အခန်း ၈၃
Vol. 9 Ch. 83
အခန်း (၈၃) ရှယ်ယာရှင်များ အစည်းအဝေး
အိမ်အထဲ၌…
ရှန်ယန်းယန်းနှင့် ယွင်ထင်တို့ကို ကြည့်ရင်း မိခင်ဖြစ်သူက ပြုံးကာ မေးလိုက်၏။
"ယန်းယန်း… သမီးမှာ မောင်နှမတွေ ရှိလား…"
"မရှိပါဘူး… သမီးက တစ်ဦးတည်းသော သမီးပါ…"
ရှန်ယန်းယန်းက လိမ္မာရေးခြားရှိစွာ ပြန်ဖြေလိုက်ပေသည်။
အကြောင်းတစ်ခုခုကြောင့် ချန်ဖုန်း၏ အိမ်သို့ ဤအလည်အပတ်ခရီးသည် ယောက္ခမများနှင့် လာတွေ့ရသကဲ့သို့ သူမ ခံစားနေရ၏။ သူမ အနည်းငယ် ဂနာမငြိမ် ဖြစ်နေခဲ့သည်။ သူမ၏ အပြုအမူများ မကောင်းမွန်ဘဲ ဤလူကြီးအပေါ် အထင်အမြင်လွဲမှားမှုများ ကျန်ရစ်မည်ကို သူမ စိုးရိမ်နေခဲ့ပေသည်။
ထို့နောက် မိခင်က ယွင်ထင်ကို ကြည့်ကာ မေးလိုက်ပြန်၏။
"ထင်… သမီးမှာရော မောင်နှမတွေ ရှိလား…"
"အန်တီ… သမီးလည်း တစ်ဦးတည်းသော သမီးပါပဲ…"
ယွင်ထင်က ချိုသာစွာ ပြုံးလျက် ဖြေလိုက်သည်။
မိခင်ဖြစ်သူမှာ အနည်းငယ် ဗျာများသွားရပြန်ပေ၏။ ဤမိန်းကလေးနှစ်ဦးစလုံးသည် နောက်ခံအခြေအနေအရ ဆင်တူကြပြီး နှစ်ဦးစလုံးက တစ်ဦးတည်းသော သမီးများ ဖြစ်ကြသည်။ သူမအနေဖြင့် မည်သူ့ကို ရွေးချယ်ရမည်နည်း။
ချန်ဖုန်းကတော့ ချက်ချင်းပင် ဆက်လက်သည်းမခံနိုင်တော့ချေ။
"အမေ… အမေ အလုပ်သွားလုပ်တော့လေ… ကျွန်တော်တို့ ခဏနေရင် အစည်းအဝေးလုပ်စရာ ရှိတယ်… ကုမ္ပဏီက ရှယ်ယာရှင်တွေ မကြာခင် ရောက်လာတော့မှာ…"
ရှယ်ယာရှင်များ အစည်းအဝေးကို ဤနေရာတွင် ကျင်းပမည်ဟု ယွင်ထင်က ယခင်က ပြောထားခဲ့ပေသည်။ ဤသည်မှာ နောက်ပြောင်နေခြင်း မဟုတ်ချေ။
"အေးပါ အေးပါ… အမေ မင်းတို့ကို အချိန်မဆွဲတော့ပါဘူး…"
ထိုအချိန်မှသာ မိခင်ဖြစ်သူသည် မိန်းကလေးနှစ်ဦးထံမှ အကြည့်ကို လွှဲဖယ်လိုက်ပြီး အလုပ်လုပ်ရန် ဖခင်ဖြစ်သူကို သွားခေါ်လေတော့၏။
ရှန်ယန်းယန်းက အလျင်အမြန် လိုက်သွားခဲ့သည်။
"အန်တီ… သမီး ကူညီပေးပါ့မယ်…"
"မလိုပါဘူးကွယ်… သမီး အဝတ်အစားတွေ ညစ်ပတ်ကုန်လိမ့်မယ်…"
"ရပါတယ် အန်တီရဲ့… ညစ်ပတ်သွားလည်း ပြန်လျှော်လို့ ရတာပဲကို…"
ရှန်ယန်းယန်းက လုံးဝ ဂရုမစိုက်ခဲ့ချေ။
ယခုအချိန်သည် သူနှင့် ပိုမိုနီးကပ်ရန် အကောင်းဆုံးအချိန်ဖြစ်ပြီး ဤအခွင့်အရေးကို သူမ လွတ်မြောက်သွားစေရန် ခွင့်မပြုနိုင်ပေ။
မိနစ်နှစ်ဆယ်ခန့် အကြာတွင်
ခြံအပြင်ဘက်၌ ဇိမ်ခံကားကြီးများ ရပ်တန့်သွားကြလေ၏။
