အခန်း ၇၁
Vol. 8 Ch. 71
အခန်း (၇၁) ဆက်တိုက်ရရှိသော ဆုကြီးငါးခု
အခြားတစ်ဖက်တွင်
မိန်းကလေး အဆောင်တွင်း၌။
"ယန်းယန်း ချန်ဖုန်းက ငါ့ကို ဆုချပေးတယ်ဟ ငါ့ကို ပွဲတော် ဆယ်ခုတောင် ပေးတာ" အခန်းဖော်ဖြစ်သူက ဖုန်းကိုကိုင်ကာ ခုန်ပေါက်အော်ဟစ်လိုက်လေ၏။
"အို ဒါဆိုလည်း ဂုဏ်ပြုပါတယ်ဟယ်" ရှန်ယန်းယန်းက သူမ၏ အကြည့်များကို ဖုန်းမျက်နှာပြင်ပေါ်၌သာ စူးစိုက်ထားလျက် နှုတ်ခမ်းဆူကာ ပြောလိုက်ပေသည်။
"သူ ဘာတွေတွေးနေတာလဲ မသိဘူး"
"ဟေး ယန်းယန်း နင် မနာလိုဖြစ်နေတာလား" သူမ၏ အခန်းဖော်က ပြုံးလျက် လျှောက်လာပြီး ရှန်ယန်းယန်း၏ လက်မောင်းကို ဆွဲကာ ရယ်မောလျက် ပြောဆိုလိုက်သည်။ "ချန်ဖုန်းက ငါတစ်ယောက်တည်းကို ဆုချတာ မဟုတ်ဘူး အခုဆိုရင် အမျိုးသမီး လိုက်ဗ်လွှင့်တဲ့သူ ရာနဲ့ချီပြီး ဆုချထားတာဟ"
"သူ့မှာ သုံးမကုန်တဲ့ ပိုက်ဆံတွေ ရှိနေရင်လည်း ဘာလို့ ငါ့ကို နည်းနည်းလောက် မဝေပေးရတာလဲ ဘာလို့ နေရာတကာမှာ လိုက်ပြီး ဆုတွေချနေရတာလဲ"
"ဒီသူဌေးသားလေးတွေ ဘာတွေးနေလဲဆိုတာ ငါ တကယ်ကို နားမလည်တော့ဘူး"
"ယန်းယန်း နင် သူနဲ့တွဲပြီးသွားရင် သူ့ကို သေချာ စောင့်ကြည့်ထားဖို့ ကောင်းမယ်"
"နင်ကတော့လေ ကလေးဆိုးလေးပဲ" ရှန်ယန်းယန်းက သူမ၏ နဖူးကို လက်ညှိုးဖြင့် ခပ်ဖွဖွ ပုတ်လိုက်ပြီး သက်ပြင်းချကာ ပြောဆိုလိုက်၏။ "ဒီရက်ပိုင်း သူ့ကို သိကျွမ်းခဲ့ရသလောက်တော့ သူက ပေါ့ပေါ့ဆဆနေတတ်တဲ့ လူစားမျိုး မဟုတ်ဘူးလို့ ငါ ခံစားရတယ်"
"ဒီတစ်ကြိမ်တော့ တစ်ခုခု နောက်ကွယ်က ရည်ရွယ်ချက် ရှိလောက်တယ်"
"ဘယ်လို ရည်ရွယ်ချက်မျိုး ရှိနိုင်မှာလဲ"
အခန်းဖော်က လျှို့ဝှက်သော ဟန်ပန်ဖြင့် ပြောဆိုလိုက်သည်။ "ဒီခေတ် လိုက်ဗ်လွှင့်တဲ့သူတွေ အကြောင်းကို နင်မသိဘူးလား ပွဲတော် လက်ဆောင်လေး အနည်းငယ်လောက် ပေးလိုက်တာနဲ့ သူတို့ကို အပြင်မှာတွေ့ဖို့ ချိန်းလို့ရပြီလေ"
"ချန်ဖုန်းက အမျိုးသမီး လိုက်ဗ်လွှင့်တဲ့သူ ရာနဲ့ချီပြီး တစ်ပြိုင်နက်တည်း ဆုချလိုက်တာဆိုတော့ နောက်ကျရင် သူတို့အကုန်လုံးနဲ့ အပြင်မှာ တွေ့ဖို့ စီစဉ်ထားတာပဲ ဖြစ်ရမယ်"
"ဘုရားရေ သူ့ရဲ့ ကျောက်ကပ်က ဒါကို ဘယ်လိုများ ခံနိုင်ရည်ရှိပါ့မလဲ"
