အခန်း ၈၈
Vol. 9 Ch. 88
အခန်း (၈၈) လိပ်စာတူနေတဲ့ တွေ့ဆုံပွဲ
ရှန်ယန်းယန်းက ခဏတာ တွေးတောလိုက်ပြီးနောက် ပြောဆိုလိုက်၏။
"ငါ မနက်ဖြန် အထက်တန်းကျောင်းက အတန်းဖော်တွေ ပြန်ဆုံတဲ့ပွဲ ရှိတယ်... နင် ငါနဲ့ အတူတူ လိုက်ခဲ့ပေးနိုင်မလား... ပြီးခဲ့တဲ့တစ်ခေါက်က ငါ နင့်ကို ပြောဖူးပါတယ်..."
"မနက်ဖြန်လား... ကောင်းပြီလေ..."
မူလက ချန်ဖုန်းသည် မနက်ဖြန်တွင် ရှန်ကျွင်းနှင့် ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ အကြောင်း ဆွေးနွေးရန် စီစဉ်ထားခဲ့ပေသည်။
အဓိက နည်းပညာများအားလုံးသည် သူ၏ ခေါင်းထဲတွင် ရှိနေဆဲဖြစ်ပြီး ၎င်းတို့ကို လက်တွေ့အသုံးချနိုင်ခြင်း မရှိသေးချေ။
ဒါပေမဲ့ အလောတကြီးတော့ မဟုတ်ပါဘူးလေ...
သူ၏ အဖြေကို ကြားချိန်တွင် ရှန်ယန်းယန်း အလွန် ဝမ်းသာသွားခဲ့၏။
ဤအတန်းဖော်များ တွေ့ဆုံပွဲတွင် သူမ၌ အထက်တန်းကျောင်းတက်စဉ်က အမြဲတမ်း ယှဉ်ပြိုင်ခဲ့သော ပြိုင်ဘက်တစ်ဦး ရှိနေပေသည်။
မနက်ဖြန် ငါ့အတွက် သေချာပေါက် အခက်တွေ့အောင် လုပ်လိမ့်မယ်…
သို့သော် ချန်ဖုန်း ရှိနေသဖြင့် အရာအားလုံးကို ဖြေရှင်းနိုင်ပေသည်။
ကျန်ရှိသော အချိန်များတွင် ရှန်ယန်းယန်းသည် စိတ်အေးချမ်းသာစွာဖြင့် ကားမောင်းနေခဲ့၏။
သူမသည် ဇိမ်ခံကားများအကြောင်း သိပ်မသိခဲ့ချေ။ ဤကားက မောင်းနှင်ရ ပို၍ သက်တောင့်သက်သာ ရှိသည်ဟုသာ ခံစားခဲ့ရပြီး ယင်းကသာ အရာအားလုံး ဖြစ်ပေသည်။
ဟင်...
ထိုအချိန်၌
ယနေ့ မဲဖောက်ပေးမည့် ဂဏန်းနှစ်လုံးတွဲ ထီဂဏန်းများ ပါဝင်သော ဗီဒီယိုအက်ပ်ထဲမှ လော့ခ်ဖွင့်ထားသည့် ဗီဒီယိုတစ်ခုကို ချန်ဖုန်း ရုတ်တရက် တွေ့ရှိလိုက်ရလေ၏။
သူ၏ ပထမဆုံးသော ငွေအမြောက်အမြားမှာ ဂဏန်းနှစ်လုံးတွဲ ထီထိုးခြင်းမှ ရရှိသော ယွမ် သန်း ၉၀ ဖြစ်ပေသည်။
ဒါက ငါ့ရဲ့ လက်ရှိ အသားတင် ပိုင်ဆိုင်မှုကို ရရှိခဲ့တဲ့ နည်းလမ်းပဲ...
