အခန်း ၁၀၀
Vol. 10 Ch. 100
အခန်း (၁၀၀) အစစ်အမှန် ဟိုလိုဂရမ် ရုပ်လုံးကြွ၏ မွေးဖွားခြင်း
"ဘယ်လိုလဲ... အခြေအနေ ဘယ်လိုလဲ"
ရှန်ကျွင်းက အလျင်အမြန် လျှောက်သွားလိုက်သည်။
ချန်ဖုန်းသည် အထဲတွင် တံခါးပိတ်ကာ တစ်ညလုံး အလုပ်လုပ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
အထူးသဖြင့် သူ၏ အနောက်ရှိ နည်းပညာရှင်များ၏ အလွန်အမင်း စိတ်လှုပ်ရှားနေသော မျက်နှာများကို မြင်လိုက်ရချိန်တွင် ဖြစ်ပေ၏။
‘အမလေး ငါ့ရဲ့ နှလုံးသားလေးတော့ ခုန်ပေါက်နေတာပဲ...
သူတို့ အောင်မြင်သွားတာလား…’
ဤအကြောင်းကို တွေးမိချိန်တွင် သူ အသက်ရှူပင် မြန်လာခဲ့သည်ကို မတားဆီးနိုင်ခဲ့ချေ။
အမှန်ပင် နောက်တစ်စက္ကန့်တွင်…
ချန်ဖုန်းက ခေါင်းညိတ်လိုက်၏။
"ကျွန်တော် နမူနာ နှစ်ခု လုပ်ထားတယ်... အခြေခံအားဖြင့် ဘာပြဿနာမှ မရှိဘူး... ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ ကို လေထဲမှာ အပြည့်အဝ အကောင်အထည် ဖော်နိုင်ပါပြီ”
"နမူနာတွေက ဘယ်မှာလဲ"
ရှန်ကျွင်းက ဟိုဟိုဒီဒီ ကြည့်လိုက်ပေသည်။
သူတို့၏ လက်ထဲတွင် ဘာမှမပါလာကြောင်း တွေ့ရှိလိုက်ရ၏။
ရှန်ယန်းယန်းလည်း ရောက်လာပြီး နမူနာများ ဆိုသည်ကို သိချင်စိတ်ဖြင့် ပတ်ပတ်လည်ကို ကြည့်ရှုနေခဲ့သည်။
ချန်ဖုန်းက သူ၏ လက်ကောက်ဝတ်ကို ရိုးရှင်းစွာ မြှောက်ပြလိုက်လေသည်။
သူ ဝတ်ဆင်ထားသော Patek Philippe နာရီကို ချွတ်ထားပြီး စမတ်နာရီ တစ်လုံးနှင့် အစားထိုးထားခဲ့၏။
ထို့နောက် သူက ခေါင်းညိတ်ပြလိုက်သည်။
နည်းပညာရှင် တစ်ဦးကလည်း စမတ်နာရီ တစ်လုံးကို ထုတ်ယူကာ ဖုန်းခေါ်ဆိုလိုက်ပေ၏။
ချန်ဖုန်းက ဖုန်းကိုင်ရန် ခလုတ်ကို နှိပ်လိုက်ပြီးနောက်…
စမတ်နာရီ မျက်နှာပြင်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင်…
လူတစ်ယောက်ကို အသေးစားလေးဖြစ်အောင် ချုံ့ပြီး လေဟာနယ်ထဲတွင် ထားရှိထားသည့်အလား စမတ်နာရီ အပေါ်ဘက် လေထဲတွင် 3D ပုံရိပ်တစ်ခု ပေါ်လာပြီး ယခင် နည်းပညာရှင်၏ မျက်နှာကို ပြသနေလေ၏။
"ဒါက... ဟိုလိုဂရမ် ရုပ်လုံးကြွ ပဲ"
ရှန်ကျွင်း၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားတော့သည်။
သူ အလွန်အမင်း တုန်လှုပ်သွားခဲ့၏။
၎င်းသည် လေဟာနယ်ထဲတွင် အမှန်တကယ် ပရိုဂျက်ရှင် ထိုးထားခြင်းဖြစ်ပြီး မြင်ကွင်းကို ၃၆၀ ဒီဂရီ မတူညီသော ထောင့်ပေါင်းစုံမှ ကြည့်ရှုနိုင်ပေသည်။
နည်းပညာရှင်၏ လေသံနှင့် အမူအရာတို့မှာ လေဟာနယ်ထဲရှိ ပုံရိပ်နှင့် လုံးဝ တစ်ပြိုင်တည်း ဖြစ်နေလေ၏။
လုံးဝ အတူတူပဲ...
