အခန်း ၈၄
Vol. 9 Ch. 84
အခန်း (၈၄) ရှယ်ယာရှင်များ၏ အတွေးများ
"ဟင်…"
လူတိုင်းက ရုတ်တရက် ခေါင်းမော့လာကြ၏။
အံ့အားသင့်နေသော မျက်နှာအမူအရာများဖြင့် ချန်ဖုန်းကို ၎င်းတို့ ကြည့်လိုက်ကြပေသည်။
၂ ဘီလီယံ ဆိုသည်မှာ အလွန် များပြားလှပြီး ထိုမျှလောက် ငွေကြေးကို နှစ်စဉ် ရင်းနှီးမြှုပ်နှံရန် လိုအပ်ပေသည်။
ဤအဓိက ရှယ်ယာရှင်မှာ ဘီလီယံချီ တန်ကြေးရှိ၏။
သို့သော် ရင်းနှီးမြှုပ်နှံမှုသာ ကျရှုံးသွားပါက ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်လာပေလိမ့်မည်။
သူက မကြောက်ဘူးလား။
ဤအချိန်၌ ရှယ်ယာရှင်များက တုံ့ပြန်ခြင်း မရှိခဲ့ချေ။
ရင်းနှီးမြှုပ်နှံမှု ကျရှုံးပြီး ငွေအမြောက်အမြား ဆုံးရှုံးမည်ကို ၎င်းတို့ ကြောက်ရွံ့နေသကဲ့သို့ ထိုရင်းနှီးမြှုပ်နှံမှုမှ ငွေအမြတ်အစွန်းများ ရရှိသွားမည်ကိုလည်း ကြောက်ရွံ့နေကြပေ၏။
အကယ်၍ ချန်ဖုန်းက တစ်ကြိမ်တည်း ဝယ်ယူပြီး ကြီးမားသော စည်းစိမ်ကို ရရှိသွားပါက ၎င်းတို့သည် ချမ်းသာလာရန် အခွင့်အရေးကို ဆုံးရှုံးသွားကြမည် ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့၏ ခံစားချက်များမှာ ယခုအချိန်တွင် အလွန် ရှုပ်ထွေးနေလေ၏။
သူတို့က ပိုက်ဆံတော့ ထုတ်ချင်ကြသည်။
သို့သော် စွန့်စားမှုများကိုတော့ မယူချင်ကြချေ။
အကယ်၍ ငွေအမြတ်ရပါက အားလုံး ခွဲဝေယူကြမည်ဖြစ်ပြီး ရှုံးခဲ့လျှင် သူ ချန်ဖုန်း တစ်ယောက်တည်းသာ အရှုံးခံမည်ဟု ချန်ဖုန်းက ပြောဆိုတော့မည့်အလား ဖြစ်နေပေ၏။
တကယ့် ဟာသပဲ…
ဤလူများ၏ ရည်ရွယ်ချက်များကို ယွင်ထင် အကဲခတ်မိသွားလေသည်။
သူမ စိတ်ထဲမှ အေးစက်စွာ နှာမှုတ်လိုက်၏။
"အားလုံးပဲ… ဥက္ကဋ္ဌချန်က ဖြေရှင်းနည်းတစ်ခု ပေးထားပြီဆိုတော့ ကုမ္ပဏီရန်ပုံငွေကို သုံးစရာမလိုတဲ့အတွက် ကျွန်မမှာ ကန့်ကွက်စရာ မရှိပါဘူး… အဲဒါဆို ဒီကိစ္စကို အဆုံးသတ်လိုက်ကြတာပေါ့…"
"ပြန်ရောက်တာနဲ့ ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ရဲ့ ရှယ်ယာတွေကို ဥက္ကဋ္ဌချန်ရဲ့ နာမည်အောက် ပြောင်းဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အားလုံးကို ကျွန်မ စီစဉ်လိုက်ပါ့မယ်…"
ထိုသို့ပြောပြီးနောက်… သူမ ချန်ဖုန်းအား တစ်ချက် ကြည့်လိုက်ပြန်၏။
"မစ္စတာချန်… ကျွန်မအကောင့်ထဲ ငွေဘယ်တော့ ဝင်လာမလဲ…"
"ဘယ်အချိန်ဖြစ်ဖြစ် ရပါတယ်…"
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
လက်ရှိတွင် သူ၏ ဘဏ်အကောင့်ထဲ၌ ငွေသားလည်ပတ်မှု ယွမ် ခုနစ်ဘီလီယံမှ ရှစ်ဘီလီယံအထိ ရှိနေပေ၏။