ယခုအခါ တစ်ရက်လျှင် ခန့်မှန်းချက် ဗီဒီယို တစ်ခုသာ ရရှိနိုင်ပြီး ကျန်သည်များကို လော့ခ်ဖွင့်ရမည် ဖြစ်၏။
သူသည် ဗီဒီယိုကို လော့ခ်ဖွင့်ရန် စနစ်ပွိုင့် ၅ ကို သုံးစွဲလိုက်သည်။
[ ဒင်... ဒီတစ်ကြိမ် ဂဏန်းနှစ်လုံးတွဲ ထီပေါက်မဲ ရလဒ်များကို ကြေညာလိုက်ပါပြီ…]
ဤဂဏန်းများကို မြင်လိုက်ရချိန်တွင် သူက ဖျော့တော့စွာ ပြုံးကာ ပြောဆိုလိုက်ပေ၏။
"ယန်းယန်း... ဟိုဘက်နားက ထီဆိုင်မှာ ကားရပ်လိုက်ဦး... ငါ ဂဏန်းနှစ်လုံးတွဲ ထီ သွားဝယ်မလို့..."
"ထီဝယ်မလို့လား..."
ရှန်ယန်းယန်းမှာ စကားပြောစရာမဲ့ ဖြစ်သွားရသည်။
"နင်က ဘယ်လောက်တောင် ပျင်းနေတာလဲ... ကလေးတစ်ယောက်တောင် ဂဏန်းနှစ်လုံးတွဲ ထီက လိမ်လည်မှုတစ်ခုဆိုတာ သိတယ်လေ... ထီရောင်းတာ ရပ်သွားပြီး တစ်နာရီကြာမှ မဲဖောက်လေ့ရှိတာ..."
"ဘာလို့လဲဆိုတာ နင်သိလား..."
ချန်ဖုန်း ပြန်မဖြေနိုင်မီ သူမက ဆက်ပြောလိုက်၏။
"အဲဒါတွေ အကုန်လုံးက ထီမဲကို လိမ်လည်ဖို့ ရည်ရွယ်ချက်အတွက်ပဲ... နင် ဘယ်ဂဏန်းအတွဲကို ဝယ်ဝယ် အဲဒီအတွဲက ပေါက်မှာ မဟုတ်ဘူး..."
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"တကယ်လို့ ငါ ပေါက်ခဲ့ရင်ရော..."
"ဆုပေါက်တဲ့သူ အများစုက သူတို့ရဲ့ အတွင်းလူတွေချည်းပဲ... ဘယ်သူက အဲဒါကို ယုံမှာလဲ..."
ရှန်ယန်းယန်းက ထိုသို့ပြောခဲ့သော်လည်း ထီဆိုင်ရှေ့တွင် ကားရပ်ပေးခဲ့ပေ၏။
ယွင်ထင်က သူမ၏ကားဖြင့် နောက်မှ လိုက်ပါလာခဲ့သည်။
ချန်ဖုန်းက ထီဝယ်ချင်ကြောင်း သူမ သိရှိသွားချိန်တွင် သူမ မျက်လုံးလှန်ကာ ပြောဆိုလိုက်၏။
"ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်လဲ..."
အဝင်ဝတွင် ရပ်တန့်သွားသော ဇိမ်ခံကားနှစ်စီးက လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့ပေသည်။
ထီဝယ်ဖို့ လမ်ဘော်ဂီနီ ဗီနီနို ကို မောင်းလာတာလား...
လခွမ်း...
သူဌေးတွေက ဘယ်လို ပျော်ရွှင်ရမလဲဆိုတာပဲ သိကြတာလား…
"သူဌေး... ကျွန်တော့်ကို ၁၀ စောင် ပေးပါ... အနီရောင် ဘောလုံးက ၀၁၊ ၀၈၊ ၁၀၊ ၂၂၊ ၂၄၊ ၂၇ နဲ့ အပြာရောင် ဘောလုံးက ၀၃..."
ဗီဒီယိုတွင် ခန့်မှန်းထားသော ဂဏန်းများကို အခြေခံ၍ ချန်ဖုန်းက ထီ ၁၀ စောင် ထပ်မံဝယ်ယူခဲ့လေ၏။
မကြာမီမှာပင်
ဆိုင်ရှင်သည် ထီလက်မှတ်များ ပြင်ဆင်ပြီးစီးသွားကာ ခေါင်းမော့ကြည့်လိုက်ချိန်တွင်...
