အခန်း ၁၆၅
Vol. 17 Ch. 165
အခန်း (၁၆၅) ရှောင်ဟေးရဲ့ နားလည်ရခက်တဲ့ အပြုအမူ... ကိုယ့်ဘာသာ တွင်းတူးပြီး မြှုပ်တော့မလို့လား
ရွှီယန်က ညဘက် တီဗီကြည့်ရင်း စားရန်အတွက် နဂါးမောက်သီး တစ်ပန်းကန်ကို ယူလာခဲ့သည်။
သူက တစ်လုံးကို အခွံခွာ၊ လှီးဖြတ်ပြီး ပန်းကန်ထဲသို့ ထည့်လိုက်၏။
ထိုအချိန်တွင် အပြင်ဘက်မှ ဘဲများ၏ ဂါးဂါး အော်သံများကို ကြားလိုက်ရသည်။
'ဟင်... ဘဲတွေ ထွက်ပြေးလာတာလား... အိမ်မပြန်ကြသေးဘူးလား'
ရွှီယန်လည်း ထိုင်ရာမှထကာ ဘဲများကို သွားမောင်းရတော့သည်။
အပြင်ဘက်တွင် ဘဲအနည်းငယ်က အိမ်ပြန်နောက်ကျပြီး သတိမထားမိလိုက်ပုံရ၏။ ယခုတော့ ဘဲခြံထဲသို့ ပြန်မဝင်နိုင်တော့သဖြင့် လူနေဆောင်ဘက်သို့ ရောက်လာကာ အော်ဟစ်နေကြခြင်း ဖြစ်သည်။
ရွှီယန်က ၎င်းတို့ကို အသိုက်ထဲသို့ ပြန်မောင်းသွင်းလိုက်သည်။ ရွှီယန် ပြန်ရောက်လာချိန်တွင်တော့ ပန်းကန်ထဲရှိ နဂါးမောက်သီးများမှာ အရိပ်အယောင်ပင် မတွေ့ရတော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
ရွှီယန်တွင် ကိုယ်ပိုင် ခြံဝင်းတစ်ခု ရှိပြီး သူ၏ အိမ်မှာ အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်း တစ်ခန်းနှင့် ရေချိုးခန်း တစ်ခန်း ပါဝင်ကာ ဘေးတွင်လည်း အခန်းအချို့ ရှိသေးသည်။
ရွှီယန်၏ ဧည့်ခန်းနှင့် စာကြည့်ခန်းကို အတော်လေး ကောင်းမွန်စွာ ပြင်ဆင်ထားပြီး စာကြည့်ခန်းထဲရှိ ကွန်ပျူတာမှာ အမြင့်ဆုံးအဆင့် ဖြစ်၏။ အပြင်ပန်းကြည့်လျှင် တစ်ထပ်တိုက်လေးဟု ထင်ရသော်လည်း အထဲတွင်တော့ အစုံအလင် ပါဝင်ပေသည်။
ခုနက အိမ်တံခါး ပွင့်နေသဖြင့် သေချာပေါက် အကောင်ပေါက်လေး တစ်ကောင်က ခိုးဝင်လာပြီး နဂါးမောက်သီးများကို စားသွားခြင်း ဖြစ်ရမည်။
"ငါ့နဂါးမောက်သီးတွေကို ဘယ်သူ စားသွားတာလဲ... ငါ့နဂါးမောက်သီးတွေ ဘယ်ရောက်သွားတာလဲကွ"
ရွှီယန် မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။
သူက ဖုန်းကို ထုတ်ယူကာ ဗီဒီယို ရိုက်ကူးသည့် လုပ်ဆောင်ချက်ကို ဖွင့်လိုက်ပြီး အခွင့်ကောင်းယူကာ ဗီဒီယို တစ်ပုဒ် ရိုက်ကူးလိုက်၏။
"ငါ ခုနလေးတင် ဒီမှာ နဂါးမောက်သီး လှီးထားတာ... ဘဲသွားမောင်းပြီး ပြန်လာတော့ မရှိတော့ဘူး... တရားခံက ဘယ်သူလဲဆိုတာ ငါ သွားကြည့်လိုက်ဦးမယ်"