သူ့ကို ပို၍ပင် တုန်လှုပ်သွားစေသည်မှာ…
ဖုန်းချပြီးနောက် ချန်ဖုန်းက အခြားခလုတ်တစ်ခုကို နှိပ်လိုက်ခြင်းပင်။
လေဟာနယ်ထဲရှိ မြင်ကွင်းက ပြောင်းလဲသွားပေ၏။
အိုင်းစ်ရွန်းမန်း ရုပ်ရှင် ထဲရှိ မော်ဂျူး တစ်ခုချင်းစီကို စိတ်ကြိုက် ကိုင်တွယ်လှုပ်ရှားနိုင်သကဲ့သို့ ချန်ဖုန်းသည် လေထဲတွင် သူ၏ လက်ချောင်းများကို တိုက်ရိုက် ပုတ်လိုက်လေသည်။
သူသည် Douyin (TikTok) အက်ပ်ကိုပင် ဖွင့်ကာ ဗီဒီယိုတို အနည်းငယ်ကို ကြည့်ရှုလိုက်သေး၏။
ချီးပဲ...
"ချီးပဲ" ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့တင် ရှန်ကျွင်းကို မတည်ငြိမ်သွားစေနိုင်ဘူး...
ဟိုလိုဂရမ် ရုပ်လုံးကြွ တဲ့လား...
သူ တကယ်ကို တုန်လှုပ်သွားခဲ့တယ်...
သူက တရုတ်နိုင်ငံမှာရှိတဲ့ သုတေသီတွေ အကုန်လုံးကို စုဆောင်းရင်တောင် ဒီအရာကို အောင်မြင်နိုင်မှာ မဟုတ်ပေမဲ့ ချန်ဖုန်း ကတော့ တစ်ညတည်းနဲ့ ပြီးစီးအောင် လုပ်နိုင်ခဲ့တယ်လေ…
"ဥက္ကဋ္ဌရှန်... ဒီစမတ်နာရီကို လောလောဆယ် သိမ်းထားပေးပါ"
နည်းပညာရှင်က စမတ်နာရီကို လှမ်းပေးလိုက်၏။
တကယ်တမ်းတွင် ထိုမတိုင်မီက…
သူတို့ခံစားခဲ့ရသော တုန်လှုပ်မှုမှာ ရှန်ကျွင်းထက်ပင် ပိုမိုပြင်းထန်နေခဲ့ပြီး ယခုအချိန်ထိ သူတို့၏ နှလုံးသားများ ခုန်ပေါက်နေဆဲ ဖြစ်လေသည်။
အစပိုင်းတွင် ၎င်းတို့သည် မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကိုသာ ဆုပ်ကိုင်ထားခဲ့ကြခြင်း ဖြစ်သည်။
ချန်ဖုန်းက နမူနာပစ္စည်းကို ထုတ်ယူလိုက်ချိန်တွင် ၎င်းတို့အားလုံး မှင်တက်သွားကြပေ၏။
သူတို့ လုံးလုံးလျားလျား ဆွံ့အသွားခဲ့တယ်...
အဲဒီ ဒဏ္ဍာရီလာ အရာက သူတို့မျက်စိရှေ့မှာတင် ရှိနေတာလေ...