သက်လတ်ပိုင်း အမျိုးသား ငါးဦး ခြောက်ဦးခန့် ကားပေါ်မှ ဆင်းလာကြပြီး ၎င်းတို့အားလုံးမှာ ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် ၏ ရှယ်ယာရှင်များပင် ဖြစ်ပေသည်။
"ဥက္ကဋ္ဌယွင်ကတော့ နေရာရွေးတတ်တာပဲ… ဒီလို တောကြိုအုံကြားကို ဘယ်လိုများ ရွေးလိုက်တာလဲ… ရှာလိုက်ရတာ အတော်ကြာသွားတယ်…"
"ဟုတ်တယ်… လမ်းညွှန်စနစ်ကလည်း အလုပ်မလုပ်ဘူး…"
"ခင်ဗျားတို့ သိလား… ဒီလမ်းညွှန်စနစ်က ကျွန်တော့်ကို မြစ်ထဲတောင် ရောက်ခါနီးဖြစ်သွားစေတယ်… ညာဘက်မှာ မြစ်ကြီးရှိနေတာကို ညာကွေ့ခိုင်းနေတာ… ကျွန်တော် ဒေါသထွက်လွန်းလို့ လမ်းညွှန်စနစ်ကိုတောင် ရိုက်ခွဲပစ်မလို့ပဲ…"
လူတစ်စုသည် ထိုနေရာတွင် ညည်းညူနေကြလေ၏။
၎င်းတို့အနက်မှ တစ်ဦးက ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
"ကဲပါ… ညည်းမနေကြပါနဲ့တော့… ဥက္ကဋ္ဌယွင် ပြောပုံအရဆိုရင် ငါတို့ရဲ့ အဓိက ရှယ်ယာရှင်က ဒီမှာ နေတာတဲ့…"
"ဒီမှာ နေတယ် ဟုတ်လား…"
လူတိုင်းက မော့ကြည့်လိုက်ပြီး အိမ်များကို အကဲခတ်လိုက်ကြပေ၏။
အလွန် ဟောင်းနွမ်းပြီး ပျက်စီးနေလေပြီ။
၎င်းတို့သည် ဤနေရာတွင် နှစ်ပေါင်းနှစ်ဆယ်ကျော် နေထိုင်ခဲ့ပုံရပြီး အုတ်ကြွပ်မိုးအိမ်လေး တစ်လုံးသာ ဖြစ်လေသည်။
အဓိက ရှယ်ယာရှင်သည် ဘီလီယံချီ တန်ကြေးရှိသူဖြစ်ရာ အဘယ်ကြောင့် ဤနေရာတွင် နေထိုင်ရသနည်း။ မည်သူကမျှ နားမလည်နိုင်ခဲ့ချေ။ ဒါက သိုသိုသိပ်သိပ် နေချင်လို့များလား။
"ကဲပါ… အထဲဝင်ပြီးမှ စကားပြောကြတာပေါ့…"
ဦးဆောင်လာသော အမျိုးသားက အထဲသို့ အလျင်အမြန် လျှောက်သွားခဲ့၏။ အခြားသူများကလည်း နောက်မှ လိုက်ပါသွားကြသည်။
"ဥက္ကဋ္ဌယွင်…"
"ဥက္ကဋ္ဌယွင်…"
ယွင်ထင်ကို မြင်ချိန်တွင် လူတိုင်းက နှုတ်ဆက်လိုက်ကြပေသည်။
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်ပြီး ဒုတိယ အကြီးဆုံး ရှယ်ယာရှင် ဖြစ်လေ၏။ သူမသည် ငယ်ရွယ်သော်လည်း အလွန် အထင်ကြီးစရာကောင်းသော စွမ်းရည်များကို ပိုင်ဆိုင်ထားပေသည်။
"မန်နေဂျာချုပ်ချန်… မန်နေဂျာချုပ်ရှောင်… မန်နေဂျာချုပ်ဝမ်… ရှင်တို့ ရောက်လာကြပြီပဲ…"
ယွင်ထင်က ဖျော့တော့စွာ ပြုံးလိုက်ပြီးနောက် ချန်ဖုန်းကို လက်ညှိုးထိုးကာ ပြောဆိုလိုက်၏။
"အားလုံးနဲ့ မိတ်ဆက်ပေးပါရစေ… သူကတော့ ကျွန်မတို့ရဲ့ အဓိက ရှယ်ယာရှင် ချန်ဖုန်း ပါ…"
