အခန်း ၁၆၈
Vol. 17 Ch. 168
အခန်း (၁၆၈) ထင်းရှူးမှိုဝါနဲ့ တောပိန်းဥ... ဒီနေ့အတွက် အကြီးမားဆုံး သီးနှံရိတ်သိမ်းမှု
ယနေ့ တောင်ပေါ်တက်ရခြင်းမှာ သီးသန့် ရတနာရှာရန်သာ ဖြစ်သည်။
တောင်ထွက်ပစ္စည်းများ ရှာဖွေရသည့် ပျော်ရွှင်မှုကို မခံစားရသည်မှာ အတော်လေး ကြာမြင့်နေပြီ ဖြစ်၏။
သို့သော် ဆောင်းဦးရာသီ၏ တောင်ထွက်ပစ္စည်း အမျိုးအစားများက အလွန် များပြားလွန်းပြီး အများစုက သိပ်ပြီး တန်ဖိုးမရှိလှပေ။ မည်သို့ပင်ဖြစ်စေ အခြားသူများလည်း အလွယ်တကူ ရှာတွေ့နိုင်သဖြင့် အားသာချက် သိပ်မရှိချေ။
တောင်ပေါ်တွင် ပစ္စည်းကောင်းများ အများအပြား ရှိနေဆဲဖြစ်ပြီး နေရာတိုင်းတွင် တွေ့မြင်နိုင်ပေသည်။
ရွှီယန်ကလည်း တကယ်ကို သယ်မသွားနိုင်တော့သဖြင့် တောင်ထွက်ပစ္စည်း အတော်များများကို မခူးဆွတ်ခဲ့ခြင်း ဖြစ်၏။
မည်သို့ပင်ဖြစ်စေ သူက တောနက်ကြီးထဲသို့ ဝင်ရောက်လာပြီး အဝေးကြီး လမ်းလျှောက်ရမည်ဖြစ်ရာ မှိုများ စသည့် ပစ္စည်းများ အပြည့်ပါသော ကျောပိုးခြင်းတောင်းကြီးကို လွယ်ကာ သယ်ယူပို့ဆောင်ရန် မလွယ်ကူလှပေ။
ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် အရှေ့တွင် ထင်းရှူးတော တစ်ခု ပေါ်လာခဲ့သည်။
သူက ရိုးရိုးရှင်းရှင်းပင် အကဲခတ်ကြည့်လိုက်ရာ ပစ္စည်းကောင်း အချို့ကို တွေ့မြင်လိုက်ရ၏။
"ဒီထင်းရှူးပင်တွေပေါ်က လင်ဇီးမှိုလို ပုံစံမျိုးနဲ့ အရာတွေကို ကြည့်လိုက်... အဲဒါကို ထင်းရှူးမှိုဝါ လို့ ခေါ်တယ်"
"ဒီအရာတွေက ထင်းရှူးပင်တွေရဲ့ ထင်းရှူးတောထဲမှာပဲ ပေါက်တာ"
"ကျွန်တော်တို့ကတော့ ထင်းရှူးမှိုဝါ လို့ပဲ ခေါ်ကြတယ်... ရေနွေးကြမ်း လုပ်သောက်လို့ ရတယ်လေ"
"ရေနွေးအိုး အသေးလေး တစ်လုံးရှာပြီး ဒီအရာကို အဲဒီထဲမှာ စိမ်ထားလိုက်ရင် အချိန်အကြာကြီး သောက်လို့ရပြီး ခန္ဓာကိုယ်အတွက်လည်း ကောင်းတယ်"
ရွှီယန်က ထင်းရှူးပင်၏ မျက်နှာပြင်ပေါ်တွင် ပေါက်နေသော မာကျောသည့် မှိုများကို လက်ညှိုးထိုးပြကာ မိတ်ဆက်ပေးလိုက်သည်။
"ဒီအရာက ဘယ်လောက်တန်လဲ ဆိုတာကို အားလုံး စိတ်ဝင်စားကြမယ်မှန်း ကျွန်တော် သိပါတယ်... ဈေးပေါတာဆိုရင် တစ်ပိဿာကို ၂၀ ကနေ ဈေးကြီးတာဆိုရင် တစ်ပိဿာကို ၁၀၀ အထိ ရှိတယ်... အရွယ်အစားပေါ် မူတည်တာပေါ့"
"ဥပမာ ဒီသစ်ပင်ပေါ်က ဟာဆိုရင် တစ်ပိဿာကို ၄၀... ၅၀ လောက် ရောင်းရလောက်တယ်"
ရွှီယန်က ထပ်ပြောလိုက်၏။
