← Chapters

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀

Vol. 9 Ch. 90

အခန်း (၉၀) ငါ လိမ္မော်သီး သွားဝယ်လိုက်ဦးမယ်

လူတိုင်း ဤမြင်ကွင်းကို ထူးဆန်းသော မျက်နှာအမူအရာများဖြင့် စောင့်ကြည့်နေခဲ့ကြ၏။

လွီပင်းနှင့် ချန်ဖုန်းတို့ကြားရှိ ပြဿနာကို လူတိုင်း သိထားကြပေသည်။ အချို့လူများက မကောင်းသော ရည်ရွယ်ချက်များဖြင့် စောင့်ကြည့်နေကြသော်လည်း အချို့ကမူ ခေါင်းခါလျက် ဝင်မပါခဲ့ကြချေ။

မည်သို့ပင်ဆိုစေကာမူ လွီပင်း၏ လက်ရှိ အဆင့်အတန်းသည် အထက်တန်းလွှာထဲတွင် ပါဝင်နေပြီ ဖြစ်လေသည်။

၎င်းတို့မှာ ဘွဲ့မရသေးသော တက္ကသိုလ်ကျောင်းသားများသာ ဖြစ်ကြပြီး မည်သူကမျှ လွီပင်းကဲ့သို့သော သူဌေးတစ်ဦးအား မစော်ကားလိုကြချေ။

အနာဂတ်မှာ အလုပ်ရှာဖို့ သူတို့ရဲ့ အကူအညီ လိုအပ်နိုင်တယ်...

လက်ရှိ လူ့အဖွဲ့အစည်းက ဒီလိုပါပဲ။ ပိုက်ဆံရှိရင် လူတိုင်းက ဖားယားကြပြီး ပိုက်ဆံမရှိရင် ဘယ်သူကမှ လှည့်တောင်မကြည့်ကြဘူး...

ဘေးတွင် ရပ်နေသော ဝူတန်တန် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

သူမ တစ်ခုခု ပြောချင်ခဲ့သော်လည်း နောက်ဆုံးတွင် ကူကယ်ရာမဲ့စွာ သက်ပြင်းသာ ချလိုက်နိုင်ပေသည်။

လွီပင်း က အဲဒီတုန်းက ငါ့ကြောင့် ချန်ဖုန်း နဲ့ ပြဿနာဖြစ်ခဲ့တာ... တကယ်လို့ ငါ အခု ဝင်ပါလိုက်ရင် သူတို့နှစ်ယောက်ကြားက ပြဿနာ ပိုကြီးသွားမှာပဲ…

ချန်ဖုန်း၏ ဘေးရှိ ရွှယ်ဟိုင်၏ မျက်နှာအမူအရာမှာ အတော်လေး ကြည့်ရဆိုးနေခဲ့၏။

"လွီပင်း... မင်းက ဘာသဘောလဲ... ချန်ဖုန်းက ဘာပဲဖြစ်ဖြစ် ပုံမှန် ဒုတိယအဆင့် တက္ကသိုလ်တစ်ခုက ကျောင်းသားတစ်ယောက်လေ"

"မင်းက သူ့ကို အောက်ခြေအလုပ်တွေ လုပ်ခိုင်းပြီး အရှက်ခွဲနေတာလား"

အခြားသူများက လွီပင်းကို စော်ကားရန် ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်သော်လည်း သူကမူ မကြောက်ချေ။

ဘာပဲဖြစ်ဖြစ် တစ်ဖက်လူကို သူ မနှစ်မြို့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်ပေ၏။

လွီပင်းက အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။

"သူက ဒုတိယအဆင့် တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တယ်ဆိုရင်တောင် ဘာဖြစ်လဲ... သူ အခုထိ အလုပ်ရှာမရသေးဘူးလေ... ငါက သူ့ကို စေတနာနဲ့ ကူညီပေးဖို့ ကြိုးစားနေတာ... အဲဒါက ဘယ်လိုလုပ် အရှက်ခွဲတာ ဖြစ်သွားရတာလဲ"

"မင်းတို့က တကယ် ခေါင်းမာလွန်းတယ်"

"ဒီခေတ်မှာ တက္ကသိုလ်တက်တာ ဘာအသုံးကျလို့လဲ... နောက်ဆုံးတော့ တခြားလူအတွက် အလုပ်လုပ်ပေးရတာပဲလေ"