ရွှီယန်က ဗီဒီယို ရိုက်ကူးရင်း အသံထည့်သွင်းကာ ရှင်းပြနေသည်။
ကင်မရာက ဟာလာဟင်းလင်း ဖြစ်နေသော ပန်းကန်ကို အရင်ရိုက်ပြလိုက်ပြီးနောက် ရွှီယန်က ခြံဝင်းထဲသို့ လှမ်းကြည့်ကာ အော်ခေါ်လိုက်၏။
"ရှောင်ဟေး... ယွမ်ပေါင်... မင်းတို့ နှစ်ကောင် ဒီကိုလာခဲ့စမ်း"
ရွှီယန်က လယ်ယာခြံဝင်းထဲရှိ တိရစ္ဆာန်များ၏ စရိုက်ကို အလွန် နားလည်ထားသူ ဖြစ်သည်။ မည်သူက နဂါးမောက်သီး ခိုးစားသလဲဆိုတာကို သူ စဉ်းစားစရာပင် မလိုဘဲ သိနေ၏။
ထင်သည့်အတိုင်းပင် နဂါးမောက်သီး ခိုးစားသူမှာ ရှောင်ဟေး ဖြစ်နေသည်။ ၎င်း၏ ပါးစပ်ဘေးတွင် နဂါးမောက်သီး စားထားသည့် အနီရောင် အစွန်းအထင်းများ အပြည့်ပေကျံနေ၏။
ဤကောင်လေးက အစားအသောက်ဆိုလျှင် အတော်လေး မက်မောသေးသည်။
"ငါ့နဂါးမောက်သီးတွေကို ဘယ်သူ ခိုးစားတာလဲ"
ရွှီယန်က အသံကို မြှင့်ကာ မေးခွန်းထုတ်လိုက်သည်။
စကားသံ ဆုံးသည်နှင့် မာလီနွိုက်ခွေးက ရင်ကော့ခေါင်းမော့ကာ မျက်လုံးကို မှိတ်ထားပြီး ခေါင်းကို ကောင်းကင်သို့တောင် မော့ထားလိုက်သေး၏။
ရှောင်ဟေး ကတော့ ခေါင်းကို ငုံ့ထားပြီး ရွှီယန်ကို မျက်လုံးချင်း မဆုံရဲဘဲ တစ်ချက်တစ်ချက်သာ မော့ကြည့်ကာ ခေါင်းကို အမြန် ပြန်ငုံ့ထားသည်။ ဤကောင်လေးက ဟန်ဆောင် အတော်ကောင်းပေသည်။
"ဘယ်သူ စားတာလဲ"
ရွှီယန်က ဤမြင်ကွင်းကို အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မှတ်ကာ ထပ်မေးလိုက်၏။
ပို၍ စိတ်ဝင်စားစရာ ကောင်းသော မြင်ကွင်းက ပေါ်ထွက်လာခဲ့သည်။ မာလီနွိုက်ခွေးက ရှေ့ခြေထောက် တစ်ဖက်ကို မြှောက်ကာ ရှောင်ဟေး ရှိရာဘက်သို့ လက်ညှိုးထိုးပြလိုက်ခြင်းပင်။
ရှောင်ဟေးမှာ ကြိုးစားပမ်းစား ဟန်ဆောင်နေရင်း ခေါင်းလှည့်လိုက်ချိန်တွင် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရ၏။ ၎င်း၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ဖြစ်ပေါ်လာခဲ့သည်။
"ဝုတ်"
၎င်းက မာလီနွိုက်ခွေးကို လှမ်းအော်လိုက်သည်။
ထိုအဓိပ္ပာယ်က ဤသို့ပင်။
'မင်းက ဂုံးတိုက်ဖို့ပဲ သိတာလား'
ရွှီယန်ကတော့ ရယ်မောရင်း ရှောင်ဟေးကို သွားဖမ်းကာ ခေါင်းကို တစ်ချက် ပုတ်လိုက်၏။
