အခန်း ၁၇၀
Vol. 17 Ch. 170
အခန်း (၁၇၀) မင်းတို့ကောင်တွေ နှင်းကျတာ မမြင်ဖူးဘူးလား... ကြည့်ရတာ တကယ် မမြင်ဖူးသေးတဲ့ ပုံပဲ
လယ်ယာခြံဝင်းသို့ ပြန်ရောက်ချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။
ရွှီယန်က ကားပေါ်မှ ဆင်းကာ ကျောပိုးအိတ်ကို လွယ်ပြီး အထဲသို့ ဝင်လာခဲ့၏။ ဝန်ထမ်းများက အပြင်ဘက်တွင် ကားသံ ကြားသည်နှင့် အိမ်ထဲမှ ထွက်လာကြသည်။
"ရှောင်ဟွာ ရော ဘာဖြစ်သေးလဲ"
ရွှီယန်က အရင်ဆုံး စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
မာဝန်က ပြန်ဖြေလိုက်၏။
"အဆင်ပြေပါတယ်... ခြံဝင်းထဲမှာပဲ နေနေတာ... ဘာအသံမှလည်း မကြားရဘူး... ကျွန်တော်တို့လည်း တံခါးဖွင့်ပြီး မကြည့်ရဲပါဘူး"
ဝမ်ဝူကလည်း ဝင်ပြောသည်။
"နံရံပေါ် တက်ပြီးလည်း မကြည့်ရဲဘူးလေ... ကျွန်တော် နံရံပေါ် တက်လိုက်လို့ သူက ခုန်တက်လာပြီး ကိုက်လိုက်ရင် ဒုက္ခ"
ရွှီယန်က ခေါင်းညိတ်လိုက်ပြီး သူ၏ ခြံဝင်းထဲသို့ တိုက်ရိုက် ဝင်လာကာ ခြံတံခါးကို ဖွင့်လိုက်၏။
တံခါးဖွင့်လိုက်သည်နှင့် ကျားသစ်ပေါက်လေးက မျက်လုံးအပြူးသားဖြင့် သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဤသို့ ကြည့်နေသည်ကို မြင်သောအခါ ရွှီယန်က ပြုံးရင်း ပြောလိုက်၏။
"တော်တော် လိမ္မာတာပဲ... လျှောက်မပြေးဘူး... ဒီအချက်ကတော့ တကယ်ကို စိတ်အေးရတယ်... အရင်က တာ့ဟွာ အမဲလိုက်တာကို စောင့်နေရလို့ အကျင့်ပါသွားတာလား မသိဘူး"
ထို့နောက် ရွှီယန်က ရှောင်ဟွာ ကို အစာအနည်းငယ် ကျွေးရမည်မှန်း သိလိုက်သည်။ သို့မှသာ သူက အမဲလိုက်ပြီး ပြန်လာသည်ဟု ထင်မှတ်သွားမည် ဖြစ်၏။
ထို့ကြောင့် ရွှီယန်က ကျောပိုးအိတ်ကို ချထားခဲ့ပြီး မီးဖိုချောင်ထဲသို့ ဝင်ကာ ကြက်စိမ်း တစ်ကောင်ကို ယူပြီး တိုက်ရိုက် ကျွေးလိုက်သည်။
ရှောင်ဟွာ ရှိလာပြီးနောက် ရွှီယန်၏ ကုန်ကျစရိတ်များလည်း အနည်းငယ် မြင့်တက်လာခဲ့၏။ မည်သို့ပင်ဖြစ်စေ နေ့စဉ် အသားစိမ်း ပမာဏ အတန်အသင့် ကျွေးရမည် မဟုတ်ပါလား။
ကံကောင်းသည်မှာ ယခုအခါ ရွှီယန်က အတော်လေး ငွေကြေးပြည့်စုံနေပြီဖြစ်ရာ ကျားသစ်တစ်ကောင် မွေးထားရန်မှာ လုံလောက်ရုံမက ပိုပင်ပိုနေသေးသည်။
