အခန်း ၁၆၄
Vol. 17 Ch. 164
အခန်း (၁၆၄) လောင်ရွှီ... နောက်ထပ် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန် တစ်ကောင်လောက် ထပ်မွေးလိုက်ပါ... ဒီတစ်ကောင်တည်းနဲ့ ဘာမှမထူးပါဘူး
"ဒီတစ်ခေါက် ကျွန်တော် အသားနည်းနည်း ယူလာတယ်... ဒီနှင်းခွေးတွေကို အစာနည်းနည်းလောက် ကျွေးချင်လို့ပါ"
"အခုလို ရာသီမျိုးမှာ နှင်းခွေးတွေ အစာရှာဖို့ ပိုပိုပြီး ခက်ခဲလာတယ်လေ"
"ဆောင်းတွင်းရောက်ရင် သူတို့ အစာရှာဖို့အတွက် အဝေးကြီးကို ပြေးထွက်ရတော့ လူတွေ နေထိုင်တဲ့ နယ်မြေတွေဆီကို ရောက်လာတတ်ကြတယ်"
"ဒါပေမဲ့ လူအရမ်းများတဲ့ ရွာတွေဆီကိုတော့ မသွားကြဘူး... လူနည်းနည်း နည်းတဲ့ နေရာတွေဖြစ်တဲ့ ဝေးလံခေါင်သီတဲ့ ရဲစခန်းတွေ... လယ်ယာခြံဝင်းတွေဆီကိုပဲ သွားတတ်ကြတယ်"
"ရဲစခန်းက ရဲတွေ... လယ်ယာခြံဝင်း ပိုင်ရှင်တွေက သူတို့ကို အစာကျွေးတတ်ကြတယ်"
"ဒီနှင်းခွေးလေး ကြည့်ရတာ ဗိုက်ဆာနေပုံပဲ... သူ့ကို အစာနည်းနည်း ကျွေးလိုက်ရင် ကောင်းမှာပါ"
ရွှီယန်က လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများကို ပြောပြနေသည်။
"ဒီနေရာမှာ တစ်ခု သတိပေးချင်တာက တောရိုင်းတိရစ္ဆာန်တွေကို ကျပန်း အစာမကျွေးသင့်ပါဘူး... ကျွန်တော်က တောင်ထဲမှာ နေထိုင်ပြီး တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အသိအမှတ်ပြု လက်မှတ် ရထားတဲ့ လယ်ယာခြံဝင်း ပိုင်ရှင် တစ်ယောက်ဖြစ်လို့ အစာကျွေးခွင့် ရှိတာပါ"
ကျပန်း အစာမကျွေးသင့်ဟု ပြောရခြင်း၏ အဓိက အကြောင်းရင်းမှာ ရည်ရွယ်ချက်ရှိရှိဖြင့် အစာကျွေးခြင်းမျိုးကို ကာကွယ်ရန်ပင် ဖြစ်သည်။
အစာကျွေးခြင်းက စိတ်ဖိစီးမှု ပြေပျောက်စေသော ကိစ္စတစ်ခု ဖြစ်သလို မေတ္တာစိတ် တစ်ခုလည်း ဖြစ်သော်လည်း လွန်ကျူးသွားပါက မကောင်းပေ။
အချို့လူများက အဆက်မပြတ် အစာကျွေးရသည်ကို သဘောကျပြီး တိရစ္ဆာန်လေးများကို ဝက်များကဲ့သို့ ဝလာသည်အထိ ကျွေးတတ်ကြသည်။
အချို့ တိရစ္ဆာန်ရုံများဆိုလျှင် ဘယ်လိုမှ မတတ်နိုင်တော့သဖြင့် လာလည်သူများကို ဆက်မကျွေးရန် သတိပေးရသော်လည်း လာလည်သူများ၏ စိတ်အားထက်သန်မှုကိုတော့ တားဆီး၍ မရနိုင်ချေ။
တောရိုင်းတိရစ္ဆာန်များကတော့ အတော်လေး အဆင်ပြေသည်။ ဘာကြောင့်လဲဆိုတော့ လူအတော်များများက အစာကျွေးခွင့် မရကြသောကြောင့်ပင်။
