အခန်း ၉၂
Vol. 10 Ch. 92
အခန်း (၉၂) သူဌေးကြီး ကိုယ်တိုင် လာနေပြီ
တောက်...
သူတို့ ဘာမြင်လိုက်ရတာလဲ...
လီဝမ် ထက် ပိုလှတဲ့ ကောင်မလေးက ချန်ဖုန်းရဲ့ လက်မောင်းကို တိုက်ရိုက် ချိတ်လိုက်တယ် ဟုတ်လား…
"ရှန်ယန်းယန်း လား"
မိန်းကလေးတစ်ဦးက စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်းက သူမ ဘယ်သူလဲဆိုတာကို ချက်ချင်း သိလိုက်ကြပေ၏။
ရှန်ယန်းယန်း
သူမသည် အထက်တန်းကျောင်းတက်စဉ်က ကျောင်းရဲ့အလှလေး ဖြစ်ခဲ့ပြီး ယခု ပေ့ဟူတက္ကသိုလ်တွင်လည်း ကျောင်းရဲ့အလှလေး ဖြစ်နေလောက်ကာ ယောကျ်ားလေးများအားလုံး၏ နှလုံးသားထဲမှ နတ်ဘုရားမလေး ဖြစ်ပေသည်။
ပြီးတော့ ချန်ဖုန်းကရော...
သူက မကြာသေးမီကမှ သူ့ရည်းစားဟောင်းရဲ့ ပစ်ချတာကို ခံလိုက်ရပြီး အရမ်းဆင်းရဲတဲ့ ကောင်လေးတစ်ယောက်လို့ ဆိုကြတယ်လေ...
သူတို့နှစ်ယောက်က တကယ်ကြီး တွဲနေကြတာလား...
လူတိုင်း လုံးလုံးလျားလျား မှင်တက်သွားကြတော့၏။
"ဒီကောင်ကတော့..."
ရွှယ်ဟိုင်၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။
ချန်ဖုန်းက ကျောင်းရဲ့အလှလေး တစ်ယောက်ကို စောင့်နေသည်ဟု ပြောခဲ့ကြောင်း သူ မှတ်မိလိုက်၏။ သူက အတုအယောင်ဟု ထင်ထားခဲ့သော်လည်း တကယ်ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
ပြီးတော့…
ဒီကောင်မလေးက အရမ်းလှတာပဲ...
သူ တစ်ယောက်တည်း မဟုတ်ချေ။
လွီပင်းနှင့် ထိုနေရာရှိ လူတိုင်းသည် ၎င်းတို့ မြင်တွေ့နေရသည့် အရာကို မယုံကြည်နိုင်သလောက်ပင် ဖြစ်နေကြသည်။
ရှန်ယန်းယန်း မပေါ်လာမီက လွီပင်းသည် သူ၏ ရည်းစားကို အလှဆုံးဟု အမြဲ ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ သူ၏ လက်ထဲရှိ အရာသည် ဆွဲဆောင်မှုမရှိတော့ဟု ရုတ်တရက် ခံစားလိုက်ရပေ၏။
သူက တီးတိုးကျိန်ဆဲလိုက်သည်။
"ဘယ်လို ကံကောင်းမှုမျိုးလဲကွာ"
"အားလုံးကို စောင့်ခိုင်းထားမိလို့ တောင်းပန်ပါတယ်"
ရှန်ယန်းယန်းက လူတိုင်းကို အနည်းငယ် ပြုံးပြလိုက်ပြီးနောက် ချန်ဖုန်းကို ဆွဲကာ ထိုင်ခုံတွင် ထိုင်လိုက်လေ၏။
သူမက ချန်ဖုန်းနှင့် သူမ၏ ဆက်ဆံရေးကို သူမ၏ လုပ်ရပ်များမှတစ်ဆင့် တိုက်ရိုက် ပြသလိုက်ခြင်းပင်။
လီဝမ်က ရုတ်တရက် ပြောဆိုလိုက်သည်။
