အခန်း ၁၆၂
Vol. 17 Ch. 162
အခန်း (၁၆၂) ကျားသစ်က တစ်ကောင်တည်း မအိပ်ချင်ဘူး
ကျားသစ်က လယ်ယာခြံဝင်းထဲသို့ တရားဝင် ဝင်ရောက် နေထိုင်သွားပြီ ဖြစ်သည်။
ရွှီယန်က ရဲစခန်းသို့ ဤကိစ္စနှင့် ပတ်သက်၍ သတင်းပို့လိုက်၏။
"ကျားသစ်က မင်းရဲ့ လယ်ယာခြံဝင်းထဲမှာ နေပြီး မသွားတော့ဘူး ဟုတ်လား..."
ရဲအရာရှိ လျိုမင်မှာ အလွန် အံ့အားသင့်သွားသည်။
ပုံမှန်အားဖြင့် ပြည်သူများက တောရိုင်းတိရစ္ဆာန်များ ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်း သို့မဟုတ် နေထိုင်သူများ၏ လုံခြုံရေးကို ခြိမ်းခြောက်ခြင်းများနှင့် ပတ်သက်၍သာ ရဲစခန်းသို့ တိုင်တန်းလေ့ရှိကြခြင်း ဖြစ်၏။
ထိုအခါမျိုးတွင် ရဲများက သွားရောက် နှင်ထုတ်ပေးရသည်။ ဥပမာ ဝက်ဝံမည်းများကို နှင်ထုတ်ခြင်းမျိုးပင်။
သို့သော် ရွှီယန် ဖုန်းဆက် တိုင်တန်းသည်မှာတော့ ကျားသစ် သူ၏ဆီသို့ ရောက်လာသည့်အကြောင်းကို အသိပေးရုံသက်သက်သာ ဖြစ်ပြီး ကျားသစ်က ဤနေရာတွင် နေရသည်မှာ အဆင်ပြေကြောင်းကိုပင် ပြောနေသေး၏။
ဤကိစ္စက လျိုမင်ကို ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားစေသည်။
ဤမျှ နှစ်ပေါင်းများစွာ အကြာကြီးအတွင်း ဤသို့သော ကိစ္စမျိုး တစ်ခါမှ မကြားဖူးခဲ့ချေ။
၎င်းမှာ ကျားသစ် တစ်ကောင် ဖြစ်နေသည် မဟုတ်ပါလား။
ဤဒေသရှိ ကျားသစ်များကို အရှေ့မြောက်ကျားသစ်ဟုလည်း ခေါ်ကြပြီး အရေအတွက်က ဆိုက်ဘေးရီးယားကျားများထက်ပင် ပို၍ ရှားပါးသေးသည်။
တကယ်ကို ရှားပါးသော မျိုးစိတ်ဖြစ်ပြီး ထိပ်တန်း ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်မျိုးပင် ဖြစ်၏။
ပုံမှန်ဆိုလျှင် ကျားသစ်များနှင့် ပတ်သက်သော ကိစ္စများမှာ အရေးကြီးသည့် ကိစ္စများပင် ဖြစ်သည်။ အကယ်၍ ၎င်းက ကိုယ့်ဘာသာ အသက်ရှင်သန်နိုင်စွမ်း မရှိပါက ကယ်ဆယ်ရေးစင်တာသို့ ပို့ဆောင်ကာ ကယ်ဆယ်ရမည် ဖြစ်၏။
သို့သော် ဤကျားသစ်ကတော့ ချွင်းချက်ပင်။ အရွယ်ရောက်နေပြီဖြစ်သော တောရိုင်းကျားသစ် တစ်ကောင်ဖြစ်ပြီး ကြည့်ရသည်မှာ ကယ်ဆယ်ရန် မလိုအပ်သေးသည့် ပုံပင်။
ဤနေရာတွင် ပြောစရာရှိသည်မှာ ရွှီယန်က ရဲစခန်းသို့ ဤကျားသစ် အမဲမလိုက်တတ်ကြောင်းကို မပြောပြခဲ့ခြင်းပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရှောင်ဟွာ ကို တောရိုင်းတိရစ္ဆာန် ကယ်ဆယ်ရေးစင်တာသို့ ပို့ခံရမည်ကို သူလည်း စိုးရိမ်ပေသည်။