အင်တာနက်သုံးစွဲသူများကလည်း လိုက်ဖ်ကို ကြည့်ရင်း ရွှီယန် အမြန် နှင်းခွေးအား အသားကျွေးသည်ကို မြင်ချင်နေကြပြီ ဖြစ်သည်။
သို့သော် ဘေးတွင် ကျားသစ်ပေါက်လေး ရှိနေသဖြင့် နှင်းခွေးက လုံးဝ အပြင်ထွက်မလာချေ။ ဤသည်ကလည်း သိသာထင်ရှားသော ကိစ္စပင်။
'ငါက အရူးမှ မဟုတ်တာ... အသေခံပြီး အပြင်ထွက်သွားစရာလား'
နှင်းခွေးကို အစာကျွေးရန်အတွက် ရွှီယန်က ကျားသစ်ပေါက်လေးကို ခပ်ဝေးဝေး သွားခိုင်းရတော့သည်။
"ရှောင်ဟွာ... ဟိုနားမှာ ခဏသွားဆော့ချေ... ဟိုမှာ သစ်ရွက်ကြွေပုံကြီး ရှိတယ်... မင်း အဲဒီထဲဝင်ပြီး အားရပါးရ ဆော့လို့ရတယ်"
ရွှီယန်က ထူထပ်နေသော သစ်ရွက်ကြွေပုံကြီးကို လက်ညှိုးထိုးပြကာ ကျားသစ်ပေါက်လေးအား ပြောလိုက်သည်။
ရွှီယန်၏ စကားကို ကြားသောအခါ ကျားသစ်ပေါက်လေးက သစ်ရွက်ကြွေပုံကြီးကို ကြည့်ပြီး ချက်ချင်းပင် ထိုနေရာသို့ ပြေးသွားတော့သည်။ ထို့နောက် သစ်ရွက်ကြွေပုံထဲတွင် လူးလှိမ့်နေတော့၏။
သူက အားရပါးရ လူးလှိမ့်နေပြီး သစ်ရွက်ကြွေများ အများအပြား လွင့်စဉ်တက်လာသည်။ ဤမြင်ကွင်းက တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပေသည်။
အင်တာနက်သုံးစွဲသူများလည်း မနေနိုင်ဘဲ ရယ်မောလိုက်ကြသည်။
[ဟားဟားဟား... ဒီကျားသစ်ဝဝကြီး ဆော့နေတာ တော်တော် ပျော်နေပုံပဲ]
[အရမ်း ချစ်စရာကောင်းတယ်... သစ်ရွက်တွေနဲ့တောင် ဆော့တတ်သေးတယ်]
[ကြည့်နေရင်းနဲ့ ငါတောင် အထဲဝင်ပြီး လူးလှိမ့်ချင်လာပြီ]
[လူးလှိမ့်ချင်တာ +၁ ပါ]
ကျားသစ်ပေါက်လေးက သစ်ရွက်ကြွေများကြားတွင် အားရပါးရ ဆော့ကစားနေသည်။
ဤအခွင့်အရေးကို အသုံးချပြီး ရွှီယန်က နှင်းခွေး ရှိနေသော သစ်ခေါင်းပေါက်ဆီသို့ သွားလိုက်သည်။
"အကောင်လေး... အကောင်လေး"
"ရွှီးရွှီးရွှီးရွှီးရွှီး"
ရွှီယန်က တိုးတိုးလေး ခေါ်လိုက်ပြီး အသားကို သစ်ခေါင်းပေါက်ရှေ့တွင် ချထားလိုက်သည်။
ရွှီယန်၏ အသံကို ကြား၍လား သို့မဟုတ် အသားနံ့ ရသွား၍လားတော့ မသိချေ။ သိပ်မကြာခင်မှာပင် နှင်းခွေး၏ နှာခေါင်းလေးက သစ်ခေါင်းပေါက်ထဲမှ ထွက်လာခဲ့သည်။
ဤကောင်လေးက တကယ်ကို ချစ်စရာကောင်းလွန်းလှသည်။ မျက်လုံးပြူးပြူးလေးများနှင့် တကယ့်ကို အသည်းယားစရာလေးပင်။
မြွေပါမျိုးနွယ်ဝင်များက မူလကတည်းက ချစ်စရာကောင်းပြီး နှင်းခွေးကတော့ ထိုအထဲတွင် အထူးချွန်ဆုံးပင် ဖြစ်သည်။ ဤမျက်နှာလေးကို ကြည့်လိုက်သည်နှင့်တင် အလွန် လှပနေပြီ ဖြစ်၏။