သူက အံ့အားသင့်စွာ အော်ဟစ်လိုက်ပေသည်။
"ချီးပဲ... လူငယ်လေး... မင်းက ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ယွမ် သန်း ၉၀ ပေါက်သွားတဲ့သူ မဟုတ်လား... မင်း ငါ့ဆီကနေ ဝယ်သွားတာလေ..."
သူ အလွန် စိတ်လှုပ်ရှားနေခဲ့၏။
ယွမ် သန်း ၉၀ ပေါက်သွားသကဲ့သို့ သူ ခံစားလိုက်ရပေသည်။
တစ်ချိန်တည်းမှာပင် သူ အနည်းငယ် နောင်တရသလို ခံစားလိုက်ရ၏။
တကယ်လို့ အဲဒီဂဏန်းအတွဲ ပေါက်မယ်မှန်း ငါသာ သိခဲ့ရင် အဲဒီအချိန်တုန်းက ငါဝယ်လိုက်မှာပေါ့...
ချမ်းသာမယ့် အခွင့်အရေးကို လွတ်သွားတာပဲ…
"ဟီးဟီး... ကျွန်တော် မဟုတ်ပါဘူး... ခင်ဗျား လူမှားနေပြီ..."
ချန်ဖုန်းက ရယ်မောလိုက်သည်။
သူသည် ထီလက်မှတ်ကို အလျင်အမြန် ဆွဲယူကာ ထွက်သွားလေ၏။
တကယ်လို့ ဒီလူအုပ်ကြီးက ငါ့နောက်ကို လိုက်ပြီး ဝယ်ကြမယ်ဆိုရင် အခြေအနေတွေ ပြောင်းလဲသွားနိုင်တယ်... အဲဒီအခါကျရင် ငါ့ရဲ့ ခန့်မှန်းချက် ဗီဒီယိုတစ်ခု အလဟဿ ဖြစ်သွားမှာပေါ့...
ထိုလူစုသည် မကြာမီ ဗီလာသို့ ပြန်ရောက်လာကြပေသည်။
ချန်ဖုန်းသည် ထီမဲဖောက်မည့် အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့၏။
ဤတစ်ကြိမ်တွင် သူသည် ယခင်ကလောက် စိတ်မလှုပ်ရှားတော့ချေ။ မည်သို့ပင်ဆိုစေကာမူ သူ၏ ဘဏ်အကောင့်ထဲတွင် ငွေအမြောက်အမြား ရှိနေပြီ ဖြစ်လေသည်။
ပျော်ဖို့ သက်သက်ပါပဲလေ...
ည ၈ နာရီတွင် ထီရောင်းချမှု ရပ်တန့်မည် ဖြစ်သည်။
ချန်ဖုန်းကို အံ့အားသင့်သွားစေသည်မှာ...
သူ့ဖုန်းထဲက ခန့်မှန်းချက် ဗီဒီယိုက ရုတ်တရက် ပြောင်းလဲသွားတယ်... ပေါက်မဲဂဏန်းတွေ ပြောင်းသွားပြီပဲ...
သူ လုံးလုံးလျားလျား မှင်တက်သွားတော့၏။
လခွီးးပဲ...
ဒီလိုတောင် ကစားလို့ ရတာလား...
ယခုအခါ ထီရောင်းချမှု ရပ်တန့်သွားပြီဖြစ်ရာ ဂဏန်းများ ပြောင်းလဲသွားကြောင်း သူသိရှိခဲ့လျှင်ပင် နောက်တစ်ကြိမ် ပြန်လည်ပြောင်းလဲရန် နည်းလမ်း မရှိတော့ချေ။
သူသည် ထီလက်မှတ်ကို စားပွဲပေါ်သို့ ပစ်ချကာ အိပ်ခန်းဆီသို့ လျှောက်သွားလေ၏။
"ဟေး... နောက်တစ်နာရီဆိုရင် ထီမဲဖောက်တော့မှာလေ... နင်က ဘာလို့ မစောင့်တော့တာလဲ..."