အခု သူတို့က ဘယ်လိုလုပ် တည်ငြိမ်နေနိုင်မှာလဲ…
"အင်း"
ရှန်ကျွင်းက စမတ်နာရီကို အလျင်အမြန် သိမ်းဆည်းလိုက်သည်။
၎င်း၏ အသွင်အပြင်မှာ ဈေးကွက်ထဲရှိ အခြားစမတ်နာရီများနှင့် ဆင်တူသော်လည်း အတွင်းရှိ နည်းပညာမှာမူ လုံးလုံးလျားလျား မတူညီသော အဆင့်တစ်ခုတွင် ရှိနေပေ၏။
ထို့အပြင် ဤအရာက ပိုမို အဆင့်မြင့်သော နည်းပညာဒီဇိုင်းတစ်ခု ရှိနေသေးသည်။
ရှန်ယန်းယန်းက ခေါင်းစောင်းလိုက်၏။
ဤအဆင့်မြင့် နည်းပညာပစ္စည်းကို သူမ အလွန် သိချင်နေခဲ့ပြီး နာရီကို စူးစိုက်ကြည့်နေခဲ့ပေသည်။
ချန်ဖုန်းက ပြုံးကာ သူ၏လက်ထဲရှိ စမတ်နာရီကို ချွတ်လိုက်သည်။
"ရော့... ဒါကို ယူထားလိုက်... နမူနာတစ်ခုပဲ ဆိုပေမဲ့ အစစ်နဲ့ သိပ်မကွာပါဘူး... အလုပ်လည်း ကောင်းကောင်း လုပ်ပါတယ်"
"ကျေးဇူးပဲ"
ရှန်ယန်းယန်းက ရယ်မောလိုက်၏။
ဤသည်မှာ ချန်ဖုန်းက သူမကို ပေးသော ပထမဆုံး လက်ဆောင် ဖြစ်ပေသည်။
ပြီးတော့ အဲဒါက ကမ္ဘာတစ်ဝန်း အကန့်အသတ်နဲ့ ထုတ်လုပ်ထားတာလေ…
ရှန်ကျွင်းက ပြင်းပြင်းရှူလိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုကို အတင်းဖိနှိပ်ကာ မမေးဘဲ မနေနိုင်ခဲ့ချေ။
"ရှောင်ချန်... နမူနာတွေက ပြဿနာ မရှိဘူးဆိုတော့ ဘယ်တော့လောက် အစုလိုက်အပြုံလိုက် စထုတ်လုပ်မလဲ"
“လောစရာမလိုပါဘူး…”
ချန်ဖုန်းသည် ကုလားထိုင်တစ်လုံးကို ရှာကာ ထိုင်လိုက်ပြီး နည်းပညာရှင်များကို လက်ကာပြလိုက်၏။
"ပြန်ပြီး တစ်ရက်လောက် နားလိုက်ကြဦး... မနက်ဖြန်မှ အလုပ်ပြန်ဆင်းကြတာပေါ့"
"မနေ့ညက အချိန်ပိုဆင်းခဲ့တဲ့ သူတွေက အချိန်ပိုကြေး နှစ်ဆ ရလိမ့်မယ်"
"ရပါတယ်... ကျွန်တော်တို့ မပင်ပန်းပါဘူး... ဥက္ကဋ္ဌချန် ဆီကနေ နောက်ထပ် ပိုပြီး သင်ယူချင်ပါသေးတယ်"
"ဟုတ်တယ်... ဟုတ်တယ်... ကျွန်တော်တို့ ဆက်ပြီး အချိန်ပိုဆင်းနိုင်ပါတယ်... တကယ်လို့ မစ္စတာချန် မှာ လုပ်စရာ ရှိသေးရင် ကျွန်တော်တို့ကို ပြောပါ"
မနေ့ညက အဓိက အပိုင်းတွေကို သူတို့ မသိခဲ့ရပေမဲ့လည်း သူတို့သည် ချန်ဖုန်းထံမှ အများအပြား သင်ယူနိုင်ခဲ့ပေသည်။
ဤသည်မှာ ၎င်းတို့ ယခင်က တစ်ကြိမ်တစ်ခါမျှ အဆက်အသွယ် မရှိခဲ့ဖူးသော နယ်ပယ်တစ်ခု ဖြစ်လေ၏။
ချန်ဖုန်းနှင့် ပတ်သက်၍မူ…
၎င်းတို့သည် ယခုအခါ လုံးလုံးလျားလျား အံ့အားသင့်နေကြပြီ ဖြစ်ပေသည်။