နှင်းခွေးက သတိထားပြီး အရင်ဆုံး ဘေးဘီကို ကြည့်လိုက်သည်။ ကျားသစ်ပေါက်လေး မရှိတာ သေချာတော့မှသာ ခေါင်းကို ထုတ်လာခြင်း ဖြစ်၏။
ရွှီယန်က အသားကို ကမ်းပေးလိုက်သည်။
နှင်းခွေးက အခြေအနေကို ကောင်းကောင်း နားလည်ပုံရပြီး တိုက်ရိုက် ခုန်အုပ်ခြင်းမျိုး မလုပ်ဘဲ သတိထားကာ ခေါင်းကို ထုတ်လာပြီး အသားစိမ်းကို ကိုက်ယူလိုက်သည်။
ထို့နောက် အသားကို ကိုက်ချီကာ သစ်ခေါင်းပေါက်ထဲသို့ လျင်မြန်စွာ ပြန်ဝင်သွားတော့၏။ ကြည့်ရသည်မှာ ဤကောင်လေး သစ်ခေါင်းပေါက်ထဲတွင် အရသာရှိရှိ စားသောက်နေလောက်ပြီ ဖြစ်သည်။
ဒရုန်းက ကျားသစ်ကို ခဏမျှ ရိုက်ကူးပြီးနောက် ကင်မရာကို ရွှီယန်ဆီသို့ ပြန်လှည့်လိုက်သည်။
ရွှီယန်က နှင်းခွေးကို ခိုးကြောင်ခိုးဝှက် အစာကျွေးနေသည်ကို မြင်သောအခါ အင်တာနက်သုံးစွဲသူများက ပို၍ပင် သဘောကျသွားကြတော့သည်။
[လောင်ရွှီ က ကျားသစ်ကို ဖယ်ထားပြီး နှင်းခွေးကို အစာကျွေးရမယ် ဆိုတာတောင် သိသေးတယ်]
[ပါးနပ်လိုက်တာကွာ]
[ဒီနှင်းခွေးကိုပါ မွေးလိုက်ပါလား... ဒီတစ်ကောင်တည်းနဲ့ ဘာမှမထူးပါဘူး]
[လောင်ရွှီ အခုဆို သူ့မှာ ထောင်ဒဏ် နှစ်တွေ တော်တော်များနေလောက်ပြီ... ဒီကျားသစ် တစ်ကောင်တည်းနဲ့တင် ခုနစ်နှစ်လောက်တော့ အနည်းဆုံး ကျမှာပဲ]
[လောင်ရွှီရေ... ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်တွေ အများကြီး ထပ်မွေးလိုက်ပါ... သေဒဏ်ကျတဲ့အထိ စုထားလိုက်]
အင်တာနက်သုံးစွဲသူများက လိုက်ဖ်ထဲတွင် အသီးသီး နောက်ပြောင်နေကြသည်။
ဤပရိသတ်များက တကယ်ကို ရိုးသားကြပေသည်။ လိုက်ဖ်လွှင့်သူကို သေစေချင်ရုံ သက်သက်ပင်။
ကံကောင်း၍ ရွှီယန်က ကွန်မန့်များကို မဖတ်လို့သာ။ မဟုတ်ပါက ဤကောင်များကြောင့် ထပ်ပြီး စိတ်ညစ်ရဦးမည် ဖြစ်သည်။
အသံမျိုးစုံ ထွက်ပေါ်နေသောကြောင့်လည်း လိုက်ဖ်ထဲမှ လေထုက အတော်လေး ပျော်ရွှင်စရာ ကောင်းနေခြင်း ဖြစ်၏။
ထိုအချိန်တွင် နှင်းခွေးက သစ်ခေါင်းပေါက်ထဲမှနေ၍ ခေါင်းလေး ထပ်ထုတ်လာပြီး ရွှီယန်ကို ကြည့်ကာ နှာခေါင်းလေး ရှုံ့ပြပြီး သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ အပြည့်ပင်။ သူ၏ပုံစံက ဤသို့ မေးနေသလိုပင်။
'ထပ်ရှိသေးလား'
ရွှီယန် လဲလှယ်ထားသော အသားစိမ်းများက အတော်လေး များသေးသဖြင့် နောက်ထပ် တစ်တုံး ထပ်ပေးလိုက်သည်။
နှင်းခွေးက ပျော်ရွှင်စွာဖြင့် စားသောက်နေတော့၏။
