အခန်း ၉၈
Vol. 10 Ch. 98
အခန်း (၉၈) ချန်ဖုန်း၏ တန်ပြန်တိုက်ခိုက်မှု
"အင်း…နားလည်ပါပြီ"
မန်နေဂျာခုံး က ခေါင်းညိတ်လိုက်ပြီး မေးလိုက်၏။
"အစားထိုး ထုတ်ကုန်က ဘယ်တော့လောက် ရနိုင်မလဲ"
"သူတို့ရဲ့ အချက်အလက်တွေက တော်တော်လေး ပြည့်စုံတာဆိုတော့ သူတို့ဆီမှာ အစားထိုး ထုတ်ကုန် အဆင်သင့်ရှိနေလောက်ပြီ... ကျွန်တော်တို့က ညွှန်ကြားချက်တွေအတိုင်း လိုက်လုပ်ဖို့ပဲ လိုတာပါ... ပစ္စည်းတွေ အကုန်လုံး အဆင်သင့်ဖြစ်နေရင် သုံးရက်အတွင်း ရနိုင်ပါတယ်"
"ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
မန်နေဂျာခုံး က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
အဖွဲ့ထွက်သွားပြီးနောက် မန်နေဂျာ ဝေ့တာယဲ့ နှင့် ညွှန်ကြားရေးမှူးစွန်း တို့ကို ကြည့်ကာ ပြောလိုက်၏။
"လူကြီးမင်းတို့... အချက်အလက်တွေက အစစ်အမှန်ဆိုတာကို အခု အတည်ပြုပြီးပါပြီ... အခုကစပြီး ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပါပြီ"
"ခင်ဗျားတို့ သဘောမတူစရာ မရှိရင် အခုပဲ အလုပ်ဝင်ခွင့် လုပ်ထုံးလုပ်နည်းတွေ လုပ်ဖို့ လူတစ်ယောက်ကို ခေါ်သွားခိုင်းလိုက်ပါ့မယ်"
"ယွမ် သုံးသန်းနဲ့ ပတ်သက်ပြီးတော့ကတော့ အချိန်မရွေး ခင်ဗျားတို့ရဲ့ အကောင့်ထဲ ရောက်လာမှာပါ"
"ပြဿနာမရှိပါဘူး... ပြဿနာမရှိပါဘူး"
ညွန်ကြားရေးမှူးစွန်း က အလျင်အမြန် ခေါင်းညိတ်လိုက်ပေသည်။
သူ အလုပ်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ လစာရနေသရွေ့ သူ ဂရုမစိုက်ချေ။
မန်နေဂျာဝေ့တာယဲ့ ကလည်း ခေါင်းညိတ်လိုက်၏။
ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ က သူ့ကို ပြဿနာရှာမည်ကို သူ စိုးရိမ်နေခဲ့သော်လည်း...
သက်သေ အထောက်အထားများ ရှိပါသလော။
တရားရုံးသို့ သွားရလျှင်ပင် အချိန်များစွာ ကြာမြင့်ပေလိမ့်မည်။
ထို့အပြင် စစ်ဝေ့ နည်းပညာကုမ္ပဏီ (4D Space) ၏ ထုတ်ကုန်များ စတင်ဖြန့်ချိပြီး ပထမဆုံး ရောင်းချနိုင်သည်နှင့် တစ်ပြိုင်နက် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ သည် ကြီးမားသော ပြဿနာနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
အဲဒီအချိန်ကျရင် ကိုယ့်ကိုယ်ကိုယ်တောင် ဂရုစိုက်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး…
ဤအချိန်၌ မန်နေဂျာခုံး သည် ရုံးခန်းထဲမှ အလျင်အမြန် ထွက်ခွာလာပြီး အပေါ်ဆုံးထပ်ရှိ အထွေထွေမန်နေဂျာ၏ ရုံးခန်းသို့ သွားရောက်ခဲ့လေ၏။