"ငါ့ကို ကြည့်ပါဦး... ငါ့မိသားစုနဲ့ စီးပွားရေး စလုပ်ခဲ့တာ အခုဆို ငါက သူဌေးကြီး ဖြစ်နေပြီ... အနာဂတ်မှာ မင်းတို့တောင် ငါ့ဆီ လာအလုပ်လုပ်ရနိုင်သေးတယ်"

"အခု ငါ စိတ်ကူးပေါက်လို့ ဒီအခွင့်အရေးကို ပေးလိုက်တာ"

"မဟုတ်ရင် နောက်တစ်ခါ တံမြက်စည်းလှည်းဖို့တောင် မင်း အခွင့်အရေး ရမှာ မဟုတ်ဘူး"

အမှန်ပင် သူ၏ အသေးအဖွဲ အလုပ်ဆိုသည်မှာ တံမြက်စည်းလှည်းခြင်းသာ ဖြစ်ပေသည်။

"မင်း"

ရွှယ်ဟိုင်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

"စိတ်မပူပါနဲ့... မင်းအတွက် အလုပ်လုပ်ပေးမယ့်အစား ငတ်သေလိုက်တာကမှ ပိုကောင်းဦးမယ်"

"ရည်မှန်းချက် ကြီးတာပဲ"

လွီပင်းက လက်မထောင်မပြဘဲ မနေနိုင်ခဲ့ချေ။

သူ၏ လိပ်စာကတ်ကို ပြန်သိမ်းရန် ပြင်လိုက်ချိန်မှာပင် ချန်ဖုန်းက ရုတ်တရက် လက်ဆန့်ထုတ်ကာ ဆွဲယူလိုက်လေသည်။

"ဟင်"

လွီပင်း အံ့အားသင့်သွား၏။

ချန်ဖုန်းသည် ရွှယ်ဟိုင်ကဲ့သို့ မူဝါဒရှိလိမ့်မည်ဟု သူ အစပိုင်းက ထင်မှတ်ထားခဲ့သော်လည်း သူက သူရဲဘောကြောင်သူ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသဖြင့် သူ အံ့အားသင့်သွားခဲ့ပေသည်။

ဒီအလုပ်ကို သူ တကယ် လိုအပ်နေပုံရတယ်...

သူ စိတ်ထဲမှ လှောင်ပြောင်လိုက်မိသည်။

အရင်တုန်းက ချန်ဖုန်းသည် ခုနက ရွှယ်ဟိုင်ကဲ့သို့ အလွန် မူဝါဒရှိသူဖြစ်ကြောင်း သူ မှတ်မိနေခဲ့၏။

ဒါပေမဲ့ ခံယူချက်ရှိနေတော့ ဘာကောင်းလို့လဲ... ပိုက်ဆံမရှိ၊ အရမ်းဆင်းရဲနေပြီး မင်းရဲ့ ကောင်မလေးကတောင် မင်းကို မုန်းနေတဲ့အခါ ဘဝရဲ့ အခက်အခဲတွေကို အရှုံးပေးဖို့ကလွဲပြီး မင်းမှာ ရွေးချယ်စရာ မရှိတော့ဘူးလေ...

တံမြက်စည်း လှည်းရမယ်ဆိုရင်တောင် လက်ခံရမှာပဲ... ဒါက လက်တွေ့ဘဝပဲ…

လွီပင်းက မောက်မာစွာ ခေါင်းမော့လိုက်ပြီး ချန်ဖုန်းအား အထက်စီးမှ ကြည့်ကာ အေးစက်စွာ ပြောဆိုလိုက်ပေသည်။

"မင်းကို ငါ မုန်းပေမဲ့ ဘာပဲဖြစ်ဖြစ် ငါတို့က အတန်းဖော်တွေပဲလေ"

"အခုကစပြီး မင်းသာ ငါ့နောက်ကိုလိုက်ပြီး ငါ့ကို အစ်ကိုလွီ လို့ခေါ်ရင် မင်းကို ငါ စောင့်ရှောက်ပေးပါ့မယ်"

"ခဏနေရင် ဒီအမှိုက်တွေကို မင်း လှည်းပစ်လိုက်တာ ပိုကောင်းမယ်... မင်း ဘာလုပ်နိုင်လဲဆိုတာ ငါ့ကို ပြစမ်းပါဦး"