တောင်ထဲတွင် နေထိုင်သော လူတစ်ယောက်အနေဖြင့် တောထဲမှ တိရစ္ဆာန်များ ဗိုက်ဆာပါက ကူညီပေးခြင်းက ပုံမှန်ပင် ဖြစ်သည်။
ဆိုက်ဘေးရီးယား ဘက်တွင်ဆိုလျှင် ဆောင်းတွင်းရောက်သည့်အခါ လယ်ယာခြံဝင်း ပိုင်ရှင် အတော်များများက တောထဲသို့ သွားပြီး တိရစ္ဆာန်များကို ကယ်ဆယ်ခြင်း အစာကျွေးခြင်းများ လုပ်တတ်ကြသည်။
သို့သော် ထိုဘက်မှ လူများကတော့ အတော်လေး ရိုင်းစိုင်းကြ၏။
လယ်ယာခြံဝင်း ပိုင်ရှင် တစ်ယောက်က အစားအစာများ သယ်ဆောင်ကာ တောထဲသို့ သွားပြီး တောဝက်များကို အစာကျွေးရာ တစ်ကြိမ်တည်းနှင့် တောဝက်ပေါက်လေး အကောင် နှစ်ဆယ် သုံးဆယ်ခန့်ကို ကျွေးနိုင်သည် ဆိုတော့ အတော်လေး မိုက်လှပေသည်။
ယခု ဆောင်းတွင်းသို့ ရောက်တော့မည်ဖြစ်ရာ နောက်ပိုင်း ရွှီယန် တောင်ပေါ်တက်လျှင် ကယ်ဆယ်ရန် လိုအပ်သော တောရိုင်းတိရစ္ဆာန်များနှင့် တွေ့ရရန် အခွင့်အရေး ပိုများလာတော့မည် ဖြစ်သည်။
ရွှီယန်က ဤဘက်တွင် နှင်းခွေးကို အသားစိမ်း ကျွေးနေစဉ် သိပ်မကြာခင်မှာပင် ကျားသစ်ပေါက်လေးက တစ်ခုခု မှားယွင်းနေမှန်း သတိထားမိသွားသည်။
၎င်းက ရွှီယန် ခိုးကြောင်ခိုးဝှက်နှင့် ဘာတွေလုပ်နေမှန်း မသိသည်ကို မြင်တော့ သစ်ရွက်ကြွေပုံထဲတွင် ဆက်မဆော့တော့ဘဲ ရွှီယန်၏ ဘေးသို့ ခပ်သုတ်သုတ် ပြေးလာခဲ့၏။
သူ့ကို မြင်သည်နှင့် နှင်းခွေးက ချက်ချင်းပင် သစ်ခေါင်းပေါက်ထဲသို့ ပြန်ဝင်သွားတော့သည်။
ကျားသစ်ပေါက်လေးက ဘေးဘီကို ကြည့်ရှုရင်း ရွှီယန် ဘာလုပ်နေသလဲဆိုသည်ကို သိချင်နေသည်။ ရွှီယန်က နောက်ဆုံး ကျန်နေသော အသားစိမ်း တစ်တုံးကို ထုတ်ပြီး ၎င်းကို ကျွေးလိုက်ကာ ပြုံးရင်း ပြောလိုက်၏။
"ဘာမှမဖြစ်ပါဘူး... ဒီတိုင်း လျှောက်ကြည့်နေတာပါ"
ထိုအချိန်တွင် ရွှီယန်၏ ခေါင်းထဲ၌ စနစ်ဆီမှနေ၍ တာဝန် ပြီးမြောက်ကြောင်း အသိပေးသံ ထွက်ပေါ်လာခဲ့သည်။
[ရတနာရှာဖွေရေး တာဝန် ပြီးမြောက်ပါသည်... ဆုလာဘ်အဖြစ် နှင်းခွေး၏ ခင်မင်မှုကို ရရှိပါသည်]
[ခင်မင်မှု ဆုလာဘ် ရရှိပါသည် - အလွန် နွေးထွေးသော လည်စည်း (နည်းပညာသုံး အမွေးအမျှင် သားရေ... အနွေးဓာတ်ပေးနိုင်စွမ်းမှာ နှင်းခွေးသားရေနှင့် ဆင်တူပါသည်)]
ဤတစ်ကြိမ် တာဝန်၏ ဆုလာဘ်က လည်စည်း တစ်ထည် ဖြစ်သည်။
ယခင်က ရွှီယန်သည် အနွေးထည် အင်္ကျီတစ်ထည် ဆုရခဲ့ဖူးပြီး ယခု လည်စည်း တစ်ထည် ထပ်ရပြန်ပြီ ဖြစ်၏။ ဤသို့ဆိုလျှင်တော့ ယခု ဆောင်းတွင်း အပြင်ထွက်ပါက အအေးဒဏ်ကို ကြောက်စရာ မလိုတော့ချေ။ ဤပစ္စည်းများကို ဝတ်ဆင်ပြီး တောင်ပေါ်တက်ရသည်မှာလည်း အဆင်ပြေပေသည်။