"မင်းက သူများကိုတောင် အပြစ်တင်နေသေးတယ်... ပါးစပ်မှာလည်း နဂါးမောက်သီးတွေ ပေနေတာကို မင်းမှန်း ဘယ်သူက မသိဘဲ နေမှာလဲ... ငါ့စားပွဲပေါ်က ဟာကိုတောင် ခိုးစားရဲနေပြီပေါ့... မင်း သတ္တိတွေ တော်တော် ကောင်းနေပါလား"
ရွှီယန်က ရှောင်ဟေး၏ ခေါင်းကို နောက်တစ်ချက် ထပ်ပုတ်လိုက်သည်။
ရှောင်ဟေးက မျက်လုံးကို မှိတ်ကာ လည်ပင်းကို ကျုံ့ထားပြီး ရိုက်ချက် နှစ်ချက်ကို အပြည့်အဝ ခံယူလိုက်ရ၏။
ဘေးမှ မာလီနွိုက်ခွေးကတော့ ပြုံးစိစိ ဖြစ်နေသည်။
သို့သော် ရွှီယန်က ရှောင်ဟေးကို နှစ်ချက်ခန့် ရိုက်လိုက်ရုံမှလွဲ၍ ဘာမှ ထပ်မလုပ်တော့ပေ။ သူက အိမ်ထဲသို့ ပြန်ဝင်ကာ နဂါးမောက်သီး တစ်လုံး ယူလာပြီး မာလီနွိုက်ခွေးကို ကျွေးလိုက်၏။ မျက်နှာလိုက်၍တော့ မရပေ။
ရှောင်ဟေးမှာ ရွှီယန် ထွက်သွားသည်နှင့် တုံးအအ အခြေအနေသို့ ပြန်ရောက်သွားတော့သည်။ ထို့နောက် ၎င်းက မာလီနွိုက်ခွေးကို ကြည့်ကာ တစ်ချက် အော်လိုက်၏။
ဟန်ပန်က ဤသို့ ပြောနေသလိုပင်။
'မင်းက တကယ့် ခွေးကောင်ပဲ'
မာလီနွိုက်ခွေးက အလွန် ဂုဏ်ယူနေပြီး ၎င်းကို ဂရုမစိုက်ချေ။ သူ၏ အဓိပ္ပာယ်ကလည်း ရှင်းလင်းလှပေသည်။
'ငါက မူလကတည်းက ခွေးပဲဟာကို'
ဤကောင်လေး နှစ်ကောင် ဤသို့ ဆူညံလိုက်သဖြင့် လေထုကလည်း ပေါ့ပါးသွားခဲ့သည်။ ရွှီယန်က သိပ်မကြာခင်မှာပင် ဗီဒီယိုကို သူ၏ ဗီဒီယိုအတို အကောင့်တွင် တင်လိုက်၏။
အင်တာနက်သုံးစွဲသူများက ဗီဒီယိုကို ကြည့်ရှုပြီးနောက် ကွန်မန့်များ ပေးကြလေသည်။
"ဟားဟားဟား... ရှောင်ဟေး က တကယ်ကို ကလိမ်ကကျစ်လေးပဲ"
"ရှောင်ဟေး အပြော... နဂါးမောက်သီးကို ငါစားတယ်ဆိုတာ ဘာသက်သေ ရှိလို့လဲတဲ့"
"ရိုက်တာ ပေါ့သွားသေးတယ်"
"ဒီနေ့ ပန်းကန်ထဲကဟာကို စားရဲရင် မနက်ဖြန် ဒယ်အိုးထဲကဟာကို စားရဲမှာပဲ"
ပရိသတ်များက လယ်ယာခြံဝင်းမှ တိရစ္ဆာန်များကို အလွန် နှစ်သက်ကြသည်။ ရွှီယန် ဗီဒီယို တင်သည်ကို မြင်သည်နှင့် အမြဲတမ်း အမြန်ဆုံး Like ပေးကာ ကွန်မန့်များ ရေးတတ်ကြ၏။
အဓိကမှာ လယ်ယာခြံဝင်းမှ တိရစ္ဆာန်လေးများ အားလုံးက ကိုယ်ပိုင် ထူးခြားချက်လေးများ ရှိနေကြသဖြင့် ဖြစ်သည်။