သူ၏ဘေးရှိ ဖားယားတတ်သူများက ဆက်လက်၍ မြှောက်ပင့်ပြောဆိုနေကြ၏။

"ငါတို့ရဲ့ စီအီးအိုလွီလေး က တကယ် သဘောထားကြီးတာပဲ... ချန်ဖုန်း... မင်း သူ့ကို မြန်မြန် ကျေးဇူးတင်လိုက်"

"ဟုတ်တယ်... လွီပင်းက မင်းအတွက် အလုပ်တောင် စီစဉ်ပေးပြီးပြီ... တံမြက်စည်းလှည်းတဲ့ အလုပ်ဆိုပေမဲ့ အလုပ်မရတာထက်တော့ ပိုကောင်းပါတယ်"

"..."

ဤအချိန် ယခုအချိန်ထိ တိတ်ဆိတ်နေခဲ့သော ဝူတန်တန်က နောက်ဆုံးတွင် မတ်တတ်ရပ်ကာ အနည်းငယ် မကျေမနပ်ဖြင့် ပြောဆိုလိုက်ပေသည်။

"တော်လောက်ပြီ... ချန်ဖုန်းက ငါတို့ရဲ့ အတန်းဖော်လေ... သူ့ကို ဒီလိုစကားတွေ ပြောဖို့ လိုအပ်လို့လား"

"ပြီးတော့ နင်... လွီပင်း... တကယ်လို့ ငါနဲ့ ပြဿနာရှိတယ်ဆိုရင် ချန်ဖုန်းကို ဝင်မပါစေနဲ့လို့ ရမလား"

"ယောက်ျားတစ်ယောက်က နည်းနည်းလောက် ပိုပြီး သဘောထားကြီးလို့ မရဘူးလား"

"ဝူတန်တန်... ငါ သူ့ကို ပစ်မှတ်ထားတာ မဟုတ်ဘူး"

ဝူတန်တန်က ချန်ဖုန်းအတွက် ဝင်ပြောပေးသည်ကို မြင်သောအခါ လွီပင်းမှာ ပို၍ မကျေမနပ် ဖြစ်လာတော့၏။

ယခုအခါ သူ့တွင် ကျောင်းသူလှလေး ရည်းစားတစ်ယောက် ရှိနေသော်လည်း အဲဒီတုန်းက ဝူတန်တန် သူ့ကို ငြင်းပယ်ခဲ့ခြင်းက သူ့ကို နေရခက်စေဆဲ ဖြစ်ပေသည်။

ရွှယ်ဟိုင်က အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် လှမ်းကြည့်လိုက်သည်။

"ချန်ဖုန်း... တစ်ခုခု ပြောလိုက်ပါလား..."

သူ၏ မှတ်ဉာဏ်ထဲတွင် ချန်ဖုန်းသည် ဘဝ၏ အခက်အခဲများကို အရှုံးပေးမည့်သူမျိုး သေချာပေါက် မဟုတ်ချေ။

ဘာတွေ ဖြစ်ကုန်တာလဲ...

သူ စိတ်အနှောင့်အယှက် မဖြစ်ဘဲ မနေနိုင်ခဲ့ပေ။

ငါက မင်းကို ရှင်းရှင်းလင်းလင်း အရှက်ခွဲနေတာလေ... မင်းက ဘယ်လိုလုပ် ငါ့အလုပ်ကို လက်ခံနိုင်ရတာလဲ...

မင်းက ဘယ်တုန်းက ဒီလောက် အရှက်မရှိ ဖြစ်ရတာလဲ…

"အားလုံးပဲ ရန်မဖြစ်ကြပါနဲ့တော့... လွီပင်း က ငါ့ကောင်းကျိုးအတွက် ဒီလိုလုပ်နေတာပါ"

ချန်ဖုန်းက လျစ်လျူရှုဟန်ဖြင့် လက်ကာပြလိုက်၏။

ထိုစကားကို ကြားလိုက်ရချိန်တွင်

ရွှယ်ဟိုင်နှင့် ဝူတန်တန်တို့ မျက်မှောင်ကြုတ်သွားကြပြီး သူ၏ လုပ်ရပ်အတွက် ရှင်းလင်းစွာ အနည်းငယ် စိတ်ပျက်သွားကြပေသည်။

ချန်ဖုန်း ပြောင်းလဲသွားပြီပဲ... သူက အရင်က လူမျိုး တကယ် မဟုတ်တော့ဘူး...