"ရှောင်ဟွာ... သွားမယ်... မြစ်နားသွားပြီး ရေနည်းနည်း သောက်မယ်... ပြီးရင် အိမ်ပြန်ကြမယ်... အခုက အေးတာ မြန်တယ်... စောစောပြန်ပြီး နားရအောင်"
ရွှီယန်က လှမ်းခေါ်လိုက်သည်။ သူက မတ်တတ်ရပ်ပြီး အပြင်သို့ လျှောက်သွားရာ ကျားသစ်ပေါက်လေးကလည်း အလျင်အမြန် လိုက်ပါလာခဲ့၏။
ဘေးနားတွင် မြစ်တစ်စင်း ရှိပြီး သိပ်မနက်ပေ။
ရှောင်ဟွာလည်း အပြင်ထွက်လာတာ တစ်နေကုန်ပြီဖြစ်သဖြင့် ပင်ပန်းနေလောက်ပြီ ဖြစ်သည်။ ရွှီယန်က ၎င်းကို မြစ်နားတွင် စမ်းရေ အနည်းငယ် သောက်ခိုင်းလိုက်၏။
ဤသည်ကလည်း ၎င်းကို တောထဲမှ ပတ်ဝန်းကျင်နှင့် အနည်းငယ် ရင်းနှီးသွားစေနိုင်သည်။
ဤကောင်လေး ရေသောက်သည့်အခါ နည်းနည်းလေးမှ သတိထားနေတာမျိုး မရှိဘဲ ခေါင်းငုံ့ပြီး ရေကို ဖွဖွလေး လျက်နေသည်။
တိရစ္ဆာန်များ၏ ဘုရင် ဟု ခေါ်သော ကျားတောင် ရေသောက်သည့်အခါ ရှေ့ခြေထောက်များကို တင်းထားပြီး ရေထဲတွင် အန္တရာယ် တစ်ခုခု ရှိနေမလားဆိုသည်ကို သတိထား စောင့်ကြည့်နေတတ်၏။
ဤကောင်လေး ကြီးပြင်းလာရသည်မှာ တကယ်ကို မလွယ်ကူလှဟုသာ ပြောရမည်။
ရေသောက်ပြီးနောက်တွင်တော့ လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်က တောထဲတွင် ဆက်လက် လမ်းလျှောက်နေပြီး အိမ်ပြန်ရန် ပြင်ဆင်လိုက်ကြသည်။
နှင်းခွေးက သစ်ခေါင်းပေါက်ထဲမှနေ၍ ခေါင်းလေး ထုတ်လာပြီး ရွှီယန်ရှိရာဘက်သို့ စက္ကန့်အနည်းငယ်ခန့် ကြည့်နေခဲ့၏။ ၎င်းက ရွှီယန်၏ ပုံစံကို မှတ်မိသွားပြီ ဖြစ်သည်။ နောက်ပိုင်း ဗိုက်ဆာလျှင် လာရှာမည်မှာ သေချာပေသည်။
ရွှီယန်က လမ်းလျှောက်နေရင်း အချည်းနှီးတော့ မဖြစ်ခဲ့ချေ။ သူက လမ်းတွင် အတော်လေး ကြည့်ကောင်းသော မှိုအချို့ကို ကောက်ရခဲ့သေးသည်။
ဤရာသီ၏ မှိုများက နောက်ဆုံးအသုတ် ဖြစ်ပြီး ဆောင်းတွင်းရောက်လျှင် တောထဲတွင် မှိုများ မရှိတော့ပေ။ ထို့အပြင် ဤရာသီ၏ မှိုများက အခိုင်မာဆုံးနှင့် အရသာ အရှိဆုံးဖြစ်ပြီး အကောင်းဆုံး မှိုများသာ ရှင်သန် ကြီးထွားလာနိုင်ခြင်း ဖြစ်သည်။ ဤသည်ကလည်း သာယာလှပသော နေ့တစ်နေ့ပင် ဖြစ်၏။
အင်တာနက်သုံးစွဲသူများက ရွှီယန် မှိုကောက်ရသည်ကို မြင်သောအခါ သူတို့၏ မျက်နှာပေါ်တွင် အားကျမှုများ အထင်းသား ပေါ်လွင်နေသည်။