အကယ်၍ သာမန် စရိုက်လက္ခဏာမျိုးသာ ဆိုပါက လူများကို ဆွဲဆောင်နိုင်မည့် အချက် ရှိမည် မဟုတ်ပေ။ သို့သော် ဤနေရာရှိ တိရစ္ဆာန်များကတော့ မတူညီကြချေ။ တစ်ကောင်ချင်းစီက ပုံမှန် လမ်းကြောင်းအတိုင်း သွားလေ့မရှိကြပေ။
ဥပမာအားဖြင့် အထက်စီးဆန်ပြီး ကြွားဝါရသည်ကို နှစ်သက်သော ကြောင်လေးဆိုလျှင် ရွှီယန်၏ အရှေ့တွင် ကြွက်တစ်ကောင်ကို ကိုက်ချီကာ ကြွားဝါတတ်သလို တစ်ခါတစ်ရံတွင်လည်း ဟန်ဆောင်ပန်ဆောင်ဖြင့် ရွှီယန်၏ အရှေ့မှ ဖြတ်လျှောက်သွားတတ်ရာ အားလုံးက ဉာဏ်နီဉာဏ်နက်လေးများသာ ဖြစ်၏။
ဤဉာဏ်နီဉာဏ်နက်များကို ရွှီယန်က အကုန် သိမြင်နေသော်လည်း တစ်ခါမှ ဖွင့်မပြောဘဲ အလွန် ပူးပေါင်းဆောင်ရွက်ပေးတတ်သည်။ ချီးကျူးသင့်လျှင် ချီးကျူးပြီး ကျွေးသင့်လျှင် ကျွေးလေသည်။
နောက်ဥပမာ တစ်ခုအနေဖြင့် အိမ်ခေါင်မိုးပေါ်တွင် ရပ်ရသည်ကို နှစ်သက်ပြီး နေ့တိုင်း မနက် ရှစ်နာရီတိတိမှ တွန်တတ်သော ကြက်ဖကြီးပင် ဖြစ်သည်။
၎င်း၏ ခေါင်းထဲတွင် ဘာတွေ တွေးနေသလဲ သို့မဟုတ် နေ့တိုင်း ခေါင်မိုးပေါ်တွင် ဘာတွေ စဉ်းစားနေသလဲ ဆိုသည်ကို မည်သူမျှ မသိနိုင်ချေ။ သို့သော် ကြက်များ၏ ဦးနှောက်က သေးငယ်သဖြင့် ၎င်းက ငေးမောနေခြင်းသာ ဖြစ်နိုင်ပေသည်။
ညဘက်တွင် ရွှီယန်က နဂါးမောက်သီး အနည်းငယ် စားကာ တီဗီ ခဏကြည့်ပြီးနောက် ကိုယ်လက်သန့်စင်ပြီး အိပ်ခန်းထဲသို့ ဝင်အိပ်လိုက်သည်။
သူက ကုတင်ပေါ်တွင် ကျားသစ်ပေါက်လေးအတွက် အိပ်ရာတစ်ခု ပြင်ဆင်ပေးပြီး ဘေးတွင် အိပ်ခိုင်းလိုက်၏။
"မင်း ညဘက် ငြိမ်ငြိမ်လေး အိပ်နော်... ငါ့ကိုယ်ပေါ်ကို တက်မလာနဲ့... ကြားလား... မင်းရဲ့ အလေးချိန်ကိုလည်း မင်း ပြန်ကြည့်ဦး... ပေါင်တစ်ရာကျော်နေပြီကို ငါ့ကိုယ်ပေါ် လာဖိလို့ ရပါ့မလား"
ရွှီယန်က မအိပ်ခင် ကျားသစ်ကို မှာကြားရန် မမေ့သေးပေ။
ရွှီယန်က ယခုအခါ ကျားသစ်ကို တကယ့် ကြောင်ကြီး တစ်ကောင်လို သဘောထားနေပြီ ဖြစ်သည်။ အခြားသူများ ကြောင်မွေးသကဲ့သို့ သူက ကျားသစ်ကို မွေးမြူထားခြင်းပင်။
ရှောင်ဟွာ ၏ စရိုက်က အတော်လေး တုံးအအဖြစ်ပြီး အမဲလည်း မလိုက်တတ်သလို သက်ရှိများကိုလည်း မတိုက်ခိုက်တတ်ချေ။ ဗိုက်ဆာလျှင် ရွှီယန်ကို လာရှာပြီး ကျန်သည့်အချိန်များတွင်တော့ ဆော့ကစားကာ ချွဲနွဲ့နေတတ်၏။
ဤသို့ မွေးထားခြင်းကလည်း ကောင်းမွန်လှပေသည်။