အတိတ်က ချန်ဖုန်းသာဆိုရင် လွီပင်းကို ဒီလို ဖားယားနေမှာ မဟုတ်သလို သူ့ကိုယ်သူလည်း ဒီလို အနိုင်ကျင့်ခံနေမှာ မဟုတ်ဘူး…

သို့သော် ၎င်းတို့ကို အံ့အားသင့်သွားစေသည်မှာ...

ချန်ဖုန်းသည် ကားထဲတွင် စား၍ မကုန်သေးသော လိမ္မော်သီးတစ်ခြမ်းကို သူ၏ အိတ်ကပ်ထဲမှ ထုတ်ယူလိုက်လေ၏။

သူက အတည်ပေါက်ဖြင့် ပြောဆိုလိုက်သည်။

"လွီပင်း မင်းရဲ့ ကျေးဇူးကြီးမားမှုကို ပြန်ဆပ်ဖို့ ငါ့မှာ နည်းလမ်း မရှိပါဘူး... မင်းက လိမ္မော်သီးစားရတာ ကြိုက်တယ်လို့ ကြားတယ်... ငါ့ဆီမှာ လိမ္မော်သီးတစ်ခြမ်း ရှိနေတယ်... ပြီးတော့ အဲဒါက နွေးတောင် နွေးနေသေးတယ်"

"ရွှယ်ဟိုင်က ဒီဟာ အရမ်းအေးနေရင် မင်းစားတဲ့အခါ ဗိုက်နာမှာကို အဓိက စိုးရိမ်နေတာလေ"

"ဒါကြောင့် မလာခင်အထိ ငါ့ပေါင်ကြားထဲမှာ ထည့်သိမ်းထားလိုက်တာ"

"ပူတုန်းလေး စားကြည့်ပါလား"

ဘာ...

ရွှယ်ဟိုင် သွေးတစ်လုပ် အန်ထွက်လုနီးပါး ဖြစ်သွားပေ၏။

ငါက ဘယ်တုန်းက ပေါင်ကြားထဲကို လိမ္မော်သီး ထည့်ထားလို့လဲ…

"ပူတုန်းလေး စားကြည့်မလား"

လွီပင်း၏ မျက်လုံးများမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းအောင် အေးစက်သွားလေသည်။

မင်း ငါ့ကို နောက်နေတာလား...

ချန်ဖုန်း၏ လက်ထဲရှိ စားလက်စ လိမ္မော်သီးကို မြင်ချိန်တွင် သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရ၏။

"ပူနေတာကို မကြိုက်ဘူးလား"

ချန်ဖုန်းက သူ၏ ပုံမှန် အပြစ်ကင်းစင်သော မျက်နှာအမူအရာဖြင့် တီးတိုးရေရွတ်လိုက်သည်။

"မင်း ဒီမှာပဲ နေခဲ့လေ... ငါ လိမ္မော်သီး သွားဝယ်လိုက်ဦးမယ်..."

"ဖူး"

ဘေးတွင် ရပ်နေသော ဝူတန်တန် မှာ ရယ်မောခြင်းကို မအောင့်ထားနိုင်ဘဲ ပေါက်ကွဲထွက်သွားတော့၏။

ဒါက တရုတ်ဖတ်စာအုပ်ထဲက ဟာသ မဟုတ်ဘူးလား... မင်း ဒီမှာနေခဲ့... ဘယ်မှမသွားနဲ့... ငါ လိမ္မော်သီး သွားဝယ်လိုက်ဦးမယ်... အဖေအိုကြီးတစ်ယောက်က သူ့သားကို ပြောခဲ့တဲ့စကားလေ…

"ချန်ဖုန်း... မင်း ငါ့ကို နောက်နေတာလား"

လွီပင်းက ထိုအချိန်မှသာ တစ်ဖက်လူသည် လိပ်စာကတ်ကို လက်ခံလိုက်ချိန်ကတည်းက သူ့ကို လှည့်စားရန် ကြိုးစားနေခဲ့ကြောင်း သဘောပေါက်သွားလေသည်။

သူက ဒေါသတကြီး စိုက်ကြည့်လိုက်၏။

ခွေးကောင်... မင်းမှာ သတ္တိရှိရင် အဲဒီမှာရပ်နေ... ဘယ်မှမသွားနဲ့... မဟုတ်ရင် ငါ မင်းအတွက် လိမ္မော်သီး သွားဝယ်ပေးမယ်...