မဟုတ်ပါက ဤကောင်လေး စားသောက်သည်ကို တကယ်ပင် မတတ်နိုင်လောက်ချေ။
ကျားသစ်ပေါက်လေးက ဘေးတွင် ကြက်စိမ်းကို ပျော်ရွှင်စွာ စားသောက်နေသည်။
ရှောင်ဟေး ကလည်း သတ္တိကောင်းလှရာ ကျားသစ်ပေါက်လေး အစာစားနေသည်ကို မြင်သောအခါ ပြေးလာပြီး အနံ့ခံကြည့်ကာ အတူတူ ဝင်စားချင်နေသေး၏။
သို့သော် အသားစိမ်း ဖြစ်နေသည်ကို တွေ့သောအခါ ရှောင်ဟေး က သိသိသာသာကို ရွံရှာသွားသည်။
ဒီခွေးက အတော်လေး ရွေးချယ်တတ်ပြီး အသားစိမ်းဆိုလျှင် မစားချင်ချေ။
လယ်ယာခြံဝင်း၏ အစားအသောက်များက ကောင်းမွန်ပြီး အားလုံးကလည်း ခွေးများကို ကျွေးရသည်ကို သဘောကျကြသဖြင့် ခွေးနှစ်ကောင်စလုံးက အသားကျက်များကို အမြဲတမ်း စားရလေ့ရှိသည်။
ရွှီယန်က တောင်ပေါ်တက်ရသည်မှာ တစ်နေကုန်ဖြစ်သဖြင့် အတော်လေး ပင်ပန်းနေပြီ ဖြစ်၏။ ရေချိုးပြီးနောက် အနှိပ်ကုလားထိုင်ပေါ်တွင် နာရီဝက်ကျော်ခန့် နှိပ်ခံနေလိုက်သည်။
အရည်အသွေးမြင့် အနှိပ်ကုလားထိုင်ဖြင့် နှိပ်ရသည်က တကယ်ကို သက်သောင့်သက်သာ ရှိလှပြီး နှိပ်ပြီးသွားသည်နှင့် တစ်ကိုယ်လုံး နုံးခွေသွားတော့၏။
သူ နှိပ်ခံနေစဉ် အကောင်လေးများကတော့ အပြင်ဘက်တွင် စောင့်နေကြသည်။
ခွေးနှစ်ကောင်၊ ဒရယ်ပြောက်လေးနှင့် ကျားသစ် အကုန်ရှိနေ၏။
ဒရယ်ပြောက်လေးက ယခုအခါ သတ္တိနည်းနည်း ပိုကောင်းလာပြီး ကျားသစ်ပေါက်လေး၏ ဘေးတွင်တောင် လျှောက်သွားရဲနေပြီ ဖြစ်သည်။
ယခင်က ဒရယ်ပြောက်လေးက ကျားသစ်ကို တစ်ခါမှ မမြင်ဖူးခဲ့သဖြင့် သွေးကြောထဲမှ ဖိနှိပ်မှုများကြောင့် ကျားသစ်ကို အလိုအလျောက် ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်၏။ သို့သော် တဖြည်းဖြည်း အတူတူ နေလာပြီးနောက် ကျားသစ်တွင် အန္တရာယ်ပြုလိုစိတ် မရှိမှန်း သိလာကာ လက်ခံလာနိုင်ခဲ့သည်။
ကံကောင်းသည်မှာ ဤဒရယ်ပြောက်လေးက မွေးမြူရေး ဒရယ်ပြောက်လေး ဖြစ်နေ၍သာ။ မဟုတ်ပါက နောက်ပိုင်း တောထဲဝင်ပြီး တောရိုင်းကျားသစ်ကို မြင်သည့်တိုင် ထွက်မပြေးဘဲ နေပါက သေဖို့သာ ရှိတော့မည် ဖြစ်၏။
ဝမ်းနည်းစရာကောင်းသည်မှာ တောရိုင်း ဒရယ်ပြောက်လေးများ မလာတော့သည်မှာ အတော်လေး ကြာမြင့်နေပြီ ဖြစ်သည်။ ကျားသစ် ရှိနေသည်ကို အာရုံခံမိ၍လား သို့မဟုတ် အဝေးကြီးကို အုပ်စုလိုက် ပြေးသွားကြ၍လား ဆိုသည်ကိုတော့ မသိရပေ။