ထိုဘက်တွင် ကျားသစ်များအတွက် အလွန် အနေကျုံ့လွန်းလှ၏။
ရွှီယန်၏ လယ်ယာခြံဝင်းမှာ သိပ်မကြီးသော်လည်း သူက တစ်ခါတစ်ရံ ကျားသစ်လေးကို ခေါ်ဆောင်ကာ တောင်ပေါ်တက်လေ့ရှိသဖြင့် အများကြီး ပို၍ လွတ်လပ်မှု ရှိသည်။
နောက်ပိုင်း တောင်ပေါ်တက်လျှင် အဖော်တစ်ယောက် တိုးလာပြီ ဖြစ်၏။ ရှောင်ဟွာ ကို ခေါ်သွား၍ ရပြီဖြစ်သည်။
ကိစ္စများက ဤသို့ဖြင့်ပင် အတည်ဖြစ်သွားခဲ့သည်။
ရွှီယန်က ကျားသစ်အတွက် အိပ်စရာ နေရာတစ်ခု ရှာပေးလိုက်၏။
ကျားသစ်များက ပုံမှန်အားဖြင့် ကျောက်ဂူများ သို့မဟုတ် သစ်ပင်များပေါ်တွင် အနားယူလေ့ရှိကြပြီး အစားအစာ ပေါများသော အခြေအနေမျိုးတွင် ၎င်းတို့၏ လှုပ်ရှားသွားလာသည့် နယ်မြေက အတော်လေး ပုံသေဖြစ်နေတတ်သည်။
လွယ်လွယ်ပြောရလျှင် အစားအစာ လုံလောက်နေပါက သိပ်ပြီး လျှောက်မသွားချင်ကြပေ။
ရွှီယန်က သူ့ကို ကိုယ့်ခြံဝင်းထဲမှာပင် မွေးထားလိုက်၏။
ဤအကောင်ကြီးကို အချိန်တိုင်း စောင့်ကြည့်နေမှ ရမည် မဟုတ်ပါလား။
ရဲစခန်းနှင့် သစ်တောဦးစီးဌာနဘက်က ကျားသစ်ကို လယ်ယာခြံဝင်း၌ ဆက်ထားရန် သဘောတူသော်လည်း မည်သည့် ပြဿနာဖြစ်ဖြစ် ရွှီယန်ကသာ တာဝန်ယူရမည် ဖြစ်သည်။
"ရှောင်ဟွာ မြန်မြန် ကြီးလာတော့လေ... မင်းကို အမဲဘယ်လို လိုက်ရမလဲဆိုတာ ငါ သင်ပေးမယ်... လူသားတွေ နေထိုင်တဲ့ နယ်မြေက မင်းနဲ့ သင့်တော်ချင်မှ သင့်တော်မှာ..."
ရွှီယန်က ကျားသစ်ပေါက်လေးကို ပြောလိုက်သည်။
လူများ၏ စိတ်ထဲတွင်တော့ တောရိုင်းတိရစ္ဆာန်များဆိုသည်မှာ လူများ၏ လှောင်အိမ် သို့မဟုတ် ပြခန်းထဲတွင် အပိတ်ခံထားရမည့်အစား တောထဲမှာပင် အသက်ရှင်သန်သင့်သည်ဟု ထင်မြင်ကြ၏။
သို့သော် အချို့ တောရိုင်းတိရစ္ဆာန်များက လူများနှင့် အတူတူ နေထိုင်ရသည်ကို သဘောကျတတ်ကြသည်။ အထူးသဖြင့် လယ်ယာခြံဝင်း ရှိသော လူများနှင့်ပင်။
ရုရှားဘက်တွင်ဆိုလျှင် မိသားစု အတော်များများက ဝက်ဝံများကို မွေးထားကြပြီး ဤသို့သော ဥပမာများက နည်းနည်းနော်နော မဟုတ်ချေ။
ထို့အပြင် အိမ်တစ်အိမ်မှ မွေးထားသော ကျားသစ်နက်လေး လူနာ ဆိုလျှင်လည်း အရမ်းကို ချစ်စရာကောင်းပြီး မျက်လုံးပြူးပြူးလေးများနှင့် အလွန် အသည်းယားစရာလေးပင် ဖြစ်သည်။