"ယန်းယန်း... နင်က ဒီ ချန်ဖုန်း နဲ့ သိနေမယ်လို့ ငါ မထင်ထားခဲ့ဘူး... သူက နင့်ကောင်လေးလား"
လူတိုင်းက တစ်ဖက်လူ၏ အဖြေကို ကြားလိုသဖြင့် နားစွင့်လိုက်ကြပေ၏။
ဤသည်မှာ လူတိုင်း သိချင်နေသော မေးခွန်းတစ်ခု ဖြစ်လေသည်။
"ဘာလဲ မဖြစ်နိုင်ဘူးလား"
ရှန်ယန်းယန်းက ခေါင်းကို စောင်းကာ မေးခွန်းကို တိုက်ရိုက် ပြန်လည်မေးခွန်းထုတ်လိုက်၏။
တကယ်တော့ သူမ၏ အဖြေမှာ အတော်လေး လိမ္မာပါးနပ်လှပေသည်။
ဝန်မခံသလို ငြင်းလည်း မငြင်းခဲ့ဘူး…
"အင်း... သေချာတာပေါ့"
လီဝမ် ရုတ်တရက် ဝမ်းသာသွားခဲ့၏။
သူမသည် ပညာရေးတွင်ဖြစ်စေ၊ ရုပ်ရည်တွင်ဖြစ်စေ သူမ၏ ပြိုင်ဘက်ကို တစ်ကြိမ်တစ်ခါမျှ အနိုင်မရခဲ့ဖူးဘဲ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရပေသည်။
အခုတော့ နောက်ဆုံးမှာ ငါ အနည်းဆုံး တစ်ခုတော့ အနိုင်ရသွားပြီ…
...
အခြားတစ်ဖက်တွင်
ယွင်တင်းစားသောက်ဆိုင် ၏ အပေါ်ဆုံးထပ်ရှိ ရုံးခန်းအတွင်း၌။
မန်နေဂျာတစ်ဦးက လုံခြုံရေးကင်မရာ မှတ်တမ်းများကို စစ်ဆေးနေပြီး ၎င်းမှာ နေ့စဉ် သူလုပ်ဆောင်ရသော ပုံမှန်အလုပ်တစ်ခု ဖြစ်ပေ၏။
ယွင်တင်းစားသောက်ဆိုင် သည် အလွန် ကြီးမားလှသည်။
သူသည် နေရာတိုင်းကို မလှည့်လည်နိုင်သဖြင့် နေ့စဉ် အခြေအနေများကို လုံခြုံရေးကင်မရာ မှတ်တမ်းများမှသာ သိရှိနိုင်ပေသည်။
ဤအချိန်၌ မန်နေဂျာ၏ မျက်နှာအမူအရာ ရုတ်တရက် တွန့်ချိုးသွားလေ၏။
သူက ဖုန်းနံပါတ်တစ်ခုကို အလျင်အမြန် ခေါ်ဆိုလိုက်သည်။
"အစ်ကိုကျင်းကန်... ပြဿနာကြီး တက်ပြီ"
"ဘာဖြစ်လို့လဲ... ဘာလို့ ဒီလောက် ပြာယာခတ်နေရတာလဲ"
"ဒါက တကယ်ကို ဆိုးရွားတာပဲ... ခင်ဗျား ကျွန်တော့်ကို ဆက်သွယ်ဖို့ ပြောထားတဲ့သူက ယွင်တင်းစားသောက်ဆိုင် ကို ရောက်နေပြီ... သူ့ကို လုံခြုံရေးကင်မရာ မှတ်တမ်းထဲမှာ ကျွန်တော် တွေ့လိုက်ရတယ်... သူက ခင်ဗျားပြောတဲ့ မာစတာချန် ဆိုတဲ့သူပဲ"
"ခဏစောင့်... ငါ အခုချက်ချင်း ဆင်းလာခဲ့မယ်"
ဖုန်း၏ အခြားတစ်ဖက်မှ ချက်ချင်း ဖုန်းချသွားလေ၏။
ငါးမိနစ်ပင် မပြည့်လိုက်ချေ…
အလျင်စလို ခြေသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ရုံးခန်းတံခါးကို ကန်ဖွင့်လိုက်ပေသည်။
သူက ကွန်ပျူတာဆီသို့ အမောတကော ပြေးလာကာ မေးလိုက်၏။
"သူ ဘယ်မှာလဲ... ဘယ်မှာလဲ"
ဤလူမှာ အခြားသူမဟုတ်ဘဲ ကင်းကောင် ပင် ဖြစ်လေသည်။