နောက်ပိုင်း တောထဲမှာ ပြန်တွေ့ရဖို့ပဲ မျှော်လင့်ရတော့မည်။
ရွှီယန်က ကျားသစ်ပေါက်လေးကို ခေါ်ထုတ်လာပြီး လယ်ယာခြံဝင်း၏ မြေကွက်လပ်တွင် ဆော့ကစားစေသည်။
ထိုအချိန်တွင် ဗီဒီယို အချို့ကိုလည်း ရိုက်ကူးထားလိုက်သေး၏။ နောက်ပိုင်း တင်စရာ အကြောင်းအရာ မရှိသည့်အခါ သူ၏ အကောင့်တွင် တင်ရန်အတွက် ဗီဒီယို အရင်းအမြစ်များ စုဆောင်းထားခြင်း ဖြစ်သည်။
မီဒီယာအသစ် လောကထဲသို့ ဝင်ရောက်လာပြီဆိုမှတော့ အလုပ်ကို လေးစားမှု ရှိရန် လိုအပ်ပေသည်။
သူကိုယ်တိုင်ကတော့ မြေကွက်လပ်တွင် တစ်ပတ်ခန့် လျှောက်သွားပြီးနောက် ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ကာ အနားယူနေလိုက်၏။
တကယ်ကို ဆက်မလျှောက်ချင်တော့ချေ။
ညနေစောင်းသို့ ရောက်သည့်အခါ အပူချိန်က အတော်လေး ကျဆင်းလာသည်။
သူတို့နေရာက တောင်တန်းများနှင့် နီးကပ်သည့် နေရာဖြစ်သဖြင့် ညဘက် အပူချိန်က ပို၍ပင် နိမ့်ကျပြီး ကောင်းကောင်း အိပ်ပျော်ရန် စောင်ခြုံအိပ်ရမည့် အခြေအနေသို့ပင် ရောက်ရှိနေပြီ ဖြစ်၏။
အကောင်လေးများ ဆော့ကစားနေသည်ကို ခဏမျှ ကြည့်ရှုပြီးနောက် အချိန်တော်လောက် ရောက်သည့်အခါ ရွှီယန်က ၎င်းတို့ကို ခေါ်ဆောင်ကာ အနားယူရန် ပြန်လာခဲ့သည်။
ဒရယ်ပြောက်လေးနှင့် ခွေးနှစ်ကောင်စလုံးက ရွှီယန်၏ ခြံဝင်းထဲတွင် အိပ်ကြ၏။
ကျားသစ်ကတော့ အိမ်ထဲသို့ ဝင်သည်။
မူလက ကျားသစ်အတွက် သီးသန့် အခန်းတစ်ခု စီစဉ်ပေးထားသော်လည်း ၎င်းက အထဲမဝင်ဘဲ ညဘက်တွင် တံခါးလာခေါက်တတ်သည်။
ရွှီယန်က အပြင်သို့ မောင်းထုတ်လိုက်ပါကလည်း အောင်အောင် ဖြင့် ချွဲနွဲ့ကာ အော်ဟစ်နေတတ်သဖြင့် သူ့ကို ဘာမှ လုပ်၍ မရတော့ချေ။
ကိစ္စက ဤအခြေအနေအထိ ရောက်လာပြီဆိုမှတော့ လောလောဆယ် ကုတင်ပေါ်မှာပဲ အိပ်ခိုင်းရတော့မည် ဖြစ်၏။
ရွှီယန်က ယနေ့အတွက် ကျော်ကြားမှု ရမှတ်ကို တွက်ချက်ကြည့်လိုက်သည်။
[ယနေ့ လိုက်ဖ်ကို ဝင်ရောက်ကြည့်ရှုသူ အရေအတွက် - ၁ သိန်း ၉ သောင်း ၃ ထောင်... ပျမ်းမျှ ကြည့်ရှုချိန် - ၁ နာရီ... ရရှိသော ကျော်ကြားမှု ရမှတ် - ၁ သိန်း ၉ သောင်း ၃ ထောင်]