"မစ္စတာမာ... ကျွန်တော်တို့ ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ဆီက အချက်အလက်တွေကို ရရှိခဲ့ပါပြီ... အခုလေးတင် သုတေသနဌာနကို စစ်ဆေးခိုင်းလိုက်တာ ဘာပြဿနာမှ မရှိပါဘူး... ကျွန်တော်တို့ ချက်ချင်း အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ပြီး ဈေးကွက်ကို အရင် သိမ်းပိုက်နိုင်မယ်လို့ ယုံကြည်ပါတယ်"
"မင်း သေချာရဲ့လား"
မာထျန်ကျူး က ဖြည်းညင်းစွာ ခေါင်းမော့ကြည့်လိုက်ပြီး ဖျော့တော့သော အာဏာစက် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လိုက်ပေ၏။
အထွေထွေမန်နေဂျာ တစ်ဦးအနေဖြင့်…
သူသည် စီးပွားရေးသမား တစ်ဦးလည်း ဖြစ်သည်။
ဤကဲ့သို့သော နည်းဗျူဟာများသည် စီးပွားရေးလောကတွင် အများအားဖြင့် ဖြစ်လေ့ဖြစ်ထရှိပြီး သူက ယင်းတို့ကို ကျင့်သားရနေပြီ ဖြစ်၏။
သူ လုံးဝ မငြင်းပယ်ခဲ့ချေ။
သူ၏ တစ်ခုတည်းသော စိုးရိမ်မှုမှာ ကိစ္စရပ်များကို အလောတကြီး လုပ်ဆောင်နေမိသလား ဆိုသည်ပင်။
မန်နေဂျာခုံး က အလျင်အမြန် ပြောဆိုလိုက်သည်။
"လောလောဆယ် ဈေးကွက်ထဲမှာ အလိုအပ်ဆုံးက သုံးဖက်မြင် 3D ရုပ်လုံးကြွ နည်းပညာဖြစ်ပြီး ကျွန်တော်တို့ရဲ့ နည်းပညာက အဲဒီကွက်လပ်ကို ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ပါတယ်"
"သူတို့ရဲ့ ရုပ်ပုံ လုပ်ဆောင်မှုစနစ်၊ အသံ လုပ်ဆောင်မှုစနစ် နဲ့ မျက်နှာပြင် မှတ်မိခြင်း စနစ်တွေက ဈေးကွက်ထဲက လက်ရှိစနစ်တွေထက် တစ်ဆင့် ပိုမြင့်တယ်ဆိုတာကို နည်းပညာဌာနက အတည်ပြုထားပြီးပါပြီ"
"တကယ်လို့ အခု ချစ်ပ်စ် တွေ ထုတ်လုပ်နိုင်မယ်ဆိုရင် ဈေးကွက်က ပိုတောင် ကြီးမားလာဦးမှာပါ... ထပ်ပြောရရင် နည်းပညာဌာနက ထုတ်ကုန်ကို ရံဖန်ရံခါ အဆင့်မြှင့်တင်ပေးမယ်ဆိုရင် အဲဒါက ကျွန်တော်တို့အတွက် ဝင်ငွေကို အဆက်မပြတ် ဖန်တီးပေးနိုင်မှာပါ"
“အရေးအကြီးဆုံးကတော့”
"ကျွန်တော်တို့ရဲ့ ထုတ်ကုန်ကို အရင် ဖြန့်ချိပြီး ဈေးကွက်ကို သိမ်းပိုက်ခြင်းအားဖြင့် ပြိုင်ဘက်တွေကို တိုက်ရိုက် ချေမှုန်းနိုင်မှာပါပဲ"
မာထျန်ကျူး မျက်လုံးမှေးလိုက်၏။
အချိန်အတော်ကြာပြီးနောက်။
ထပ်မေးလိုက်သည်။
"တကယ်လို့ ငါက ဒီကိစ္စကို မင်းကို အပြည့်အဝ တာဝန်ပေးလိုက်ရင် မင်းအောင်မြင်ဖို့ ဘယ်လောက် ယုံကြည်မှု ရှိလဲ... ငါဆိုလိုတာက အရင်းကျေဖို့ ဘယ်လောက်အထိ ဖြစ်နိုင်ခြေ ရှိလဲ"
"ရှစ်ဆယ် ရာခိုင်နှုန်းပါ"
မန်နေဂျာခုံး က လုံးဝ သေချာစွာဖြင့် ပြောဆိုလိုက်ပေသည်။
