← Chapters

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း (၁၆၇) မင်းဘာပြောနေလဲဆိုတာ မင်းဘာသာ ပြန်စဉ်းစားကြည့်ဦးလေ

လိုက်ဖ် ပြန်စတင်သွားသည်။

တောင်တန်းတစ်ခုလုံး နီရဲနေပြီး တောအုပ်တစ်ခုလုံးကလည်း အရောင်များ စွန်းထင်းနေ၏။

ဤရာသီ၏ သစ်တောမှာ သစ်ရွက်များ ဝါကျင့်နေရုံတင်မကဘဲ သစ်ရွက်အများစုက ခြောက်သွေ့နေပြီး အချို့သစ်ရွက်များကတော့ နီရဲလာကြသည်။

ရုတ်တရက် ကြည့်လိုက်ပါက အတော်လေး ခမ်းနားထည်ဝါသော မြင်ကွင်းပင် ဖြစ်၏။ ရှုခင်းဆိုသည်မှာလည်း ဤသို့ပင် ဖြစ်သည်။

ဥပမာ တောင်တန်းများ မြက်ခင်းပြင်များနှင့် နှင်းကျနေသော မြင်ကွင်းများကို နေ့တိုင်း ကြည့်နေရပါက မကြာခင်မှာပင် ရိုးအီသွားပြီး ဘာမှ မထူးခြားဟုတောင် ခံစားရနိုင်ပေသည်။ သို့သော် အချိန်အကြာကြီး မမြင်ရဘဲ ရုတ်တရက် မြင်လိုက်ရပါက ထိုအလှအပထဲတွင် နစ်မြောသွားတတ်၏။

ရွှီယန်ကတော့ တောင်ပေါ်တွင် အမြဲရှိနေပြီး ပတ်ဝန်းကျင်ကလည်း သစ်ပင်များသာဖြစ်ရာ ရှုခင်းများအပေါ် သိပ်ပြီး ခံစားမှု မရှိလှတော့ပေ။ သစ်တောထဲမှ အေးမြသော လေကို ရှူရှိုက်လိုက်ရုံဖြင့်တင် သူ၏စိတ်များ ကြည်လင်လန်းဆန်းသွားခြင်း ဖြစ်သည်။

ပရိသတ်များကတော့ အလွန် စိတ်လှုပ်ရှားနေကြ၏။

[ဒီက ရှုခင်းက အရမ်းလှတာပဲ]

[သစ်ပင်တွေက နွေးထွေးတဲ့ အရောင်လေးတွေ ဆိုးထားသလိုမျိုးပဲ... ကြည့်ရတာ ပိုပြီး နူးညံ့သွားသလို ခံစားရတယ်]

[ဆီဆေးပန်းချီကားလေးလိုပဲ]

[ဒီရှုခင်းက တကယ် မဆိုးဘူး... ဒါ ဘယ်နေရာလဲ]

[သစ်ပင်တွေရဲ့ သက်တမ်းကို ကြည့်ရတာ အနည်းဆုံးတော့ နှစ်တစ်ရာအထက် သစ်ပင်ကြီးတွေချည်းပဲ... သူ တောနက်ထဲ ရောက်နေတာ သေချာတယ်]

[ဒါက တောနက်အစစ်ပဲ]

လူအတော်များများက သစ်တော၏ အခြေအနေကို ကြည့်ပြီး ခန့်မှန်းနိုင်ကြသည်။

တကယ်တမ်းတော့ ခန့်မှန်းနေစရာတောင် မလိုပေ။ ရွှီယန် အထဲသို့ ဝင်သွားသည်နှင့် မနီးမဝေးမှ ချစ်စရာကောင်းသော တောသမင်အုပ်လေး ပြေးသွားသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။ အထဲသို့ ထပ်ဝင်သွားပါက အခြား တိရစ္ဆာန်များလည်း တွေ့ရဦးမည် ဖြစ်သည်။

တိရစ္ဆာန်များကို တွေ့ရပြီဆိုတော့ ဤသည်မှာ တောနက်ကြီးဆိုတာ သေချာသွားပြီ ဖြစ်၏။

ရွှီယန်က ယနေ့ မရောက်ဖူးသေးသော နေရာတစ်ခု သို့မဟုတ် နေရာအချို့သို့ သွားပြီး ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ဖြင့် ရှာဖွေကြည့်ရန် ရည်ရွယ်ထားသည်။ ဘာပစ္စည်းကောင်းများ ရှာတွေ့မလဲဆိုတာ ကြည့်ရမည် ဖြစ်၏။