ထို့အပြင် ပြည်နယ်မြို့တော်တွင် စနစ်မှ ဆုချထားသော ယွမ် ဘီလီယံဆယ်ဂဏန်းချီ တန်ကြေးရှိသည့် ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တစ်ခုလည်း ရှိနေသေးသည်။
၎င်းသည် သူတစ်ဦးတည်း ပိုင်ဆိုင်သောအရာ ဖြစ်လေ၏။
အိမ်လခ ကောက်ခံရုံဖြင့်ပင် တစ်နှစ်လျှင် များပြားလှသော ငွေပမာဏကို ရရှိနိုင်ပေသည်။
ချန်ဖုန်းက ရှယ်ယာရှင်များကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။
"ဒါ့အပြင် ကျွန်တော့်လက်ထဲမှာ ငွေတချို့ ကျန်နေသေးတယ်… ကုမ္ပဏီက ငွေမရှာနိုင်ဘူးလို့ ထင်တဲ့သူ ရှိလား…"
"ရှယ်ယာတွေကို လွှဲပြောင်းရောင်းချချင်တဲ့သူ ရှိရင် ကျွန်တော့်ကို ဆက်သွယ်လို့ရပါတယ်… ကျွန်တော် နှစ်ဆပေးပြီး ဝယ်ပါ့မယ်…"
ဤတစ်ကြိမ်တွင်မူ လူတိုင်း အလန့်တကြား ဖြစ်သွားကြပေ၏။
၎င်းတို့အနက်မှ အငယ်ဆုံး ရှယ်ယာ၏ တန်ဖိုးမှာ ယွမ် နှစ်ဘီလီယံမှ သုံးဘီလီယံခန့်ရှိပြီး ယင်း၏ နှစ်ဆဆိုလျှင် ယွမ် ငါးဘီလီယံမှ ခြောက်ဘီလီယံအထိ ရှိပေလိမ့်မည်။
ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ အတွက် ပေးချေရမည့် ၂ ဘီလီယံကိုပါ ထည့်ပေါင်းလိုက်ပါက စုစုပေါင်း ၈ ဘီလီယံအထိ ရှိသွားလေပြီ။
တစ်နည်းအားဖြင့် ပြောရလျှင်… မစ္စတာချန်၏ လက်ထဲတွင် လက်ရှိ ငွေသားလည်ပတ်မှု အနည်းဆုံး ယွမ် ၈ ဘီလီယံ ရှိနေပေသည်။
သူ၏ လေသံကို အကဲခတ်ကြည့်ရလျှင်… ဤနေရာရှိ လူတိုင်း ၎င်းတို့၏ ရှယ်ယာများကို ရောင်းချမည်ဆိုလျှင်ပင် တစ်ဖက်လူတွင် ပြန်လည်ဝယ်ယူနိုင်စွမ်း ရှိနေပေ၏။
ဒါက တကယ်ကို ကြောက်စရာကောင်းလှသည်။
ဤလူများအားလုံးသည် အလွန် ချမ်းသာကြသော်လည်း ၎င်းတို့၏ အသားတင် ပိုင်ဆိုင်မှုများတွင် ကုမ္ပဏီများ၏ ဈေးကွက်တန်ဖိုးများ ပါဝင်နေပေသည်။
ရိုးရိုးသားသား ဆိုရလျှင် ငွေသားလည်ပတ်မှုအကြောင်း ပြောကြပါစို့။
ဤနေရာရှိ လူများထဲတွင် ငွေသား ယွမ် ၅ ဘီလီယံကျော် ပိုင်ဆိုင်သူ မည်သူ ရှိသနည်း။
လုံးဝ မရှိချေ။
၎င်းတို့၏ ငွေများအားလုံးမှာ ရင်းနှီးမြှုပ်နှံမှုများတွင် ပိတ်မိနေပြီး ပုံမှန်အားဖြင့် ငွေသား ယွမ် တစ်ဘီလီယံ သို့မဟုတ် နှစ်ဘီလီယံကို ထုတ်ပေးနိုင်ပါက ၎င်းတို့ အလွန် ကောင်းမွန်နေပြီ ဖြစ်လေ၏။
ကုမ္ပဏီများမှာ ယွမ် ဘီလီယံဆယ်ဂဏန်းချီ တန်ကြေးရှိပြီး ငွေသားလည်ပတ်မှု ယွမ် ဘီလီယံဆယ်ဂဏန်းနီးပါးပင် ရှိနေသော ချန်ဖုန်းကဲ့သို့ လူမျိုးမှာ ပေ့ဟူမြို့ တစ်ခုလုံးတွင် လက်တစ်ဆုပ်စာခန့်သာ ရှိပေလိမ့်မည်။