သူ ဤသို့ ပြောလိုက်မှသာ အားလုံးက ထင်းရှူးမှိုဝါနှင့် ပတ်သက်ပြီး နားလည်သွားကြတော့သည်။
အင်တာနက်သုံးစွဲသူများ အားလုံးက ဤသို့ပင် တွေးတောနေကြခြင်း ဖြစ်၏။
အသုံးမဝင်သည့် အရာများကို ပြောမနေဘဲ ဤတောင်ထွက်ပစ္စည်းများက ဘာအတွက် အသုံးဝင်သလဲနှင့် ဘယ်လောက်တန်သလဲ ဆိုသည်ကိုသာ ပြောပြလျှင် လုံလောက်ပြီ ဖြစ်သည်။
တစ်ပိဿာကို ၄၀... ၅၀ ဆိုလျှင် ဈေးနှုန်းကလည်း မနည်းလှပေ။
အကယ်၍ ၁၀ ပိဿာ ၂၀ ပိဿာခန့် ခူးဆွတ်နိုင်ပါက ယွမ် လေးငါးရာခန့် ရောင်းရနိုင်သည် မဟုတ်ပါလား။
[ဒီထင်းရှူးမှိုဝါတွေကို အကုန်ခူးလိုက်ရင် လောင်ရွှီ နောက်ထပ် ယွမ် ရာဂဏန်းလောက် ထပ်ရှာနိုင်ပြန်ပြီပေါ့]
[တောင်ပေါ်မှာ ပိုက်ဆံရှာရတာ ဒီလောက် လွယ်ကူနေတာလား... ငါလည်း သွားချင်လာပြီ]
[ဒါက မလွယ်ကူပါဘူး... တောင်ပေါ် တက်နိုင်တဲ့ သူတွေက သာမန်လူတွေမှ မဟုတ်တာ]
[လောင်ရွှီ လိမ်တာကို မခံလိုက်ပါနဲ့... သူက အတွေ့အကြုံ ရင့်ကျက်ပြီး ကံလည်းကောင်းလို့ပါ... သာမန် တောင်ပေါ်တက်တဲ့ သူတွေက ဒီလောက် ပိုက်ဆံရှာလို့ မရပါဘူး]
အားလုံးက လိုက်ဖ်ထဲတွင် အသီးသီး မှတ်ချက်ပေးနေကြသည်။
ရွှီယန်က ထင်းရှူးပင်ပေါ်ရှိ ထင်းရှူးမှိုဝါများကို မော့ကြည့်လိုက်ရာ ထင်းရှူးမှိုဝါ အချို့က အနည်းငယ် မြင့်နေသဖြင့် တုတ်ဖြင့် ထိုးချမှ ရမည်ဖြစ်၏။
တုတ်များကတော့ နေရာတိုင်းတွင် ရှိနေပေသည်။ အလွယ်တကူ ကောက်ယူလိုက်ရုံဖြင့် ရှည်လျားသော သစ်ကိုင်း တစ်ကိုင်းကို ရရှိနိုင်ပေသည်။
"ထင်းရှူးမှိုဝါတွေက နည်းနည်း ကြပ်နေတော့ ချရတာ မလွယ်ဘူး... ကျွန်တော် စမ်းကြည့်လိုက်ဦးမယ်"
ရွှီယန်က သစ်ကိုင်းရှည်ကို ကိုင်ကာ အပေါ်သို့ အားကုန်သုံးပြီး ထိုးချလိုက်သည်။
ကံကောင်းသည်မှာ တစ်ချက် ထိုးလိုက်ရုံဖြင့် ထင်းရှူးမှိုဝါ တစ်ခုက အောက်သို့ ပြုတ်ကျလာခဲ့၏။
တောင်ပေါ်တွင် ပစ္စည်းကောင်းများ အတော်လေး များပြားလှသည်။ ရွှီယန်က ထင်းရှူးမှိုဝါ အချို့ကို ဆက်တိုက် ထိုးချလိုက်၏။
"အိမ်မှာလည်း ထင်းရှူးမှိုဝါ မရှိတော့ဘူး... ဈေးမှာ သွားဝယ်ရတာ ပျင်းလို့ ကိုယ်တိုင် နည်းနည်း ခူးသွားလိုက်မယ်"
ရွှီယန်က ပြောနေရင်း ထင်းရှူးပင်ပေါ်တွင် ပေါက်နေသော ထင်းရှူးမှိုဝါ အကုန်လုံးကို ဖယ်ရှားကာ အိတ်ထဲ ထည့်လိုက်သည်။
သုံးလေးပိဿာခန့် လေးမည်ဖြစ်ပြီး ယွမ် တစ်ရာကျော်ခန့် တန်ဖိုးရှိရာ မဆိုးလှဟု ဆိုရမည်။