သူသည် ယခင်က ဈေးကွက်သုတေသန ပြုလုပ်ခဲ့ပြီး ဉာဏ်ရည်တု နယ်ပယ်သည် အမှန်တကယ် ကြီးမားသော အလားအလာ ရှိကြောင်း တွေ့ရှိခဲ့ရ၏။
သုံးဖက်မြင် 3D ရုပ်လုံးကြွ နည်းပညာသည် လက်ရှိတွင် ခေတ်အမီဆုံး နည်းပညာအဖြစ် သတ်မှတ်ခံထားရပြီ ဖြစ်သည်။
ရုပ်ရှင်ထဲမှ ဟိုလိုဂရမ် ရုပ်လုံးကြွ နှင့် အခြား စိတ်ကူးယဉ် အရာများမှာမူ အားလုံး အတုအယောင်များသာ ဖြစ်လေသည်။
ဆယ်စုနှစ် အနည်းငယ်အတွင်း အကောင်အထည် ဖော်နိုင်မည်လား ဆိုသည်ကိုတော့ စောင့်ကြည့်ရမည်သာ။
မာထျန်ကျူး သည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်အလား ပြင်းပြင်းရှူလိုက်ပြီး လေးနက်သော အသံဖြင့် ပြောဆိုလိုက်ပေ၏။
"မန်နေဂျာခုံး... မင်းရဲ့ အရည်အချင်းတွေကို ငါ ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရတယ်"
"မင်းမှာ ဒီလောက် ကြီးမားတဲ့ ယုံကြည်မှု ရှိနေမှတော့ ဒီကိစ္စကို မင်းဆီမှာပဲ လွှဲအပ်လိုက်မယ်"
"တကယ်လို့ အောင်မြင်ခဲ့ရင် ရာထူးတိုးဖို့နဲ့ လစာတိုးဖို့က ပြဿနာ မရှိပါဘူး"
"ဒါပေမဲ့ ရှုံးနိမ့်သွားခဲ့ရင်တော့..."
"နားလည်ပါပြီ"
မန်နေဂျာခုံး မှာလည်း အလွန် တည်ကြည်လေးနက်နေပုံရပေသည်။
သူသည် စစ်ဝေ့ နည်းပညာကုမ္ပဏီ (4D Space) တွင် ဆယ်နှစ်ကြာ အလုပ်လုပ်ခဲ့ပြီး ရာထူးတိုးချင်ပါက သင့်လျော်သော အခွင့်အရေးတစ်ခု လိုအပ်ပေ၏။ဤသည်မှာ သူ၏ အခွင့်အရေးပင် ဖြစ်သည်။ သူလည်း အလောင်းအစား လုပ်နေခြင်း ဖြစ်၏။
အောင်မြင်ရင် အမြင့်ဆုံးကို ရောက်သွားမယ်...
ရှုံးနိမ့်ရင်တော့ အလုပ်ထုတ်ခံရမှာပဲ…
ဥက္ကဋ္ဌ ရုံးခန်းမှ ထွက်လာပြီးနောက် သူသည် နည်းပညာဌာနသို့ တိုက်ရိုက် သွားရောက်ခဲ့လေသည်။
မွန်းလွဲပိုင်း တစ်ခုလုံး…
နည်းပညာဌာနသည် ထုတ်ကုန်အသစ်ကို အလုပ်လုပ်နေကြပြီး ဝေ့တာယဲ့ ပင်လျှင် သုတေသနတွင် ပါဝင်လာခဲ့၏။
သူက ဤအရာနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေပေသည်။
သုံးနာရီ အကြာတွင်။း
နမူနာပစ္စည်း ပြီးစီးသွားခဲ့ပြီ။
မိုဘိုင်းဖုန်းနှင့်တူသော ကိရိယာတစ်ခု ဖြစ်ပေသည်။
ခလုတ်ကို နှိပ်လိုက်ပြီးနောက်…
3D ရုပ်ရှင်၏ အကျိုးသက်ရောက်မှုနှင့် လုံးလုံးလျားလျား ကွဲပြားသော 3D ပုံရိပ်တစ်ခု မျက်နှာချင်းဆိုင် နံရံပေါ်တွင် ပေါ်လာခဲ့၏။
၎င်းသည် တကယ်ကို သုံးဖက်မြင် ခံစားချက် ရှိနေလေသည်။
"အချိန်က အရမ်း ကပ်လွန်းတယ်... ပုံမှန် ထုတ်ကုန်ဆိုရင် ပိုကောင်းလိမ့်မယ်... တကယ်လို့ ကျွန်တော်တို့က ချစ်ပ်စ် တွေပဲ ထုတ်လုပ်မယ်ဆိုရင် အသုံးချမှု ပိုများလာမှာပါ"