"တော်ပြီ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့တော့" ရှန်ယန်းယန်း၏ မျက်နှာလေး နီရဲသွားပြီး ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်ပေ၏။
"သူ့မှာ တခြားရည်ရွယ်ချက်တွေ ရှိမရှိတော့ ငါမသိဘူး ဒါပေမဲ့ သေချာတဲ့ အချက်တစ်ခုတော့ ရှိတယ်"
"ဒီလို ဆုချပေးတာက ချန်ဖုန်းနဲ့ Douyin ရဲ့ တရားဝင်အဖွဲ့ကြားက ပူးပေါင်းဆောင်ရွက်မှု တစ်ခု ဖြစ်နိုင်တယ်"
"ပူးပေါင်းဆောင်ရွက်မှု" အခန်းဖော်ဖြစ်သူမှာ ဇဝေဇဝါ ဖြစ်သွားပုံရလေသည်။
ရှန်ယန်းယန်းက ခေါင်းညိတ်လိုက်ပြီး ခွဲခြမ်းစိတ်ဖြာကာ ပြောဆိုလိုက်၏။ "Douyin က အခုလောလောဆယ် လိုက်ဗ်လွှင့်တဲ့ လုပ်ငန်းမှာ လွှမ်းမိုးနိုင်တဲ့ အနေအထားမှာ မရှိသေးဘူးလေ ပြိုင်ဘက်တွေက အများကြီးပဲ"
"ဒီတစ်ကြိမ် ချန်ဖုန်း ဆုချလိုက်တာက Douyin အတွက် အမျိုးသမီး လိုက်ဗ်လွှင့်သူ အများကြီးကို ဆွဲဆောင်နိုင်ရုံသာမကဘူး အသုံးပြုသူ အသစ်တွေကိုလည်း အများကြီး ဆွဲဆောင်နိုင်ခဲ့တယ် ဒါက Douyin အတွက် အခြေအနေကို ပြောင်းလဲပစ်ဖို့ အခွင့်အရေးကောင်းကြီးပဲ တကယ်လို့ သူတို့သာ ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့ရင် သေချာပေါက် လုပ်ငန်းမှာ ဦးဆောင်သူတွေ ဖြစ်လာမှာပဲ"
"ချန်ဖုန်းအတွက်ကတော့ ဒီလို ဆုချလိုက်တာက သူ့ရဲ့ ပရိသတ်အရေအတွက်ကို ရှစ်သန်းအထိ တိုးလာစေခဲ့ပြီး လိုက်ဗ်လွှင့်တဲ့ လောကမှာ သူ့ရဲ့ နာမည်ကျော်ကြားမှုက ကောင်းကင်အထိ ထိုးတက်သွားခဲ့တယ်လေ"
"ပြီးတော့ အခုလေးတင်ပဲ Douyin က တရားဝင် ကြေညာလိုက်တယ် ချန်ဖုန်းရဲ့ ထောက်ခံအားပေးမှုကို ကျေးဇူးတင်တဲ့အနေနဲ့ ဆုချခဲ့တဲ့ ပိုက်ဆံတွေ အကုန်လုံးကို Douyin ကပဲ ကျခံပေးမယ်တဲ့"
"တစ်နည်းအားဖြင့် ပြောရရင် ချန်ဖုန်းက ပိုက်ဆံ တစ်ပြားမှ မဆုံးရှုံးသွားတဲ့အပြင် နာမည်ကျော်ကြားမှုနဲ့ ပရိသတ်တွေကိုပါ ရလိုက်သေးတယ် ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုပဲ"
"ဘုရားရေ သူက စီးပွားရေးမှာ တကယ်ကြီး အဲဒီလောက်တောင် တော်နေတာလား" အခန်းဖော်၏ ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။
သူမတစ်ယောက်တည်း မဟုတ်ချေ။
ရှန်ယန်းယန်းကိုယ်တိုင်ပင် သူ့ကို လေးစားသွားရပေ၏။