၎င်းတို့သည် ချန်ဖုန်း၏ အချက်အလက်များကို ယခင်က မြင်တွေ့ခဲ့ဖူးကြသည်။
တစ်ဖက်လူသည် အလွန် ငယ်ရွယ်ကြောင်း သိထားသော်လည်း အမှန်တကယ် မြင်တွေ့လိုက်ရချိန်တွင် အနည်းငယ် အံ့အားသင့်သွားခြင်းကို မတားဆီးနိုင်ခဲ့ကြချေ။
အသက်နှစ်ဆယ်စွန်းစွန်းအရွယ် ဤလူငယ်လေးသည် ဘီလီယံချီ တန်ကြေးရှိသော အဓိက ရှယ်ယာရှင်တစ်ဦး ဖြစ်လိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ထားခဲ့ပေ။
ဤလူများထဲတွင် လူတိုင်းသည် ယနေ့အခြေအနေသို့ ရောက်ရှိရန်အတွက် ကြီးမားသော စမ်းသပ်မှုများနှင့် အခက်အခဲများကို ဖြတ်သန်းခဲ့ရသူများ ဖြစ်ကြ၏။ ယွင်ထင်ပင်လျှင် သူမ၏ မိသားစုထံမှ ရှယ်ယာများကို အမွေဆက်ခံခဲ့ခြင်းဖြစ်ပြီး ထိုသို့မဟုတ်ပါက သူမသည် ကုမ္ပဏီ၏ ဒုတိယအကြီးဆုံး ရှယ်ယာရှင် ဖြစ်လာမည် မဟုတ်ချေ။
မိမိတို့ရှေ့ရှိ ဤလူငယ်လေးကား တကယ်ကို ထူးခြားလှပေသည်။
"မစ္စတာချန်ရဲ့ အရည်အချင်းနဲ့ ကတိကဝတ်တွေအကြောင်း ကြားနေရတာ ကြာပါပြီ… ဒီနေ့ တွေ့လိုက်ရတာက အဲဒါကို အတည်ပြုပေးလိုက်တာပဲ…"
"မစ္စတာချန်က ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင် အောင်မြင်နေတာ… ငါတို့လို လူအိုကြီးတွေက ဘယ်လိုလုပ် မျက်နှာပြရဲတော့မလဲ…"
"ဟုတ်ပါ့ မစ္စတာချန်ရာ…"
လူတိုင်းက ယဉ်ကျေးစွာ အပြန်အလှန် နှုတ်ဆက်လိုက်ကြပေ၏။
ချန်ဖုန်းက လက်ကာပြလိုက်သည်။
"အားလုံးပဲ ထိုင်ကြပါဦး… ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး…"
လူတိုင်း နေရာယူလိုက်ကြ၏။
ဤလူများအားလုံးမှာ အလွန် ချမ်းသာကြပြီး အနည်းဆုံး ပိုင်ဆိုင်မှုမှာပင် ဘီလီယံနှင့်ချီ၍ ရှိကြပေသည်။
၎င်းတို့အားလုံးသည် အောက်ခြေမှ ရုန်းကန်လာခဲ့ကြပြီး အခက်အခဲ အမျိုးမျိုးကို ခံစားခဲ့ရသူများဖြစ်ရာ ယခုလက်ရှိ ကျေးလက်ဒေသ၏ ပတ်ဝန်းကျင်က အလွန် ဆင်းရဲနွမ်းပါးနေသော်လည်း ၎င်းတို့က လုံးဝ ဂရုမစိုက်ခဲ့ကြချေ။
"ဒီအစည်းအဝေးရဲ့ အဓိက ရည်ရွယ်ချက်က တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးဖို့ပါပဲ… ကုမ္ပဏီကိစ္စတွေကို ဥက္ကဋ္ဌယွင်က ဆက်ပြီး တာဝန်ယူသွားမှာဖြစ်ပြီး ကျွန်တော်က ဝင်ပါမှာ မဟုတ်ပါဘူး…"
ချန်ဖုန်းက အစကတည်းက သူ၏ သဘောထားကို ရှင်းလင်းစွာ ပြသလိုက်လေ၏။
