို အရှေ့သို့ သွားကာ ရွှီယန်ကို ရှာရန် အချက်ပြလိုက်သည်။ အကောင်လေးက ချက်ချင်းပင် ပျော်ပျော်ရွှင်ရွှင်ဖြင့် လယ်ယာခြံဝင်း ရှိရာဘက်သို့ ပြေးသွားတော့၏။

လယ်ယာခြံဝင်းထဲရှိ တိရစ္ဆာန်များက ဤမြင်ကွင်းကို မြင်သောအခါ လန့်ဖျပ်ကာ အနောက်သို့ ပြေးကြတော့သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဝမ်ဝူက ကြက်အုပ်ကို ကြက်ခြံထဲသို့ ပြန်မောင်းသွင်းရန် ထွက်လာခဲ့ရာ အဝေးမှနေ၍ ကျားသစ်တစ်ကောင် သူ့ဆီသို့ လျှောက်လာနေသည်ကို မြင်တွေ့လိုက်ရသည်။

ဝမ်ဝူက လန့်သွားပြီး ချက်ချင်း နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သွားကာ မြေကြီးပေါ်သို့ လဲကျလုမတတ် ဖြစ်သွား၏။

သူက ၎င်းကို မည်သည့် ကျားသစ်မှန်း မမှတ်မိဘဲ တောင်ပေါ်မှ ကျားသစ် တစ်ကောင် ပြေးဆင်းလာသည်ဟုသာ ထင်မှတ်နေသည်။ သာမန်လူများ၏ ယုတ္တိဗေဒအရ လက်ဗလာဖြင့် ကျားသစ်နှင့် တွေ့ဆုံပါက ထွက်ပြေးရမည်သာ ဖြစ်၏။

"အား... အား... ကျားသစ်ဟေ့"

ဝမ်ဝူက လန့်ဖျပ်ကာ ပြေးရင်း အော်ဟစ်နေပြီး အသံများပင် အနည်းငယ် အက်ရှနေ၏။

လယ်ယာခြံဝင်းမှ လူများက သူ၏ အသံကို ကြားလိုက်ရသည်။ ရွှီယန်က ချက်ချင်းပင် အပြင်သို့ ပြေးထွက်ကာ ကြည့်ရှုလိုက်၏။

ကျားသစ် ဟုတ်လား။ သူ မွေးထားသော ကျားသစ်များ ဖြစ်နေမလား။

ရွှီယန် အပြင်သို့ ရောက်သွားသောအခါ ထင်သည့်အတိုင်းပင် သူ မွေးထားသော ထိုကျားသစ်ပေါက်လေး ဖြစ်နေခဲ့သည်။

"ရှောင်ဟွာ... မတွေ့ရတာ ကြာပြီနော်... ဘယ်လိုလုပ်ပြီး အလည်ရောက်လာတာလဲ"

ရွှီယန်က အနည်းငယ် အံ့အားသင့်သွားသည်။

ရှောင်ဟွာက အမဲမလိုက်တတ်သော်လည်း ခန္ဓာကိုယ် ကြံ့ခိုင်မှုကတော့ ထိပ်တန်းအဆင့်တွင် ရှိပြီး လှုပ်ရှားမှုများကလည်း အလွန် လျင်မြန်လှ၏။

၎င်းက အရှိန်တင်လိုက်ပြီး လယ်ယာခြံဝင်း၏ ခြံစည်းရိုးအနီးသို့ ရောက်သောအခါ ရုတ်တရက် ခုန်တက်လိုက်ကာ တစ်မီတာကျော် မြင့်မားသော ခြံစည်းရိုးအပေါ်မှနေ၍ ပေါ့ပေါ့ပါးပါးပင် ကျော်ဖြတ်ဝင်ရောက်လာခဲ့သည်။

ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ၏ ကိုယ်ပိုင် လျင်မြန်မှုနှင့် ပေါ့ပါးမှုများက ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် အပြည့်အဝ ပေါ်လွင်နေပေသည်။