ထို့နောက် ရွှီယန်က တောင်ပေါ်တွင် ဆက်လက်၍ လမ်းလျှောက်နေလိုက်၏။
ဤရာသီတွင် ထင်းရှူးမှိုဝါ သီးသန့် ရှာဖွေရန် ထင်းရှူးတောများဆီသို့ သွားရောက်သူများလည်း ရှိကြပြီး တစ်ခါတစ်ရံတွင် ထင်းရှူးတောတိုင်း၌ မရှိသဖြင့် မတူညီသော နေရာများသို့ သွားရောက်ရှာဖွေရန် ရက်အတော်ကြာ အချိန်ယူရတတ်သည်။
သို့သော် ရှာတွေ့သွားပါက အများအပြား ခူးဆွတ်နိုင်ပြီး ယွမ် ရာဂဏန်းခန့် ရှာနိုင်ပေသည်။
ဤကာလအတွင်း တောင်ပေါ်တက်သူများ၏ လှုပ်ရှားမှုက အတော်လေး များပြားနေသော်လည်း ရွှီယန်ကတော့ လယ်ယာခြံဝင်း၏ ကိစ္စများနှင့် အလုပ်ရှုပ်နေသဖြင့် တောင်ပေါ် သိပ်မတက်ဖြစ်ခဲ့ချေ။
ယနေ့တော့ သေချာ ကြည့်ရှုနိုင်ပြီ ဖြစ်သည်။
သူက အထဲသို့ ဆက်လျှောက်သွားလိုက်၏။
တောထဲတွင် အနည်းငယ် အေးစိမ့်နေပြီး လေကလည်း တဝီဝီ တိုက်ခတ်နေသော်လည်း ရွှီယန်ကတော့ သိပ်ပြီး မခံစားရဘဲ အေးမြနေသည်ဟုပင် ထင်မှတ်နေသေးသည်။
သူက သစ်တောထဲတွင် လမ်းလျှောက်နေရင်း ပို၍ပင် ပေါ့ပါးလွတ်လပ်လာသလို ခံစားနေရ၏။
ဤရာသီတွင် ရာသီဥတုက အေးလာပြီဖြစ်သဖြင့် တောထဲတွင် အတော်လေး လုံခြုံမှု ရှိပေသည်။
တိရစ္ဆာန်များ အားလုံးက ဆောင်းခိုရန် ပြင်ဆင်နေကြပြီး နောက်ဆုံး စားနပ်ရိက္ခာ စုဆောင်းသည့် အဆင့်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။
စားနပ်ရိက္ခာ စုဆောင်းသည်က ရှဉ့်များသာ မဟုတ်ဘဲ အခြား တိရစ္ဆာန်လေးများစွာကလည်း ဤဆောင်းရာသီကို ဖြတ်ကျော်ရန်အတွက် စားနပ်ရိက္ခာများ စုဆောင်းတတ်ကြ၏။
သစ်တောကြီးက အလုပ်ရှုပ်မည့် ရာသီတစ်ခုသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"ဒီလမ်းတစ်လျှောက်မှာ တိရစ္ဆာန်တွေ သိပ်မတွေ့ရဘူး... တုံးအအ တောသမင်လေးတွေ နည်းနည်းပါးပါး တွေ့ရတာကလွဲရင် တောဝက်တွေကိုတောင် သိပ်မမြင်ရဘူး"
"ဘယ်တွေ ပြေးကုန်ကြလဲ မသိဘူး"
"ရှဉ့်တွေနဲ့ ငှက်တွေလည်း နည်းသွားပြီ"
"ရာသီဥတု အေးလာတာနဲ့အမျှ တိရစ္ဆာန်တွေက သိပ်မလှုပ်ရှားကြတော့ဘဲ အသိုက်ထဲမှာပဲ အနားယူနေကြပုံရတယ်"
"တကယ် ဗိုက်ဆာလာမှပဲ အပြင်ထွက်ပြီး အစာရှာကြတာမျိုးပေါ့"
"ဆောင်းတွင်းက တော်တော်လေး ဖြတ်ကျော်ရ ခက်ခဲပါတယ်... တောထဲက တိရစ္ဆာန်တွေ အကုန်လုံး အသက်ရှင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်"
"တကယ်လို့ တိရစ္ဆာန် တစ်ကောင်ကောင် ငါ့ရဲ့ လယ်ယာခြံဝင်းကို ရောက်လာရင်တော့ ငါလည်း ကူပြီး အစာကျွေးမှာပါ"