စနစ်၏ သံလိုက်အိမ်မြှောင်မှ ရှာတွေ့သော အရာများကို ကြည့်ပြီး ဤနေရာ တစ်ဝိုက်ရှိ အပင်များ၏ ရှင်သန်မှု အခြေအနေကို အကြမ်းဖျင်း ခန့်မှန်း၍ ရသည်။

"ကျွန်တော် အထဲကို မြန်မြန် ဝင်ရမယ်"

"ရှေ့မှာ ကြီးမားတဲ့ တောင်တန်းကြီး တစ်ခု ရှိတယ်... အဲဒီနေရာက အရှေ့မြောက်ကျား တစ်ကောင်ရဲ့ နယ်မြေပဲ"

"ကျွန်တော် သိတဲ့ တစ်ကောင်ပေါ့"

"သူက အရွယ်ရောက်နေပြီဆိုတော့ သူ့ကို လာစရဲတဲ့ တိရစ္ဆာန်လည်း ရှိမှာမဟုတ်ပါဘူး"

"အဲဒီတောင်ပေါ် သွားမှပဲ နည်းနည်း ပိုလုံခြုံမှာပါ"

"မဟုတ်ရင်... တခြား အရှေ့မြောက်ကျား တွေနဲ့ တွေ့ရင်..."

"မလွယ်ဘူးနော်"

ရွှီယန်က လမ်းလျှောက်ရင်း အင်တာနက်သုံးစွဲသူများကို ပြောပြနေသည်။

မလွယ်ဘူးနော် တဲ့လား... အားလုံး အနည်းငယ် အံ့အားသင့်သွားကြ၏။

[လောင်ရွှီ ရေ... ဘာတွေ မလွယ်ဘူး ပြောနေတာလဲ... သေမှာကို ပြောတာမလား]

[တခြား အရှေ့မြောက်ကျား နဲ့ တွေ့ရင်တော့ မင်းက သူ့ကို စိုက်ကြည့်နေလိုက်ပေါ့... အဲဒါဆို သေရတာ နည်းနည်း ပိုပြီး ခမ်းနားသွားတာပေါ့]

[သတိထားတာတော့ အကောင်းဆုံးပဲ]

လူအတော်များများက ပြန်လည် တုံ့ပြန်နေကြသည်။

ရွှီယန်က လမ်းလျှောက်နေရင်း သိပ်မကြာခင်မှာပင် ခြောက်သွေ့ညှိုးနွမ်းနေသော နေရာတစ်ခုသို့ ရောက်သွား၏။ ဤနေရာတွင် သစ်ပင်များ သိပ်မရှိဘဲ မြေမျက်နှာပြင်ကလည်း မညီမညာနှင့် ရှုပ်ပွနေသည်။

ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို တစ်ခါလောက် အရင်စမ်းသုံးကြည့်ရန် ဆုံးဖြတ်လိုက်၏။

မမြင်ရသော သံလိုက်အိမ်မြှောင်က တစ်ပတ်လည်ပြီး စကင်ဖတ်လိုက်သည်။ သိပ်မကြာခင်မှာပင် သံလိုက်အိမ်မြှောင်က နေရာတစ်ခုကို ထောက်ပြလိုက်သည်။

ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ဖြင့် ပစ္စည်းကောင်းများ မရှာရတာ ကြာပြီဖြစ်ရာ ရွှီယန်၏ ရင်ထဲတွင် အနည်းငယ် မျှော်လင့်နေမိ၏။

သူက သတ်မှတ်ထားသော ရတနာ ရှိမည့်နေရာဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

သူ့စိတ်ထဲတွင်တော့ ကတိုး ဂျင်ဆင်း စသည့် ရတနာကောင်းများ သို့မဟုတ် နှစ်ရာချီနေသော မှို အခြား တန်ဖိုးကြီး ဆေးဖက်ဝင် အပင်များ ဖြစ်ပါစေဟု ဆုတောင်းနေမိသည်။

