အခန်း ၈၇
Vol. 9 Ch. 87
အခန်း (၈၇) အဒေါ်နှင့် ဦးလေးတို့၏ ဆုံးဖြတ်ချက်
"ဘာအကူအညီမျိုး လိုချင်တာလဲ... အရင်ပြောပြပါဦး..."
မန်နေဂျာ ဝေ့တာယဲ့သည် တစ်ဖက်လူအား လှည့်ကြည့်လိုက်ပေသည်။
ဤမျှ ကြီးမားသော ငွေပမာဏကို ဆုကြေးအဖြစ် ပေးနိုင်သည်ဆိုခြင်းက ကိစ္စရပ်များသည် သူ ထင်ထားသကဲ့သို့ သေချာပေါက် ရိုးရှင်းမည်မဟုတ်ကြောင်း ဆိုလိုပေ၏။
ဘေးတွင် ရပ်နေသော ချန်ရှားမှာလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့သည်။
ယွမ် နှစ်သန်းတောင်...
အဲဒါကို ရှာဖို့အတွက် သူတို့ အနည်းဆုံး ဆယ်နှစ်လောက် ကြာလိမ့်မယ်…
မန်နေဂျာစွန်းက လမ်းဘေးဆိုင်များကို လက်ညှိုးထိုးပြကာ ပြုံးလျက် ပြောဆိုလိုက်၏။
"မန်နေဂျာဝေ့... ဒီမှာ စကားပြောဖို့ အဆင်မပြေဘူး... တခြားနေရာ တစ်ခုရှာကြတာပေါ့..."
"ကောင်းပြီ..."
မန်နေဂျာ ဝေ့တာယဲ့
အံကြိတ်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။
ငွေအတွက် တစ်ဖက်လူ ဘာပြောမလဲဆိုတာကို အရင် နားထောင်ကြည့်တာပေါ့...
မကြာမီမှာပင်
သူတို့ သုံးယောက်သည် ကော်ဖီဆိုင် တစ်ဆိုင်သို့ သွားခဲ့ကြ၏။
၎င်းတို့သည် အလွန် တိတ်ဆိတ်ကွယ်ဝှက်သော ထောင့်နေရာတစ်ခုကို ရွေးချယ်ကာ ထိုင်လိုက်ကြသည်။
မန်နေဂျာစွန်းက တိုးတိတ်သော အသံဖြင့် ပြောဆိုလိုက်ပေ၏။
"မန်နေဂျာဝေ့... စကားကို လှည့်ပတ်မပြောတော့ဘူးဗျာ... ကျွန်တော်တို့ စစ်ဝေ့ နည်းပညာကုမ္ပဏီ (4D Space) က လောလောဆယ် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတဲ့ ထုတ်ကုန်ကို အရမ်း စိတ်ဝင်စားနေလို့ပါ..."
"မန်နေဂျာဝေ့ ကလည်း ဒီပရောဂျက်ကို တာဝန်ယူထားတယ် ဆိုတော့... သူတို့ရဲ့ အဓိက အချက်အလက်တွေကို ရအောင် ကျွန်တော့်ကို ကူညီပေးနိုင်မလား..."
ဤစကားများကို ကြားချိန်တွင်...
မန်နေဂျာ ဝေ့တာယဲ့၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး ထိုင်ခုံမှ ချက်ချင်း မတ်တတ်ရပ်လိုက်လေသည်။
"ခင်ဗျား... ခင်ဗျားက ကျွန်တော့်ကို ကုန်သွယ်မှု လျှို့ဝှက်ချက်တွေကို ခိုးခိုင်းနေတာလား... နောက်နေတာလား..."
သူ၏ ကိုယ်အမူအရာ ပျက်ယွင်းသွားမှုကို သူကိုယ်တိုင် သတိပြုမိသွားပုံရပေ၏။
သူ ပတ်ပတ်လည်ကို အကဲခတ်ကြည့်လိုက်ပြီး မည်သူကမျှ သူ့ကို ဂရုမစိုက်ကြောင်း သိလိုက်ရချိန်တွင် သက်ပြင်းချလိုက်နိုင်သည်။
"မန်နေဂျာဝေ့... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ..."