ရွှီယန်က တောနက်ကြီးထဲကို လှမ်းကြည့်ရင်း အေးအေးဆေးဆေး ပြောပြနေသည်။
သူက အရှေ့သို့ နောက်ထပ် အနည်းငယ် ဆက်လျှောက်သွားလိုက်၏။
ဤနေရာက အနည်းငယ် စိမ်းသက်နေသဖြင့် ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြုရန် ရွေးချယ်လိုက်သည်။
ထို့နောက် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ လမ်းညွှန်မှုအတိုင်း တောင်ထွက်ပစ္စည်းများကို သွားရောက် ရှာဖွေတော့၏။
ဤတစ်ကြိမ်တွင်တော့ ကံသိပ်မကောင်းလှဘဲ ရှာတွေ့သွားသည်က အစုလိုက်အပြုံလိုက် ပေါက်နေသော ဆင်မမည်သီး အပင်များ ဖြစ်နေသည်။
ဆင်မမည်သီးက ရင်းနှီးပြီးသား အရာဖြစ်ပြီး မကြာခဏ ရှာတွေ့လေ့ရှိသဖြင့် ရွှီယန်က ခူးဆွတ်ရန်ပင် ပျင်းရိနေ၏။
အဓိကမှာ သယ်မသွားနိုင်သောကြောင့်ပင်။
"ဆင်မမည်သီး အများကြီး ထပ်တွေ့ပြန်ပြီ... ဝမ်းနည်းစရာက တောနက်ထဲမှာ ဖြစ်နေတာပဲ... တကယ်လို့ ငါ့လယ်ယာခြံဝင်း အပြင်ဘက်မှာသာ ဆိုရင် လယ်ထွန်စက် မောင်းပြီး လာသယ်မှာ"
ရွှီယန်က အနည်းငယ် နှမြောတသစွာဖြင့် ညည်းတွားလိုက်သည်။
[ဟားဟား... လောင်ရွှီ မင်း ဘာလို့ မြေတူးစက် မမောင်းလာတာလဲ]
[အကုန်လုံးက ပစ္စည်းကောင်းတွေချည်းပဲ... သယ်မသွားနိုင်တာက နှမြောစရာပဲ]
[သယ်မသွားနိုင်တာကမှ ကောင်းတာ... ပစ္စည်းကောင်းတွေ အကုန်လုံး သူချည်းပဲ ကောက်သွားလို့မှ မဖြစ်တာ]
[လောင်ရွှီ ရဲ့ တောင်ပေါ်တက် ဗဟုသုတက တကယ်ကို ပြောစရာ မလိုအောင် ပြည့်စုံတာပဲ... သူ အကုန်သိနေသလို ခံစားရတယ်]
ဤအရာက အသုံးမဝင်မှန်း သိလိုက်သဖြင့် ရွှီယန်က တောင်ပေါ်တွင် ဆက်လျှောက်ကာ တောင်ထွက်ပစ္စည်းများကို ရှာဖွေနေလိုက်၏။
တောင်ပေါ်တွင် စကားပုံ တစ်ခု ရှိသည်။
"ခေါင်းငုံ့ဖို့ ဝန်မလေးရင် စားစရာ သောက်စရာ ပူစရာ မလိုဘူး"
ဟု တောင်ပေါ်တက်သူများ ကိုယ်တိုင် ပြောလေ့ရှိသည့် စကားပင်။
သစ်ပင်များ၏ ပတ်ဝန်းကျင်နှင့် မြက်ခင်းများထဲတွင် ဂရုတစိုက် လိုက်ကြည့်ပါက အမြဲတမ်း ပစ္စည်းကောင်းများကို တွေ့မြင်ရတတ်သည်။
ရွှီယန် လမ်းလျှောက်သွားသည့်အခါ သူ၏ အကြည့်များက မြေပြင်ပေါ်သို့ အမြဲတမ်း ရောက်ရှိနေပြီး သစ်ရွက်ကြွေများနှင့် မြက်ခင်းများကိုလည်း မလွတ်တမ်း ကြည့်ရှုသွား၏။
အထဲသို့ တောက်လျှောက် ဝင်လာခဲ့ရာ နောက်ထပ် ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် ရွှီယန်က ရုတ်တရက် ရပ်တန့်လိုက်သည်။