သို့သော် ပစ်မှတ်နေရာသို့ ရောက်သွားသည့်အခါ ရွှီယန်က အနည်းငယ် ကြောင်အမ်းသွား၏။

ဤနေရာတွင် တောမြက်ပင်များလောက်သာ ရှိပြီး ထိုတောမြက်ပင်များကတောင် သိပ်မထူထပ်ပေ။ နေရာအများစုက မြေပြန့်ကြီး ဖြစ်နေပြီး ဘာအပင်မှ မရှိချေ။

'ဟင်'

ရွှီယန်၏ စိတ်ထဲတွင် သံသယ ဝင်သွားသည်။

အကယ်၍ ဆေးဖက်ဝင် အပင် သို့မဟုတ် အခြား အပင်များသာဆိုလျှင် ရွှီယန်က အပင်အမျိုးအစားကို ကြည့်ပြီး သံလိုက်အိမ်မြှောင် ဘာကို ညွှန်ပြနေလဲဆိုတာ ခန့်မှန်း၍ ရသည်။

သို့သော် ယခု ဤနေရာကြီးက ပြောင်သလင်းခါနေပြီး ကျောက်စရစ်ခဲများ ပြည့်နှက်နေသဖြင့် ပစ္စည်းကောင်း ရှိမည့်ပုံ မပေါ်ပေ။

သံလိုက်အိမ်မြှောင်က ညွှန်ပြနေသော ပစ္စည်းမှာ မြေအောက် တစ်မီတာ အနက်တွင် ရှိနေသည်။

ဤအမြင့်က အပေါ်ကို ကြည့်လျှင် သိပ်မမြင့်ဘူးဟု ထင်ရသော်လည်း အောက်ကို တူးရမည်ဆိုလျှင်တော့ တော်တော်လေး နက်သည့် အနေအထားပင် ဖြစ်၏။

'ဘာဖြစ်တာလဲ... ဒီအောက်မှာ ဘာရှိလို့လဲ'

'ဒီလောက်တောင် နက်တာလား'

ရွှီယန်က စိတ်ထဲမှ တွေးနေသော်လည်း အပြင်ပန်းတွင်တော့ ဘာမှ မပြပေ။

သူက ရတနာရှိမည့် နေရာသို့ ရောက်သွားပြီး အရင်ဆုံး မြေကွက်လပ်ပေါ်တွင် ရပ်ကာ ဘေးဘီကို အကဲခတ်ကြည့်လိုက်သော်လည်း ဘာသဲလွန်စမှ မတွေ့ရချေ။ ထို့နောက် အောက်သို့ စတူးရန် ပြင်ဆင်လိုက်၏။

သို့သော် သူက ဒရုန်းကင်မရာကိုတော့ အခြားဘက်သို့ လှည့်ထားလိုက်သည်။

တစ်မီတာ အနက်ဆိုသည်မှာ တကယ်ကို နက်လွန်းလှသည်။ တောင်ပေါ်တက်သည့် ဘယ်သူ့အတွက်မဆို တစ်မီတာ အနက်တွင် တောင်ထွက်ပစ္စည်း ရှာတွေ့သည်ဆိုသည်က လုံးဝ ယုံတမ်းစကားပင် ဖြစ်၏။

မြေကြီးထဲတွင် ပေါက်သည့် အပင်များတောင် ဤမျှနက်သည့် အထိ မရောက်နိုင်ပေ။

ရွှီယန်က ဂေါ်ပြားလေး တစ်လက်ကို ထုတ်ကာ တိုက်ရိုက် စတူးတော့သည်။ မြေတူးစက်သာ ရှိလျှင်တော့ နှစ်ချက်ခန့် တူးလိုက်ရုံဖြင့် ရပြီ ဖြစ်၏။

ကင်မရာက အဝေးကို ရိုက်ပြနေသည်။

ရွှီယန်က တူးရမည့် အချိန်က အနည်းငယ် ကြာလိမ့်မည်ဟု ထင်ပြီး ဤအတိုင်း ဆက်ရိုက်နေ၍လည်း မဖြစ်ဘူးဆိုကာ အင်တာနက်သုံးစွဲသူများကို လိုင်းမကောင်းသဖြင့် လိုက်ဖ် ခဏရပ်မည်ဟု ပြောလိုက်သည်။