ဤသည်က ရှယ်ယာရှင်များကို စိတ်အေးသွားစေခဲ့သည်။
လူတိုင်း နောက်ဆုံးတွင် သက်ပြင်းချလိုက်နိုင်ပေသည်။
"ဥက္ကဋ္ဌယွင်ရဲ့ အရည်အချင်းတွေအပေါ် ကျွန်တော်တို့ အများကြီး ယုံကြည်မှု ရှိပါတယ်…"
အမျိုးသားများအနက်မှ တစ်ဦးဖြစ်သော မန်နေဂျာချုပ်ရှောင်က ပြောဆိုလိုက်၏။
"ဒါပေမဲ့ မစ္စတာချန် ရှင်းပြပေးဖို့ ကျွန်တော်တို့ မျှော်လင့်တဲ့ ကိစ္စတစ်ခု ရှိပါတယ်… ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ပရောဂျက်က လောလောဆယ် ငွေမဝင်သေးပါဘူး…”
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မစ္စတာချန်က ကျွန်တော်တို့ကို မတိုင်ပင်ဘဲ ယွမ် ၂ ဘီလီယံကို တစ်ခါတည်း ရင်းနှီးမြှုပ်နှံခဲ့တယ်… ဒါက နည်းနည်းလေး မသင့်တော်ဘူး မဟုတ်လား…"
"ဟုတ်ပါတယ် မစ္စတာချန်… ခင်ဗျားမှာ ရှယ်ယာ ၅၅ ရာခိုင်နှုန်း ရှိပြီး အပြည့်အဝ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ဆိုပေမဲ့ ဒါက ကြီးမားတဲ့ အသုံးစရိတ်ဖြစ်လို့ ကျွန်တော်တို့နဲ့ အရင် ဆွေးနွေးသင့်ပါတယ်…"
"ဒီ ဉာဏ်ရည်တု နည်းပညာက အဆက်မပြတ် ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပြီး ဘယ်တော့ အရင်းကျေမလဲဆိုတာ မသိနိုင်ဘူးလေ…"
"ဟုတ်တယ်… ကျွန်တော်တို့က ငွေရှာဖို့ ကုမ္ပဏီထောင်တာလေ… ငွေမရတဲ့ စီးပွားရေးကို အရူးပဲ လုပ်မှာပေါ့…"
တကယ်တော့…
ရှန်ယန်းယန်း၏ ဖခင်ကုမ္ပဏီသည် ယခင်က ရင်းနှီးမြှုပ်နှံမှု လိုအပ်ခဲ့သော်လည်း ၎င်းတို့က တစ်ကြိမ် ငြင်းပယ်ခဲ့ပြီး ဖြစ်ပေ၏။
လွန်ခဲ့သော ရက်အနည်းငယ်က ချန်ဖုန်းသည် ရှယ်ယာရှင်တစ်ဦးအနေဖြင့် ယွမ် ၂ ဘီလီယံကို တိုက်ရိုက် ရင်းနှီးမြှုပ်နှံခဲ့သည်။ ၎င်းသည် ကုမ္ပဏီ၏ ငွေဖြစ်သောကြောင့် ၎င်းတို့တွင် သဘောထားကွဲလွဲမှုများစွာ ရှိနေခဲ့လေ၏။
ချန်ဖုန်း မျက်လုံးမှေးလိုက်ပြီး ၎င်းတို့၏ ထင်မြင်ချက်များကို တစ်ယောက်ချင်းစီ ပေးလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ပေသည်။
လက်ရှိ ချမ်းသာကြွယ်ဝမှုကို ရရှိပြီး ကုမ္ပဏီ၏ ရှယ်ယာရှင်များ ဖြစ်လာသော ဤလူများသည် သေချာပေါက် အလွယ်တကူ လှည့်စားနိုင်သူများ မဟုတ်ကြချေ။
ဘေးတွင် ရပ်နေသော ယွင်ထင်သည် မျက်မှောင်ကြုတ်သွားလေ၏။