ရှောင်ဟွာ ကလည်း ထိုအမျိုးအစားထဲတွင် ပါဝင်ပြီး မျက်နှာပေါ်၌ ခြိမ်းခြောက်နိုင်စွမ်း ဆိုသည်မှာ နည်းနည်းလေးမှ မရှိဘဲ တုံးအအနှင့် ချစ်စရာကောင်းသော ပုံစံလေးပင် ဖြစ်၏။
ရွှီယန်က စကားပြောသည့်အခါ သူ၏ခေါင်းလေးကို စောင်းပြီး သိချင်စိတ်များ အပြည့်ဖြင့် ကြည့်နေတတ်သည်။
"ထားလိုက်ပါတော့ကွာ... မင်းပျော်ရင် ပြီးတာပါပဲ... ဖြည်းဖြည်းချင်းပေါ့... ငါတို့ စည်းမျဉ်းသုံးချက် သတ်မှတ်ထားမယ်... တကယ်လို့ မင်းက အမဲလိုက်တာ ဒါမှမဟုတ် မွေးမြူရေး တိရစ္ဆာန်တွေကို တိုက်ခိုက်တာမျိုး လုပ်ရင် မင်းကို တောထဲ ပြန်လွှတ်ပစ်မယ်နော်..."
ရွှီယန်က သူ့ကို ထပ်ပြောလိုက်၏။
ကျားသစ်ပေါက်လေးက နားလည်သလိုလို နားမလည်သလိုလိုဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထိုအချိန်တွင် ရှောင်ဟေးက ပြေးလာခဲ့၏။
ရှောင်ဟေးလည်း မသိမသာဖြင့် အရွယ်ရောက်ပြီးသား ခွေးကြီး တစ်ကောင် ဖြစ်နေပြီ ဖြစ်သည်။ ရွှီယန်က လက်ယမ်းပြလိုက်ရာ ကျားသစ်ပေါက်လေးနှင့် ရှောင်ဟေးတို့ အတူတူ ပျော်ရွှင်စွာ ဆော့ကစားရန် ထွက်သွားကြတော့၏။
ကျားသစ်ပေါက်လေးက အရွယ်အစား အနည်းငယ် ပိုကြီးပြီး အမဲလိုက်နိုင်စွမ်းကို ထည့်မတွက်ပါက ၎င်းက ခွေးကြီးကြီး တစ်ကောင်နှင့် အရွယ်အစား သိပ်မကွာလှပေ။
အဓိကအားဖြင့် ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ၏ တိုက်ခိုက်နိုင်စွမ်းက အလွန် ပြင်းထန်လွန်းသဖြင့် လူများ မြင်သည်နှင့် ကြောက်သွားကြခြင်း ဖြစ်သည်။
အစတုန်းက ရွှီယန်မှာ ကျားသစ် လယ်ယာခြံဝင်းနှင့် အသားမကျမည်ကို စိုးရိမ်နေခဲ့သော်လည်း ယခုတော့ လုံးဝ စိုးရိမ်လွန်သွားမှန်း သိလိုက်ရ၏။
၎င်းက အရမ်းကို ပျော်ရွှင်နေပုံရပြီး တိရစ္ဆာန်များကို တိုက်ခိုက်လိုသည့် စိတ်ကူး နည်းနည်းလေးမှ မရှိပေ။
"ပန်းပီ ဒီကိုလာခဲ့..."
ရွှီယန်က ဒရယ်ပြောက်လေး ငေးမောနေသည်ကို မြင်တော့ အသံကျယ်ကျယ်ဖြင့် လှမ်းခေါ်လိုက်သည်။
ဒရယ်ပြောက်လေးက သူ၏ နာမည်ကို သူသိသဖြင့် ရွှီယန် လှမ်းခေါ်သည်ကို ကြားသည်နှင့် ချက်ချင်းပင် ပျော်ပျော်ရွှင်ရွှင် ပြေးလာခဲ့၏။
၎င်းက ကျားသစ်ပေါက်လေး ရှိရာဘက်သို့ မကြာခဏ လှမ်းကြည့်နေသေးသည်။ ကြည့်ရသည်မှာ အနည်းငယ် ကြောက်နေသေးပုံပင်။
"ကိစ္စမရှိပါဘူး... ရှောင်ဟွာ က မင်းကို တိုက်ခိုက်မှာ မဟုတ်ပါဘူး... စိတ်မပူနဲ့နော်..."