ရှန်ကျွင်းက မျက်မှောင်ကြုတ်လိုက်၏။
"နားဖို့ ပြောရင် သွားနားလိုက်ပါ... ရှောင်ချန် က သူ့ဝန်ထမ်းတွေကို အမြတ်ထုတ်နေတယ်လို့ ထင်လို့လား... အခုချက်ချင်း ပြန်အိပ်ကြတော့"
လူတိုင်းက ရယ်မောလိုက်ကြသည်။
ထို့နောက် ပစ္စည်းများကို သိမ်းဆည်းကာ အလုပ်ဆင်းသွားကြလေ၏။
သူဌေးနှစ်ဦးတွင် ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိနေကြောင်းကို ၎င်းတို့ သိမြင်နိုင်ပေသည်။
ရှန်ယန်းယန်း လည်း လိမ္မာပါးနပ်စွာ ထွက်သွားခဲ့သည်။
၎င်းတို့သည် တစ်ညလုံး ဘာမှမစားဘဲ စောင့်နေခဲ့ကြသဖြင့် သူမက နံနက်စာ သုံးပွဲ သွားဝယ်လာခဲ့၏။
ဤအချိန်၌…
ချန်ဖုန်းက မေးလိုက်သည်။
"စစ်ဝေ့ နည်းပညာကုမ္ပဏီ နဲ့ ပတ်သက်ပြီး အခြေအနေ ဘယ်လိုရှိလဲ"
"ဦးလေး စုံစမ်းကြည့်ပြီးပြီ... သူတို့က အစားထိုး ထုတ်ကုန်တစ်ခုကို ထုတ်လုပ်နိုင်ခဲ့ပြီး အစုလိုက်အပြုံလိုက်တောင် စထုတ်နေပြီတဲ့... ယွမ် သန်း ၂၀၀ တန်ဖိုးရှိတဲ့ ကုန်ကြမ်းတွေကို သူတို့ မှာထားတယ်ဆိုတော့ ချစ်ပ်စ် တွေကို တိုက်ရိုက် ထုတ်လုပ်ဖို့ များတယ်"
ရှန်ကျွင်း၏ အဖြေကို ကြားပြီးနောက်…
ချန်ဖုန်း အနည်းငယ် အံ့အားသင့်သွားခဲ့၏။
"သူတို့ရဲ့ ထုတ်လုပ်မှုလိုင်းက ဒီလောက် မြန်မြန် တပ်ဆင်ပြီးသွားတာလား"
"စစ်ဝေ့ နည်းပညာကုမ္ပဏီ မှာ ထုတ်လုပ်မှုလိုင်းက အဆင်သင့် ရှိပြီးသားလေ... နည်းနည်း ပြင်ဆင်လိုက်တာနဲ့ အသုံးပြုလို့ ရတယ်... ဦးလေးဆီမှာ ရှိတဲ့ အချက်အလက်တွေအရ သူတို့က ကုန်ကြမ်းဖိုးရဲ့ ၅၀ ရာခိုင်နှုန်းကို ပေးချေပြီးသွားပြီတဲ့"
"မွန်းလွဲပိုင်းမှာ ကုန်ကြမ်းတွေ စက်ရုံကို ရောက်လာပြီးတာနဲ့ အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုကို ချက်ချင်း စတင်လိုက်တာပဲ"
"ထပ်ပြောရရင် ထောက်ပံ့သူဖြစ်တဲ့ စစ်ဝေ့ နည်းပညာကုမ္ပဏီ ကိုလည်း ဆက်သွယ်ပြီးသွားပြီဖြစ်လို့ အခုဆိုရင် ထုတ်ကုန်တွေကို တိုက်ရိုက် မှာယူလို့ရပြီတဲ့"
"သူတို့က ညနေ ၂ နာရီမှာ ဖြန့်ဖြူးသူတွေနဲ့ မှာယူမှု အစည်းအဝေးတစ်ခု လုပ်မယ်လို့ သိရတယ်"
ရှန်ကျွင်းသည် အချက်အလက် အားလုံးကို ရရှိထားပြီး ဖြစ်လေသည်။
ထို့အပြင် ဤအဖွဲ့အစည်းကို တာဝန်ယူထားသူမှာ မန်နေဂျာခုံး ဆိုသူဖြစ်ကြောင်း သူ ကြားသိရပေ၏။
‘အဲဒီ မန်နေဂျာခုံး ဆိုတဲ့ကောင်ပဲ...