"အားလုံးပဲ… အဓိက ရှယ်ယာရှင်တစ်ယောက်အနေနဲ့ မစ္စတာချန်ရဲ့ လုပ်ရပ်တွေက ဘယ်စည်းမျဉ်းကိုမှ မချိုးဖောက်ပါဘူး… ဒါ့အပြင် ဒီပရောဂျက်ကို ကျွန်မလည်း စုံစမ်းပြီးပါပြီ… ငါးနှစ်အတွင်းမှာ သေချာပေါက် အရင်းကျေလာမှာပါ…"
"ငါးနှစ်… ဒါက အရမ်း ကြာလွန်းတယ်…"
"ဟုတ်တယ်… အရင်းကျေဖို့ ငါးနှစ်တောင် ကြာမယ်ဆိုတော့ ငါတို့ ဘယ်တော့ ငွေရမှာလဲ… ဒီလို ရင်းနှီးမြှုပ်နှံမှုမျိုးက အချိန်ကာလ အရမ်း ကြာလွန်းတယ်…"
"ဟုတ်တယ်… ငါတို့အားလုံးက အသက်အရွယ်ရနေကြပြီ… ဘယ်သူက အဲဒီလောက် အကြာကြီး စောင့်နိုင်မှာလဲ…"
လူတိုင်း၏ ညည်းညူမှုများကို ကြားချိန်တွင် ယွင်ထင်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပေ၏။
၎င်းတို့ မှားယွင်းနေသည်ဟု မဆိုနိုင်ချေ။
နှစ်ဖက်စလုံးတွင် မတူညီသော ခံယူချက်များနှင့် ငွေရှာသည့် နည်းလမ်းများ ကွဲပြားနေခြင်းသာ ဖြစ်ပေသည်။
ဥပမာ ချန်ဖုန်းကို ကြည့်ပါ…
လွန်ခဲ့သော ဆယ့်ငါးနှစ်က ယွမ် သန်း ၆၀ ဖြင့် ဝယ်ယူခဲ့သော ကုမ္ပဏီ ရှယ်ယာများသည် ယခုအခါ ယွမ် ဘီလီယံ ၁၀ ကျော် တန်ကြေးရှိနေပြီ ဖြစ်၏။
၎င်းသည် အဆ နှစ်ရာမှ သုံးရာအထိ တိုးလာခဲ့ခြင်းပင်။
ဤသည်မှာ ရေရှည် ရင်းနှီးမြှုပ်နှံမှု၏ စွမ်းအားပင် ဖြစ်ပေသည်။
တကယ်တော့ ယွင်ထင်သည် ပရောဂျက် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ဤရှယ်ယာရှင်များနှင့် မကြာခဏ ပဋိပက္ခဖြစ်လေ့ရှိရာ ချန်ဖုန်းအကြောင်း သူမ သိရှိချိန်တွင် ချက်ချင်း ဆက်သွယ်ခဲ့ခြင်း ဖြစ်လေ၏။
တစ်ဖက်လူ၏ ထောက်ခံမှုကို ရရှိရန်သာ သူမ မျှော်လင့်ခဲ့သည်။
ထိုသို့မှသာ သူမ၏ ကိုယ်ပိုင် အကြံဉာဏ်များအတိုင်း အလုပ်ကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်မည် ဖြစ်ပေ၏။
ဤအချိန်၌
ယွင်ထင်သည် အခြေအနေကို သူ မည်သို့ ကိုင်တွယ်မည်နည်းဟု တွေးတောရင်း ချန်ဖုန်းအား မကြည့်ဘဲ မနေနိုင်ခဲ့ချေ။
ထိုအချိန်တွင် ချန်ဖုန်းက ရုတ်တရက် ခေါင်းမော့ကာ ပြောဆိုလိုက်သည်။
"တကယ်လို့ တစ်ယောက်ယောက်က ကန့်ကွက်စရာ ရှိနေရင်… ရှန်ကျွင်းရဲ့ ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ မှာ အရင်က ကျွန်တော် ရင်းနှီးမြှုပ်နှံခဲ့တဲ့ ယွမ် ၂ ဘီလီယံကို ကျွန်တော့်ရဲ့ ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်လိုက်ရင် ဘယ်လိုလဲ… ကျွန်တော် ကိုယ်တိုင်ပဲ အဲဒီငွေကို စိုက်ထုတ်ပေးလိုက်မယ်…"