ဒရယ်ပြောက်လေးက ခေါင်းလေးကို လှုပ်ရှားလိုက်ပြီး သူ၏ပုံစံက ဤသို့ ပြောနေသလိုပင်။
'ငါက စိတ်မပူဘဲ နေလို့ရမလား... အစားခံရမှာက မင်းမှ မဟုတ်တာ...'
မြင်ကွင်းက အမြဲတမ်း စိတ်ဝင်စားစရာ ကောင်းနေ၏။
ကျားသစ်က လယ်ယာခြံဝင်း၏ ဘဝနှင့် အတော်လေး အသားကျနေပြီ ဖြစ်သည်။
ညဘက်ရောက်တော့ ရွှီယန်က ၎င်းအတွက် အိပ်စရာ နေရာ ပြင်ဆင်ပေးသော်လည်း ဤကောင်လေးက ထိုနေရာတွင် မအိပ်ချင်ဘဲ ရွှီယန်၏ အခန်းတံခါးရှေ့သို့ ပြေးသွားကာ အောင်အောင် အော်ဟစ်နေတော့၏။
ရွှီယန်က အပေါ်ဝတ်အင်္ကျီ တစ်ထည်ကို ခြုံပြီး ကုတင်ပေါ်မှ ဆင်းလာကာ တံခါးကို ဖွင့်ပေးလိုက်သည်နှင့် ၎င်းက ချက်ချင်းပင် အထဲသို့ ပြေးဝင်လာခဲ့သည်။
ကျားသစ်ပေါက်လေး၏ မျက်လုံးများက အနည်းငယ် သနားစရာ ကောင်းနေပြီး တစ်ကောင်တည်း မအိပ်ချင်ဘူးဟု ပြောနေသလိုပင်။
"နေပါဦး... မင်း အိပ်တာတောင် ဒီကို လာအိပ်မလို့လား... အဲဒါဆိုရင်လည်း ပြီးတာပဲ... အထဲဝင်အိပ်မယ်ဆိုရင် နောက်ဆို ရေချိုးရမယ်နော်... မဟုတ်ရင် ကပ်ပါးကောင်တွေ ဘာတွေ ပါလာလိမ့်မယ်..."
ရွှီယန်က ကျားသစ်ပေါက်လေးကို ကြည့်ပြီး ပြောလိုက်၏။
ကျားသစ်ပေါက်လေးက တုံးအအဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ယခုက ဆောင်းဦးရာသီ ဖြစ်ပြီး ရာသီဥတုက အနည်းငယ် အေးနေကာ လယ်ယာခြံဝင်းတွင် အပူပေးစနစ်လည်း မဖွင့်ရသေးသဖြင့် အသက်သာဆုံးမှာတော့ စောင်ပုံထဲတွင်ပင် ဖြစ်၏။
ရွှီယန်ကလည်း ကျားသစ်ပေါက်လေးကို ၎င်း၏သဘောအတိုင်း လွှတ်ထားလိုက်သည်။
ထို့နောက် သူက နွေးထွေးသော စောင်ပုံထဲသို့ ဝင်ကာ လှဲလျောင်းလိုက်၏။
ကျားသစ်ပေါက်လေးက သူ၏ဘေးတွင် ကပ်ပြီး သက်သောင့်သက်သာဖြင့် ဘေးတစောင်း လှဲအိပ်လိုက်သည်။
ဤကောင်လေးက ကုတင်ပေါ်ရှိ ပတ်ဝန်းကျင်နှင့် အလွန် လျင်မြန်စွာ အသားကျသွားပြီး ရွှီယန်၏ စောင်ကို မှီကာ ကျေနပ်အားရစွာဖြင့် မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားတော့၏။
ရွှီယန်မှာတော့ ရယ်ရမလို ငိုရမလို ဖြစ်နေတော့သည်။
သူက ကျားသစ် တစ်ကောင်နှင့် အတူတူ အိပ်နေရသည်တဲ့လား။ အခြားသူများ အိမ်တွင် ကြောင်မွေးထားသကဲ့သို့ပင်။
သို့သော်လည်း ကိစ္စမရှိပါချေ။
နောက်တစ်နေ့။
ရွှီယန် မျက်လုံးဖွင့်လိုက်သည်နှင့် ကြီးမားသော ကျားသစ် မျက်နှာကြီး တစ်ခုက သူ့မျက်စိရှေ့သို့ ရောက်လာ၏။
"သွား... ဟိုဘက်သွားစမ်း..."