[လက်ရှိ စုစုပေါင်း ကျော်ကြားမှု ရမှတ် - ၃ သိန်း ၃ သောင်း ၅ ထောင်]
ကြည့်ရှုသူ အရေအတွက်က တိုးလာသော်လည်း ပျမ်းမျှ ကြည့်ရှုချိန်ကတော့ သိပ်မများလှပေ။ အရှေ့မြောက်ကျား ထွက်ပေါ်လာသည့်အခါ လူအတော်များများက လိုက်ဖ်ထဲသို့ ဝင်ရောက်လာပြီး ခဏကြည့်ကာ ပြန်ထွက်သွားတတ်ကြသဖြင့် ပျမ်းမျှ ကြည့်ရှုချိန်ကို လျော့ကျသွားစေခြင်း ဖြစ်၏။
သို့သော် ကျော်ကြားမှု ရမှတ် စုဆောင်းမိသည့် အရှိန်ကတော့ အတော်လေး မြန်ဆန်လှသည်။
အရင်တစ်ခေါက် နှင်းခွေးကို အစာကျွေးစဉ်က ကျော်ကြားမှု ရမှတ် ၁ သိန်း ၄ သောင်း စုဆောင်းနိုင်ခဲ့ပြီး ဤတစ်ကြိမ်တွင်တော့ ၁ သိန်း ၉ သောင်း ထပ်မံ ရရှိခဲ့၏။
လိုက်ဖ် တစ်ခါလွှင့်ရုံဖြင့် အဆင့်မြင့် မဲဖောက်ခြင်း တစ်ကြိမ် ပြုလုပ်နိုင်ပေသည်။
သို့သော် မဲဖောက်ပါက ယွမ် သုံးလေးသောင်းခန့် တန်ဖိုးရှိသည့် ပစ္စည်းများသာ ရရှိလေ့ရှိပြီး ရွှီယန်အတွက်လည်း လောလောဆယ် သိပ်မလိုအပ်လှချေ။
ထို့ကြောင့် ၁၀ သိန်း (၁ သန်း) ပြည့်သည်အထိ စောင့်ပြီးမှ မဲဖောက်မည် သို့မဟုတ် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အဆင့်မြှင့်တင်မည်ဟု ဆုံးဖြတ်လိုက်သည်။
ထို့နောက် ရွှီယန်က မျက်လုံးများကို မှိတ်လိုက်ပြီး ဘေးသို့ လက်လှမ်းကာ စမ်းသပ်ကြည့်ရာ ကျားသစ်၏ ခေါင်းကြီးကို စမ်းမိသဖြင့် နှစ်ချက်ခန့် ပွတ်သပ်ပေးလိုက်ပြီးနောက် လက်ကို ပြန်ရုပ်ကာ အိပ်မောကျသွားတော့၏။
နောက်တစ်နေ့။
ရွှီယန် အိပ်ရာထပြီးနောက် အပြင်သို့ ထွက်ကာ လေညင်း ခဏခံလိုက်သည်။
ပုံမှန်အတိုင်း မိနစ် ၃၀ ခန့် ငေးမောနေလိုက်၏။
တောင်ပေါ်တက်ပြီးနောက် ပင်ပန်းနွမ်းနယ်မှုများက ကျန်ရှိနေဆဲဖြစ်ပြီး ခန္ဓာကိုယ်ကလည်း အချိန်ကြာမြင့်စွာ လှုပ်ရှားပြီးနောက် ပြန်လည် နာလန်ထူသည့် အဆင့်တွင် ရှိနေဆဲ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှု မည်မျှပင် ကောင်းမွန်စေကာမူ တောင်ပေါ်တွင် တစ်နေကုန် လမ်းလျှောက်ပြီးပါက အနားယူရန် လိုအပ်ပေသည်။
အနားယူလို့ အဆင်ပြေသွားသည့်အခါ သူ မွေးမြူထားသော အကောင်လေးများကို အစာကျွေးလိုက်သည်။
ကျားသစ်၊ ခွေးလေးများ၊ ဒရယ်ပြောက်လေး၊ မြင်းမည်း...