ရွှီယန်က ကုတင်ပေါ်တွင် လှဲလျောင်းကာ မျက်လုံးများကို မှိတ်ထားလိုက်ရာ ကျားသစ်ပေါက်လေးက သူ၏ ဘေးတွင် ခဏမျှ ဆူညံနေပြီးနောက် တဖြည်းဖြည်း ငြိမ်သက်ကာ အိပ်ပျော်သွားတော့သည်။
ခြံဝင်းထဲတွင်တော့ ရှောင်ဟေးက နဂါးမောက်သီးကို စားပြီးနောက် အပြင်သို့ ပြေးထွက်ကာ ဟိုဟိုဒီဒီ လျှောက်စားခဲ့သဖြင့် မိမိ၏ ခန္ဓာကိုယ် အခြေအနေ တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရပြီး ခေါင်းများ မူးဝေလာခဲ့၏။
၎င်းက ခွေးအိမ်ထဲတွင် လှဲလျောင်းကာ နေမကောင်းဖြစ်နေသလို ခံစားရရင်း ဤသို့ပင် အိပ်ပျော်သွားတော့သည်။
ဒုတိယနေ့သို့ ရောက်သည်အထိပင်။
ရှောင်ဟေး နိုးလာပြီးနောက် မိမိ၏ ခန္ဓာကိုယ်က ပျော့ခွေပြီး အားအင်မရှိသလို ခံစားလိုက်ရသည်။ ထရပ်ပြီး ခြေနှစ်လှမ်းခန့် လျှောက်လိုက်သည်နှင့် အန်ချင်သလို ဖြစ်လာတော့၏။
၎င်းက အလျင်အမြန် အပြင်သို့ သွားကာ ဆေးဖက်ဝင် မြက်ပင်အချို့ကို ရှာဖွေပြီး အကုန်လုံးကို စားပစ်လိုက်သည်။ တိရစ္ဆာန်များက ဆေးဖက်ဝင် မြက်ပင်များကို စားတတ်ကြပြီး နေမကောင်းဖြစ်လျှင် သွားစားလေ့ရှိကြ၏။
သို့သော် ရှောင်ဟေးက မိမိကိုယ်ကို အလွန် နေမကောင်းဖြစ်နေဆဲဟု ခံစားနေရပြီး ဆေးမြက်ပင်များ စားလိုက်သော်လည်း အာနိသင် မရှိသကဲ့သို့ပင်။
၎င်း၏ အသိစိတ်များက တဖြည်းဖြည်း မှုန်ဝါးလာခဲ့သည်။
ဤအချိန်တွင် ရွှီယန်က ဝန်ထမ်းများကို နဂါးမောက်သီး ခူးဆွတ်ရန် စီစဉ်နေပြီး ဈေးသို့သွားကာ ရောင်းချရန် ပြင်ဆင်နေသည်။ သူ့မိဘများ၏ ဆိုင်တွင် ရောင်းရန်အတွက်လည်း အနည်းငယ် ဖယ်ထားလိုက်၏။
နဂါးမောက်သီးက စတော်ဘယ်ရီလောက် ရောင်းရမလွယ်ကူသဖြင့် ရက်အတော်ကြာအောင် ရောင်းရမည် ဖြစ်သည်။ ဆိုလိုသည်မှာ နောက်ပိုင်း နေ့တိုင်း ဝန်ထမ်းတစ်ယောက်ယောက်က အပြင်သို့ သွားပြီး နဂါးမောက်သီး ရောင်းရမည် ဖြစ်၏။
ဤသည်ကလည်း လယ်ယာခြံဝင်း၏ ဝင်ငွေရလမ်း တစ်ခုဖြစ်ပြီး အပြင်စီးပွားရေးက မလုပ်မနေရပင် ဖြစ်သည်။
အလုပ်များနေကြရင်းဖြင့် ညနေစောင်းသို့ ရောက်ရှိလာခဲ့သည်။
ညဘက်တွင် ရွှီယန်က အကောင်လေးများကို အစာကျွေးနေစဉ် ရှောင်ဟေး တစ်နေကုန် ပျောက်နေသည်ကို သတိထားမိသွား၏။
"ရှောင်ဟေး ရော..."