ရွှီယန်က သူ့ကို အော်ပြောလိုက်မှသာ ကျားသစ်ပေါက်လေးက နေရာရွှေ့ပေးသွားသည်။
မည်သို့ပင်ဖြစ်စေ နောက်ထပ် နေ့သစ်တစ်နေ့ စတင်ပြီ ဖြစ်၏။
သူက အိပ်ရာထပြီး မျက်နှာသစ်ကာ တိရစ္ဆာန်လေးများ၏ အခြေအနေကို သွားကြည့်ရန် ပြင်ဆင်လိုက်သည်။
နေ့တိုင်း အိပ်ရာထပြီးသည်နှင့် ပထမဆုံး လုပ်ရမည့် အလုပ်က လယ်ယာခြံဝင်းထဲမှ တိရစ္ဆာန်များကို အစာကျွေးရန်ပင်။
ဤသည်တို့မှာ မလုပ်မနေရသည့် အလုပ်များ ဖြစ်၏။ ထို့နောက် လယ်ယာခြံဝင်းကို စစ်ဆေးပြီး အသေးအဖွဲ အလုပ်လေးများကို လုပ်ရမည်။
တစ်နေ့တာက ဤသို့ဖြင့်ပင် ကုန်ဆုံးသွားမည် ဖြစ်သည်။
ရွှီယန်က ကျားသစ်ကို ခေါ်ထုတ်လာပြီး အသားစိမ်း အနည်းငယ် ကျွေးလိုက်၏။
ဤကောင်လေးကိုတော့ ဗိုက်ဝအောင် ကျွေးထားမှ ရမည်... လုံးဝ အဆာခံထား၍ မဖြစ်ချေ။
သူ့၏ ကြက်များ ဘဲများကို သွားစားပစ်၍ မဖြစ်ပေ။
ရှောင်ဟွာ ကို ကြည့်ရသည်မှာ မျက်နှာလေးက အေးချမ်းပြီး ဖြူစင်သော ပုံစံလေး ဖြစ်နေသဖြင့် တဖြည်းဖြည်းနှင့် ဝန်ထမ်းများလည်း မကြောက်ကြတော့ဘဲ မိမိလုပ်စရာရှိသည့် အလုပ်များကို ဆက်လုပ်နေကြ၏။
ရှောင်ဟေး နှင့် ရှောင်ဟွာ တို့က ဆက်ဆံရေး ကောင်းမွန်ကြပြီး တွေ့သည်နှင့် အတူတူ ဆော့ကစားကြသည်။
ရှောင်ဟေး ၏ လွှမ်းမိုးမှုကြောင့် ရှောင်ဟွာ ကလည်း ပိုပို၍ တုံးအအနှင့် ချစ်စရာကောင်းလာ၏။
ရွှီယန်က အားလပ်နေသဖြင့် မှန်လုံအိမ်ထဲသို့ လမ်းလျှောက် ထွက်လာခဲ့သည်။
သူက စတော်ဘယ်ရီ ပင်လေးများကို သွားကြည့်ရမည် မဟုတ်ပါလား။
စတော်ဘယ်ရီက အကြိမ်ရေ အတော်များများ အသီးသီးနိုင်ပြီး အားနည်းနေသော စတော်ဘယ်ရီ ပင်လေးများကို ဖယ်ရှားကာ သေချာ ပြုစုပျိုးထောင်ပေးပါက နောက်ပိုင်းတွင် စတော်ဘယ်ရီများ ထပ်ထွက်လာနိုင်သေး၏။
စိုက်ပျိုးရေး၏ အားသာချက်က ဤသည်ပင် ဖြစ်သည်။
ဤအပင်များကို သေချာ စိုက်ပျိုးထားပါက တစ်သုတ်ပြီးတစ်သုတ် ကြီးထွားလာပြီး ပိုက်ဆံပိုရှာနိုင်မည် ဖြစ်၏။
"ဒီမှန်လုံအိမ်ထဲမှာ နောက်ပိုင်း စိုက်ချင်တာ စိုက်လို့ရပြီ... ရတနာပြောင်းဖူးတွေ မှည့်သွားရင် ပြောင်းဖူးရိုးတွေကို အကုန် နုတ်ပစ်ပြီး သစ်သီးတွေ အကုန် စိုက်ကြမယ်လေ... အမျိုးအစား စုံစုံလင်လင် စိုက်မယ်... တခြား သဘာဝ လယ်ယာခြံဝင်းတွေလိုပဲ စုံစိနေအောင် စိုက်ကြတာပေါ့... ဒီမှန်လုံအိမ်ကိုတော့ အမြတ်အစွန်း အရမ်းကြီး မမျှော်လင့်ထားဘူး... အမြတ်နည်းနည်း ကျန်ရင်ကို ရပါပြီ..."