မွေးမြူရေး တိရစ္ဆာန်များကိုတော့ ဝန်ထမ်းများက တာဝန်ယူ အစာကျွေးကြ၏။
"သူဌေး... ကျွန်တော်တို့ မွေးထားတဲ့ တိရစ္ဆာန်တွေက နည်းနေတုန်းပဲနော်... ကြက် ဘဲ ငန်း နည်းနည်းနဲ့ ဝက်က ဆယ်ကောင်ပဲ ရှိသေးတယ်... ကျွန်တော် ထင်တာတော့ ဝက် အကောင် ငါးဆယ်လောက် မွေးထားရင်တောင် အဆင်ပြေတယ်"
မာဝန်က အစာကျွေးပြီးနောက် ရွှီယန်ကို အကြံပေးလိုက်သည်။
လယ်ယာခြံဝင်းရှိ ဝက်များက တကယ်ကို နည်းပါးလွန်းလှ၏။ ယခင်က ရွှီယန်နှင့် လီဆန်း နှစ်ယောက်တည်း ရှိစဉ်က ရွှီယန် ကိုယ်တိုင် သွားရောက် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်က လယ်ယာခြံဝင်းတွင် လုပ်အား နည်းပါးသဖြင့် ရွှီယန်က စိုက်ပျိုးရေးကိုသာ အဓိကထား ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ထားသဖြင့် အများကြီး မမွေးမြူခဲ့ခြင်း ဖြစ်၏။
"ဟုတ်တယ်... နည်းနည်းတော့ နည်းနေတယ်... ဒီဝက်အုပ်ကို နှစ်သစ်ကူးရင် ရောင်းလိုက်မယ်... နောက်နှစ်ကျရင် ပိုပြီး အများကြီး မွေးမယ်... ကြက် ဘဲ ငန်း တွေလည်း တော်တော်များများ မွေးလို့ရတယ်... ပြီးရင် သိုးနည်းနည်းပါ မွေးပြီး အားရင် တောင်ပေါ်လမ်းအတိုင်း သိုးသွားကျောင်းမယ်"
ရွှီယန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
ရွာထဲတွင် အချို့ လယ်သမားများက သိုးများ မွေးမြူကြ၏။
ရွာလမ်းများတွင် လမ်းလျှောက်သွားပါက တစ်ခါတစ်ရံ လယ်သမား တစ်ယောက်က သိုးအုပ်တစ်အုပ်ကို မောင်းနှင်ကာ လမ်းအတိုင်း လာနေသည်ကို မြင်တွေ့ရတတ်သည်။
ထိုသိုးများက လမ်းဘေးရှိ မြက်များကို စားကြ၏။
ခဏစားလိုက်၊ အရှေ့သို့ လှမ်းသွားလိုက်နှင့် တစ်ပတ်ခန့် လျှောက်သွားပြီး သိုးခြံသို့ ပြန်ရောက်သည့်အခါ ဗိုက်ဝသွားကြပြီ ဖြစ်သည်။
သိုးကျောင်းရသည်က အလုပ်ကောင်း တစ်ခုဖြစ်သော်လည်း သိုးမွေးမြူရန်ကတော့ ထိုမျှ မလွယ်ကူလှချေ။
သိုးများက ပြုစုရခက်ခဲပြီး သေချာ ဂရုစိုက်ရမည် ဖြစ်၏။ ရောဂါဖြစ်၍ သေဆုံးမှုနှုန်းက အတော်လေး မြင့်မားသည်။ တစ်ကောင် နှစ်ကောင် သေဆုံးပါက ခံသာသေးသော်လည်း ရုတ်တရက် အပူချိန် ကျဆင်းပြီး မိုးရွာသွန်းပါက အကောင်အတော်များများ သေဆုံးသွားနိုင်ပေသည်။