[လောင်ရွှီ ရဲ့ တောင်ထွက်ပစ္စည်း ရှာတဲ့ စွမ်းရည်က တကယ် အစွမ်းထက်တာပဲ... ငါသာ သူ့လို စွမ်းရည်မျိုး ရှိရင် တောင်ပေါ်တက်ပြီး တောင်ထွက်ပစ္စည်းတွေ ရှာကာ ချမ်းသာအောင် လုပ်မှာပဲ]
[ဒီစွမ်းရည်က အရမ်း ခက်ခဲတယ်... တောင်ထဲမှာ နေတဲ့ လူတွေ အများကြီးထဲမှာ တောင်ပေါ် မကြာခဏ တက်တဲ့သူ ဘယ်နှစ်ယောက် ရှိလဲ သေချာ ကြည့်ကြည့်ပါဦး... ပါထို ဖြစ်လာနိုင်တဲ့သူကရော ဘယ်နှစ်ယောက် ရှိလဲ]
[တကယ်ပဲ... ငါလည်း တောင်ပေါ်ရွာလေး တစ်ရွာမှာ နေတာ... ရွာသား အများစုက ပတ်ဝန်းကျင်က နေရာတွေမှာပဲ တောဟင်းရွက် နည်းနည်းပါးပါး ကောက်ကြတာ... တောနက်ထဲကို လုံးဝ မဝင်ရဲကြဘူး]
[သေချာတာပေါ့... တောင်ပေါ်သားတွေကလည်း လူတွေပဲလေ... အကုန်လုံးက သေမှာ ကြောက်ကြတာပဲ... သေမှာ မကြောက်တဲ့သူ ဒါမှမဟုတ် အတွေ့အကြုံ ရင့်ကျက်တဲ့သူ ဆိုတာ ရှားပါတယ်... သေမှာလည်း မကြောက် အတွေ့အကြုံလည်း ရင့်ကျက်တယ် ဆိုရင်တော့ တကယ့်ကို ရှားရှားပါးပါးပါပဲ]
အားလုံးက လိုက်ဖ်ထဲတွင် စကားစမြည် ပြောဆိုနေကြသည်။
"မဆိုးပါဘူး... ဒီနေ့ သီးနှံရိတ်သိမ်းတာလည်း မဆိုးဘူး... မှိုနည်းနည်း ကောက်ရတယ်... အိမ်ပြန်ရင် ဟင်းသီးဟင်းရွက် နည်းနည်း ခူးပြီး ကြက်သားနဲ့ နှပ်စားရင် ညစာ ရပြီလေ"
"ဒီရက်ပိုင်း လယ်ယာခြံဝင်းထဲက ကြက်တွေ ဘဲတွေလည်း ကြီးလာပြီဆိုတော့ အသား မရှားတော့ဘူး"
"ဒါတောင် ငါမွေးထားတာ နည်းသေးတယ်လို့ ထင်ရတယ်... နောက်နှစ်ကျရင် ပိုများများ မွေးရမယ်"
ရွှီယန်က မှိုတစ်ပွင့်ကို ကောက်ယူရင်း ကျေနပ်အားရစွာဖြင့် ပြောလိုက်သည်။
လယ်ယာခြံဝင်းဆိုသည်မှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို တွဲလုပ်ခြင်းဖြစ်သဖြင့် အသားနှင့် ဟင်းသီးဟင်းရွက်များ မရှားပါချေ။
အထူးကာလ တစ်ခုတုန်းကဆိုလျှင် ကျေးလက်ဒေသ အတော်များများက လုံးဝ အပိတ်ခံထားရပြီး အပြင်လူများနှင့် အဆက်အသွယ် လုံးဝ မရှိခဲ့သော်လည်း အစားအသောက် လုံလောက်စွာ ရရှိခဲ့ကြသည်။
ဘဝက အများကြီး ချမ်းသာကြွယ်ဝနေခြင်းမျိုး မဟုတ်လျှင်တောင် ဗိုက်ဝအောင် စားရန်ကတော့ ပြဿနာ မရှိပေ။
ကျားသစ်ပေါက်လေးက ဘေးမှနေ၍ ရွှီယန် မှိုကောက်နေသည်ကို ကြည့်နေပြီး မှိုများကို နည်းနည်းလေးမှ စိတ်မဝင်စားချေ။
ဤကောင်လေးက အသားစားရန်သာ သဘောကျပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို တစ်ခါမှ မစားပေ။