ရွှီယန်က ဝန်ထမ်းများကို နောက်ထပ် အစီအစဉ်များနှင့် ပတ်သက်၍ ပြောပြနေသည်။
ဝန်ထမ်းများက ဘာစိုက်ရမည်နည်း ဆိုသည်ကို ဆွေးနွေးနေကြ၏။
"ကျွန်တော် ထင်တာတော့ စပျစ်သီး စိုက်ရင် မဆိုးဘူး... စပျစ်သီးက မှန်လုံအိမ်နဲ့ စိုက်ဖို့ သင့်တော်တယ်လေ..."
မာဝန်က လယ်ယာခြံဝင်း ဖွင့်ဖူးသဖြင့် သူ၏ ကိုယ်ပိုင် အကြံဉာဏ်ကို တင်ပြလိုက်သည်။
"သူဌေး... ကျွန်တော် ကျောင်းတက်တုန်းက သင်ခဲ့ရတဲ့ မှန်လုံအိမ် သီးနှံတွေထဲမှာ မက်မွန်သီး ကီဝီသီးနဲ့ ချယ်ရီသီး တွေလည်း စိုက်လို့ရတယ်ဗျ..."
ဝမ်ဝူကလည်း ဝင်ပြောလိုက်၏။
လီဆန်းကတော့ ဘာအမြင်မှ မရှိပေ။ သူက ပုံမှန်အားဖြင့် စကားပြောနည်းသော်လည်း အကုန်လုံးကိုတော့ နားထောင်နေသည်။
သူက လယ်ယာခြံဝင်းထဲတွင် အလုပ်အကြိုးစားဆုံး သူတစ်ယောက် ဖြစ်၏။
သူတို့အချင်းချင်း ဆွေးနွေးနေသည်ကို ကြားသောအခါ ရွှီယန်က သူကိုယ်တိုင် အကုန်လုံးကို စိုက်ချင်နေမှန်း သတိထားမိသွားသည်။
စပျစ်သီး... မက်မွန်သီး... ကီဝီသီး... ချယ်ရီသီး။ အဓိကမှာ ကိုယ်တိုင် စားချင်နေ၍ပင်။
လယ်ယာခြံဝင်း ဘဝ၏ အကောင်းဆုံး အချက်က ဤသည်ပင် ဖြစ်၏။ ကိုယ်စားချင်သော ဟင်းသီးဟင်းရွက်ကို ကိုယ်တိုင် စိုက်ပျိုး၍ ရသည် မဟုတ်ပါလား။
ခြံဝင်းထဲမှ ခရမ်းချဉ်သီး... ကြက်သွန်မြိတ်... နံနံပင်... ဂျူးမြစ်... ငရုတ်သီး အစရှိသည်တို့ကို ကိုယ့်အကြိုက်အတိုင်း စိုက်ပျိုး၍ ရသည်။
ရွှီယန်မှာ မှန်လုံအိမ် ရှိနေပြီဖြစ်ရာ သစ်သီးများ စိုက်ပျိုးမည့် ကိစ္စကို အစီအစဉ်ထဲ ထည့်သွင်း၍ ရပြီ ဖြစ်၏။
"မင်းတို့ ပြောတာ ကြားမှ ငါလည်း အကုန် စိုက်ချင်လာပြီကွာ... အဓိကက ငါတို့ လယ်ယာခြံဝင်းက အပန်းဖြေ ခြံဝင်း ဖွင့်ထားတာ မဟုတ်တော့ အမျိုးအစားတွေ အရမ်းများရင် ရှင်းရတာ ခက်မယ်လေ... ဒါဆိုရင် လာမယ့်နှစ်မှာ သုံးလေးမျိုးလောက် စိုက်ကြတာပေါ့... နောက်နှစ်ရက်လောက်နေရင် ဟိုနဂါးမောက်သီး နည်းနည်းကို အရင် ခူးကြမယ်... အဲဒါတွေလည်း မှည့်တော့မယ်... ရောင်းလို့ရသလောက် ရောင်းရတာပေါ့..."