သူက ကြီးမားသော သစ်ပင်ကြီး တစ်ပင်အောက်တွင် ရပ်လိုက်ပြီး သစ်ပင်ထိပ်ပိုင်းကို မော့ကြည့်လိုက်၏။
ထိုနေရာတွင် ငှက်သိုက် တစ်ခု ရှိနေသည်။
၎င်းမှာ စွန်နက် ၏ အသိုက်ပင် ဖြစ်၏။
ရွှီယန် မော့ကြည့်လိုက်သောအခါ မိခင်စွန်နက်က ငှက်သိုက်အပေါ်တွင် စောင့်ကြပ်နေပြီး အပြင်ဘက်ကို သတိထားကာ ကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။
အရင်က စွန်နက် နှစ်ကောင်က ဥသုံးလုံးကို ပြုစုစောင့်ရှောက်ရသဖြင့် သူတို့ နှစ်ကောင်စလုံး အစာရှာရန် အပြင်ထွက်ရပြီး မဟုတ်ပါက ကလေးများကို ဗိုက်ဝအောင် မကျွေးနိုင်ပေ။
ယခုတော့ တစ်ကောင်တည်းသာ ကျန်တော့သဖြင့် သူတို့ထဲမှ တစ်ကောင်က အပြင်ထွက်ပြီး အစာရှာကာ နောက်တစ်ကောင်က ငှက်သိုက်တွင် စောင့်နေမည် ဖြစ်၏။
ထိုတစ်ကောင်တည်းသော အကောင်လေးက ရွှီယန် ကယ်တင်ခဲ့ခြင်းဖြစ်ပြီး မဟုတ်ပါက လုံးဝ အဖြစ်ဆိုးနှင့် ကြုံတွေ့ရမည် ဖြစ်သည်။
စနစ်က ပြောသည်မှာ နွေဦးပေါက်၍ စွန်နက်လေး ကောင်းကင်ပေါ်သို့ ပျံသန်းနိုင်သည့်အခါ ဤစွန်နက်လေးက လယ်ယာခြံဝင်းသို့ ပျံသန်းလာပြီး ရွှီယန်နှင့် ရင်းနှီးကျွမ်းဝင်လာမည် ဟူ၍ပင်။
မည်သို့ပင်ဖြစ်စေ ၎င်း၏ အသက်ကို ရွှီယန် ကယ်တင်ပေးခဲ့ခြင်းဖြစ်ရာ ရွှီယန်နှင့် ရင်းနှီးကျွမ်းဝင်ခြင်းကလည်း ယုတ္တိတန်လှပေသည်။
မိခင်စွန်နက် ရှိနေသည်ကို မြင်သောအခါ ရွှီယန်က သစ်ပင်ပေါ် တက်ရန် စိတ်ကူးကို စွန့်လွှတ်လိုက်၏။
တကယ်လို့ စွန်နက် မိသားစုကို လန့်သွားစေမည်ဆိုပါက သိပ်မကောင်းလှချေ။
ရွှီယန်က မော့ကြည့်နေစဉ် ငှက်သိုက်ထဲမှ အနည်းငယ် စူးရှပြီး ကြည်လင်သော ငှက်ပေါက်လေး၏ အော်သံကို ကြားလိုက်ရသည်။
ဤသည်က စွန်နက်ပေါက်လေး ရှင်သန် ကြီးထွားနေပြီ ဆိုသည်ကို ဖော်ပြနေခြင်းပင်။
ဤသတင်းကို သိရသည်နှင့် လုံလောက်ပြီ ဖြစ်၏။
၎င်း အမြန်ဆုံး ကြီးပြင်းလာစေရန် မျှော်လင့်ရပေမည်။
ငှက်သိုက်ထဲတွင် မိခင်စွန်နက်က စွန်နက်ပေါက်လေးကို အနည်းငယ် နားမလည်နိုင်စွာ ကြည့်နေ၏။
'ဒီကောင်လေးက ဘာလို့ ရုတ်တရက်ကြီး ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ'
ယခု စွန်နက်ပေါက်လေးမှာ အမွေးအမျှင်များ မစုံသေးဘဲ ပြောင်သလင်းခါနေကာ ကြည့်ရသည်မှာ အနည်းငယ် ရုပ်ဆိုးနေသည်။
ငှက်များ အားလုံးက ဤသို့ပင် ဖြစ်၏။ ငယ်စဉ်အခါက အရုပ်ဆိုးကြပြီး အမွေးအမျှင်များ စုံလာသည့်အခါမှသာ လှပလာကြသည်။
နို့တိုက်သတ္တဝါများကတော့ ပြောင်းပြန်ပင်။