ထို့ကြောင့် အမိုးပါသော သိုးခြံက အလွန် လိုအပ်လှ၏။
ရွှီယန်က ဝက်ခြံထဲရှိ ဝက်များကို ကြည့်လိုက်သည်။
ဤဝက်များက အတော်လေး ကြီးထွားလာပြီး ဖွံ့ဖြိုးမှုလည်း ကောင်းမွန်နေ၏။
နှစ်သစ်ကူးခါနီးလျှင် ဝက်သတ်သမားကို ခေါ်ပြီး တစ်ကောင်သတ်လိုက်ပါက လယ်ယာခြံဝင်း၏ ဆောင်းတွင်း တစ်တွင်းစာအတွက် ဝက်သား လုံလောက်သွားမည် ဖြစ်သည်။
ယခုအခါ ဝက်များကို သတ်ပြီး ဝက်သားရောင်းချလိုပါက သီးသန့် သားသတ်ရုံများသို့ သွားရောက်ရမည် ဖြစ်သော်လည်း ကိုယ်တိုင်စားရန်အတွက်ဆိုလျှင်တော့ လူခေါ်ပြီး သတ်ခိုင်း၍ ရသဖြင့် ပြဿနာ မရှိပေ။
ရွှီယန်က တစ်ပတ်ခန့် လှည့်ပတ်ကြည့်ရှုပြီး ဆောင်းတွင်းအတွက် အစီအစဉ်များ စတင် ရေးဆွဲနေလိုက်၏။
'ဆောင်းတွင်းရောက်ရင် လူတွေက သိပ်ပြီး အပြင်မထွက်ကြတော့ဘူး... ရွာထဲက လူတွေဆိုရင်လည်း ဖဲရိုက်တာ... အရက်သောက်တာတွေနဲ့ နေ့တိုင်း အေးအေးဆေးဆေး ဖြတ်သန်းကြလိမ့်မယ်... တချို့လူတွေကျတော့လည်း နွေးထွေးတဲ့ နေရာတွေကို သွားပြီး အလုပ်လုပ်ကာ ပိုက်ဆံပိုရှာကြတယ်... ငါတို့တွေကျတော့ ဒီလယ်ယာခြံဝင်းထဲမှာပဲ နေရမှာဆိုတော့ ပစ္စည်းတွေ ပိုပြီး ပြင်ဆင်ထားမှ ရမယ်'
ရွှီယန်က တကယ့်ကို ခေါင်းဆောင်ကောင်း တစ်ယောက်ပီပီ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို တွေးတောပေးနေခြင်း ဖြစ်၏။
တကယ်တော့ ဝန်ထမ်းများကလည်း ဆောင်းတွင်းတွင် လယ်ယာခြံဝင်း၌ နေရသည်ကို သဘောကျကြသည်။ အဘက်ဘက်မှ အာမခံချက် ရှိပြီး နွေးထွေးမှုလည်း ရှိပေသည်။
နေရတာလည်း အဆင်ပြေ၏။
တစ်ခုခု ကိစ္စရှိ၍ ခွင့်ယူမည်ဆိုလျှင်လည်း လွယ်ကူပေသည်။
ရာသီဥတုက အေးလာသည်မှာ အလွန် မြန်ဆန်လှ၏။
တစ်ရက်သာ ကြာသေးသော်လည်း ဤဘက်တွင် နှင်းများ စတင် ကျဆင်းလာခဲ့ပြီ ဖြစ်သည်။
ရွှီယန်က နှင်းကျနေသည့် ဗီဒီယိုကို ရိုက်ကူးလိုက်ပြီး အသံပါ ထည့်သွင်းလိုက်၏။
"ဒီနှစ် နှင်းကျတာ တော်တော် နောက်ကျတယ်... ၁၀ လပိုင်း ကုန်ခါနီးမှ ကျတာ... အရင်တုန်းကဆိုရင် ၈ လပိုင်း ကုန်တာနဲ့ နှင်းကျနေပြီ"
သူ၏ ဗီဒီယိုကို ကြည့်ပြီးနောက် အင်တာနက်သုံးစွဲသူများက အသီးသီး တုံ့ပြန်ကြသည်။