ရွှီယန်က မှာကြားလိုက်သည်။
နဂါးမောက်သီးများလည်း မှည့်တော့မည် ဖြစ်၏။
နောက်ပိုင်း လယ်ယာခြံဝင်းတွင် သီးနှံများ အများအပြား စိုက်ပျိုးထားပါက ရာသီတိုင်းတွင် ရိတ်သိမ်း၍ရသော သီးနှံများ ရှိနေမည် ဖြစ်ပြီး ထိုအခါကျမှ လယ်ယာခြံဝင်း၏ ထွက်ကုန် သယံဇာတများက တကယ်ကို ကြွယ်ဝလာမည် ဖြစ်သည်။
အပြင်မထွက်ဘဲ အိမ်ထဲမှာချည်းသာ နေလျှင်တောင် တစ်နှစ်ပတ်လုံး စားစရာ သောက်စရာ ပြတ်လပ်သွားမည် မဟုတ်တော့ချေ။
ဤသည်ကလည်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ရခြင်း၏ အားသာချက်ပင် ဖြစ်၏။
"သူဌေး... ပြဿနာ မရှိပါဘူးဗျ... သူဌေး မှာတဲ့အတိုင်း ကျွန်တော်တို့ အချိန်မရွေး ခူးပေးပါ့မယ်... အချိန်ကျရင် ကျွန်တော်တို့ ဈေးထဲ သွားရောင်းပြီး အကုန် ရောင်းထွက်အောင် လုပ်ပေးပါ့မယ်..."
ဝမ်ဝူက သဘောထားကို ထုတ်ဖော်ပြောဆိုလိုက်သည်။
"ကောင်းပြီ... နောက်နှစ်ရက်လောက်နေရင် ပင်ပန်းခံလိုက်ကြဦးဟေ့... ကိုယ်စားဖို့ နည်းနည်း ချန်ထားပြီး ကျန်တာ အကုန် ရောင်းပစ်လိုက်မယ်... ဒီမှန်လုံအိမ်မှာလည်း ဝင်ငွေ နည်းနည်းတော့ ရတာပေါ့..."
ရွှီယန်က မှာကြားလိုက်၏။
အားလုံးမှာ ကိုယ်စီ အလုပ်များ ရှိနေသေးသဖြင့် ကိုယ့်အလုပ်များကို ဆက်လုပ်ရန် ထွက်သွားကြပြီး ခဏမျှ အလုပ်များပြီးသည်နှင့် မွန်းတည့်ချိန်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
ရွှီယန်က မှန်လုံအိမ်ထဲမှ သီးနှံများ၏ အခြေအနေကို သွားကြည့်လိုက်ပြန်၏။
ဥပမာ ဘလူးဘယ်ရီပင် များကို ဆိုလျှင် ဘယ်နေရာမှ ဘလူးဘယ်ရီပင်များ ပြဿနာ ရှိနေသလဲ ဆိုသည်ကို မြင်သည်နှင့် သူက ချက်ချင်းပင် ဝန်ထမ်းများကို ခေါ်ပြီး မှတ်တမ်းတင်ခိုင်းကာ ဖြေရှင်းရန် ပြင်ဆင်ရသည်။
ရွှီယန်က စိုက်ပျိုးရေးပိုင်းတွင် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပြီး သူက သီးနှံများ၏ အခြေအနေကို အလွန် နားလည်သူ ဖြစ်၏။
တစ်ချက် နှစ်ချက်ခန့် ကြည့်လိုက်သည်နှင့် ဘယ်လို လုပ်ရမည်နည်း ဆိုသည်ကို ချက်ချင်း သိနိုင်ပေသည်။