"မစ္စတာချန်ကတော့ နောက်နေပြန်ပါပြီ… ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် က လောလောဆယ် တိုးတက်နေတဲ့ အဆင့်မှာ ရှိနေတာ… ဘယ်လိုလုပ် ငွေမဝင်ဘဲ နေပါ့မလဲ… ကျွန်တော်တို့က ရောင်းဖို့ ဝန်လေးနေတာပါ…"
"ဟုတ်ပါတယ် ဟုတ်ပါတယ် မစ္စတာချန်… ဆုံးဖြတ်ချက်မချခင် ဒီရင်းနှီးမြှုပ်နှံမှုအကြောင်းကို အရင် ဆွေးနွေးကြတာပေါ့…"
"ကောင်းပါပြီ… အရင် ဆွေးနွေးကြရင် ဘယ်လိုလဲ…"
"ပြဿနာ မရှိပါဘူး…"
ချန်ဖုန်းက လျစ်လျူရှုဟန်ဖြင့် လက်ကာပြလိုက်၏။
သူ၏ အကြံအစည်မှာ ရိုးရှင်းပေသည်။
အကယ်၍ ရှယ်ယာရှင်များက ရင်းနှီးမြှုပ်နှံရန် သဘောတူပါက ၎င်းကို ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် ၏ နာမည်ဖြင့် တိုက်ရိုက် လုပ်ဆောင်ရမည် ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ သူက အလုပ်မလုပ်ဘဲ နေမည့် မန်နေဂျာတစ်ဦး ဖြစ်လာမည် ဖြစ်သည်။
ကိစ္စရပ်များကို ယွင်ထင်နှင့် ကုမ္ပဏီဝန်ထမ်းများထံ လွှဲပြောင်းပေးလိုက်ခြင်းက ပို၍ လွယ်ကူပေလိမ့်မည်။
အကယ်၍ ရှယ်ယာရှင်များက ရင်းနှီးမြှုပ်နှံရန် သဘောမတူပါက ကိုယ်ပိုင်ငွေကို အသုံးပြုမည် ဖြစ်သည်။
အဆိုးဆုံးအနေဖြင့် အကြီးတန်း အိမ်တော်ထိန်းဖြစ်သော ယွင်ထင်က အနည်းငယ် ပိုမို အလုပ်ကြိုးစားရမည်ဟုသာ ဆိုလိုပေ၏။
ဤအချိန်၌ သူ၏ ဖုန်းထဲတွင် နောက်ထပ် ခန့်မှန်းချက် ဗီဒီယိုတစ်ခု ပေါ်လာခဲ့လေသည်။
[ သတင်းထူး… ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီတစ်ခုဟာ ၂၀၄၅ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့မှာ ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီး ဟိုလိုဂရမ် ရုပ်လုံးကြွအတွက် လည်ပတ်မှုစနစ်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်…]
ချီးပဲ…
ဗီဒီယိုကို မြင်လိုက်ရချိန်တွင် ချန်ဖုန်းသည် ထိုင်ခုံပေါ်မှ ခုန်ထွက်လုနီးပါး ဖြစ်သွားခဲ့ပေ၏။
ဒါက သိပ္ပံရုပ်ရှင် Iron Man ထဲက အမိုက်စား ဟိုလိုဂရမ် ရုပ်လုံးကြွနဲ့ တူနေတာ မဟုတ်ဘူးလား…
တကယ် မိုက်တာပဲ…
လက်ရှိ နည်းပညာတွင် ဟိုလိုဂရမ် ရုပ်လုံးကြွများ ပါဝင်သော်လည်း ၎င်းမှာ 3D ရုပ်ရှင် ကြည့်ရှုသည့် အကျိုးသက်ရောက်မှုကဲ့သို့ အတုအယောင် ပရိုဂျက်ရှင်တစ်ခုသာ ဖြစ်ပြီး သိပ္ပံရုပ်ရှင်များထဲရှိ အကျိုးသက်ရောက်မှုများနှင့် လုံးဝ ယှဉ်နိုင်မည် မဟုတ်ချေ။
၎င်းသည် ကောင်းကင်နှင့် မြေကြီးကို နှိုင်းယှဉ်သကဲ့သို့ ဖြစ်ပေသည်။
"ဟင်…"
ဤအချိန်၌ သူ၏ မိုဘိုင်းဗီဒီယို အက်ပ်၏ စွမ်းရည် မျက်နှာပြင်တွင် စွမ်းရည်ရွေးချယ်စရာ အသစ်တစ်ခု ပေါ်လာခဲ့ကြောင်း ချန်ဖုန်း ရုတ်တရက် သတိပြုမိလိုက်၏။
[ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ စွမ်းရည်ပဲ…]
စနစ်မှ စွမ်းရည်သစ်တစ်ခုကို အလိုအလျောက် ဖွင့်ပေးလိုက်လေပြီ။
[ဒင်… ပိုင်ရှင်ထံတွင် ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ အတွက် ပြင်းပြသော ဆန္ဒတစ်ခုကို ထောက်လှမ်းတွေ့ရှိရပါသည်… ၎င်းကို လဲလှယ်ယူလိုပါသလား…]
ချီးပဲ… ချီးပဲ…
စနစ်က တကယ် မိုက်တာပဲ…
ချန်ဖုန်း အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ပေ၏။
ဒါက ငါ့ဆန္ဒတွေ ပြည့်ဝသွားသလိုပဲ…
"လဲလှယ်မယ်…"
[ဂုဏ်ပြုပါတယ် ပိုင်ရှင်… ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ ကို လဲလှယ်လိုက်ပါပြီ… စနစ်ပွိုင့်များ ၁၀,၀၀၀ နှုတ်ယူပြီးပါပြီ…]
[အပိုင်ရှင်၏ လက်ရှိ ကျန်ရှိသော စနစ်ပွိုင့်များ - ၄၀,၇၁၃]
[ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ စွမ်းရည်သည် သင့်၏ သိုလှောင်အိတ်ထဲတွင် ရှိနေပြီး အချိန်မရွေး အသုံးပြုနိုင်ပါသည်…]
"…"
ချန်ဖုန်း၏ မျက်နှာ မှောင်မိုက်သွားလေ၏။
ဒါက တကယ်ကို လွန်လွန်းတယ်… စနစ်… ငါက ဒီစွမ်းရည်ကို လဲလှယ်ဖို့အတွက် စနစ်ပွိုင့်များ ၁၀,၀၀၀ သုံးလိုက်ရတာလား…
ယခင်က သူသည် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ဆုချီးမြှင့်ခြင်းဖြင့် စနစ်ပွိုင့်များ ၅၀,၀၀၀ ကို ကြိုးစားပမ်းစား စုဆောင်းခဲ့ရပြီး ယခုအခါ ငါးပုံတစ်ပုံကို တစ်ပြိုင်နက်တည်း နှုတ်ယူသွားခဲ့လေပြီ။
သို့သော် တွေးကြည့်လိုက်ချိန်တွင် သူ သက်သာရာရသွားခဲ့ပေ၏။ မည်သို့ပင်ဆိုစေကာမူ ဤနည်းပညာသည် အမှောင်သတ္တု ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းပညာ ကဲ့သို့ လက်ရှိ နည်းပညာထက် ၂၅ နှစ်ခန့် ရှေ့ပြေးနေလေသည်။
၎င်းသည် ခေတ်မီဆန်းသစ်သော နည်းပညာပင် ဖြစ်၏။
စနစ်ပွိုင့်များ ၁၀,၀၀၀ နှုတ်ယူခြင်းက သင့်လျော်ပေသည်။
တကယ်ကို တန်ပါတယ်…
ချန်ဖုန်းသည် သူ၏ ကျောပိုးအိတ်ထဲမှ [ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ စွမ်းရည်] ရွေးချယ်စရာကို ရွေးချယ်လိုက်ရာ များပြားလှသော အသိပညာ ဗဟုသုတများသည် သူ၏ စိတ်ထဲသို့ ချက်ချင်း စီးဆင်းဝင်ရောက်လာတော့၏။
…
မီးဖိုချောင်အတွင်း၌
ရှန်ယန်းယန်းသည် မီးဖိုချောင်တွင် ချန်ဖုန်း၏ မိခင်ကို ကူညီပေးနေခဲ့ပေသည်။
ရှယ်ယာရှင်များ၏ စကားပြောသံများကို သူမ မသဲမကွဲ ကြားနေရ၏။
သူမ အလွန် အပြစ်မကင်းသလို ခံစားလိုက်ရသည်။