မန်နေဂျာစွန်း မျက်မှောင်ကြုတ်သွားပြီး သူ့ကို ထိုင်ရန် အမူအရာပြကာ တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် က လောလောဆယ် သူ့ရဲ့ စီမံခန့်ခွဲရေးအဖွဲ့ အကုန်လုံးကို အတွင်းပိုင်း စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့ ကျွန်တော် ကြားထားတယ်..."
"ကံမကောင်းစွာနဲ့ပဲ မန်နေဂျာဝေ့ က အရင်တုန်းက ငွေစာရင်း အတုတွေကို အကြိမ်ကြိမ် တင်ပြခဲ့ပြီး လာဘ်ငွေတွေကိုလည်း အကြိမ်ကြိမ် ယူခဲ့တယ်ဆိုတာကို ကျွန်တော် သိနေတယ်လေ..."
"တကယ်လို့ သေချာ တွက်ကြည့်မယ်ဆိုရင် အရင်က ခင်ဗျားပြောခဲ့တဲ့ ယွမ် ၁၀၀,၀၀၀ ဒါမှမဟုတ် ၂၀၀,၀၀၀ မဟုတ်ဘဲ ၂၀၀,၀၀၀ ကနေ ၃၀၀,၀၀၀ လောက်တောင် ရှိလိမ့်မယ်..."
"အခုတော့ ဒီကိစ္စ ပေါက်ကြားသွားမယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူး..."
"ခင်ဗျားက ကျွန်တော့်ကို စုံစမ်းထားတာလား..."
မန်နေဂျာ ဝေ့တာယဲ့ ချက်ချင်းပင် ဒေါသထွက်သွားလေ၏။
သူ၏ရှေ့ရှိ လူသည် သူ့ကို စုံစမ်းထားပြီး သူ၏အကြောင်းကို ဤမျှလောက်အထိ သိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
ဒါက တမင်သက်သက် ခြိမ်းခြောက်နေတာပဲ…
မန်နေဂျာစွန်းက ပြုံးလျက် ပြောဆိုလိုက်သည်။
"မန်နေဂျာဝေ့... ကျွန်တော် ခင်ဗျားဆီ မလာခဲ့ရင်တောင် ခင်ဗျားရဲ့ ကိစ္စတွေက အနှေးနဲ့အမြန် ဖော်ထုတ်ခံရမှာပါပဲ... ဘာပဲဖြစ်ဖြစ် ခင်ဗျားက ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် မှာ ဆက်နေလို့ မရတော့ဘူးလေ..."
"ခင်ဗျားမှာ ကျန်နေသေးတဲ့ တန်ဖိုးလေးနည်းနည်းကို အသုံးချပြီး ကျွန်တော်နဲ့ ပူးပေါင်းကာ ကျွန်တော် လိုချင်တာကို ရအောင် ကူညီပေးရင် မကောင်းဘူးလား..."
"အဲဒီအခါကျရင် ခင်ဗျားက ဆုကြေး ယွမ် နှစ်သန်း ရမှာဖြစ်ပြီး ဒါက ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် အကျိုးရှိစေမှာပါ..."
...
မန်နေဂျာ ဝေ့တာယဲ့ တိတ်ဆိတ်နေခဲ့ပေ၏။
ကောင်းတယ်...
တကယ်လို့ သူ့မှာသာ အဲဒီ ယွမ် နှစ်သန်း ရှိမယ်ဆိုရင် သူက ဘာလို့ အလုပ်လုပ်ဖို့ လိုသေးမှာလဲ...
လုံးဝ မလိုအပ်တော့ဘူး…
ဘေးတွင် ရပ်နေသော ချန်ရှားက ထူးဆန်းသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။
"မန်နေဂျာစွန်း... ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ က ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် ရဲ့ လက်အောက်မှာ ရှိတာ မဟုတ်ဘူးလား... ကျွန်မ တူက ကုမ္ပဏီရဲ့ ရှယ်ယာရှင်ဆိုတာ ရှင် မသိဘူးလား..."