ထို့ကြောင့်လည်း သူ၏ လယ်ယာခြံဝင်းက အထွက်နှုန်း ကောင်းနေခြင်း ဖြစ်၏။
ကျွမ်းကျင်သူ တစ်ယောက်က ဦးဆောင်နေမှတော့ အထွက်နှုန်းက သေချာပေါက် ကောင်းမည် မဟုတ်ပါလား။
ဝန်ထမ်းများကလည်း ကွယ်ရာတွင် ဤအကြောင်းကို ဆွေးနွေးဖြစ်ကြသည်။
ရွှီယန်၏ စိုက်ပျိုးရေးနှင့် ပတ်သက်သော ဗဟုသုတများက သူတို့အားလုံးကို အလွန် လေးစားသွားစေခဲ့၏။
လယ်ယာခြံဝင်းကလည်း ရွှီယန်ကြောင့်သာ ဤမျှအထိ တည်ငြိမ်စွာ တိုးတက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
"ဒီရာသီဥတုက နောက်ထပ် လဝက်လောက် နေရင် နှင်းကျတော့မှာပဲ..."
ရွှီယန်က ကောင်းကင်ကို မော့ကြည့်ရင်း ညည်းတွားလိုက်၏။
ဤဒေသ၏ ဆောင်းတွင်းက အတော်လေး အေးပြီး အိမ်ထဲတွင်သာ နွေးထွေးမှု ရှိပေသည်။
သူက ဆော့ကစားနေသော ကျားသစ်ပေါက်လေးကို လှမ်းကြည့်လိုက်၏။
မိခင်ကျားသစ်မကြီးကလည်း ဆောင်းတွင်းတွင် အရမ်း အေးလွန်းသဖြင့် ဤကောင်လေး အအေးမိသွားမည်ကို စိုးရိမ်၍ လယ်ယာခြံဝင်းသို့ လွှတ်လိုက်ခြင်း ဖြစ်နိုင်သည်။
တကယ်ကို အမြော်အမြင် ကြီးလှပေသည်။
ရွှီယန်က မှန်လုံအိမ်၏ အနက်ရှိုင်းဆုံး နေရာသို့ သွားပြီး သူစိုက်ထားသော အုန်းပင်လေး နှစ်ပင်ကို သွားကြည့်လိုက်၏။
သူက ဤအုန်းပင်လေး နှစ်ပင်ကို အတော်လေး တန်ဖိုးထားနေတုန်းပင်။
ရှားပါးသော အရာများက အမြဲတမ်း တန်ဖိုးကြီးတတ်သည် မဟုတ်ပါလား။
အပူပိုင်း ဒေသများတွင်ဆိုလျှင် အုန်းပင်က အရမ်းကို အတွေ့ရများပြီး အုန်းတောကြီးများတောင် ရှိသေး၏။
သို့သော် အရှေ့မြောက်ပိုင်းတွင်တော့ ဤသည်က တကယ်ကို အစစ်အမှန် ရတနာကောင်း တစ်ခုပင် ဖြစ်သည်။
အကယ်၍ အိမ်တစ်အိမ်ကသာ အုန်းပင် စိုက်၍ဖြစ်သည်ဟု ပြောလိုက်ပါက လူများ ဝိုင်းအုံလာကြမည်မှာ သေချာပေသည်။
'ငါ့ရဲ့ ဒီအုန်းပင်က အနည်းဆုံးတော့ အုန်းသီး သုံးလေးလုံးလောက်တော့ သီးမှာပဲ... ဆောင်းတွင်း အအေးဆုံးအချိန် ရောက်ရင် ခူးလိုက်မယ်... အုန်းရည် သောက်မလား... အုန်းထမင်း လုပ်စားမလား... အားလုံး ကောင်းတာချည်းပဲ...'
ရွှီယန်က အုန်းပင်ကို ကြည့်ရင်း စိတ်ထဲတွင် အစီအစဉ်များ ရှိနေပြီ ဖြစ်၏။