ရှန်ယန်းယန်း အလွန် ထူးဆန်းနေခဲ့ပေသည်။
ဒီကောင်က အရင်တုန်းက ထီဝယ်ချင်ခဲ့တဲ့သူလေ... အခုကျတော့ ထီမဲဖောက်တာကို စိတ်ဝင်စားမှု မရှိတော့ဘူးပေါ့…
"ဆက်စောင့်နေစရာ မလိုတော့ဘူး... ပေါက်မှာမှ မဟုတ်တာ..."
ချန်ဖုန်းက ပခုံးတွန့်ပြလိုက်၏။
ရှန်ယန်းယန်း ပြောသကဲ့သို့ ဤထီများသည် လိမ်လည်မှုများ ဖြစ်ပုံရပြီး သာမန်လူများ ပေါက်ရန်မှာ မဖြစ်နိုင်ချေ။
ငါ ပထမဆုံးအကြိမ်မှာ ပထမဆု ပေါက်ခဲ့တဲ့ အကြောင်းရင်းက...
မတော်တဆ ဖြစ်ရပ်တစ်ခုသက်သက် ဖြစ်ဖို့ အရမ်းများတယ်... ဖြစ်နိုင်တာက ထီကုမ္ပဏီက အထက်လူကြီးတွေက အဲဒီအချိန်တုန်းက ထီဝယ်ခဲ့တဲ့သူဟာ သူတို့ စီစဉ်ထားတဲ့ အတွင်းလူတစ်ယောက်လို့ ထင်သွားခဲ့လို့ ထီရောင်းတာ ရပ်သွားပြီးတဲ့နောက် ဂဏန်းတွေကို မပြောင်းလဲခဲ့တာ ဖြစ်မယ်...
ငါတော့ ကံကောင်းသွားတာ ထင်တယ်…
ထီမဲဖောက်မှုကို ၉ နာရီ ၁၅ မိနစ်တွင် ကျင်းပမည် ဖြစ်သည်။
ရှန်ယန်းယန်းသည် ကွန်ပျူတာ မျက်နှာပြင်ကို စူးစိုက်ကြည့်နေခဲ့ပေ၏။
နောက်တစ်စက္ကန့်တွင်။
လေလျှော့သွားသော ပူဖောင်းတစ်လုံးကဲ့သို့ ဖြစ်သွားလေသည်။
သူ မပေါက်ဘူးပဲ…
ယွင်ထင်က ရယ်မောလိုက်၏။
"သူ ထီမပေါက်တာ ပုံမှန်ပဲ မဟုတ်ဘူးလား... သူက အနာဂတ်ကို ကြိုမြင်နိုင်တယ်လို့ နင် ထင်နေတာလား..."
ဤစကားကို ပြောပြီးချိန်တွင်...
သူမ ရုတ်တရက် အေးခဲသွားတော့သည်။
ယခင် စုံစမ်းစစ်ဆေးမှုတွင် ချန်ဖုန်းသည် ယွမ် သန်း ၉၀ ထီဆုကြီး ပေါက်ခဲ့သည်မှာ အမှန်ပင်ဖြစ်ကြောင်း ယွင်ထင် ပြန်လည်သတိရသွားပြီး ယမန်နေ့က ချန်ဖုန်း ကြိုပွိုင့်ဈေးကွက် ဝင်ကစားတိုင်းတွင်လည်း အမြတ်ရခဲ့ကြောင်း သူမ သတိရသွားလေ၏။
တစ်ဖက်လူ၏ ဇာတိရွာတွင် မြေပြိုမှုဖြစ်ပွားချိန်၌ ချန်ဖုန်းက ကြိုတင်သတိပေးခဲ့သဖြင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကို လျှော့ချနိုင်ခဲ့သည်ကိုလည်း သူမ ပြန်လည်သတိရသွားပေသည်။
ဒီအရာတွေက တကယ်ပဲ အနာဂတ်အကြောင်း သတင်းအချက်အလက်တွေကို ကြိုတင်သိနေသလို ခံစားရတယ်...