သူက ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ရဲ့ အဓိက အချက်အလက်တွေကို ခိုးယူဖို့ အမြဲတမ်း လိုချင်နေခဲ့တာ…’
"ကောင်းပြီ... နားလည်ပါပြီ"
ချန်ဖုန်းက ခေါင်းညိတ်လိုက်၏။
ဤအချိန်တွင် ရှန်ယန်းယန်းက နံနက်စာ ဝယ်လာခဲ့ပြီ ဖြစ်သည်။
ပေါက်စီများ၊ ဆန်ပြုတ်နှင့် ခေါက်ဆွဲခြောက်များ ပါဝင်ပေ၏။
ချန်ဖုန်းသည် ပေါက်စီတစ်လုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ တိုက်ရိုက် ထိုးသွင်းလိုက်သည်။
သူ တကယ်ပင် အနည်းငယ် ဆာလောင်နေခဲ့၏။
ယမန်နေ့ မွန်းလွဲပိုင်းမှစ၍ ယနေ့နံနက်အထိ ညစာပင် မစားရသေးဟု ခံစားနေရသည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ ပုံရိပ်ကို သူ ဂရုမစိုက်ချေ။
ပေါက်စီနှစ်လုံး စားပြီးနောက် စောစောက သူ ပြောတော့မည့် စကားကို ပြန်လည်သတိရသွားလေ၏။
"ဦးလေးရှန်... ခင်ဗျား သွားပြီး ပြင်ဆင်ထားလိုက်ပါ... ကျွန်တော်တို့ တန်ပြန်တိုက်ခိုက်တော့မယ်"
"ငါ့တူ ဆိုလိုတာက..."
ရှန်ကျွင်း ဝမ်းသာသွားပြီး သူ၏ မျက်နှာအမူအရာတွင် မျှော်လင့်ချက်များ ပြသနေပေသည်။
ချန်ဖုန်း၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု လက်ဖြာသွား၏။
"သုတေသန အခန်းထဲမှာ စာရင်းတစ်ခု ရှိတယ်... အဲဒီစာရင်းအတိုင်း ပစ္စည်းတွေကို ပြင်ဆင်လိုက်ပါ... ကျွန်တော်တို့ရဲ့ ပထမမျိုးဆက် ထုတ်ကုန်က ဟိုလိုဂရမ် ရုပ်လုံးကြွ စမတ်နာရီပဲ"
"မွန်းလွဲပိုင်း မတိုင်ခင်အထိ ဆက်စပ်သတင်းအချက်အလက်တွေကို မပေါက်ကြားစေဖို့ ကုမ္ပဏီကို သတိပေးထားလိုက်ပါ"
"ကျန်တာတွေကို ကျွန်တော် ကိုင်တွယ်ပါ့မယ်... စစ်ဝေ့ နည်းပညာကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှု ယွမ် သန်း ၂၀၀ လုံးကို ဆုံးရှုံးသွားအောင် ကျွန်တော် လုပ်ပြမယ်"
"ကောင်းပြီလေ"
ရှန်ကျွင်း ထပ်မမေးတော့ချေ။
နံနက်စာစားရန်ပင် ပျင်းရိနေသဖြင့် သုတေသန အခန်းထဲသို့ တိုက်ရိုက်ဝင်သွားကာ စာရင်းကို ရှာဖွေလိုက်၏။
ထို့နောက် သူတို့ အလျင်အမြန် ထွက်ခွာသွားကြသည်။
ထိုအခိုက်အတန့်တွင် ချန်ဖုန်း၏ ခေါင်းထဲ၌ အသံတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။
[ဒင်... ဗီဒီယို တာဝန်ကို ပြီးမြောက်တဲ့အတွက် အပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... ဆုကြေးအနေနဲ့ စနစ်ပွိုင့်များ +၃၀၀ ရရှိပါတယ်]
[အပိုင်ရှင်၏ လက်ရှိ ကျန်ရှိသော စနစ်ပွိုင့်များ - ၄၁,၀၁၃]
[ဒင်... ဗီဒီယို တာဝန်ကို ပြီးမြောက်ရာမှာ အပိုင်ရှင် ပါဝင်ခဲ့တဲ့အတွက် စနစ်ရဲ့ ကြိုတင်ခန့်မှန်းနိုင်တဲ့ အချိန်ကာလ ပြောင်းလဲသွားပါပြီ... လက်ရှိ ကြိုတင်ခန့်မှန်းနိုင်တဲ့ အချိန်ကာလက ၁၄၉၅-၂၀၇၉ ဖြစ်ပါတယ်]
[ဒင်... စနစ်က အဆင့်မြှင့်တင်နေပါတယ်... ဗားရှင်း ၃.၀ ကို အပ်ဒိတ်လုပ်နေပါတယ်...]