ချန်ဖုန်းက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်ရဲ့ အဓိက ရှယ်ယာရှင် ဖြစ်လာတာ အံ့သြစရာ မဟုတ်တော့ချေ။
သူ၏ ပိုင်ဆိုင်မှုက ဘီလီယံချီ ရှိနေခြင်းကလည်း အံ့သြစရာ မဟုတ်တော့ပေ
အကယ်၍ ချန်ဖုန်းသာ သူမ၏ ခန့်မှန်းချက်ကို သိရှိသွားပါက သေချာပေါက် ဒီလိုပြောပေလိမ့်မည်။
"ဘယ်လို ပူးပေါင်းဆောင်ရွက်မှုမျိုးလဲ ငါက ဆုတွေရဖို့အတွက် စနစ်ပွိုင့်တွေ စုဆောင်းနေတာပါဆို"
......
ချန်ဖုန်းသည်လည်း Douyin မှ ထုတ်ပြန်သော သတင်းစကားကို ရရှိခဲ့လေသည်။
ထို့နောက် သူ ဆုချခဲ့သော ငွေများအားလုံးသည် သူ၏ အကောင့်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
ချန်ဖုန်းသည် Douyin မှ မထွက်ခွာမီနှင့် သူ၏ အမျိုးသမီး အတန်းဖော်များ၏ ဝိုင်းရံထားမှုမှ မလွတ်မြောက်မီ သူ၏ စနစ်ပွိုင့်များသည် ကြောက်မက်ဖွယ်ကောင်းသော ငါးသောင်းအထိ ရောက်ရှိသွားကြောင်း တွေ့လိုက်ရပေသည်။
ဤအချိန်ရောက်မှသာ စနစ်က ဘာတွေဖြစ်နေသနည်းဆိုတာကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့လေ၏။
[ ဒင် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် စနစ်ပွိုင့် တစ်သောင်း ပြည့်သွားတဲ့အတွက် လျှို့ဝှက်ဆန်းကြယ် ရွှေကြက်ဥ တစ်လုံး ဆုချီးမြှင့်လိုက်ပါတယ်]
[ ဒင် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် စနစ်ပွိုင့် နှစ်သောင်း ပြည့်သွားတဲ့အတွက် ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တစ်ခု ဆုချီးမြှင့်လိုက်ပါတယ်]
[ဒင် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် စနစ်ပွိုင့် သုံးသောင်း ပြည့်သွားပါပြီ ဆုအနေနဲ့ အမှောင်သတ္တု ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းပညာကို ချီးမြှင့်လိုက်ပါတယ် ]
[ ဒင် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် စနစ်ပွိုင့် လေးသောင်း ပြည့်သွားပါပြီ ဆုအနေနဲ့ ငွေသား ယွမ်တစ်ဘီလီယံကို ချီးမြှင့်လိုက်ပါတယ် ]
[ ဒင် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် စနစ်ပွိုင့် ငါးသောင်း ပြည့်သွားပါပြီ ဆုအနေနဲ့ နှစ်ငါးရာစာ ကြိုတင်ခန့်မှန်းနိုင်သော အချိန်ကာလကို ချီးမြှင့်လိုက်ပါတယ် လက်ရှိမှာ ၁၄၉၅ ခုနှစ်ကနေ ၂၀၅၄ ခုနှစ်အထိ ကြိုတင်ခန့်မှန်းနိုင်ပါပြီ ]