'၁၀ လပိုင်း နှင်းကျတာ နောက်ကျတယ် ဟုတ်လား... ငါတို့ဆီမှာဆို ၁ လပိုင်း ၂ လပိုင်းလောက်မှ ကျတာ'
'နှင်းကျတာ မြင်ရတာကိုက တော်လှပြီ... ငါတို့ဆို နှင်းဆိုတာ ဘယ်လိုပုံစံမှန်းတောင် မမြင်ဖူးဘူး'
'ဟားဟား... ဒီနှစ် ဆောင်းတွင်း အရှေ့မြောက်ပိုင်းကို ခရီးထွက်ဖို့ စဉ်းစားထားတယ်... ကျိလင် ဘက်ကို သွားကြည့်မလို့'
'ယန်ကျီး က တော်တော် နာမည်ကြီးနေတယ်လို့ ကြားတယ်... သူဌေးရေ... မင်းရဲ့ လယ်ယာခြံဝင်းကို လာလည်လို့ ရမလား'
'ငါလည်း သွားချင်တယ်... ရှောင်ဟွာ ကို သွားကြည့်ချင်လို့'
အင်တာနက်သုံးစွဲသူများ၏ စိတ်အားထက်သန်မှုက မြင့်မားနေကြ၏။
လူအတော်များများက ကျားသစ်ပေါက်လေးကို လာရောက် ကြည့်ရှုချင်ကြသည်။ ယခုအခါ ရှောင်ဟွာ ၏ နာမည်ကျော်ကြားမှုက အတော်လေး မြင့်မားနေပြီ ဖြစ်၏။
ရွှီယန်က ကျားသစ်ကို သူ၏ လယ်ယာခြံဝင်းတွင် မွေးထားကြောင်းကို ထုတ်ဖော်ပြောဆိုခြင်း မပြုရန် ရှောင်ရှားထားပြီး ဝန်ထမ်းများကိုလည်း ကျားသစ်နှင့် ပတ်သက်သည့် ကိစ္စများ မပြောရန် မှာကြားထားခဲ့သည်။
မဟုတ်ပါက လာရောက်ချင်သူများ ပို၍ များပြားလာမည်သာ ဖြစ်၏။
ရွှီယန်က ပြန်လည် ဖြေကြားလိုက်သည်။
"အားလုံးပဲ ရှုခင်းသာတဲ့ နေရာတွေကိုသာ သွားကြပါ... ဒီက ရှုခင်းတွေက အရမ်း လှပါတယ်... လယ်ယာခြံဝင်းကတော့ အပြင်လူ မဝင်ရပါဘူး... အပြင်က ဗိုင်းရပ်စ်တွေ တိရစ္ဆာန်တွေနဲ့ သီးနှံတွေဆီကို ကူးစက်မှာ စိုးလို့ပါ... အားလုံးပဲ နားလည်ပေးကြပါနော်"
မွေးမြူရေးခြံများနှင့် စိုက်ပျိုးရေးခြံ အတော်များများက အပြင်လူများကို ဝင်ခွင့် မပြုကြချေ။
အကြောင်းပြချက်ကလည်း ရှင်းလင်းလှပေသည်။ ဗိုင်းရပ်စ်များက နယ်မြေကန့်သတ်ချက် ရှိ၏။ လူအတော်များများက နယ်မြေတစ်ခုတည်းတွင် အချိန်အကြာကြီး နေထိုင်ပါက ထိုနယ်မြေရှိ ဗိုင်းရပ်စ်များကို ခုခံနိုင်စွမ်း ရှိလာကြသော်လည်း နေရာပြောင်းသွားပါက ချက်ချင်း နေမကောင်း ဖြစ်သွားနိုင်ပေသည်။
အအေးမိခြင်းကလည်း ဤသို့ပင် ဖြစ်သည်။