မြေအောက်ဂိုဏ်းခေါင်းဆောင် ကျားနက်၏ လက်အောက်ရှိ နတ်မင်းကြီးလေးပါးအနက်မှ တစ်ဦး၊
မန်နေဂျာမှာလည်း အတော်လေး အံ့အားသင့်သွားခဲ့ပေ၏။
တစ်ဖက်လူ ဤမျှ စိုးရိမ်ပူပန်နေသည်ကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့် ဤဆရာချန်မှာ အလွန် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေလိမ့်မည်။
ထိုအချိန်၌ အခြားအရာများကို တွေးတောနေရန် သူ၏စိတ်ထဲတွင် မရှိတော့ချေ။
သူက မျက်နှာပြင်ကို အလျင်အမြန် လက်ညှိုးထိုးပြကာ ပြောဆိုလိုက်၏။
"အခန်း ၆၁၈ ထဲမှာ လူဒါဇင်ပေါင်းများစွာ ရှိနေပုံရတယ်... ကျောင်းသားတွေရဲ့ တွေ့ဆုံပွဲနဲ့ တူတယ်"
"အခန်း ၆၁၈ လား"
ကင်းကောင်က ခဏတာ မှင်တက်သွားပြီးနောက် ဒေါသတကြီးဖြင့် ပြောဆိုလိုက်သည်။
"ခွေးကောင်... အဲဒီနေရာကို ဆရာချန် သွားတာလား"
ထိုသီးသန့်ခန်း အမျိုးအစားသည် သီးသန့်ခန်းများအားလုံးထဲတွင် အဆင့်အနိမ့်ဆုံး ဖြစ်ပေ၏။
ဆရာချန်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် အနည်းဆုံး အမြင့်ဆုံးအဆင့် ဝန်ဆောင်မှုကို ရသင့်တယ်လေ…
"မြန်မြန်... အကောင်းဆုံး VIP အခန်းကို မြန်မြန်ရှင်းလိုက်... မင်းက ဆရာချန် ကို ဒီလို ဆက်ဆံနေတာကို ကျားနက်သာ သိရင် မင်းကို အရေခွံခွာလိမ့်မယ်"
"ဒါပေမဲ့... VIP အခန်းက အခု လူရှိနေတယ်လေ"
"သူတို့ကို နှင်ထုတ်ဖို့ မင်းမသိဘူးလား... အလုပ်ဘယ်လိုလုပ်ရမလဲဆိုတာကို ငါက သင်ပေးနေရဦးမှာလား... ကျားနက် အခု လာနေတယ် မင်းဘာသာ ကြည့်ရှင်းလိုက်"
တကယ်လို့ မင်း ဒါကို ရှုပ်ပစ်လိုက်ရင် မင်း နောင်တရလိမ့်မယ်...
"နားလည်ပါပြီ... နားလည်ပါပြီ"
မန်နေဂျာမှာလည်း ထိတ်လန့်သွားပြီး ဖြူဖျော့သွားလေ၏။
တစ်ချိန်တည်းမှာပင် ဆရာချန် ဆိုသူသည် မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း သူ အလွန် သိချင်နေခဲ့ပေသည်။
ကျားနက်တောင် လာနေတယ် ဟုတ်လား...
ယွင်တင်းစားသောက်ဆိုင် ကို ကျားနက်က ပိုင်ဆိုင်ခြင်း ဖြစ်သည်။
သို့သော် ကျားနက် ဆိုသည်မှာ မည်သူနည်း။
သူသည် တရားဝင်လောကတွင် လွှမ်းမိုးနိုင်ရုံသာမက မြေအောက်လောကတွင်လည်း လက်အောက်ငယ်သား ရာနှင့်ချီရှိသော ခေါင်းဆောင်တစ်ဦး ဖြစ်ပေ၏။
သူ့ကို ဘယ်သူမှ မစော်ကားရဲကြဘူး...