နာရီဝက်ခန့်နေလျှင် ပြန်ဖွင့်မည်ပေါ့။ ထို့နောက် ရွှီယန်က လိုက်ဖ်ကို ယာယီ ပိတ်ထားလိုက်၏။

သူက တောနက်ကြီးထဲတွင် ဆက်လက်၍ တူးနေလိုက်သည်။ ဤနေရာက တော်တော်လေး နက်သည့် တောင်တန်းကြီးပင် ဖြစ်၏။ အထဲသို့ ဝင်လာရန်ပင် အချိန်အကြာကြီး ယူခဲ့ရသည်။

ရွှီယန်ကိုယ်တိုင်လည်း ဤကဲ့သို့သော မြေကွက်လပ်အောက်တွင် ဘာတွေ ရှိနေမလဲဆိုတာ မသိချေ။

'ဥက္ကာခဲများ ဖြစ်နေမလား... ဒီလောက် နှစ်တွေ အကြာကြီးမှာ တောင်ပေါ်ကို ဥက္ကာခဲတွေ ကျလာပြီး မြေပြင်လှုပ်ရှားမှုတွေကြောင့် ပိုပိုပြီး နက်သွားတာမျိုးပေါ့'

'မြေကြီးထဲမှာ ဘယ်လောက်ကြာပြီမှန်းမသိတဲ့ ကျောက်တုံးတွေ အများကြီး မြှုပ်နေတာပဲလေ... ဥက္ကာခဲ တစ်တုံးနှစ်တုံးလောက် ရှိနေတာလည်း ပုံမှန်ပါပဲ'

ရွှီယန်က အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်၏။ သူက တကယ်ကို အတွေ့အကြုံ ရင့်ကျက်နေပြီ ဖြစ်သည်။

ကံကောင်းသည်မှာ ဤမြေကွက်က မြေကြီး သိပ်မမာဘဲ အရမ်းလည်း ကျစ်လစ်မနေသဖြင့် တူးရသည်မှာ အတော်လေး လွယ်ကူပေသည်။

ရွှီယန်က ဤအတိုင်း အောက်သို့ ဆက်တူးသွားရာ သိပ်မကြာခင်မှာပင် ပိုပို၍ နက်လာခဲ့၏။

'ဒီမြေကွက်က မဆိုးဘူးပဲ... မြေဆီလွှာက ပျော့တော့ တစ်ခုခု စိုက်ဖို့ သင့်တော်တယ်'

'အပင်တွေ အမြစ်တွယ်ရ လွယ်တယ်'

'ဒါပေမဲ့ ရေအရင်းအမြစ်နဲ့ ဝေးတော့ နည်းနည်း ဒုက္ခများမယ်... ပတ်ဝန်းကျင်မှာလည်း ရေကို ထိန်းထားနိုင်တဲ့ သစ်ပင်တွေ မရှိဘူးဆိုတော့ မိုးရေကိုပဲ အားကိုးပြီး အသက်ရှင်ရမှာ'

ရွှီယန်က တကယ့်ကို စိုက်ပျိုးရေး ကျွမ်းကျင်သူပင် ဖြစ်၏။ မြေတူးနေရင်းနှင့်တောင် ဤနေရာက စိုက်ပျိုးရေး လုပ်ရန် သင့်တော် မသင့်တော် စဉ်းစားနေသေးသည်။

သို့သော် တောင်ပေါ်ကြီးထဲတွင် စိုက်ပျိုးရေး လုပ်၍မှ မရချေ။ အများဆုံး ဂျင်ဆင်းမျိုးစေ့များ ဝယ်ပြီး ဤနေရာတွင် လာကြဲထားကာ အနှစ်နှစ်ဆယ် သုံးဆယ်ခန့်နေမှ လာပြန်ကြည့်ပါက ဂျင်ဆင်းများ ပေါက်လာနိုင်သည်မျိုးပင်။

ရွှီယန်က ဆက်လက်၍ အောက်သို့ တူးနေသည်။

ဤအလုပ်က ခွန်အား တော်တော် သုံးရ၏။ သို့သော် ရတနာကို တွေ့ထားပြီးပြီဆိုတော့ မတူးဘဲ ထားပါကလည်း စိတ်ထဲတွင် မဖြောင့်ချေ။ ရတနာကို ဤအတိုင်း မြှုပ်ထား၍မှ မဖြစ်ပေ။