သုတေသန ညွှန်ကြားရေးမှူးက ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။
"ဒီလောက်ဆို တော်တော်လေး ကောင်းနေပါပြီ"
မန်နေဂျာခုံး အလွန် ကျေနပ်သွားခဲ့ပေ၏။
ယခုအခါ မစ္စတာမာ က ဤကိစ္စကို သူ့အား လွှဲအပ်ထားပြီဖြစ်ရာ သူသည် အစွမ်းကုန် ကြိုးစားပြီး ကြီးမားသော အောင်မြင်မှုတစ်ခုကို ဖန်တီးရန် အဆင်သင့် ဖြစ်နေလေပြီ။
၎င်းတို့သည် ကုန်ကြမ်း ထောက်ပံ့သူများကို အလျင်အမြန် ထပ်မံဆက်သွယ်လိုက်ကြသည်။
ရည်ရွယ်ချက်မှာ ဤချစ်ပ်စ်ကို အတိုတောင်းဆုံး အချိန်အတွင်း အစုလိုက်အပြုံလိုက် ထုတ်လုပ်ရန်ပင် ဖြစ်ပေသည်။
ပြောရမည်ဆိုလျှင်…
မန်နေဂျာခုံး သည် အလွန် အလုပ်တွင်ကျယ်လေသည်။
မစ္စတာမာ ၏ ခွင့်ပြုချက်ဖြင့် သူသည် ယွမ် သန်း ၂၀၀ တန်ဖိုးရှိ ကုန်ကြမ်းများကို တိုက်ရိုက် မှာယူခဲ့ပြီး ၎င်းတို့အားလုံးကို ချစ်ပ်စ် ထုတ်လုပ်ရန် ရည်ရွယ်ထားခြင်း ဖြစ်ပေ၏။
အခြားတစ်ဖက်တွင်
အလုပ်ဝင်ခွင့် လုပ်ထုံးလုပ်နည်းများ ပြီးစီးပြီးနောက် မန်နေဂျာ ဝေ့တာယဲ့ သည် အိမ်သို့ ပျော်ရွှင်စွာ ပြန်လာခဲ့သည်။
အိမ်ရောက်သည်နှင့် တစ်ပြိုင်နက် ချန်ရှားက မစောင့်နိုင်တော့ဘဲ မေးလိုက်၏။
"ဘယ်လိုလဲ... အခြေအနေ ဘယ်လိုလဲ... ပိုက်ဆံရခဲ့လား"
"ရခဲ့ပြီ"
မန်နေဂျာ ဝေ့တာယဲ့ သည် ဆိုဖာပေါ်သို့ လှဲချလိုက်ပေသည်။
သူ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့၏။
ယွမ် သုံးသန်းတောင်လေ…
သူက အဲဒီလောက်ငွေကို ရှာဖို့ဆိုရင် ဆယ်နှစ်လောက် မစားမသောက်ဘဲ နေရလိမ့်မယ်…
ချန်ရှားမှာ အနည်းငယ် နောင်တမရဘဲ မနေနိုင်ခဲ့ချေ။
"ယွမ် သုံးသန်းကို ဒီလောက် လွယ်လွယ်ကူကူ ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... အဲဒီတုန်းက ငါ ယွမ် သန်းငါးသန်းလောက် တောင်းခဲ့သင့်တာ... နှမြောစရာပဲ"
"ကဲပါ... တော်ပါတော့"
မန်နေဂျာ ဝေ့တာယဲ့ က စကားပြောစရာမဲ့ဖြစ်စွာ ပြောဆိုလိုက်၏။
"ပိုက်ဆံရှာရတာ ဒီလောက် လွယ်တယ်လို့ မင်း တကယ်ပဲ ထင်နေတာလား... ဘာမှ မမှားယွင်းသရွေ့ အကုန်လုံး အဆင်ပြေပါတယ်... ဒါပေမဲ့ တကယ်လို့ တစ်ခုခုသာ မှားယွင်းသွားခဲ့ရင် ငါတို့အားလုံး ပြီးပြီပဲ"
ချန်ရှားက"နောက်ထပ် ဘာများ ဖြစ်လာနိုင်ဦးမှာမို့လို့လဲ... အဲဒီလို လာမပြောနဲ့"
"ကောင်းပါပြီ... အခုတော့... အပြင်ထွက်ပြီး အောင်ပွဲခံကြတာပေါ့"
"အဲဒါမှပေါ့"
ချန်ရှားသည် ခင်ပွန်းဖြစ်သူနှင့် အပြင်မထွက်မီ မိတ်ကပ်များကို ပျော်ရွှင်စွာ လိမ်းခြယ်လိုက်လေသည်။
...