"ရှင်က ကျွန်မတို့ကို ကျွန်မ တူကို သစ္စာဖောက်ခိုင်းနေတာလား... အခု ရှင့်ကို ရဲတိုင်လိုက်မှာ မကြောက်ဘူးလား…
"အော်..."
၎င်းတို့တွင် ဤကဲ့သို့သော ဆက်ဆံရေးမျိုး ရှိနေကြောင်း မန်နေဂျာစွန်း လုံးဝ မသိခဲ့ချေ။
ဒါပေမဲ့ ငါ လုံးဝ စိတ်မပူပါဘူး...
"လောကမှာ ကိုယ်ကျိုးစီးပွားနဲ့ ရင်ဆိုင်ရတဲ့အခါ မိသားစု သံယောဇဉ်ဆိုတာ တန်ဖိုးမရှိတော့ပါဘူး... တကယ်လို့ မစ်ချန် မှာသာ အဲဒီလို အစီအစဉ်မျိုး ရှိခဲ့မယ်ဆိုရင် အခုချိန်မှာ ကျွန်တော်နဲ့ ဒီမှာထိုင်ပြီး စကားပြောနေမှာ မဟုတ်ဘူးလေ..."
"တကယ်လို့ ခင်ဗျားတို့က ကျွန်တော်နဲ့ အလုပ်လုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် အခကြေးငွေကို ယွမ် သုံးသန်းအထိ တိုးပေးနိုင်ပါတယ်..."
"ဒါ့အပြင် အလုပ်ကိစ္စ ပြီးသွားတာနဲ့ တစ်ပြိုင်နက် မန်နေဂျာဝေ့ က ကျွန်တော်တို့ရဲ့ စစ်ဝေ့ နည်းပညာကုမ္ပဏီ (4D Space) မှာလည်း လာရောက် အလုပ်လုပ်နိုင်ပါတယ်..."
"လစာနဲ့ ရာထူး အတူတူပဲ ထားပေးရင် ဘယ်လိုလဲ..."
ဤကမ်းလှမ်းမှုသည် အလွန် ဆွဲဆောင်မှု ရှိနေလေပြီ။
မန်နေဂျာ ဝေ့တာယဲ့ တစ်ယောက်တည်းကိုသာ စွဲဆောင်နိုင်ခဲ့ခြင်း မဟုတ်ချေ။
ချန်ရှား၏ နှလုံးသားပင်လျှင် ခုန်ပေါက်နေခဲ့ပေ၏။
ငါတို့တော့ ချမ်းသာတော့မှာပဲ...
ယခုအခါ သူမ၏ နှလုံးသားထဲတွင် မိသားစု သံယောဇဉ်ဟူ၍ ဘာမှ မကျန်ရှိတော့ချေ။
မိသားစု သံယောဇဉ်ကို ဂရုမစိုက်တော့ဘူး...
ချန်ဖုန်း အို ချန်ဖုန်း...
မင်းက ရက်စက်မှတော့ ငါတို့ကို တရားမျှတမှု မရှိဘူးလို့ အပြစ်မတင်နဲ့တော့…
သူမက မန်နေဂျာ ဝေ့တာယဲ့ ကိုယ်စား အလျင်အမြန် သဘောတူလိုက်လေ၏။
"ပြဿနာ မရှိပါဘူး... သူ့ကိုယ်စား ကျွန်မ သဘောတူပါတယ်... ဒါပေမဲ့ ရှင်က ကျွန်မတို့ကို အရင်ဆုံး ယွမ် တစ်သန်း ပေးရမယ်... ပြီးမှ အလုပ်ကိစ္စ ပြီးသွားတဲ့အခါ တခြား အခြေအနေတွေကို ဆွေးနွေးကြတာပေါ့..."
"ကောင်းပြီလေ..."