၎င်းက ရွှီယန်၏ အရှေ့သို့ ပြေးလာပြီး ချက်ချင်းပင် ပျော်ရွှင်စွာဖြင့် အောင်အောင် အော်ဟစ်လိုက်၏။

"မင်း ဘယ်လိုလုပ် ရောက်လာတာလဲ... မိုးလည်း မရွာသလို နှင်းလည်း မကျပါဘူး"

ရွှီယန်က အတော်လေး အံ့အားသင့် ဝမ်းသာသွားသည်။

မည်သို့ပင်ဖြစ်စေ ကျားသစ်ပေါက်လေး လယ်ယာခြံဝင်းသို့ မလာရောက်သည်မှာ အလွန် ကြာမြင့်နေပြီဖြစ်ပြီး ယခင်ကလည်း မိုးရွာသည့် အချိန်များတွင်သာ လာရောက်လေ့ ရှိ၏။

လယ်ယာခြံဝင်းမှ ဝန်ထမ်းများက မနီးမဝေးမှနေ၍ ကြည့်ရှုနေကြပြီး အားလုံးမှာ အနည်းငယ် စိုးရိမ်နေကြသည်။

အနီးကပ် ထိတွေ့ရမှသာ အကောင်ကြီး ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ၏ ဖိအားပေးနိုင်စွမ်းကို ခံစားသိရှိနိုင်ပေသည်။ ဤအရာကြီးက ဘေးတွင် ရှိနေပါက ၎င်းတို့၏ လက်သည်းဖြင့် တစ်ချက် ကုတ်ခံရမည်ကို မည်သူက မကြောက်ဘဲ နေမည်နည်း။

"အဲဒါ သူဌေး မွေးထားတဲ့ ကျားသစ် လား"

မာဝန်က အနည်းငယ် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"တော်တော် ထွားတာပဲ"

ဝမ်ဝူက ကြောက်လည်းကြောက် စိတ်လည်း လှုပ်ရှားနေ၏။

လီဆန်းက ယခင်က ဤကျားသစ်ကို မြင်ဖူးသဖြင့် တည်ငြိမ်စွာပင် ပြောလိုက်သည်။

"အဲဒီ ကျားသစ်က နှစ်ခေါက် လာဖူးတယ်... အစ်ကိုယန် ကိုပဲ ကပ်တာ... ငါတို့ သွားမစသရွေ့ ဘာမှမဖြစ်ဘူး... မမြင်ဘူးလို့ပဲ သဘောထားလိုက်"

သူ၏ စကားကို ကြားသောအခါ ဝမ်ဝူက ချက်ချင်းပင် ငြင်းဆိုလိုက်၏။

"ဒီလောက် ကြီးတဲ့ ကျားသစ်ကြီးကို ဘယ်လိုလုပ် မမြင်ဘူးလို့ သဘောထားလို့ ရမှာလဲ... ငါက သူ့ကို မမြင်ဘူးလို့ နေလို့ ရပေမယ့် ပြဿနာက သူကရော ငါ့ကို မမြင်ဘဲ နေပါ့မလား"

လီဆန်းက ခေါင်းညိတ်လိုက်သည်။

"စိတ်ချပါ... အဲဒီကျားသစ်က မင်းကို အဖက်လုပ်မှာ မဟုတ်ပါဘူး"

ဤအချိန်တွင် ရွှီယန်က ကျားသစ်ပေါက်လေးကို ကြည့်ကာ အလွန် ပျော်ရွှင်နေပြီး ဆိတ်နို့ နှစ်ဘူးပင် တိုက်ချင်နေမိသည်။

ကျားသစ်ပေါက်လေး ဘာကြောင့် ဤနေရာသို့ ရောက်နေသလဲဆိုသည်ကို သူ မသိသဖြင့် အဝေးသို့ လှမ်းကြည့်လိုက်၏။

မိခင်ကျားသစ်မကြီးက မနီးမဝေးတွင် ရပ်ကာ ရွှီယန်ကို လှမ်းကြည့်နေပြီး ဤတစ်ကြိမ်တွင် သူမ၏ အကြည့်များထဲ၌ သံယောဇဉ် တွယ်တက်မှု အချို့ ပိုမို ပါဝင်နေသည်။