ရွှီယန်က အကောင်လေးများကို မေးလိုက်သည်။
မာလီနွိုက်ခွေးနှင့် ကျားသစ်ပေါက်လေးတို့ နှစ်ကောင်စလုံး၏ မျက်နှာပေါ်တွင် နားမလည်နိုင်သည့် အမူအရာများ ဖြစ်ပေါ်နေပြီး ရှောင်ဟေး ဘယ်ရောက်နေသလဲ ဆိုသည်ကို လုံးဝ မသိကြချေ။
"မင်းတို့ အကုန်လုံး ရှောင်ဟေး ကို မတွေ့ကြဘူးလား... ဒီကောင် ဘယ်တွေ သွားနေတာလဲ... ရွာထဲ ပြန်သွားတာလား"
ရွှီယန်က သံသယဖြင့် ပြောလိုက်သည်။
ရှောင်ဟေးက ရွာထဲသို့ ပြန်ပြီး ဆော့ကစားရသည်ကို နှစ်သက်ပေသည်။ မည်သို့ပင်ဖြစ်စေ သူက ရွာထဲမှ ခွေးဖြစ်ပြီး ထိုဘက်ရှိ ရိုးရာတောခွေး အတော်များများကိုလည်း သူ သိထား၏။
သို့သော် တိတ်တဆိတ် ထွက်သွားမည်တော့ မဟုတ်ချေ။
"ဒီကောင် ဘယ်တွေများ သွားနေတာလဲ"
ရွှီယန်က ချက်ချင်းပင် လယ်ယာခြံဝင်း၏ နေရာအနှံ့တွင် ရှောင်ဟေးကို လိုက်ရှာတော့သည်။
"ရှောင်ဟေး... ရှောင်ဟေး"
သူက မှန်လုံအိမ်၊ ကြက်ခြံနှင့် ဘဲခြံများဘက်သို့ သွားကာ အော်ခေါ်ကြည့်သော်လည်း ဘာတုံ့ပြန်မှုမှ မရရှိခဲ့ချေ။
ဝန်ထမ်းများက ဤကိစ္စကို သိသွားသောအခါ လယ်ယာခြံဝင်းထဲတွင် ဝိုင်းရှာပေးကြသည်။ တစ်ပတ်လုံး ရှာဖွေပြီးသော်လည်း မတွေ့ရသဖြင့် ရှောင်ဟေးက လယ်ယာခြံဝင်းထဲတွင် မရှိကြောင်း သေချာသွားပြီ ဖြစ်၏။
"ဒီကောင် ဘယ်ကို ပြေးသွားတာလဲကွာ"
ရွှီယန်၏ ရင်ထဲတွင် အနည်းငယ် စိုးရိမ်လာခဲ့သည်။
'လူတွေ ဖမ်းသွားတာများလား... ဒါလည်း မဖြစ်နိုင်ပါဘူး'
လယ်ယာခြံဝင်း ပတ်ဝန်းကျင်သို့ မည်သူမျှ ရောက်မလာခဲ့ချေ။ ဤနေရာက အတော်လေး ခေါင်သဖြင့် ကားတစ်စီးစီး ဝင်လာပါက သူ သေချာပေါက် သတိထားမိမည် ဖြစ်သည်။
ရွှီယန်က လယ်ယာခြံဝင်းထဲမှ ထွက်ကာ လယ်ယာခြံဝင်း၏ လမ်းအတိုင်း အပြင်သို့ လျှောက်သွားလိုက်သည်။
"ရှောင်ဟေး... ရှောင်ဟေး"
ရွှီယန်က အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်သည်။ ကျားသစ်ပေါက်လေးနှင့် မာလီနွိုက်ခွေးတို့ကလည်း သူနှင့်အတူ လိုက်ပါလာကြ၏။
ဤသို့ဖြင့် အပြင်ဘက်သို့ တောက်လျှောက် လျှောက်လာခဲ့ရာ မီတာ တစ်ရာခန့် အကွာသို့ ရောက်သောအခါ ရွှီယန်က အဝေးမှနေ၍ ရှောင်ဟေးကို တကယ်ပင် လှမ်းမြင်လိုက်ရသည်။
ဤကောင်လေးက မြက်ခြောက်များကြားတွင် လှဲလျောင်းနေပြီး တွင်းတစ်ခုထဲတွင် ရှိနေသကဲ့သို့ပင်။
ရွှီယန်၏ ရင်ထဲတွင် စိုးရိမ်သွားပြီး အခြေအနေကို သွားကြည့်ရန် အလျင်အမြန် ပြေးသွားလိုက်သည်။
"ဘာဖြစ်တာလဲ"
ရွှီယန်က ရှောင်ဟေး၏ ဘေးသို့ အမြန် ပြေးသွားလိုက်သည်။