နို့တိုက်သတ္တဝါ အများစုက ငယ်စဉ်အခါက အလွန် ချစ်စရာကောင်းကြပြီး အထူးသဖြင့် ကလေးဘဝတွင် ပို၍ပင် ချစ်စရာကောင်းကြပေသည်။
ဒရုန်းက ဤမြင်ကွင်းကို လိုက်ဖ်လွှင့်နေ၏။
အင်တာနက်သုံးစွဲသူများက ငှက်သိုက်ကို မမြင်ရသဖြင့် ရွှီယန် ဘာကို ကြည့်နေမှန်း မသိကြချေ။
သူ ဤနေရာတွင် ငှက်ဥ တစ်လုံးကို ကယ်တင်ခဲ့ဖူးကြောင်းကိုလည်း မည်သူမျှ မမှတ်မိကြတော့ပေ။
မည်သို့ပင်ဖြစ်စေ အားလုံးက သစ်ပင် တစ်ပင်နှင့် တစ်ပင် ဘာကွာခြားလဲ ဆိုတာကို လုံးဝ မခွဲခြားနိုင်ကြသဖြင့် ဤသစ်ပင်ကိုလည်း မမှတ်မိနိုင်ကြခြင်း ဖြစ်၏။
ရွှီယန်က အချိန်အနည်းငယ်မျှ ရပ်တန့်နေပြီးနောက် အရှေ့သို့ ဆက်လက် လျှောက်သွားလိုက်သည်။
သူက အရင်က မလျှောက်ဖူးသေးသော လမ်းကြောင်းတစ်ခုကို ရွေးချယ်ကာ သစ်တော၏ စိမ်းသက်သော နေရာတစ်ခုသို့ ဝင်ရောက်သွားပြီး ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြု၍ ပစ္စည်းကောင်းများ ဆက်လက် ရှာဖွေနေလိုက်၏။
နောက်ဆက်တွဲ နှစ်ကြိမ်က သယ်သွားလို့ရမည့် ပစ္စည်းကောင်းများ မဟုတ်ခဲ့ချေ။
ဤသည်ကလည်း ပုံမှန်ပင် ဖြစ်၏။ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က အမြဲတမ်း ပစ္စည်းကောင်းများကို ရှာတွေ့နိုင်သည်တော့ မဟုတ်ပေ။
သစ်တော တစ်ခုထဲသို့ ထပ်မံ ဝင်ရောက်သွားသည့်အခါ ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို နောက်ဆုံးအကြိမ် အဖြစ် အသုံးပြုရန် ရွေးချယ်လိုက်သည်။
သူက ဘာမျှော်လင့်ချက်မှ သိပ်မထားခဲ့သော်လည်း အခြေအနေက ရုတ်တရက် ပြောင်းလဲသွားပြီး ရှာတွေ့လိုက်သည့် အရာက သူ၏ မျှော်လင့်ထားမှုထက် ပိုလွန်နေခဲ့၏။
ပစ္စည်းကောင်းတစ်ခု ထပ်မံ ရှာတွေ့ခဲ့ပြန်ပြီ ဖြစ်သည်။
ရွှီယန် မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။
"တွေ့ပါပြီ... ဒီတစ်ခေါက် လာရကျိုးနပ်ပြီ"
ရွှီယန်က ပြုံးရင်း ပြောလိုက်သည်။
လိုက်ဖ်ထဲမှ ပရိသတ်အဟောင်း အတော်များများက ရွှီယန်၏ အကျင့်ကို ကောင်းကောင်း သိနေကြပြီ ဖြစ်၏။
သူ ပြုံးလိုက်သည်ကို မြင်သည်နှင့် ပစ္စည်းကောင်း တစ်ခုခု ရှာတွေ့ပြီဆိုတာကို သိလိုက်ကြတော့သည်။
[လခွမ်း... နောက်ထပ် ဘာပစ္စည်းကောင်း ရှာတွေ့ပြန်ပြီလဲ... တောရိုင်းဂျင်ဆင်းများ ဖြစ်နေမလား]
[ဒီကောင် ထပ်ပြီး ပိုက်ဆံရပြန်တော့မှာလား]
[လောင်ရွှီ... ဘာရှာတွေ့လို့လဲ]
[ဒီနေရာမှာ ဘာမှလည်း မရှိပါဘူး]