ရွှီယန်က ဤကျားသစ် နှစ်ကောင်နှင့် အချိန်အကြာကြီး နေလာခဲ့သဖြင့် သူတို့၏ စိတ်ခံစားချက်များကို နားလည်နိုင်ပေသည်။

ဤတစ်ကြိမ်တွင် မိခင်ကျားသစ်မကြီး၏ စိတ်ခံစားချက်က သိပ်မမှန်ကြောင်း သူ ခံစားမိလိုက်၏။ ကြည့်ရသည်မှာ အချိန်အကြာကြီး ခွဲခွာရမည့် ပုံပေါ်သည်။

"တာ့ဟွာ... တကယ်ပဲ သူ့ကို ငါ့ဆီ အပ်ခဲ့တော့မလို့လား"

ရွှီယန်က မိခင်ကျားသစ်မကြီး ရှိရာဘက်သို့ မေးလိုက်သည်။

မိခင်ကျားသစ်မကြီးက ရွှီယန်ကို တိတ်ဆိတ်စွာသာ ဆက်လက် ကြည့်ရှုနေ၏။

ယခု ရာသီဥတုက အေးခဲလာပြီး မကြာမီ ဆောင်းတွင်းသို့ ရောက်ရှိတော့မည် ဖြစ်ရာ တိရစ္ဆာန်များအတွက်တော့ ဆောင်းတွင်း ဆိုသည်မှာ တကယ့်ကို ဘေးအန္တရာယ်ကြီး တစ်ခုပင် ဖြစ်သည်။ အသက်ရှင်နိုင်ရန်ပင် မလွယ်ကူလှချေ။

ဤမျှ ကြီးမားသော ကျားသစ်တစ်ကောင်ကို ပြုစုစောင့်ရှောက်ရမည်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။

ရွှီယန်က မိခင်ကျားသစ်မကြီး၏ အဓိပ္ပာယ်ကို နားလည်သွားသဖြင့် တစ်ခဏမျှ ကြောင်အမ်းသွားခဲ့သည်။

'တကယ်ကြီး ရောက်လာပြီပဲ... ရှောင်ဟွာက ထင်တဲ့အတိုင်းပဲ ငါ့ဆီကို လွှဲအပ်ခံလိုက်ရပြီပဲ'

သို့သော် ဤကိစ္စကို ဖြေရှင်းရန်လည်း ထိုမျှ မလွယ်ကူလှပေ။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်က ကျားသစ် မွေးမြူခွင့် မပြုထားချေ။

ဤကဲ့သို့သော ကိစ္စမျိုးကို ပြည်သူ့ရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနတို့နှင့် ဆွေးနွေး တိုင်ပင်ရမည်သာ ဖြစ်သည်။

ရွှီယန်က ယခင်က တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး ခွင့်ပြုချက်ကို ရရှိထားဖူးရာ ဤခွင့်ပြုချက်က သူ့ကို ကျားသစ်ပေါက်လေးအား ကာကွယ်စောင့်ရှောက်ခွင့် ရရှိစေနိုင်ပေသည်။

အကြောင်းပြချက်မှာ 'အရွယ်ရောက် တောရိုင်း ကျားသစ်က လယ်ယာခြံဝင်းတွင် နေထိုင်ပြီး မထွက်ခွာဘဲ လူ သို့မဟုတ် မွေးမြူရေး တိရစ္ဆာန်များကို တိုက်ခိုက်မည့် အခြေအနေ မရှိသဖြင့် လယ်ယာခြံဝင်း ပိုင်ရှင်မှ တာဝန်ယူ ကြီးကြပ်နိုင်သည်' ဟူ၍ပင် ဖြစ်၏။

မိခင်ကျားသစ်မကြီးက ကျားသစ်ပေါက်လေးကို ခဏမျှ ထပ်ကြည့်လိုက်ပြီးနောက် အနောက်သို့ လှည့်မကြည့်တော့ဘဲ ဖြည်းဖြည်းချင်း ထွက်ခွာသွားတော့သည်။