တစ်ခါတစ်ရံ ကုမ္ပဏီတစ်ခုတွင် ဝန်ထမ်းတစ်ယောက်က နယ်ဝေး ခရီးသွားပြီး ပြန်လာသည့်အခါ အအေးမိလာတတ်၏။ အချိန်အနည်းငယ် ကြာသောအခါ ကုမ္ပဏီမှ ဝန်ထမ်း ထက်ဝက်ခန့် အအေးမိသွားကြပြီး ရောဂါလက္ခဏာများကလည်း ဆင်တူနေတတ်သည်။
မွေးမြူရေးခြံများနှင့် စိုက်ပျိုးရေးခြံများတွင် ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယား ကူးစက်မှု အကြီးအကျယ် ဖြစ်ပွားပါက ဆုံးရှုံးမှု အလွန် ကြီးမားလှပေသည်။ ထို့ကြောင့် အပြင်လူများကို ဝင်ခွင့် မပြုကြခြင်း ဖြစ်၏။
လယ်ယာခြံဝင်းထဲတွင် နှင်းများ အဆက်မပြတ် ကျဆင်းနေသည်။ အစပိုင်းတွင် နှင်းက အနည်းငယ်သာ ကျသော်လည်း တဖြည်းဖြည်းနှင့် နှင်းများ ပိုမို များပြားလာခဲ့၏။
အကောင်လေးများ အားလုံး မြေကွက်လပ်ပေါ်တွင် ပြေးလွှား ဆော့ကစားနေကြပြီး ကြည့်ရသည်မှာ အထူးပင် စိတ်လှုပ်ရှားနေကြပုံရသည်။
အမြဲတမ်း တည်ငြိမ်လေ့ရှိသော မာလီနွိုက်ခွေးပင်လျှင် နှင်းပွင့်များကို လိုက်ဖမ်းရင်း တစ်ခါတစ်ရံ အပေါ်သို့ ခုန်တက်နေသေး၏။
ရှောင်ဟေး၊ ကျားသစ်ပေါက်လေးနှင့် ဒရယ်ပြောက်လေးတို့လည်း ထိုနည်းတူပင် ဖြစ်သည်။ အားလုံးက နှင်းပွင့်များကြားတွင် အားရပါးရ ဆော့ကစားနေကြ၏။
ရွှီယန်က ဘေးမှနေ၍ ကြည့်ရှုနေပြီး ဤမြင်ကွင်းက အလွန် စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်မှတ်နေသည်။
"မင်းတို့ကောင်တွေ... နှင်းကျတာ မမြင်ဖူးဘူးလား"
ရွှီယန်က ပြုံးရင်း ပြောလိုက်သည်။
ပြောပြီးသည်နှင့် သူ ပြန်လည် သတိထားမိသွား၏။
"မင်းတို့ကောင်တွေ တကယ် နှင်းကျတာ မမြင်ဖူးသေးတဲ့ ပုံပဲ... မွေးပြီးကတည်းက အခုမှ ပထမဆုံး မြင်ဖူးကြတာ မဟုတ်လား... အဲဒါဆိုလည်း အားရပါးရ ဆော့ကြပေါ့"
ရွှီယန်က ဘေးမှနေ၍ ကြည့်ရှုရင်း ၎င်းတို့နှင့်အတူတူ လိုက်ပါ နေပေးလိုက်သည်။ ဖုန်းကို ထုတ်ကာ ဗီဒီယို တစ်ချို့ကိုလည်း ရိုက်ကူးထားလိုက်သေး၏။
မြင်ကွင်းက ကြည့်ရသည်မှာ အလွန် နွေးထွေးလှပေသည်။
နှင်းပွင့်များက ရွှီယန်၏ ကိုယ်ပေါ်သို့ အဆက်မပြတ် ကျဆင်းနေသည်။
သူက အဝေးရှိ တောင်တန်းများဆီသို့ လှမ်းကြည့်လိုက်၏။
နှင်းကျနေပြီပဲ... တောင်ပေါ်မှ တိရစ္ဆာန်များလည်း ဆောင်းခိုရန် နည်းလမ်းများ ရှာတွေ့လောက်ပြီ ဖြစ်မည်။