တိရစ္ဆာန် တစ်ကောင်နှင့် တစ်ကောင်၏ ဖွဲ့စည်းပုံက မတူညီကြချေ။ ခွေးမျိုးနွယ်ဝင်များကတော့ အကုန်စားပြီး အကြိုက်ဆုံးကတောင် ကြက်ဥမုန့် ပင် ဖြစ်နေသေးသည်။
ယခင်က အင်တာနက်နာမည်ကြီး ဝံပုလွေမှာ အသားစားသော်လည်း ကြက်ဥမုန့်နှင့် မုန့်များ စားပြီးနောက်တွင်တော့ လုံးဝကို ပြောင်းလဲသွားခဲ့၏။
'အသားစိမ်းလား... အဲဒါကို မကင်ဘဲ ဟင်းခတ်အမွှေးအကြိုင် မထည့်ဘဲ စားလို့ရပါ့မလား... အမဲသားခြောက်လောက် ဘယ်ကောင်းပါ့မလဲ'
ရွှီယန်က နောက်ပြန်လှည့်လာပြီး အချိန်တော်လောက် ရောက်သည့်အခါ အင်တာနက်သုံးစွဲသူများကို လက်ပြနှုတ်ဆက်ကာ တစ်နေ့တာ လိုက်ဖ်ကို အဆုံးသတ်လိုက်သည်။
ယခုဆိုလျှင် သူ၏ လိုက်ဖ်က အရမ်းကို တည်ငြိမ်နေပြီး နေ့စဉ် ကြည့်ရှုသူ အရေအတွက်က လေးသောင်းကျော်မှ ငါးသောင်းကျော် ဝန်းကျင်တွင် ရှိနေ၏။ လူတစ်သိန်းကျော် ကြည့်သော နာမည်ကြီး လိုက်ဖ်လွှင့်သူ မဟုတ်သော်လည်း ပရိသတ်အုပ်စုက အလွန် တည်ငြိမ်ပေသည်။
ယခုဆိုလျှင် ငါးနာရီ ခြောက်နာရီခန့် လိုက်ဖ်လွှင့်သည်နှင့် တစ်နေ့ကို ကျော်ကြားမှု ရမှတ် နှစ်သိန်းကျော်ခန့် ရနေပြီ ဖြစ်သည်။
သေချာသည်မှာ ဤသည်က သူ ကျားသစ်ကို ခေါ်ပြီး တောင်ပေါ်တက် လိုက်ဖ်လွှင့်သည့် အချိန်ကို ပြောခြင်း ဖြစ်၏။
အကယ်၍ လယ်ယာခြံဝင်း၏ နေ့စဉ်ဘဝကို လိုက်ဖ်လွှင့်မည်ဆိုပါက ကြည့်ရှုသူ အရေအတွက် ထိုမျှလောက် များမည် မဟုတ်သလို ရရှိသည့် ကျော်ကြားမှု ရမှတ်လည်း ဤမျှ မြင့်မည် မဟုတ်ချေ။
လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်က သိပ်မကြာခင်မှာပင် လယ်ယာခြံဝင်းသို့ ပြန်ရောက်လာခဲ့ကြသည်။
လယ်ယာခြံဝင်း အဝင်ဝတွင် မာဝန်နှင့် လီဆန်းတို့ စကားပြောနေကြ၏။ ကျားသစ် ပေါ်လာသည်ကို မြင်သောအခါ သူတို့နှစ်ယောက်မှာ သိသိသာသာကို အနည်းငယ် စိုးရိမ်သွားကြသည်။
"သူဌေး... ပြန်ရောက်ပြီလား"
သူတို့က နှုတ်ဆက်လိုက်ကြ၏။
"အင်း... အပြင်ဘက်ကို ခဏ သွားလျှောက်ကြည့်တာပါ"
ရွှီယန်က ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်ကာ လယ်ယာခြံဝင်းထဲသို့ ဝင်သွားသည်။
ကျားသစ်ပေါက်လေးကတော့ ထိုလူနှစ်ယောက်ကို လုံးဝ ဂရုမစိုက်ဘဲ ရွှီယန်၏ အနောက်မှနေ၍ လယ်ယာခြံဝင်းထဲသို့ ပြေးဝင်သွားပြီး ရှောင်ဟေးနှင့် သွားဆော့နေတော့၏။
ရွှီယန်က မှန်လုံအိမ်ထဲသို့ တစ်ပတ်ခန့် ဝင်ကြည့်ပြီးနောက် ဝန်ထမ်းများကို ခေါ်ယူစုစည်းလိုက်သည်။ သူက သူတို့ သုံးယောက်ကို မှာကြားလိုက်၏။