မင်းက ငါ့ကို သွယ်ဝိုက်ပြီး စော်ကားနေတာ မဟုတ်ဘူးလား…

"ကောင်းပါပြီ... ကောင်းပါပြီ... အားလုံးပဲ လျှော့ကြပါ... ဒီနေ့ ငါတို့ တွေ့ဆုံပွဲလုပ်မယ့် လူနှစ်စု ရှိတယ်လေ... ပြင်ပလူတွေရှေ့မှာ ငါတို့ကိုယ်ငါတို့ အရူးမလုပ်ကြပါနဲ့... ငါတို့အားလုံး အတန်းဖော်တွေပဲ... အေးအေးချမ်းချမ်း နေပြီး အတူတူ ငွေရှာကြတာပေါ့"

အတန်းခေါင်းဆောင်က အလျင်အမြန် ဖြောင်းဖျရန် ကြိုးစားလိုက်ပေသည်။

အခြားသူများကလည်း ဤမျှ ကောင်းမွန်သော တွေ့ဆုံပွဲကို မဖျက်ဆီးသင့်ကြောင်း ပြောဆိုကာ ဝင်ရောက်ဖျန်ဖြေပေးကြ၏။

"ငါတို့ အတန်းခေါင်းဆောင်ရဲ့ မျက်နှာကို ထောက်ထားရမယ်... ဒါကြောင့် ငါပဲ လျှော့လိုက်ပါ့မယ်"

ချန်ဖုန်းက ရယ်မောကာ လိပ်စာကတ်ကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်ပြီး သူ၏ ထိုင်ခုံဆီသို့ တည်ငြိမ်စွာ လျှောက်သွားလေသည်။

ယနေ့ တွေ့ဆုံပွဲအတွက် သူ့တွင် မျှော်လင့်ချက် မရှိခဲ့ချေ။ သူသည် ရှန်ယန်းယန်း ကို အဖော်လုပ်ပေးရန်သာ ရောက်ရှိနေခြင်း ဖြစ်ပေ၏။

လွီပင်းကဲ့သို့သော လူမျိုးကို သူ လှည့်ပင် ကြည့်မည် မဟုတ်ချေ။

ငါက စနစ်ဆီကနေ မာစတာအဆင့် ငြင်းခုံတဲ့ စကားစုတွေကို ဝယ်ထားတာလေ... အဲဒီထဲက စကားတစ်ခွန်းတည်းနဲ့တင် မင်းကို သွေးအန်အောင် လုပ်လို...

ငါနဲ့ လာတိုက်ခိုက်ချင်တာလား... နုသေးတယ်ကွ...

လူတိုင်း နေရာယူလိုက်ကြသည်။ လွီပင်း ၏ ရည်းစားဖြစ်သူ၏ အတန်းဖော်များ မရောက်သေးသဖြင့် ၎င်းတို့သည် လွီပင်း ၏ ဘေးတွင်သာ ထိုင်ကာ စကားပြောနေနိုင်ကြပေ၏။

ချန်ဖုန်းနှင့် ရွှယ်ဟိုင်တို့သည် ထောင့်တွင် ထိုင်လိုက်ကြသည်။

ဤအချိန်၌ ရွှယ်ဟိုင်မှာ အလွန် စိတ်လှုပ်ရှားနေခဲ့၏။

"ကောင်းပြီလေ ကောင်စုတ်လေး... မင်း ခုနက အရှုံးပေးလိုက်ပြီလို့ ငါ ထင်နေတာ... ဒါပေမဲ့ မင်းက ဒီလောက် အရှက်မရှိဘူးလို့ ငါ မထင်ထားခဲ့ဘူး"

"သေချာ ရှင်းပြစမ်း... ငါက ဘယ်တုန်းက လိမ္မော်သီးကို ပေါင်ကြားထဲ ထည့်ထားလို့လဲ"

All Chapters