မန်နေဂျာစွန်း၏ အဖြေကို ကြားလိုက်ရချိန်တွင်
ချန်ရှား ရုတ်တရက် အေးခဲသွားတော့၏။
ဒီလောက်တောင် လွယ်လွယ်ကူကူပဲလား...
ငါက ပေါ့ပေါ့ပါးပါး ပြောလိုက်ရုံပါ... ပိုပြီး တောင်းလိုက်သင့်တာ...
တွက်ဆမှု လွဲသွားတာပဲ...
သို့သော် မန်နေဂျာစွန်းမှာမူ တည်ငြိမ်နေခဲ့ပေသည်။
အကယ်၍ ၎င်းတို့ကို အကျိုးအမြတ်တစ်ခုခု မပေးပါက ၎င်းတို့က ကိစ္စရပ်များကို ပူးပေါင်းလုပ်ဆောင်မည့် နည်းလမ်းဖြင့် လုပ်ဆောင်လိမ့်မည်ဟု မည်သို့ မျှော်လင့်နိုင်မည်နည်း။
ဤအချိန်၌
မန်နေဂျာ ဝေ့တာယဲ့က သက်ပြင်းချကာ ပြောဆိုလိုက်၏။
"မန်နေဂျာစွန်း... ကျွန်တော်က လောလောဆယ် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ နဲ့ အလုပ်လုပ်နေတာ အမှန်ပါပဲ... ဒါပေမဲ့ ကျွန်တော့် အဆင့်နဲ့တော့ အဓိက အချက်အလက်တွေကို ရယူဖို့ အခွင့်အရေး မရှိဘူးလို့ ထင်တယ်..."
"ကျွန်တော်လည်း ခင်ဗျားနဲ့ အလုပ်လုပ်ချင်ပါတယ်... ဒါပေမဲ့ တကယ်ကို နည်းလမ်း မရှိပါဘူး..."
သူလည်း အလွန် ဒွိဟ ဖြစ်နေခဲ့ပေသည်။
ယွမ် သုံးသန်းကို လူတိုင်း လိုချင်ကြမည်ဖြစ်ပြီး ကမ်းလှမ်းထားသော အခြေအနေများမှာလည်း လွတ်သွားရန် အလွန် ကောင်းမွန်လွန်းလှပေ၏။
သို့သော် ထိုအဓိက အချက်အလက်များသည် ကုမ္ပဏီ၏ လျှို့ဝှက်ချက်ဖြစ်ပြီး မည်သူမဆို အလွယ်တကူ ရယူနိုင်ခြင်း မရှိချေ။
"မန်နေဂျာဝေ့ မှာ ဖြေရှင်းနည်း ရှိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်... ခင်ဗျားရဲ့ သတင်းကောင်းကို စောင့်မျှော်နေပါ့မယ်..."
မန်နေဂျာစွန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
သူ့ကို ငြင်းဆန်ရန် အခွင့်အရေး မပေးဘဲ ၎င်းတို့သည် ငွေများကို ချန်ရှားထံ တိုက်ရိုက် လွှဲပြောင်းပေးခဲ့ပြီး ဆက်သွယ်ရန် အချက်အလက်များကို ဖလှယ်ခဲ့ကြ၏။
အလျင်အမြန် ထွက်ခွာသွားလေသည်။
သူမ၏ ခင်ပွန်း စိုးရိမ်နေသည်ကို မြင်သောအခါ ချန်ရှားက နှာမှုတ်လိုက်ပေ၏။
"ငါ ဂရုမစိုက်ဘူး... ခိုးရမယ်ဆိုရင်တောင် ငါ့အတွက် ခိုးလာခဲ့... ယွမ် သုံးသန်းတောင်နော်... အဲဒါက ငါတို့ ဘဝတစ်လျှောက်လုံး နေထိုင်သွားဖို့ လုံလောက်တယ်..."
"ကောင်းပါပြီ... ကောင်းပါပြီ..."