တကယ်ကြီး ဖြစ်နိုင်လို့လား...
ကြီးမားသော လျှို့ဝှက်ချက်ကြီး တစ်ခုကို သူမ ရှာဖွေတွေ့ရှိသွားသည့်အလား သူမ၏ အသက်ရှူနှုန်းများ မြန်ဆန်လာသည်ကို ယွင်ထင် ခံစားလိုက်ရ၏။
သို့သော် နောက်တစ်စက္ကန့်တွင် သူမ ၎င်းကို ငြင်းပယ်လိုက်လေသည်။
ဘာပဲဖြစ်ဖြစ် ဒီလိုကိစ္စမျိုးက အရမ်း ယုံကြည်ဖို့ ခက်ခဲလွန်းတယ်လေ...
ထိုညက သူမ အိပ်မပျော်နိုင်ခဲ့ချေ။
...
နောက်တစ်နေ့တွင် ချန်ဖုန်း အလွန် နောက်ကျမှ အိပ်ရာထခဲ့၏။
မွန်းတည့်ချိန်နီးပါး ရှိနေလေပြီ။
သူ၏ အထက်တန်းကျောင်းက သူငယ်ချင်း ရွှယ်ဟိုင် ထံမှ ဖုန်းတစ်ကောကို သူ ရုတ်တရက် လက်ခံရရှိလိုက်သည်။
"ချန်ဖုန်း... မင်း အခု ဘယ်မှာလဲ... ဒီနေ့ အတန်းဖော်တွေ ပြန်ဆုံတဲ့ပွဲအကြောင်း ဘယ်သူမှ မင်းကို မပြောဘူးလား..."
အတန်းဖော်တွေ ပြန်ဆုံတဲ့ပွဲ ဟုတ်လား...
ချန်ဖုန်း လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်သွားပေ၏။
ဒီနေ့က ဘယ်နေ့လဲ... ရှန်ယန်းယန်း ရဲ့ အတန်းဖော်တွေ ပြန်ဆုံတဲ့ပွဲလေ... ဘယ်လိုလုပ် ငါ့မှာလည်း အတန်းဖော်တွေ ပြန်ဆုံတဲ့ပွဲ ရှိနေရတာလဲ…
ဖုန်း၏ အခြားတစ်ဖက်မှ ရွှယ်ဟိုင်က အလျင်အမြန် ပြောဆိုလိုက်သည်။
"ငါ မင်းကို ဖုန်းဆက်လိုက်တာ တော်သေးတယ်... မဟုတ်ရင် မင်း ဒီတွေ့ဆုံပွဲကို ထပ်ပြီး လွတ်သွားဦးမှာ... အရင်က တွေ့ဆုံပွဲတွေကို မင်း တစ်ခါမှ မလာခဲ့ဘူးလေ..."
"ဒီတစ်ခေါက်တော့ မင်း သေချာပေါက် လာမှရမယ်... ငါတို့ ယွင်တင်းစားသောက်ဆိုင် က သီးသန့်ခန်း အမှတ် ၆၁၈ မှာ ရှိတယ်..."
"မင်း နောက်ကျလို့ မရဘူးနော်... အခုချက်ချင်း ဒီကို လာခဲ့…”
ချန်ဖုန်းက ပြုံးလိုက်၏။
အထက်တန်းကျောင်းတက်တုန်းက သူနဲ့ ရွှယ်ဟိုင် ရဲ့ ဆက်ဆံရေးက တော်တော်လေး ကောင်းခဲ့တယ်...