အင်တာနက်သုံးစွဲသူများက အသီးသီး တုံ့ပြန်နေကြသည်။
ယခု အင်တာနက်သုံးစွဲသူများက ရွှီယန် ပိုက်ဆံ ရသွားမည်ကို သိသာစွာ ကြောက်ရွံ့နေကြ၏။
အရင်တုန်းက လိုက်ဖ် စတင်လွှင့်ချိန်မှာတော့ အင်တာနက်သုံးစွဲသူများက ရွှီယန် ပစ္စည်းကောင်းများ ရှာတွေ့ရန် အလွန် မျှော်လင့်ခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ အားလုံးက သူ့ကို ပင်ပန်းသည်ဟု ထင်မြင်ကြပြီး သူ ပို၍ ကောင်းမွန်စွာ နေထိုင်နိုင်စေရန် မျှော်လင့်ပေးခဲ့ကြခြင်း ဖြစ်၏။
ယခုတော့ လူတိုင်းက ရွှီယန် အလွန် တော်ကြောင်း... ပစ္စည်းရှာသည့် အဆင့်အတန်းလည်း မြင့်မားကြောင်းနှင့် ကိုယ်ပိုင် လယ်ယာခြံဝင်း တစ်ခုတောင် ဖွင့်ထားကြောင်း သိရှိသွားကြပြီဖြစ်ရာ အားလုံးက သူ ပစ္စည်းကောင်းများ ရှာမတွေ့ရန် ဆုတောင်းနေကြပြီး သူများ ဒုက္ခရောက်သည်ကို ကြည့်ကာ ဝမ်းသာချင်နေကြတော့သည်။
ဤသည်ကလည်း ယဉ်ကျေးမှု တစ်မျိုးပင် ဖြစ်၏။
'မင်း အဆင်မပြေတာကို မြင်ရင် မင်းကို အဆင်ပြေစေချင်ကြတယ်... မင်း အရမ်း အဆင်ပြေနေတာကို မြင်ရင်တော့ မင်း အဲဒီလောက် အဆင်မပြေစေချင်ကြတော့ဘူးပေါ့'
ထိုအချိန်တွင် ရွှီယန်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး မြေကွက်လပ်ပေါ်ရှိ ဟိုတစ်စု ဒီတစ်စု ပေါက်နေသော အစိမ်းရောင် အရွက်များကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ဒီအရွက်တွေကို ကြည့်လိုက်... ဒါတွေက ပစ္စည်းကောင်းတွေပဲ"
"ဒီအရာက အရမ်းကို ထူးဆန်းတယ်... ဆောင်းတွင်းရောက်ရင် သူ့ရဲ့ အရွက်တွေက အစိမ်းရောင် ဖြစ်နေတာ... ရေခဲနှင်းတွေ ဖုံးလွှမ်းနေရင်တောင် အစိမ်းရောင်ပဲ"
"ဒါပေမဲ့ နွေရာသီကို ရောက်ရင် အစိမ်းရောင် အရွက်တွေက ပြောင်းပြန် ဝါကျင့်ပြီး ခြောက်သွေ့သွားတတ်တယ်"
"ဒါကြောင့် နွေရာသီမှာ သူ့ကို ရှာရတာ သိပ်မလွယ်ဘူး... ဆောင်းဦး နှောင်းပိုင်း ရာသီဥတု အေးလာပြီး အရွက်တွေ စိမ်းလာမှ ရှာရတာ လွယ်ကူတာ"
ရွှီယန်၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများ ထပ်မံ ကြောင်အမ်းသွားကြပြန်၏။
'ဟင်...'
'ဒါတွေက ဘာတွေလဲ...'
'သစ်တောထဲမှာ ဘာကြောင့် ထူးထူးဆန်းဆန်း အရာတွေချည်းပဲ ပေါက်နေရတာလဲ...'
'ဆောင်းတွင်းမှာ အရွက်က အစိမ်းရောင် ဖြစ်ပြီး နွေရာသီမှာ အရွက်က ခြောက်သွေ့သွားတယ်တဲ့လား... ဤကဲ့သို့သော အရာမျိုးလည်း ရှိသေးသလား...'