ချန်ဖုန်း၏ စိတ်ထဲတွင် အသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပေသည်။
၎င်းက သူ့ကို တံတွေးမြိုချမိသွားစေ၏။
"ချီးပဲ စနစ်က တကယ်ကြီး အဲဒီလောက်တောင် စွမ်းအားကြီးတာလား"
ချက်ချင်းဆိုသလိုပင်။
ချန်ဖုန်း၏ ဘေးတွင် ပစ္စည်းအချို့ ပေါ်လာခဲ့လေသည်။
ပထမတစ်ခုမှာ ရွှေကြက်ဥ တစ်လုံး ဖြစ်ပေ၏။
၎င်းသည် လက်သီးဆုပ် နှစ်ခုစာခန့် အရွယ်အစား ရှိလေသည်။
"ငှက်ကုလားအုတ်ဥများ ဖြစ်နေမလား"
ချန်ဖုန်းသည် ရွှေကြက်ဥကို ကောက်ကိုင်လိုက်ပြီး ဘယ်ညာ လှည့်ပတ်ကြည့်ရှုလိုက်သည်။ ၎င်းကို ရွှေကြက်ဥဟု ခေါ်သော်လည်း တကယ်တမ်းတွင် ရွှေရောင် မဟုတ်ခဲ့ချေ။
ထိုအစား အနည်းငယ် ဝါကြန့်ကြန့် အရောင်အဆင်း ရှိနေပေ၏။
စနစ်၏ ဆုလာဘ်များသည် များသောအားဖြင့် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု ရှိသည်ဟု သူ ယုံကြည်ထားပြီး စနစ်က သူ့ကို ငှက်ကုလားအုတ်ဥ တစ်လုံး တကယ်ကြီး ဆုချလိမ့်မည်ဟု သူ မယုံကြည်ခဲ့ပေ။
"အခုလောလောဆယ်တော့ ဒီအတိုင်း ထားလိုက်ဦးမယ် နောက်မှ တစ်ယောက်ယောက်ကို စစ်ဆေးခိုင်းရမယ်"
ထို့နောက် နောက်ထပ် ပစ္စည်းတစ်ခုကို သူ ထပ်မံ ကြည့်ရှုလိုက်လေ၏။
၎င်းမှာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာမှ ဝယ်ယူမှု စာချုပ်နှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများ ပါဝင်သော ဖိုင်တွဲတစ်ခု ဖြစ်ပေသည်။
ကမ္ဘာ့ကုန်သွယ်ရေးစင်တာသည် ပြည်နယ်မြို့တော်တွင် တည်ရှိလေ၏။
၎င်းသည် ပြည်နယ်မြို့တော်ရှိ အမြင့်ဆုံးနှင့် အကြီးမားဆုံး အဆောက်အအုံလည်း ဖြစ်ပြီး ယွမ် ဘီလီယံဆယ်ဂဏန်းချီ တန်ကြေးရှိပေသည်။
ဤအချိန်၌ သူ၏ ဖုန်းထဲသို့ ဘဏ်မှ မက်ဆေ့ခ်ျတစ်စောင် ဝင်ရောက်လာပြီး ငွေသား ယွမ် တစ်ဘီလီယံ ဝင်ရောက်လာကြောင်း အသိပေးထားလေသည်။
ဗီဒီယို အက်ပလီကေးရှင်းကလည်း ကြိုတင်ခန့်မှန်းနိုင်သော အချိန်ကာလ ပြောင်းလဲသွားကြောင်း ပြသနေပြီး ယခုအခါ ၁၄၉၅ ခုနှစ်မှ ၂၀၅၄ ခုနှစ်အတွင်းရှိ မည်သည့် အဖြစ်အပျက်ကိုမဆို ကြိုတင်ခန့်မှန်းနိုင်ပြီ ဖြစ်ပေ၏။
ချန်ဖုန်းအတွက်မူ...