ဂေါ်ပြားဖြင့် တစ်ချက်ပြီးတစ်ချက် တူးရင်း အချိန်ခဏမျှ ကြာသောအခါ ရွှီယန်က ရတနာဆီသို့ ရောက်ရန် နီးကပ်လာခဲ့ပြီ ဖြစ်သည်။

သူက မတော်တဆ ထိခိုက်မိမည်ကို စိုးရိမ်သဖြင့် တူးသည့်အရှိန်ကို တမင် လျှော့ချလိုက်ပြီး ပို၍ သတိထားလာ၏။ နောက်ဆုံးတွင်တော့ လက်ဖြင့်တောင် စတူးနေပြီ ဖြစ်သည်။

သူ၏ လက်ချောင်းများက မြေကြီးများကို သတိထားပြီး ဖယ်ရှားလိုက်သည့်အခါ မာကျောသော အရာတစ်ခုကို စမ်းမိသွားပြီး ရွှီယန်လည်း အနည်းငယ် အံ့အားသင့်သွားသည်။

၎င်းမှာ လုံးဝနီးပါး ဆွေးမြည့်နေပြီဖြစ်သော ခါးပတ်တစ်ခု ဖြစ်ပြီး ခါးပတ်၏ အလယ်တွင်တော့ နဂါးရုပ် ထွင်းထားသော ကျောက်စိမ်းပြား တစ်ခု ရှိနေ၏။

ကျောက်စိမ်းပြားကို ကွပ်ထားသော ဘောင်က ကြေးနီနှင့် လုပ်ထားခြင်း ဖြစ်နိုင်သော်လည်း လုံးဝနီးပါး ဆွေးမြည့်နေပြီဖြစ်ကာ အကြမ်းဖျင်း ပုံစံလောက်သာ မြင်ရတော့သည်။

'ဟင်...'

'ဒါဘာကြီးလဲ'

ရွှီယန် အနည်းငယ် ကြောင်သွား၏။ ဤတောင်ပေါ်တွင် တကယ်ကို ဘာမဆို ရှိနေသည်ပဲ။ မြေအောက် တစ်မီတာ အနက်တွင် ခါးပတ်တစ်ခု မြှုပ်နေသည်တဲ့လား။

ရွှီယန်က ခါးပတ်ကို သတိထားပြီး ကိုင်မလိုက်သည်။ ကြိုးက လုံးဝ ပြတ်တောက်နေပြီဖြစ်ပြီး မပြည့်စုံတော့ဘဲ အလယ်ရှိ ကျောက်စိမ်းပြားလေးသာ အကောင်းပကတိ ကျန်ရှိနေသေး၏။

ကျောက်စိမ်းဆိုသည်ကလည်း ကျောက်တုံး တစ်မျိုးပင်ဖြစ်ပြီး ကျောက်တုံးများ၏ အနှစ်သာရ ဖြစ်သဖြင့် ကျောက်စိမ်းက အတော်လေး ကောင်းမွန်စွာ ကျန်ရှိနေသေးခြင်း ဖြစ်သည်။ ကြေးနီဘောင် အောက်တွင် ပို၍ပင် လှပနေသေး၏။

'ဒါက လွန်ခဲ့တဲ့ နှစ်ရှစ်ရာလောက်က တုန်းရှ ခေတ်က ပစ္စည်းများ ဖြစ်နေမလား'

'လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သတင်းတွေထဲမှာ ချန်ပိုင်တောင်တန်း ကနေ တုန်းရှ ခေတ်က သင်္ချိုင်းတစ်ခု ရှာတွေ့တယ်လို့ ကြားဖူးတယ်'

'ချင်လင်တောင်တန်း လောက်တော့ မကောင်းပေမယ့် ဒီဘက်ကလည်း ဖုန်းရွှေ ကောင်းတဲ့ နေရာတွေဆိုတော့ တောင်ပေါ်မှာ သင်္ချိုင်းတချို့ ရှိနေတာပါပဲ'