အခြားတစ်ဖက်တွင်
ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ရှိ လေထုမှာ အလွန် ညှိုးနွမ်းနေခဲ့၏။
မန်နေဂျာဝေ့တာယဲ့သည် လစာကိုပင် မယူတော့ဘဲ ကုမ္ပဏီ၏ အဓိက အချက်အလက်များကို ယူဆောင်သွားခဲ့လေသည်။
ထိုသတင်းသည် ကုမ္ပဏီတစ်ဝန်းသို့ တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့သည်။
ကုမ္ပဏီတစ်ခုလုံး ပြာယာခတ်သွားတော့၏။
မည်သို့ပင်ဆိုစေကာမူ
ပြိုင်ဘက်များက ဤအရာများကို အသုံးချပါက ကုမ္ပဏီသည် ကြီးမားသော အကျပ်အတည်းနှင့် ရင်ဆိုင်ရမည် ဖြစ်ပေသည်။
ဤအချိန်၌လုပ်ဖော်ကိုင်ဖက် အချို့က ကုမ္ပဏီသည် အချိန်အကြာကြီး ခံနိုင်တော့မည် မဟုတ်ကြောင်း အချင်းချင်း တီးတိုးပြောဆိုနေကြလေပြီ။
ရှန်ကျွင်းသည် ရုံးခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး စိုးရိမ်တကြီးဖြင့် ဂနာမငြိမ် ဖြစ်နေခဲ့၏။
"ဥက္ကဋ္ဌချန်... ဝန်ထမ်း နှစ်ဆယ်ကျော်လောက် နုတ်ထွက်သွားကြပြီ... အဲဒီအထဲမှာ နည်းပညာဌာနက သုံးယောက်တောင် ပါတယ်... ဘယ်လို လုပ်ကြမလဲ"
"ဘာလောစရာ ရှိလို့လဲ"
ချန်ဖုန်းသည် သူ၏ ရုံးခန်းတွင် ထိုင်ကာ လက်ဖက်ရည်ကို အရသာခံ သောက်နေခဲ့သည်။
သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေပြီး သူ လုံးဝ အလောတကြီး မဖြစ်နေချေ။
"ဘာဖြစ်လို့လဲ"
ဤမြင်ကွင်းက ရှန်ကျွင်းကို ပို၍ပင် စိုးရိမ်ပူပန်စေခဲ့၏။
"အားလုံး ကျွန်တော့် အမှားပါ... အဲဒီခွေးကောင် ဝေ့တာယဲ့ က ဒီလိုမျိုး လုပ်လိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး"
"သူ အဲဒီပစ္စည်းတွေကို စစ်ဝေ့ နည်းပညာကုမ္ပဏီ (4D Space) ဆီကို သေချာပေါက် ယူသွားလောက်ပြီ... အဲဒါက ငါတို့ရဲ့ ပြိုင်ဘက် အကြီးစားပဲ"
"အခု ရဲခေါ်ရင်တောင် အသုံးမဝင်တော့ဘူး... အချက်အလက်တွေက သေချာပေါက် ပေါက်ကြားသွားပြီလေ"
ချန်ဖုန်းက မျက်ခွံကို အနည်းငယ် ပင့်လိုက်၏။
"ဥက္ကဋ္ဌရှန်... ထိုင်ပြီး ခဏလောက် နားလိုက်ပါဦး... တကယ်လို့ ဝန်ထမ်းတွေ နုတ်ထွက်ချင်ရင် သူတို့ကို သွားခွင့်ပြုလိုက်ပါ... ဒီလို ခက်ခဲတဲ့အချိန်မှာ ကုမ္ပဏီကို မကူညီနိုင်တဲ့ ဝန်ထမ်းတွေကို အတင်းနေခိုင်းနေတော့ကော ဘာအဓိပ္ပာယ် ရှိမှာလဲ"
"ဒါပေမဲ့..."