"နဂါးမောက်သီးတွေ တော်တော်လေး မှည့်နေပြီဆိုတော့ မနက်ဖြန် စခူးလို့ရပြီ... ပြီးရင် ဈေးထဲမှာ သွားရောင်းဖို့ ပြင်ဆင်ကြပါ"
"အရင်တစ်ခေါက် စတော်ဘယ်ရီ ရောင်းတုန်းက စုံစမ်းကြည့်သေးလား... အဲဒီဈေးထဲမှာ နဂါးမောက်သီး ရောင်းတဲ့သူ ရှိလား"
ရွှီယန် ဤသို့ မေးသည်ကလည်း ပုံမှန်ပင် ဖြစ်သည်။
နဂါးမောက်သီးက တစ်နှစ်ပတ်လုံး ရှိပြီး မျိုးစိတ်အပေါ် မူတည်ကာ ဈေးကွက်ဝင်သည့် ရာသီ မတူညီကြပေ။
ဥပမာ သူ၏ အရောင်နှစ်မျိုးစပ် နဂါးမောက်သီး ဆိုလျှင် ၅ လပိုင်းမှ ၁၁ လပိုင်းအတွင်း ဈေးကွက်ဝင်သဖြင့် သူ့အတွက် သိပ်ပြီး အားသာချက် မရှိချေ။
ယခု မှန်လုံအိမ်ဖြင့် စိုက်သော နဂါးမောက်သီးများ အလွန်များနေသဖြင့် အမြတ်အစွန်းက ထိုမျှလောက် မမြင့်မားပေ။
"သူဌေး... ဈေးထဲမှာတော့ မရှိဘူး... ကျွန်တော် ကြည့်ပြီးပြီ"
"ဒါပေမဲ့ မြို့ထဲက စူပါမားကတ်တွေ... သစ်သီးဆိုင်တွေမှာတော့ သေချာပေါက် ရှိတယ်... အဲဒီ သစ်သီးဆိုင် ပိုင်ရှင်တွေက သွားဝယ်ကြမှာလေ"
"ကျွန်တော် ထင်တာကတော့ သစ်သီးဆိုင်တွေက ဈေးကို စုံစမ်းပြီး သစ်သီးဆိုင်ထက် နည်းနည်း ပိုပေါပေါလေး ရောင်းရင် ရပါပြီ"
မာဝန်က ပြန်ဖြေလိုက်သည်။
ရွှီယန်က ခေါင်းညိတ်လိုက်၏။ သူလည်း ဤသို့ပင် စဉ်းစားထားခြင်း ဖြစ်သည်။
ယေဘုယျအားဖြင့် သစ်သီးဆိုင်များတွင် ရောင်းသော သစ်သီးဈေးက ကားဖြင့် သယ်လာပြီး အပြင်တွင် ရောင်းသည့်ဈေးထက် နည်းနည်း ပိုကြီးတတ်သည်။
ဘာကြောင့်လဲဆိုတော့ သစ်သီးဆိုင်များက ဆိုင်ခန်းငှားရမ်းခ ရေဖိုး မီးဖိုး စသည့် ကုန်ကျစရိတ်များကို ထည့်တွက်ရသောကြောင့် ဖြစ်၏။
ထို့ကြောင့် အပြင်တွင် ရောင်းခြင်း၏ အားသာချက်က ကုန်ကျစရိတ် နည်းပြီး ဈေးသက်သာခြင်းပင် ဖြစ်သည်။
"ကောင်းပြီ... အချိန်ကျရင် ဈေးထဲကို သွားကြည့်ပြီး ဈေးတစ်ခု သတ်မှတ်လိုက်မယ်... ပြီးရင် အဲဒီဈေးနဲ့ပဲ ရောင်းကြတာပေါ့"
"နဂါးမောက်သီးတွေကို အကုန်ရောင်းပြီး အမြတ်နည်းနည်းလောက် ရှာရတာပေါ့"
"ဒါတွေက အသေးအဖွဲလေးတွေပါ... သိပ်မများပါဘူး"
"နောက်ထပ် နှစ်လလောက်နေရင်... ၁၂ လပိုင်းလောက် ရောက်ရင် ငါ့ရဲ့ ဘလူးဘယ်ရီတွေ မှည့်ပြီ... အဲဒါကမှ အဓိကပဲ"
"အဲဒီအချိန်ကျရင် အားလုံး ပိုပြီး ပင်ပန်းခံလိုက်ကြဦး"
ရွှီယန်က အစီအစဉ်များ ချမှတ်ပေးလိုက်သည်။
"သူဌေး... စိတ်ချပါ... ပြဿနာ မရှိပါဘူး"
သုံးယောက်စလုံးက ပြန်လည် ဖြေကြားလိုက်ကြ၏။