မန်နေဂျာ ဝေ့တာယဲ့ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သည်။
စစ်ဝေ့ နည်းပညာကုမ္ပဏီ (4D Space) သည် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ၏ အဓိက အချက်အလက်များကို အမြဲတမ်း လိုချင်နေခဲ့ပြီး ၎င်းတို့သည်လည်း ဉာဏ်ရည်တု နယ်ပယ်တွင် ပါဝင်ပတ်သက်နေကြောင်း သတင်းရရှိထားသည်ကို သူ သိရှိထားပေ၏။
အရင်က အဲဒါကို ခိုးဖို့ လူတောင် ငှားခဲ့ဖူးတယ်လို့ ငါ ကြားတယ်... ဒါပေမဲ့ သူတို့ ကျရှုံးသွားပုံရတယ်...
တစ်ချိန်တည်းမှာပင် ဤကုမ္ပဏီနှင့် ဖျော်ဖြေရေး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏများသည် အချင်းချင်း ပြိုင်ဆိုင်နေကြပုံရပေသည်။
တစ်ခါ လုပ်ပြီးသွားတာနဲ့ ကုမ္ပဏီနဲ့ တကယ် ပြဿနာတက်သွားစေမယ့် ကိစ္စတချို့ ရှိနေတယ်...
အဲဒီအချိန်ရောက်ရင် ငါက စစ်ဝေ့ နည်းပညာကုမ္ပဏီ (4D Space) ကို သွားဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး…
...
အခြားတစ်ဖက်တွင်
ရှယ်ယာရှင်များ အစည်းအဝေးမှာ အခြေခံအားဖြင့် အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေပြီ။
ရှယ်ယာရှင် အများအပြားလည်း ထွက်ခွာသွားကြ၏။
ချန်ဖုန်းက အချိန်ကို စစ်ဆေးကြည့်လိုက်သည်။ ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ ကို ယခု အတည်ပြုရန် သေချာပေါက် အချိန်မရှိတော့သဖြင့် မနက်ဖြန်တွင် နောက်ထပ် အချိန်တစ်ခု ရှာရပေမည်။
ထို့နောက် သူသည် ဆောက်လုပ်ရေးအဖွဲ့ထံသို့ နောက်ထပ် ဖုန်းတစ်ကော ခေါ်ဆိုလိုက်၏။
သူတို့အိမ်ပတ်လည်ရှိ လမ်းများသည် ယခုအခါ အခြေခံအားဖြင့် ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ရာ ဗီလာစတင်ဆောက်လုပ်နိုင်ပြီ ဖြစ်ပေသည်။
မူလက သူသည် ဗီလာတစ်လုံး ဆောက်လုပ်ရန် ယွမ် သုံးသန်း သုံးစွဲရန် စီစဉ်ထားခဲ့၏။
သို့သော် သူ၏ မိဘများက ငွေဖြုန်းလွန်းသည်ဟု ယူဆခဲ့ကြပြီး ကျေးလက်ဒေသတွင် ဤမျှ ဇိမ်ခံစရာ မလိုဟု ခံစားခဲ့ကြရပေသည်။
နောက်ဆုံးတွင် ဘတ်ဂျက်ကို ယွမ် တစ်သန်းအထိ လျှော့ချလိုက်လေ၏။
ကျေးလက်ဒေသတွင် ယွမ် တစ်သန်းတန် အိမ်တစ်လုံးသည် အလွန် ဇိမ်ကျကျ နေထိုင်နိုင်သည်ဟု သတ်မှတ်ခံထားရပြီ ဖြစ်သည်။
"အမေနဲ့ အဖေ... သား အမေတို့ အကောင့်ထဲကို နောက်ထပ် ယွမ် သန်း ၅၀ လွှဲပေးလိုက်တယ်... လိုအပ်သလို သုံးကြပါ... တွန့်တိုမနေကြနဲ့ဦး..."