ရှန်ကျွင်း သက်ပြင်းချလိုက်သည်။
အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွားပြီး နောက်ထပ် တစ်နာရီ ကြာသွားခဲ့၏။
လူလေးဆယ်ခန့် နုတ်ထွက်စာ တင်ထားပြီး ဖြစ်လေသည်။
ချန်ဖုန်း နောက်ဆုံးတွင် မတ်တတ်ရပ်လိုက်ပေ၏။
"ဥက္ကဋ္ဌရှန်... ခင်ဗျားရဲ့ အချက်အလက်တွေဖြစ်တဲ့ ရုပ်ပုံ လုပ်ဆောင်မှုစနစ်၊ အသံ လုပ်ဆောင်မှုစနစ် နဲ့ အစရှိတာတွေကို ခုနက ကျွန်တော် ကြည့်လိုက်တယ်"
"ဒါက ခင်ဗျားတို့ ငွေအများကြီး ကုန်ကျခံပြီး ဖန်တီးထားတဲ့ အရာတွေလေ"
"ကျွန်တော့် အမြင်အရပြောရရင် အဲဒါက ဘာမှမဟုတ်ပါဘူး... လုံးဝ အသုံးမကျဘူး"
"ဟင်"
ရှန်ကျွင်း အနည်းငယ် အံ့အားသင့်သွားသည်။
ချန်ဖုန်းက ဆက်ပြောလိုက်၏။
"ဒီနေ့ ဒီကို လာရတဲ့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ရုပ်ပုံ လုပ်ဆောင်မှုနဲ့ အသံ လုပ်ဆောင်မှုတွေလည်း ပါဝင်တဲ့ ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ ဆိုတာကို ခင်ဗျား မေ့သွားပြီလား"
"အဲဒီထဲမှာ ကွမ်တမ်နည်းပညာ တောင် ပါသေးတယ်... အဲဒါက ခင်ဗျားတို့ရဲ့ အမှိုက်တွေထက် အများကြီး သာလွန်တယ်လေ"
ထိုအခါမှ ရှန်ကျွင်း ပြန်လည်သတိရသွားလေ၏။
ဟုတ်သားပဲ...
ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ ဆိုတာက ခေတ်သစ်နည်းပညာထက် ၂၅ နှစ် ရှေ့ပြေးနေတဲ့ နည်းပညာပဲလေ...
ငါ ဘယ်လိုလုပ် မေ့သွားရတာလဲ…
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု လက်ဖြာသွားပေ၏။
"စစ်ဝေ့ နည်းပညာကုမ္ပဏီ က ခင်ဗျားတို့ တီထွင်ထားတဲ့ အရာတွေကို လိုချင်နေတယ် မဟုတ်လား... သူတို့ကို ယူပါစေပေါ့... စဉ်းစားကြည့်လေ... သူတို့ ငွေအများကြီး ရင်းနှီးမြှုပ်နှံပြီး ထုတ်ကုန် အများကြီး ထုတ်လုပ်လိုက်တဲ့အချိန်မှာ..."
"တကယ်လို့ ကျွန်တော်က ကျွန်တော့်ရဲ့ အချောသတ်ထားတဲ့ နည်းပညာ ထုတ်ကုန်ကို တိုက်ရိုက် ဖြန့်ချိလိုက်ရင် သူတို့ကို ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်စေမှာ မဟုတ်ဘူးလား"
"ဟားဟား... တော်တော်လေး စိတ်ဝင်စားစရာ ကောင်းမယ် ထင်တယ်"