အစိမ်းရောင် အရွက်များက ရှည်လျားသော အမြစ်တစ်ချောင်း ဖြစ်ပြီး ရွှီယန်က အရွက်များကို ကိုင်ကာ မြေကြီးထဲမှ အရာကို ဆွဲတင်လိုက်သည်။
အောက်တွင် အဖြူရောင် အသီးများ သီးနေပြီး မြေကြီးများ ပေကျံနေသဖြင့် ထိုမျှလောက်တော့ မဖြူဖွေးနေပေ။
"ဒီအရာက အောက်ဘက်က နည်းနည်းလေးကိုပဲ ယူရတာ... အရွက်တွေက အသုံးမဝင်ဘူး"
"ကျွန်တော်တို့ ဒေသမှာတော့ အဲဒါကို ရေခဲပန်း လို့ ခေါ်တယ်... တောပိန်းဥ လို့လည်း ခေါ်ကြတယ်"
"ဒီအရာက ဆေးဖက်ဝင် တန်ဖိုး အရမ်းမြင့်တယ်... အထူးသဖြင့် ဒီလို တောရိုင်းတွေဆိုရင် တန်ဖိုး ပိုကြီးတာပေါ့"
"တောပိန်းဥ က ရှာရတာ မလွယ်ဘူး... ဒါပေမဲ့ ရှာတွေ့ပြီဆိုရင်တော့ တစ်အုပ်လုံး တွေ့တာပဲ"
"အခု ကျွန်တော်တို့ ဒီမှာ အဝယ်တော်တွေ ပေးတဲ့ ဈေးက တစ်ပိဿာကို ၁၃၀ တဲ့... ကျွန်တော် သီးသန့် သွားမေးထားတာ"
ရွှီယန်က တောင်ထွက်ပစ္စည်း ဈေးကွက်သို့ သွားရောက်သည့်အခါ အခြားသူများနှင့် စကားစမြည် ပြောဆိုလေ့ရှိသဖြင့် တောင်ထွက်ပစ္စည်းများ၏ ဈေးနှုန်း အတော်များများကို သိရှိထားခြင်း ဖြစ်သည်။
တောင်ထွက်ပစ္စည်း အများစုက ပွင့်လင်းမြင်သာမှု ရှိပြီး ဘယ်လောက်ဈေး ပေါက်သလဲ ဆိုတာကို အားလုံး သိကြ၏။
တောရိုင်းဂျင်ဆင်း အစစ်အမှန်များ သို့မဟုတ် သဘာဝ ကတိုး ကဲ့သို့သော အနည်းငယ်သော အရာများကတော့ ဈေးကွက်ထဲတွင် အရေအတွက် နည်းပါးပြီး အရောင်းအဝယ် နည်းပါးသဖြင့် ဈေးနှုန်းက ထိုမျှလောက် ပွင့်လင်းမြင်သာမှု မရှိပေ။
တစ်ပိဿာ ၁၃၀ ဟု ကြားလိုက်ရသဖြင့် အင်တာနက်သုံးစွဲသူများက သက်ပြင်းချသွားကြတော့သည်။
မည်သို့ပင်ဖြစ်စေ ယွမ် သိန်းချီတန်သော ပစ္စည်းများ မရှာတွေ့သရွေ့ အဆင်ပြေသည် မဟုတ်ပါလား။
တကယ်တမ်းတော့ တောင်ပေါ်တွင် ရတနာများ များပြားလှသော်လည်း ယွမ် သောင်းချီတန်သော ဂျင်ဆင်းများကို ရောင်းချနိုင်ရန်က အလွန် ရှားပါးလှပြီး သိန်းချီ၍ ရောင်းရနိုင်သည်မှာ ပို၍ပင် ရှားပါးလှပေသည်။
ဒီအလုပ်ကို အားကိုးပြီး ပိုက်ဆံရှာလို့ ရနိုင်သော်လည်း ချက်ချင်း ချမ်းသာသွားရန် အခွင့်အလမ်းကတော့ ထီပေါက်သလိုမျိုးပင် ဖြစ်၏။
သေချာသည်မှာ ရွှီယန်တွင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ဟူသော အကူအညီ ရှိနေသဖြင့် ထီအကြိမ်ရေ အတော်များများ ပေါက်ပြီးပြီ ဖြစ်ပေသည်။