ရွှီယန်၏ ရင်ထဲတွင် အနည်းငယ် အံ့အားသင့်သွားသည်။

တောင်ပေါ်တွင် သင်္ချိုင်းများ ရှိနေသည်ပဲ။ The Lost Tomb ထဲကလို ထောင်ချောက်များ အပြည့်နှင့် သင်္ချိုင်းမျိုး မဟုတ်ဘဲ လူများနှင့် အတူမြှုပ်နှံထားသော ပစ္စည်းများ တကယ် ရှိနေသည့် သင်္ချိုင်းများ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က ရှေးဟောင်းသုတေသန ပညာရှင်များ ချန်ပိုင်တောင်တန်း တွင် ရှာဖွေရေး လုပ်စဉ်က ကြီးမားသော သင်္ချိုင်းကြီး တစ်ခုကို ရှာတွေ့ခဲ့သော်လည်း ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုသင်္ချိုင်းက အစောကြီးကတည်းက အခိုးခံထားရပြီးသား ဖြစ်နေခြင်းပင်။

သတင်းများအရဆိုလျှင် ၎င်းက ဝမ်နူမင်းကြီး ၏ သင်္ချိုင်းဟု သတ်မှတ်ထားပြီး The Lost Tomb ရေးသည့် စာရေးဆရာကိုတောင် ခေါ်ယူစစ်ဆေးခဲ့သေးသည်ဟု သိရ၏။ သို့သော် မေးမြန်းရုံသက်သက်သာ လုပ်ပြီး ပြန်လွှတ်ပေးလိုက်ပေသည်။

ဤသို့ဆိုလျှင်တော့ တောင်ပေါ်တွင် သင်္ချိုင်းများ ရှိသည်ဆိုသည်မှာ သေချာသွားပြီဖြစ်ပြီး တုန်းရှ ခေတ်က ပစ္စည်းများ သေချာပေါက် ရှိနေမည်သာ။ လျောင် နှင့် ကျင်း ခေတ်များနှင့် ကိုက်ညီနေသည် မဟုတ်ပါလား။

'အခု ရှေးဟောင်းပစ္စည်း အရောင်းအဝယ် ကိစ္စမှာ ချင် မင်းဆက် က ပစ္စည်းတွေလောက်ပဲ ရောင်းလို့ရပြီး မင် မင်းဆက် ပစ္စည်းတွေတောင် ကန့်သတ်ချက်တွေ ရှိနေပြီ'

'အဲဒီထက် ပိုရှေးကျတဲ့ ပစ္စည်းတွေဆိုရင်တော့ ရောင်းဝယ်ခွင့် မပြုတော့ဘဲ ရှာတွေ့ရင် ပြစ်မှုကြီးမြောက်တယ်'

'ဆိုလိုတာက ဒီပစ္စည်းကို ကိုယ့်ဘာသာ သိမ်းထားရမှာ ဒါမှမဟုတ် အပ်ရမှာပေါ့... ရှေးဟောင်းပစ္စည်း စစ်ဆေးပေးတဲ့ သူတွေကလည်း လျောင် နဲ့ ကျင်း ခေတ်က ပစ္စည်းတွေကို မြင်ရင် ဒီလိုပဲ အကြံပေးကြမှာပဲ'

ရွှီယန်က ခါးပတ် အလယ်ရှိ ကျောက်စိမ်းပြားကို ယူလိုက်ပြီး အိတ်လေးဖြင့် သတိထားကာ ထုပ်ပိုးလိုက်ပြီးနောက် ကျောပိုးအိတ်၏ အတွင်းဘက် စပရိန်ပိုက်ကွန် အလွှာလေးထဲတွင် ထည့်ထားလိုက်၏။

ခါးပတ် အလယ်တွင် ကျောက်စိမ်း ထည့်ထားနိုင်သည်က သေချာပေါက် မူးမတ် အသိုင်းအဝိုင်းမှ ပစ္စည်းပင် ဖြစ်ရမည်။ နန်းတွင်းမှ ပစ္စည်းတောင် ဖြစ်နိုင်သေးသည်။

ရှေးဟောင်းပစ္စည်း ဆိုသည်မှာ အရင်က ပိုတန်ဖိုးကြီးသည့် ပစ္စည်းက ယခုလည်း ပို၍ တန်ဖိုးကြီးသည်သာ။ အရင်ကတည်းက တန်ဖိုးမရှိသည့် ပစ္စည်းဆိုလျှင် နှစ်တစ်ထောင် ကြာလျှင်တောင် တန်ဖိုးမရှိပေ။ အများဆုံး ယွမ် တစ်ထောင် ရှစ်ရာခန့်သာ ရမည် ဖြစ်၏။