လွတ်လပ်သွားသည့် ခံစားချက်ပင်။

၎င်းက ဝန်ထုပ်ဝန်ပိုးများကို အပြည့်အဝ ချထားလိုက်ပြီးနောက် သစ်တောထဲသို့ ဝင်ရောက်ကာ အေးခဲလှသော ဆောင်းရာသီကို တစ်ကောင်တည်း ရင်ဆိုင်ရန် ထွက်သွားတော့၏။

ကျားသစ်ပေါက်လေး၏ ရင်ထဲတွင် တစ်ခုခုကို ခံစားလိုက်ရပြီး မိခင်ကျားသစ်မကြီး ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

၎င်းက တိုးတိုးလေး နှစ်ချက်ခန့် အော်ဟစ်လိုက်ပြီး အနည်းငယ် ဝမ်းနည်းနေပုံရ၏။

ကျားသစ်များမှာ မူလကတည်းက သီးခြားလွတ်လပ်စွာ နေထိုင်တတ်သော တိရစ္ဆာန်များ ဖြစ်ကြပြီး ကလေးထိန်းသည့် အချိန်မှလွဲ၍ တွေ့မြင်ရသော ကျားသစ် အများစုမှာ တစ်ကောင်တည်းသာ ဖြစ်ကြသည်။ ရှောင်ဟွာကတော့ ချွင်းချက်ပင် ဖြစ်၏။

"မင်း လောလောဆယ် ငါ့နောက် လိုက်ခဲ့... လယ်ယာခြံဝင်းမှာ မင်းကို ကျွေးထားမယ်... ဒါပေမဲ့ မင်း တောတောင်ကိုတော့ အမြန်ဆုံး ရင်းနှီးအောင် လုပ်ရမယ်... မင်းက မိဘကို အားကိုးစားသောက်လို့ ရပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကြီးပြင်းလာရမှာပဲလေ"

ရွှီယန်က ရှောင်ဟွာ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

ဤကောင်လေး၏ မျက်လုံးပြူးကြီးများက ကြည်လင်ပြီး တုံးအအလေး ဖြစ်နေကာ ကြည့်ရသည်မှာ အလွန် ချစ်စရာကောင်းလှပေသည်။

ရွှီယန်က အစပိုင်းတုန်းက ဤကောင်လေး သူ့နောက်သို့ လိုက်ကာ အိမ်အထိ ရောက်လာသဖြင့် သူ့ကို လန့်ဖျပ်သွားစေခဲ့သည်ကို ပြန်တွေးမိလိုက်၏။

ထိုအချိန်က ၎င်းမှာ အကောင်သေးသေးလေးသာ ရှိသေးသည်။ ယခုတော့ ဤမျှ ကြီးမားသော ကျားသစ်ကြီး ဖြစ်နေပြီ ဖြစ်၏။

သို့သော် ထိုချစ်စရာကောင်းသော အငွေ့အသက်များကတော့ မပြောင်းလဲသေးပေ။ ယခင်ကဲ့သို့ပင် တုံးအအလေး ဖြစ်နေတုန်းပင်။

ကျားသစ်က ရွှီယန်၏ နောက်မှလိုက်ကာ လယ်ယာခြံဝင်းထဲသို့ ဝင်ရောက်လာရာ ဝန်ထမ်းများနှင့် အခြား တိရစ္ဆာန်လေးများက သိချင်စိတ်ဖြင့် ကြည့်ရှုနေကြသည်။

ရှောင်ဟေး တစ်ကောင်တည်းကသာ ကျားသစ်ပေါက်လေးကို မကြောက်ဘဲ ၎င်းနှင့်အတူ ဆော့ကစားရန် ကိုယ်တိုင် ပြေးလာခဲ့၏။ သူတို့နှစ်ကောင်က ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ကြခြင်း ဖြစ်သည်။

ရှောင်ဟေးက ကျားသစ်ပေါက်လေး၏ ခန္ဓာကိုယ်ဆီသို့ ခုန်အုပ်လိုက်သည်။

ကျားသစ်ပေါက်လေးက လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး အလိုက်သင့်လေး ပြန်လည် ခုန်အုပ်လိုက်ရာ ရှောင်ဟေးမှာ မြေကြီးပေါ်သို့ လဲကျသွားတော့၏။