ဤအချိန်တွင် ရှောင်ဟေးက မျက်လုံးများကို ဖွင့်လိုက်ပြီး အားနည်းနေသော အကြည့်ဖြင့် ရွှီယန်ကို ကြည့်လိုက်၏။
၎င်း၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှုများ ရှိနေပြီး မျက်ရည်များပင် ရစ်ဝဲနေကာ အနည်းငယ် နာကြည်းနေသည့် အမူအရာမျိုးပင် ဖြစ်နေသည်။
ရွှီယန်က ၎င်း အသက်ရှင်နေသေးသည်ကို တွေ့လိုက်ရမှသာ သက်ပြင်းချနိုင်သွားတော့သည်။
"ဒါ ဘယ်လိုဖြစ်ရတာလဲ... မင်းက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ... ဒီတွင်းကရော ဘာကြီးလဲ"
ရွှီယန်က ဆောင့်ကြောင့်ထိုင်ကာ ရှောင်ဟေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း အလျင်အမြန် မေးလိုက်သည်။
သူက ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို စဉ်းစားနေလိုက်၏။
သိပ်မကြာခင်မှာပင် ရွှီယန်က သဲလွန်စကို တွေ့ရှိသွားခဲ့သည်။ ဤတွင်းက ယခုလေးတင် တူးထားခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ရှိ အခြေအနေများအရ ရှောင်ဟေး ကိုယ်တိုင် တူးထားခြင်းပင်။
၎င်းက ကိုယ့်ဘာသာ တွင်းတစ်ခု တူးထားခဲ့ခြင်း ဖြစ်သည်။
ရွှီယန်က ရှောင်ဟေး၏ မျက်နှာ အခြေအနေ အလွန် ဆိုးရွားနေသည်ကို မြင်သောအခါ ၎င်း နေမကောင်းဖြစ်နေမှန်း သိလိုက်ရပြီး ရောဂါကလည်း အတော်လေး ပြင်းထန်နေပုံရ၏။
"မင်းကိုယ်မင်း သေတော့မယ်ထင်ပြီး အပြင်ထွက်ကာ တွင်းတူးပြီး ကိုယ့်ဘာသာ မြှုပ်တော့မလို့များလား"
ရွှီယန်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ဖြစ်ပေါ်လာခဲ့သည်။
ရိုးရာတောခွေးများက အလွန် သစ္စာရှိကြပြီး ၎င်းတို့၏ သွေးကြောထဲတွင် ကောင်းမွန်သော အပြုအမူများစွာ ရှိနေတတ်သည်။
ဥပမာ သေခါနီးဖြစ်နေသော ရိုးရာတောခွေးများက သခင်ကို တမင်သက်သက် ခွဲခွာသွားပြီး လူသူကင်းမဲ့သော နေရာတစ်ခုသို့ သွားကာ တိတ်ဆိတ်စွာဖြင့် သေမည့်အချိန်ကို စောင့်ဆိုင်းနေတတ်ကြ၏။
၎င်းတို့က သခင်၏ အနားတွင် သေဆုံးသွားခြင်းမျိုးကို မလိုလားကြပေ။ ဤကဲ့သို့သော သာဓကများက နည်းနည်းနော်နော မဟုတ်ချေ။
ရွှီယန်က ရှောင်ဟေးလည်း ဤသို့ တွေးထားကြောင်းကို သိလိုက်ရသည်။ ၎င်းက မိမိကိုယ်ကို သေတော့မည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် လယ်ယာခြံဝင်းမှ ကိုယ်တိုင် ထွက်ခွာလာပြီးနောက် မိမိကိုယ်တိုင် တွင်းတစ်တွင်း တူးကာ ထိုအထဲတွင် လှဲလျောင်းရင်း သေမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ရွှီယန်မှာ စိတ်ထိခိုက်ရမလို ရယ်ရမလိုပင် ဖြစ်နေတော့၏။ သူက ဤကောင်လေးကြောင့် ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားရသည်။