ဤခါးပတ် ကျောက်စိမ်းပြားကတော့ ပထမ အမျိုးအစားထဲတွင် ပါဝင်သည်။

ဤပစ္စည်းကို သိမ်းဆည်းထားရန်သာ ရပြီး ရွှီယန်လည်း လောလောဆယ် ရောင်းရန် မရည်ရွယ်ချေ။ နောက်ပိုင်း အခွင့်အရေး ရမှသာ စဉ်းစားတော့မည်။

သို့သော် အကယ်၍ အစစ်သာဆိုလျှင် ဤပစ္စည်း၏ တန်ဖိုးက ယွမ် သန်းနှင့်ချီပြီး တန်နိုင်ပေသည်။ သူ၏ ပိုင်ဆိုင်မှု အားလုံးကို ပေါင်းလိုက်လျှင်တောင် ဤမျှ မများပေ။ အစစ်အမှန် ရှေးဟောင်းပစ္စည်း ဆိုသည်မှာ ဤသို့ပင် အမြတ်အစွန်း ကြီးမားလွန်းလှပေသည်။

'အရင်ဆုံး ငြိမ်ငြိမ်လေး နေတာက ပိုကောင်းတယ်... အရောင်းအဝယ် လုပ်လို့မရဘူး... တကယ်လို့ ငါ ရောင်းဖို့ လမ်းကြောင်း ရှာတွေ့ရင်တောင် ကြီးမားတဲ့ ငွေကြေး ပမာဏက အကြောင်းရင်း မခိုင်လုံရင် လူတွေ သတိထားမိသွားလိမ့်မယ်'

ယခုက တရားဥပဒေ စိုးမိုးသော ခေတ်ဖြစ်ပြီး စောင့်ကြည့်မှုများကလည်း တင်းကျပ်ပေသည်။ ဘဏ်စာရင်းထဲတွင် အကြောင်းရင်း မရှိဘဲ ယွမ် သန်းနှင့်ချီ သို့မဟုတ် ကုဋေနှင့်ချီပြီး ရုတ်တရက် ဝင်လာပါက စစ်ဆေးခံရရန် အခွင့်အလမ်း အလွန် များ၏။

ထိုနောက်တွင်တော့ ထောင်ထဲရောက်ပြီး သံတိုင်များကြား မျက်ရည်ကျရရန်သာ ရှိတော့သည်။

'ဒါပေမဲ့ သိမ်းထားတာကတော့ အမြဲတမ်း ကောင်းပါတယ်'

'ဘာပဲဖြစ်ဖြစ် ဒါက ရတနာပဲဟာကို'

ရွှီယန်က ဂေါ်ပြားဖြင့် မြေပြန်ဖို့ စတင်လိုက်သည်။

သူက မြေကြီးကို မူလအတိုင်း ပြန်ဖြစ်အောင် လုပ်ပြီး တွင်းကို ပြန်ဖို့ကာ သဲလွန်စ မကျန်အောင် ရှောင်ရှားရမည်။

ဤခါးပတ် ကျောက်စိမ်းပြားက သင်္ချိုင်းဂူထဲတွင် ရှိနေတာ မဟုတ်ဘဲ မြေကြီးထဲတွင် အထီးကျန်စွာ ကျန်ရစ်နေခြင်းဖြစ်ရာ အရင်က ဘာတွေ ဖြစ်ခဲ့သည် ဆိုသည်ကိုတော့ မသိနိုင်ပေ။

ခိုးယူသူများ ကျကျန်ခဲ့ခြင်း ဖြစ်နိုင်သလို တုန်းရှ ခေတ်မှ မူးမတ်များ ကိုယ်တိုင် ပစ်ချခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ သမိုင်းကို ပြန်လည် ဖန်တီး၍ မရနိုင်သော်လည်း ပစ္စည်းကတော့ အစစ်အမှန် တည်ရှိနေပေသည်။