"ဒါ့အပြင် အိမ်အတွက်လည်း သား စီစဉ်ပြီးသွားပါပြီ... ပြီးခဲ့တဲ့တစ်ခေါက်က သားတို့အိမ်ကို လာခဲ့တဲ့ ကျန်တဝေ လေ... မန်နေဂျာချုပ်ကျန် ကို မှတ်မိကြသေးလား..."
"သူက ဆောက်လုပ်ရေးအဖွဲ့ တစ်ဖွဲ့ကို ငှားထားတယ်... ဒါကြောင့် အမေတို့ ဘာမှ စိတ်ပူစရာ မလိုပါဘူး... လအနည်းငယ်အတွင်းမှာ အိမ်ဆောက်ပြီးသွားပါလိမ့်မယ်..."
"ကောင်းပါပြီ... ကောင်းပါပြီ... မင်း ငါတို့အတွက် စိတ်ပူစရာ မလိုပါဘူး... သွားပြီး မင်းကိစ္စတွေကိုသာ လုပ်ပါတော့..."
မိဘနှစ်ပါးသည် အိမ်နှင့်ပတ်သက်၍ တကယ်တမ်း ကြီးကြီးမားမား တောင်းဆိုချက်များ မရှိခဲ့ကြသော်လည်း ဖခင်ဖြစ်သူက ရုတ်တရက် ပြောဆိုလိုက်၏။
"မင်းရဲ့ ဒုတိယဦးလေးအိမ်က..."
"အဖေတို့ဘာသာ ဆုံးဖြတ်ကြပါ... ဒုတိယဦးလေးက သားတို့ မိသားစုအပေါ် တော်တော်လေး ကောင်းခဲ့ပါတယ်... တကယ်လို့ သူ အိမ်ဆောက်ချင်တယ်ဆိုရင် ဒီတစ်ခါ သားတို့ ကူညီဆောက်ပေးလိုက်ကြတာပေါ့... သားပဲ ငွေစိုက်ထုတ်ပေးပါ့မယ်..."
ချန်ဖုန်းက ခဏတာ တွေးတောလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ သူ့အိမ်က မြို့ထဲမှာဆိုတော့ နည်းနည်းတော့ ခက်ခဲလိမ့်မယ်... တကယ်လို့ ငွေရေးကြေးရေး အခက်အခဲ ရှိတယ်ဆိုရင် အဖေတို့ဆီမှာ ပိုက်ဆံရှိတာပဲ... စဉ်းစားကြည့်လို့ ရပါတယ်... သားအနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး..."
"ကောင်းပြီလေ... အဖေ သိပါပြီ..."
ဖခင်ဖြစ်သူက နောက်ဆုံးတွင် ပြုံးလိုက်ပေ၏။
သူ၏ ကိုယ်ပိုင် မိသားစုဘဝ တိုးတက်လာချိန်တွင် သူက သူ၏ ချစ်ခင်ရသူများကို အမြဲတမ်း သတိရနေခဲ့လေသည်။
ထို့နောက်
ချန်ဖုန်းသည် ရှန်ယန်းယန်းနှင့် ယွင်ထင်တို့ကို ခေါ်ဆောင်ကာ မြို့ထဲသို့ ပြန်လာခဲ့၏။
ဤအချိန်၌
ရှန်ယန်းယန်းသည် စိတ်ခံစားချက် ကောင်းမွန်နေပုံရပြီး ယွမ် သန်း ၉၀ ကျော်တန်ဖိုးရှိသော ဤဇိမ်ခံကားကို မောင်းနှင်ရသည်မှာ မည်သို့ခံစားရမည်နည်းဟု သိရှိလိုသဖြင့် လမ်ဘော်ဂီနီ ဗီနီနို ၏ ယာဉ်မောင်းခုံတွင် တိုက်ရိုက် ဝင်ထိုင်လိုက်ပေသည်။
ထိုအချိန်၌
သူမက ရုတ်တရက် မေးလိုက်၏။
"ချန်ဖုန်း... နင် မနက်ဖြန် အားလား..."
"ဘာဖြစ်လို့လဲ..."
ချန်ဖုန်းက ဇဝေဇဝါဖြစ်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။