သို့သော် စိတ်ထိခိုက်သည်က တစ်ပိုင်းဖြစ်ပြီး ဗီဒီယို ရိုက်ကူးရန်ကလည်း လိုအပ်သေး၏။ ဤသည်က သူ့အတွက် နောက်ထပ် အကြောင်းအရာကောင်း တစ်ခု ရရှိသွားစေပြန်သည်။
ရွှီယန်က ဗီဒီယို ရိုက်ကူးလိုက်ပြီး အကြောင်းစုံကို အကျဉ်းရုံး ပြောပြလိုက်ကာ ထို့နောက် ရှောင်ဟေးကို တိုက်ရိုက်ပင် ပွေ့ချီလိုက်သည်။
ရှောင်ဟေးမှာ ရောဂါ အတော်လေး ပြင်းထန်နေပြီး လမ်းပင် မလျှောက်နိုင်လောက်အောင် အားနည်းနေ၏။
ရွှီယန်က ၎င်းကို မြို့ထဲရှိ တိရစ္ဆာန်ဆေးခန်းသို့ ခေါ်သွားပြီး ပြသရန် ရည်ရွယ်ထားသည်။
ရွှီယန်က တိရစ္ဆာန်များ၏ အပြင်ပန်း ဒဏ်ရာများဖြစ်သည့် အရိုးကျိုးခြင်း၊ အနာတရဖြစ်ခြင်း စသည်တို့ကိုတော့ ကုသပေးနိုင်သော်လည်း အတွင်းပိုင်း ရောဂါများကိုတော့ ဆရာဝန်နှင့် ပြသရန် လိုအပ်ပေသည်။
"ရှောင်ဟေး... မင်းက ငယ်ပါသေးတယ်ကွာ... ဘာမှမဖြစ်ပါဘူး... အစားမှားပြီး ဗိုက်နာတာ နေမှာပါ... ငါ မင်းကို ဆရာဝန်ဆီ ခေါ်သွားပေးမယ်"
ရွှီယန်က ရှောင်ဟေးကို ပွေ့ချီထားရင်း ဖွဖွလေး နှစ်သိမ့်ပေးနေသည်။
ရှောင်ဟေး၏ အခြေအနေက အရင်နှင့် လုံးဝ မတူညီတော့ချေ။
၎င်းက ယခင်ကကဲ့သို့ ပြုံးရွှင်မနေတော့ဘဲ အနည်းငယ် ကြောက်ရွံ့နေပုံပေါ်ကာ မျက်နှာအမူအရာကလည်း တုံးအအ ဖြစ်နေ၏။
ရွှီယန်က ၎င်းကို ပွေ့ချီကာ လယ်ယာခြံဝင်းသို့ အမြန် ပြန်လာခဲ့ပြီးနောက် Audi A6 ကားကို မောင်းနှင်ကာ ရှောင်ဟေးကို တင်ပြီး အပြင်သို့ ဆေးခန်းပြရန် ထွက်လာခဲ့သည်။
တိရစ္ဆာန်ဆေးခန်းက မပိတ်သေးပေ။
ထို့နောက် တိရစ္ဆာန်ဆရာဝန်က ရှောင်ဟေး၏ အခြေအနေကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။
"ခွေးဗိုင်းရပ်စ် ပါပဲ... ရောဂါလက္ခဏာ စပြကာစပဲ ရှိသေးတော့ ဆေးသေချာသောက်ရင် ဘာမှမဖြစ်ပါဘူး... ခဏနေရင် ပြန်ကောင်းသွားမှာပါ... ဒီခွေးက အပြည့်အဝ အရွယ်မရောက်သေးတော့ ကိုယ်ခံအား သိပ်မကောင်းသေးဘူးလေ... သေးသေးမွှားမွှား ရောဂါလေးတွေ ဖြစ်တာက ပုံမှန်ပါပဲ... အချိန်မှန် ဆေးတိုက်ပေးရင် ရပါပြီ"
တိရစ္ဆာန်ဆရာဝန်က စစ်ဆေးပြီးနောက် ရွှီယန်ကို မှာကြားလိုက်သည်။
ကုသ၍ ရနိုင်ကြောင်း ကြားလိုက်ရသဖြင့် ရွှီယန်၏ လေထဲဝဲနေသော စိတ်လေးမှာလည်း အောက်သို့ ကျဆင်းသွားတော့၏။
သို့သော် ယနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို တွေးမိသောအခါ သူက အတော်လေး လွန်ကဲလွန်းသည်ဟု ခံစားနေရဆဲပင်။