ရှောင်ဟေးက သိသိသာသာကို ကြောင်အမ်းသွားခဲ့သည်။

'လခွမ်း... ဘယ်လိုဖြစ်သွားတာလဲ... အရင်တုန်းက ဒီအကွက်တွေနဲ့ ကြောင်ကြီးကို ငါက ဖိကိုက်ခဲ့တာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ပြောင်းပြန် ဖြစ်သွားရတာလဲ'

အရင်က ကောင်လေး နှစ်ကောင်စလုံး သေးငယ်စဉ်တုန်းက ကျားသစ်ပေါက်လေးမှာ သတ္တိနည်းသဖြင့် အနိုင်ကျင့် ခံခဲ့ရခြင်း ဖြစ်သည်။

ယခုတော့ ၎င်းက ကြီးပြင်းလာပြီဖြစ်ပြီး ခန္ဓာကိုယ် အရွယ်အစားကလည်း ရှောင်ဟေးထက် ပိုကြီးလာကာ လှုပ်ရှားမှုများကလည်း ပိုမို လျင်မြန်လာသဖြင့် ရှောင်ဟေးမှာ လုံးဝ ပြိုင်ဘက် မဟုတ်တော့ချေ။

ကောင်လေး နှစ်ကောင် အတူတကွ ဆော့ကစားနေကြပြီး ကျားသစ်ပေါက်လေးမှာ သိသိသာသာကို ပျော်ရွှင်နေ၏။

သို့သော် အခြား တိရစ္ဆာန်များကတော့ ကြောက်ရွံ့နေကြဆဲပင်။ ဥပမာ - ဒရယ်ပြောက်လေး ပန်းပီ ဆိုလျှင် လန့်ဖျပ်ကာ အနောက်ကိုတောင် လှည့်မကြည့်တော့ဘဲ ပြေးထွက်သွားတော့သည်။

ဤသတ္တဝါ နှစ်မျိုးမှာ သစ်တောထဲတွင် သေခန်းရှင်ခန်း ရန်သူများ ဖြစ်ကြ၏။

သို့သော် လယ်ယာခြံဝင်းတွင်တော့ မတူညီပေ။ မျက်စိရှေ့မှ ကျားသစ်ပေါက်လေးမှာ အမဲလိုက်ခြင်းကို လုံးဝ မတတ်ကျွမ်းဘဲ အမဲလိုက်လိုသည့် စိတ်ကူးပင် မရှိသဖြင့် ကိစ္စမရှိလှချေ။

ရွှီယန်က ကျားသစ်ပေါက်လေးကို နှစ်သက်သော်လည်း ၎င်းကို ကြီးပြင်းလာစေချင်ပြီး ကိုယ်ပိုင် ပိုင်နက်နယ်မြေ တစ်ခုကို ဖန်တီးစေချင်သေး၏။

သေချာသည်မှာ ကပ်တွယ်နေချင်ပါကလည်း ကပ်တွယ်နေပါစေ။ ကိစ္စတော့ မရှိပေ။ ၎င်းက သစ်တောထဲ သွားချင်ပါကလည်း သွားခွင့်ပြုမည်ဖြစ်ပြီး နေချင်ပါကလည်း နေခွင့်ပြုမည်သာ ဖြစ်သည်။

တိရစ္ဆာန်များ ရင်းနှီးကျွမ်းဝင်ရန်အတွက် အချိန်တစ်ခု လိုအပ်ပြီး ကျားသစ်ပေါက်လေး ဤနေရာတွင် ရှိနေပါက အခြား တိရစ္ဆာန်များနှင့် တဖြည်းဖြည်း ရင်းနှီးသွားမည်သာ ဖြစ်၏။

ရွှီယန်၏ လယ်ယာခြံဝင်းအတွင်း ယခုတော့ ဆူညံပွက်လောရိုက်လာတော့မည် ဖြစ်သည်။

All Chapters