တရားဝင် ပြောရလျှင်တော့ ဤပစ္စည်းကို အပ်နှံရမည် ဖြစ်သော်လည်း အပ်လိုက်လျှင်လည်း အခြားသူဆီ ရောက်သွားမည်သာဖြစ်ရာ ကိုယ့်ဘာသာ သိမ်းထားသည်ကမှ ပိုကောင်းပါသေးသည်။ အရောင်းအဝယ် မလုပ်လျှင် ပြဿနာ မရှိပေ။ ဘယ်က ရလာလဲ ဆိုသည်ကိုလည်း မည်သူမျှ သိမည် မဟုတ်ချေ။

'အိမ်ပြန်ရောက်ရင် သေချာလေး သိမ်းထားရမယ်... ဒါက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းရမယ့် ပစ္စည်း ဖြစ်သွားပြီ... နောက်ပိုင်း အသုံးလိုလာနိုင်တယ်'

ရွှီယန် စိတ်ထဲမှ တွေးလိုက်၏။

မည်သို့ပင်ဖြစ်စေ ယနေ့ တောင်ပေါ်တက်ခြင်းက ကံကောင်းခြင်းများနှင့် စတင်ခဲ့ခြင်းပင်။

မူလက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို တစ်ကြိမ်ခန့် စမ်းသုံးကြည့်ရန် ရည်ရွယ်ထားသော်လည်း တကယ့် ရတနာကို ရှာတွေ့ခဲ့သည် မဟုတ်ပါလား။

တောင်ပေါ်တွင် အံ့အားသင့်စရာများ အများအပြား ရှိနေသည်ဟုသာ ပြောရမည်။

ရွှီယန်က နောက်ထပ် ဆယ်မိနစ်ခန့် ဆက်လျှောက်သွားပြီး အခြေအနေ အဆင်ပြေပြီဟု ထင်တော့မှသာ လိုက်ဖ်ကို ပြန်ဖွင့်လိုက်သည်။

"တောင်းပန်ပါတယ်... ခုနက လိုင်းမကောင်းလို့ လိုက်ဖ် ပြတ်သွားတယ်"

"အခု ပြန်စပါပြီ"

ရွှီယန်က လိုက်ဖ်ထဲမှ ပရိသတ်များကို ပြောလိုက်၏။

အားလုံးကလည်း သိပ်ဂရုမစိုက်ကြချေ။ လိုက်ဖ် ပိတ်ထားသည့် အချိန်အတွင်း ဘာတွေ ဖြစ်ခဲ့လဲ ဆိုသည်ကိုလည်း မည်သူမျှ မသိကြပေ။

ရှုခင်းများက အရင်လိုပင် လှပနေဆဲဖြစ်ပြီး တောနက်ကြီးထဲမှ ဆောင်းဦး နှောင်းပိုင်း၏ အထီးကျန် ဆွေးမြည့်သော ခံစားချက်က မျက်နှာပေါ်သို့ ဖြတ်သန်းသွားသည်။

ရွှီယန်က တောတောင်များထဲတွင် တစ်ယောက်တည်း လမ်းလျှောက်နေသဖြင့် ပို၍ပင် လွတ်လပ် ပေါ့ပါးနေသကဲ့သို့ပင်။

"ကျွန်တော် အခု ရောက်နေတဲ့ နေရာက ကျားတစ်ကောင်ရဲ့ နယ်မြေပဲ"

"ကျားတွေရဲ့ လှုပ်ရှားသွားလာတဲ့ နယ်မြေက အရမ်း ကျယ်ဝန်းပြီး ကင်းလှည့်ရတာကို သဘောကျတယ်... သူတို့နဲ့ တွေ့ရဖို့ အခွင့်အလမ်းက အရမ်း နည်းပါတယ်"

"ဒီအထဲမှာ လှုပ်ရှားနေရတာက နှိုင်းယှဉ်ကြည့်ရင် ပိုပြီး လုံခြုံပါတယ်"

ထိုအချိန်တွင် ရွှီယန်က နောက်ထပ် ရှင်းပြလိုက်ပြန်၏။

အင်တာနက်သုံးစွဲသူများကတော့ ဘာပြောရမှန်းတောင် မသိတော့ချေ။

'ကျားရဲ့ နယ်မြေတဲ့လား... နှိုင်းယှဉ်ကြည့်လျှင် ပိုပြီး လုံခြုံတယ်တဲ့လား’

'မင်း ဘာပြောနေလဲဆိုတာ မင်းဘာသာ ပြန်စဉ်းစားကြည့်ဦးလေ’

All Chapters