ဒီ ဆရာချန် က ကျားနက် ထက်တောင် ပိုအာဏာရှိနေတာလား...
သူ ဆက်မတွေးရဲတော့ချေ။
ဤအချိန်၌
ကင်းကောင်သည် သူ့ကို ကန်ပစ်ချင်လောက်အောင် ဒေါသထွက်နေခဲ့ပေသည်။
သူက ကျားနက်ထံသို့ အလျင်အမြန် ဖုန်းခေါ်ဆိုလိုက်၏။
"ကျားနက်... ဆရာချန် က ကျွန်တော်တို့ရဲ့ ယွင်တင်းစားသောက်ဆိုင် ရဲ့ သီးသန့်ခန်း ၆၁၈ ထဲမှာ အခု ညစာစားနေတယ်"
"ခဏစောင့်ဦး... ငါ အခုချက်ချင်း လာခဲ့မယ်"
ကျားနက်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူလည်း စိုးရိမ်တကြီးဖြင့် အလျင်အမြန် ထွက်လာခဲ့လေသည်။
အရင်က ဘားမှာတုန်းကတော့ သူက ချန်ဖုန်း ကို အရမ်းကျွမ်းကျင်ပြီး သူနဲ့ နတ်မင်းကြီးလေးပါး အတူတကွ တိုက်ခိုက်ရင်တောင် ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ပဲ ထင်ခဲ့တာ...
ချန်ဖုန်း ပါဝင်လာမှုကြောင့် သူတို့က နောက်ထပ် မြေအောက်ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သူဌေးပေါင် ကို ထိန်းချုပ်နိုင်ပြီလေ...
ဒါကြောင့်မလို့ ချန်ဖုန်း ရဲ့ ဦးဆောင်မှုကို လိုက်နာဖို့ သူ ဆန္ဒရှိနေတာ...
ထို့ကြောင့်ပင် သူ၏ လက်အောက်ငယ်သားများကို ချန်ဖုန်းအား "ဆရာချန်" ဟု ခေါ်ဆိုခွင့် ပြုခဲ့ခြင်း ဖြစ်ပေ၏။
သို့သော် ယမန်နေ့က...
ကင်းကောင်သည် တရုတ်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာဌာနမှ ထွက်ခွာလာသူဖြစ်ကြောင်း သူ သိရှိခဲ့ရသည်။
ထို့အပြင် ကင်းကောင် ရရှိထားသော အချက်အလက်များအရ…
ဤဆရာချန်သည် ကြယ်ငါးပွင့်အဆင့် ဗိုလ်ချုပ်တစ်ဦး၏ ခွန်အားကို ပိုင်ဆိုင်ထားရုံသာ မကဘဲ သူသည် စစ်ဘက်ဆိုင်ရာဌာန၏ သတိပြုမိခြင်းကို ခံထားရပြီး အနာဂတ်တွင် စစ်ဘက်ဆိုင်ရာဌာန၏ စစ်သူကြီး ဖြစ်လာရန် အလွန် ဖြစ်နိုင်ချေရှိကြောင်း သိရပေ၏။
ဒါက တကယ်ကို ကြောက်စရာကောင်းတာပဲ...
အာဏာရော ခွန်အားမှာပါ သူ စိတ်ကူးထားတာထက် အများကြီး သာလွန်နေတယ်...