သို့သော် တက္ကသိုလ်ဝင်ပြီးနောက်ပိုင်း လူတိုင်း ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်ရှုပ်နေကြသဖြင့် ဆက်သွယ်ရန် အခွင့်အရေးများ နည်းပါးသွားခဲ့ပေသည်။
"ရွှယ်ဟိုင်... ငါ ဒီနေ့ လုပ်စရာကိစ္စလေး ရှိလို့ တွေ့ဆုံပွဲကို မလာတော့ဘူး... မင်းလည်း သိပါတယ်... ငါတို့ တွေ့ဆုံတိုင်း အတန်းဖော်တွေ တစ်ယောက်နဲ့တစ်ယောက် ကြွားလုံးထုတ်ကြတာချည်းပဲလေ... သိပ်စိတ်ဝင်စားစရာ မကောင်းပါဘူး..."
"တကယ်လို့ မင်းက တကယ် တွေ့ချင်တယ်ဆိုရင် နောက်နေ့ တစ်ချိန်ချိန် ရှာကြတာပေါ့... ပြီးရင် ညီအစ်ကို နှစ်ယောက်တည်း အပြင်ထွက်ပြီး အရက်နည်းနည်းလောက် သောက်ကြတာပေါ့ကွာ..."
"ချန်ဖုန်း... ငါတို့ နောက်နေ့ ထပ်တွေ့ကြတာ အဆင်ပြေပေမဲ့ ဒီနေ့ကတော့..."
ရွှယ်ဟိုင်က သက်ပြင်းချကာ ပြောဆိုလိုက်၏။
"မင်း မသိပါဘူးကွာ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တွေ့ဆုံပွဲကို မင်းမလာတုန်းက မင်းမိသားစုက အရမ်းဆင်းရဲလွန်းလို့ မင်းက သူတောင်းစားတစ်ယောက်ထက်တောင် အခြေအနေဆိုးနေပြီး တွေ့ဆုံပွဲကို မလာရဲဘူးလို့ သူတို့ အကုန်လုံး ပြောခဲ့ကြတာ..."
“မင်းက မသွားရဲဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ... သူတို့က မင်းကို ဖိတ်တောင် မဖိတ်ခဲ့ဘဲနဲ့…”
"အဲဒီလူတွေက ပိုပိုပြီး လွန်လာပြီ... ဒီတစ်ခါတော့ သူတို့ကို အရမ်း မောက်မာခွင့် ပေးထားလို့ မရဘူး... သူတို့ကို ငါတို့ ပညာပေးရမယ်..."
"ကောင်းပါပြီ... ကောင်းပါပြီ... နောက်မှ ဆက်ပြောကြတာပေါ့..."
ချန်ဖုန်းက ပြုံးလျက် ဖုန်းချလိုက်လေသည်။
သူ၏ လက်ရှိ အသားတင် ပိုင်ဆိုင်မှုဖြင့် ထိုလူများရှေ့တွင် ဟန်ရေးပြရန် သူ တကယ်ပင် စိတ်ဝင်စားမှု မရှိချေ။
ဤအချိန်၌။
ရှန်ယန်းယန်း လည်း အောက်ထပ်သို့ ဆင်းလာခဲ့ပြီ ဖြစ်၏။
သူမသည် ယနေ့ မင်းသမီးလေးတစ်ပါးအလား ဝတ်ဆင်ထားပြီး ချန်ဖုန်း၏ လက်မောင်းကို ပေါ့ပေါ့ပါးပါး ချိတ်ကာ ပြုံးရွှင်စွာ ပြောဆိုလိုက်သည်။
"ဒီနေ့ နင့်လက်မောင်းကို ခဏလောက် ငှားမယ်နော်..."
"ငါ့ရဲ့ အထက်တန်းကျောင်းက အတန်းဖော်က ယွင်တင်းစားသောက်ဆိုင် ရဲ့ သီးသန့်ခန်း ၆၁၈ ကို ဘွတ်ကင်လုပ်ထားတယ်..."
"ယွင်တင်းစားသောက်ဆိုင် က သီးသန့်ခန်း ၆၁၈ ဟုတ်လား..."
ချန်ဖုန်းက အံ့အားသင့်နေသော မျက်နှာအမူအရာဖြင့် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ပေ၏။