ချန်ဖုန်းသည် သူမဖခင်၏ ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံရန် ကူညီပေးနိုင်ရန်အတွက် ရှယ်ယာရှင်များထံမှ ကြီးမားသော ဖိအားများ အောက်တွင် ရောက်ရှိနေခဲ့ကြောင်း သူမ သိရှိထားပေသည်။
သူမအနေနဲ့ အလွန် ဝမ်းသာပီတိ ဖြစ်သွားရသလို
အလွန် အပြစ်မကင်းသလိုလည်း ခံစားနေရပေသည်။
သူမတွင် ချန်ဖုန်း၏ ကိုယ်ကျိုးစွန့် အကူအညီများကို ပြန်လည်ပေးဆပ်ရန် နည်းလမ်း လုံးဝ မရှိခဲ့ချေ။
တစ်ခုတည်းသော ရွေးချယ်စရာက… ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ ပြန်ဆပ်ဖို့ပဲ ထင်တယ်…
ဤအကြောင်းကို တွေးမိချိန်တွင်…
ရှန်ယန်းယန်းသည် အလိုအလျောက် မျက်နှာ နီရဲသွားတော့၏။
"ယန်းယန်း… ဘာဖြစ်လို့လဲ… နေမကောင်းလို့လား…"
"မဟုတ်ပါဘူး အန်တီ… သမီး အဆင်ပြေပါတယ်…"
ရှန်ယန်းယန်းက အနည်းငယ် ပြုံးကာ အကြောင်းအရာကို အလျင်အမြန် ပြောင်းလဲလိုက်သည်။
"အန်တီ… တကယ်လို့ အန်တီနဲ့ ဦးလေး မြို့ထဲသွားဖြစ်ရင် သမီးကို သေချာပေါက် ဖုန်းဆက်နော်… သမီး လိုက်ပို့ပေးပါ့မယ်…"
"ကောင်းပါပြီကွယ်… နောက်မှ ဖုန်းဆက်လိုက်ပါ့မယ်…"
"အန်တီ… ဖုန်းနံပါတ်က ဘယ်လောက်လဲ… သမီး မှတ်ထားလိုက်မယ်လေ…"
…
အခြားတစ်ဖက်တွင်…
ရှယ်ယာရှင်များသည် ဘေးဘက်သို့ ဆုတ်ခွာသွားကြပြီး ကိစ္စရပ်များကို စတင် ဆွေးနွေးကြလေ၏။
၎င်းတို့၏ အဆင့်အတန်းတွင် ဆုံးဖြတ်ချက်များကို ပေါ့ပေါ့ဆဆ မချမှတ်ကြချေ။ ဆုံးဖြတ်ချက်တိုင်းသည် ဂရုတစိုက် စဉ်းစားသုံးသပ်မှုများ၏ ရလဒ်များပင် ဖြစ်ပေသည်။
မစ္စတာဝမ်က တိုးတိတ်သော အသံဖြင့် ပြောဆိုလိုက်သည်။
"မန်နေဂျာချုပ်ရှောင်… ခင်ဗျားရဲ့ ထင်မြင်ချက်ကို အရင် မပြောပြချင်ဘူးလား… မန်နေဂျာချုပ်ချန်က ဒီလောက်ထိတောင် ပြောထားပြီးပြီဆိုတော့ ငါတို့လည်း အနည်းဆုံး ထင်မြင်ချက်တစ်ခုတော့ ပေးသင့်တယ်လေ…"
"ငါတို့ တရားဝင် ကြေညာချက်တစ်ခုတော့ ထုတ်ဖို့ လိုတယ်…"
မန်နေဂျာချုပ်ရှောင်က ခဏတာ တွေးတောလိုက်ပြီးနောက် ပြောဆိုလိုက်၏။
"မစ္စတာချန်က ရှယ်ယာရောင်းဖို့ကို ပေါ့ပေါ့ပါးပါး ပြောခဲ့ပေမဲ့ ကုမ္ပဏီက ငွေရှာနေဆဲဆိုတာကို ငါတို့အားလုံး သိထားကြတယ်လေ… ဒါကြောင့် ရှယ်ယာတွေကို ရောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး…"
"ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့က…"
ဤနေရာသို့ ရောက်ချိန်တွင် သူက လူတိုင်းကို ရုတ်တရက် ကြည့်လိုက်ပေသည်။
မစ္စတာဝမ်သည် စိတ်မရှည် ဖြစ်လာတော့၏။
"အဘိုးကြီးရှောင်… စိတ်လှုပ်ရှားအောင် လုပ်မနေနဲ့တော့ မြန်မြန်ပြောစမ်းပါ…"