သူ အလွန်အမင်း တုန်လှုပ်သွားပြီး ချွေးစေးများပင် ထွက်လာခဲ့လေသည်။
တစ်ဖက်လူက ဤကဲ့သို့သော အဆင့်အတန်းမျိုး ပိုင်ဆိုင်ထားရာ သူသည် အခြားအတွေးများ တွေးတောရန် မည်သို့ ရဲဝံ့မည်နည်း။
ယခုအခါ သူသည် ချန်ဖုန်း၏ လက်အောက်တွင် အပြည့်အဝ ကျိုးနွံနေပြီ ဖြစ်၏။
ကျားနက် သည် ယွင်တင်းစားသောက်ဆိုင် သို့ ထွက်ခွာလာချိန်မှာပင်…
အခန်း ၆၁၈ တွင်မူ…
လွီပင်း မှာထားသော ဟင်းလျာများအားလုံး ရောက်ရှိလာခဲ့လေပြီ။
သီးသန့်ခန်းမှာ အတော်လေး ကျယ်ဝန်းပြီး လူများပြားသဖြင့် ထိုင်ရန်အတွက် စားပွဲနှစ်လုံးကို အသုံးပြုထားရ၏။
တမင်သက်သက်ပဲဖြစ်စေ၊ တိုက်ဆိုင်မှုပဲဖြစ်စေ လွီပင်းနှင့် သူ၏ ရည်းစားတို့သည် ချန်ဖုန်းတို့အုပ်စုနှင့် စားပွဲတစ်လုံးတည်းတွင် ထိုင်မိလျက်သား ဖြစ်နေကြပေသည်။
လူတစ်စုက လွီပင်းကို ဂုဏ်ပြုဆုတောင်းပေးလိုက်ကြ၏။
"လွီပင်း... မင်းကို ဂုဏ်ပြုပါတယ်... မင်းသာ ဒကာမခံဘူးဆိုရင် ဒီလို အဆင့်မြင့် စားသောက်ဆိုင်မျိုးမှာ စားခွင့်ရမှာ မဟုတ်ဘူး"
"ဟုတ်တယ် လွီပင်း... ငါတို့အားလုံးက မင်းကို ကျေးဇူးတင်ရမှာ"
"ဝမ်ဝမ်... နင့်ကိုလည်း ဂုဏ်ပြုပါတယ်... နင်က ကောင်လေးကောင်း တစ်ယောက်ကို ရထားတာပဲ... မစ္စတာလွီ က အရမ်း ချမ်းသာတော့ ဘွဲ့ရပြီးရင် နင် အလုပ်လုပ်စရာ မလိုတော့ဘူးပေါ့"
လွီပင်းနှင့် လီဝမ်တို့ နှစ်ဦးစလုံးသည် ချီးကျူးခံရခြင်းကို နှစ်သက်ကြပေသည်။
၎င်းတို့သည် နောက်တစ်ကြိမ် အာရုံစိုက်မှု၏ ဗဟိုချက် ဖြစ်လာခဲ့ကြပြန်၏။
သို့သော် ချန်ဖုန်းနှင့် ရှန်ယန်းယန်းတို့ဘက်မှာမူ အတော်လေး တိတ်ဆိတ်နေပုံရလေသည်။
ဤအချိန်၌
လီဝမ်က ရုတ်တရက် ခေါင်းလှည့်ကာ အဓိပ္ပာယ်ပါပါ ပြောဆိုလိုက်၏။
"ယန်းယန်း... ငါ အမြဲတမ်း သိချင်နေခဲ့တာ... နင်က စံနှုန်းမြင့်တဲ့သူ မဟုတ်ဘူးလား... အထက်တန်းကျောင်းတုန်းကဆို နင် ဘယ်သူ့ကိုမှ သဘောမကျခဲ့ဘူးလေ"
"အခု ဘယ်လိုလုပ်ပြီး အရင်က သူများ အပစ်ခံထားရတဲ့ ဒီ ချန်ဖုန်း နဲ့ တွဲနေရတာလဲ"
"လူရွေးတဲ့နေရာမှာ နင့်ရဲ့ အကဲဖြတ်နိုင်စွမ်းက ပိုပိုပြီး ဆိုးလာတာပဲ"
"ဒီကိစ္စနဲ့ပတ်သက်ပြီး နင် ငါ့ဆီကနေ သင်ယူသင့်တယ်"
"လွီပင်း ကို ကြည့်ပါဦး... သူ့ရဲ့ ဘဏ်အကောင့်ထဲမှာ ဂဏန်း ခုနစ်လုံးတောင် ရှိတာ"
"သူက ယွမ် ၂၀,၀၀၀ ဒါမှမဟုတ် ၃၀,၀၀၀ တန်တဲ့ အိတ်တစ်လုံးကို ငါ့ကို အလွယ်တကူ ဝယ်ပေးနိုင်တယ်... နင် အားမကျဘူးလား"
"ရည်းစားရှာရင် လွီပင်း လို လူမျိုးကို ရှာသင့်တယ်"
###