ဤတစ်ကြိမ် ဆုလာဘ်တိုင်းက အသုံးဝင်သော်လည်း အမှောင်သတ္တု ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းပညာ ကိုတော့ သူ ဘာမှန်း မသိခဲ့ချေ။
သူ၏ ပတ်ဝန်းကျင်တွင် အမှောင်သတ္တု ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းပညာ နှင့် ပတ်သက်သော အရာတစ်ခုမျှ မရှိခဲ့ပေ။
သူ ခဏတာ တွေးတောလိုက်၏။
ဗီဒီယို အက်ပလီကေးရှင်း၏ သိုလှောင်ခန်းကို ဖွင့်လိုက်ပြီးနောက် စွမ်းရည် ရွေးချယ်စရာကို နောက်ဆုံးတွင် သူ တွေ့ရှိသွားခဲ့လေသည်။
"အသုံးဝင်သည်ဖြစ်စေ အသုံးမဝင်သည်ဖြစ်စေ အရင်ဆုံး သင်ယူထားလိုက်မယ်"
ရွေးချယ်မှု ပြုလုပ်ပြီးနောက်။
ဗဟုသုတများစွာသည် သူ၏ စိတ်ထဲသို့ လိမ့်ဝင်လာခဲ့ပြီး အမှောင်သတ္တု ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းပညာ ကို မျက်စိတစ်မှိတ်အတွင်းမှာပင် သူ ကျွမ်းကျင်သွားခဲ့တော့၏။
ထိုအချိန်၌ ကျောင်း၏ အထက်ကောင်းကင်ယံမှ ကျယ်လောင်သော ဟိန်းဟောက်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပေသည်။
လူတိုင်း မော့ကြည့်လိုက်ရာ ရဟတ်ယာဉ်တစ်စီး လျင်မြန်စွာ ပျံသန်းသွားသည်ကို မြင်တွေ့လိုက်ရပြီး ၎င်းသည် ဘောလုံးကွင်းပေါ်တွင် ရပ်နားလိုသည့်အလား ဝဲပျံနေခဲ့လေ၏။
ဤမြင်ကွင်းဆီသို့ လူတိုင်း ဆွဲဆောင်ခံလိုက်ရသည်။
"ကြည့်ကြစမ်း ရဟတ်ယာဉ်တစ်စီးပဲ"
"ထူးဆန်းလိုက်တာ ကျောင်းဝင်းထဲမှာ ဘယ်လိုလုပ် ရဟတ်ယာဉ် ရောက်နေတာလဲ ငါ ဒီမှာနေလာတာ လေးနှစ်ရှိပြီ တစ်ခါမှ မမြင်ဖူးဘူး"
"ကြည့်လိုက်စမ်း အဲဒီရဟတ်ယာဉ်က သာမန်ရဟတ်ယာဉ်တွေနဲ့ မတူဘူးနော်"
"အပေါ်က စစ် ဆိုတဲ့ စာလုံးက ဘာအဓိပ္ပာယ်လဲ"
လူတိုင်း ဆွေးနွေးနေကြစဉ်မှာပင် ရဟတ်ယာဉ်သည် ဘောလုံးကွင်းပေါ်သို့ ဆင်းသက်သွားလေ၏။
လူတစ်စုသည် အပေါ်မှ လျင်မြန်စွာ ဆင်းလာကြသည်။
ဦးဆောင်လာသူမှာ ကျန်းထျန်ရှန်း ပင် ဖြစ်ပေ၏။
ဟွမ်ဇီ နှင့် အခြားသူများက သူ၏နောက်မှ ကပ်လျက် လိုက်ပါလာကြပြီး စုစုပေါင်း လူဆယ်ဦး ဖြစ်လေသည်။
၎င်းတို့၏ အမှတ်အသားများကို မည်သူမျှ မသိကြသော်လည်း ဟွမ်ဇီ နှင့် အခြားသူများထံမှ ထွက်ပေါ်နေသော အစွမ်းထက်သည့် အငွေ့အသက်က ၎င်းတို့သည် သေချာပေါက် သာမန်လူများ မဟုတ်ကြောင်း ပြသရန် လုံလောက်နေပေသည်။
အထူးသဖြင့် ၎င်းတို့၏ တိုက်ခိုက်ရေးဝတ်စုံများသည် စစ်ဘက်ဆိုင်ရာဌာန ၏ ထူးခြားသော သင်္ကေတတစ်ခုအဖြစ် တည်ရှိနေလေ၏။
အလွန် မျက်စိကျစရာပင်
လူဆယ်ဦးသည် ကျန်းထျန်ရှန်း အား အလယ်တွင် ကာကွယ်ထားပြီး အခြားသူများမှာ အဝေးမှသာ ကြည့်ရှုနေကြကာ အနီးသို့ မသွားရဲကြချေ။
ဤအချိန်၌
ကျောင်းအုပ်ကြီးနှင့် ကျောင်းခေါင်းဆောင်များသည်လည်း သတင်းရရှိပြီး အလျင်အမြန် ရောက်ရှိလာကြလေသည်။
"ကျောင်းအုပ်ကြီး ဘာတွေဖြစ်နေတာလဲ ကျွန်တော်တို့ဆီ ဘာအကြောင်းကြားစာမှ မရောက်လာပါလား ကျောင်းမှာ ဘာလို့ ရဟတ်ယာဉ်တစ်စီး ရောက်နေရတာလဲ"
"ဟုတ်တယ် ဒီနှစ်တွေထဲမှာ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး”
လူတိုင်း၏ မေးခွန်းများကို ရင်ဆိုင်ရချိန်တွင် ကျောင်းအုပ်ကြီးသည်လည်း တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုလိုက်၏။ "အထက်က တစ်ယောက်ယောက် ရောက်လာတာ ဖြစ်နိုင်တယ် အားလုံး မြန်မြန် ဘောလုံးကွင်းဆီ သွားကြရအောင်"
လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြပေသည်။
အထက်က လူတွေ ရောက်လာတာလား…
အထက်ဆိုတာ အတိအကျ ဘယ်နေရာလဲ။
အကြောင်းကြားစာ တစ်စောင်မျှပင် မပေးဘဲ သူတို့ကို ရဟတ်ယာဉ်ဖြင့် ရောက်လာစေနိုင်လောက်သည့် အကြောင်းအရင်းက ဘာဖြစ်နိုင်မည်နည်း။
ဘောလုံးကွင်းသို့ ရောက်ရှိသွားချိန်တွင်
ကျောင်းအုပ်ကြီးမှာလည်း အနည်းငယ် အံ့အားသင့်သွားရလေ၏။
အဘယ်ကြောင့်ဆိုသော် ဤလူများထဲမှ တစ်ဦးတစ်ယောက်ကိုမျှ သူ မမှတ်မိသောကြောင့် ဖြစ်ပေသည်။
သို့သော် တစ်ဖက်လူ ဝတ်ဆင်ထားသော အဝတ်အစားများမှာ ရင်းနှီးနေသကဲ့သို့ ရှိသော်လည်း သူ သေချာ မမှတ်မိနိုင်ခဲ့ချေ။
သူသည် နှုတ်ဆက်ရန် အလျင်အမြန် သွားရောက်လိုက်သည်။ "မင်္ဂလာပါ ကျွန်တော်က ကျောင်းအုပ်ဝူပါ ခင်ဗျားတို့ကရော"