← Chapters

ပထမအဆင့် အထွတ်အထိပ်သို့ တက်လှမ်းခြင်း….

Vol. 016 Ch. 783

ပထမအဆင့် အထွတ်အထိပ်သို့ တက်လှမ်းခြင်း….

Vol. 016 Ch. 783

စိတ်ဝိညာဉ်ကျာပွတ်ကြောင့် ဖြစ်ပေါ်နေသော စက်ဝန်းက ဖြေလျော့သွားသည်။ ထို့နောက် ၎င်းက အလင်းတန်းအသွင်ပြောင်း၍ ပျောက်ကွယ်လို့သွားတော့သည်။

ကံကြမ္မာနယ်ပယ်နှင့် ပေါင်းစပ်ပြီးသည့်နောက် ယင်းကျာပွတ်သည် ရုပ်ပိုင်းအသွင် ဆက်လက် မပိုင်ဆိုင်တော့ပေ။ ၎င်းက လူတစ်ယောက်၏ နယ်ပယ်နှင့် ဆင်တူလာခဲ့ကာ ခံစားနိုင်၍ မြင်နိုင်စွမ်းမရှိသည့် တစ်စုံတစ်ခု ဖြစ်လာခဲ့တော့သည်။

ပျက်စီးလုနီးပါး ဖြစ်သွားသော ရှုလီကောသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသည်။ သူ့မျက်လုံးထဲရှိ ကြောက်ရွံ့မှုက အားကောင်းနေဆဲသာ။ သူ့အရင်က မောက်မာမှုများအားလုံး ပျောက်ရှကာ ခပ်ကုတ်ကုတ် ဖြစ်လို့နေသည်။ သူက ခပ်သွက်သွက် ပြောလာ၏။ “သခင်ရဲ့ မန္တန်က တကယ့်ကို ကြမ်းတမ်းတာပဲ။ တကယ်တော့ ကျနော်ရှုက အရှင့်ကို လေ့ကျင့်နိုင်ဖို့အတွက် စောနကလို လုပ်ခဲ့တာပါ။ တကယ်တော့ ကျနော်ရှုက အရှင့်အပေါ်မှာ မိုးလောက်ကြီးတဲ့ သစ္စာတရား ထားထားပါတယ်…”

ဝမ်လင်းက ရှုလီကောကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းက ထွက်လာမှတော့ သိုလှောင်အိတ်ထဲ ပြန်သွားစရာ မလိုတော့ဘူး။ မင်းက ဒီတောင်ရဲ့ ကီလိုမီတာ ငါးထောင်အတွင်းမှာ နေထိုင်နိုင်တယ်။ မင်းရဲ့ ရှေးဟောင်းဓားစိတ်ဆန္ဒကို နားလည်အောင် သွားလုပ်နေပါ…”

ရှုလီကောက မှင်တက်သွားသည်။ သူက သည်မိစ္ဆာကောင်က သူ့ကို ခုလိုမျိုး လွယ်လင့်တကူ ခွင့်လွှတ်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ သူက မျက်လုံးကစား၍ ခပ်သွက်သွက် ပြောလာပြန်သည်။ “သခင်…ရှုလီကောက သင့်နားကနေ မထွက်သွားချင်ပါဘူး။ ငါက သင့်အနီးအနားမှာ ရှိတဲ့အချိန်ဆိုရင် တည်ကြည်တယ်လို့ ခံစားမိပါတယ်…”

သူက ထိုသို့ပြောနေရင်းဖြင့် ဝမ်လင်းကို ဂရုတစိုက် ကြည့်နေသည်။

ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။ သူက ခေါင်းညိတ်၍ ပြောလိုက်၏။ “ဒီလိုဆိုတော့လည်း ဒီနားမှာပဲနေ…”

ရှုလီကောက ပြုံးလိုက်၏။ သို့သော် စိတ်ထဲတွင်တော့ ခါးသက်သက် ခံစားနေရသေည်။ “ဒီမိစ္ဆာကောင်က ငါ့ကို ကီလိုမီတာငါးထောင်အတွင်း တကယ်သွားခိုင်းတာလား။ ဒါ မဟုတ်လောက်ဘူး။ ဒါက ဒီမိစ္ဆာကောင်ရဲ့ စိတ်နေစိတ်ထား မဟုတ်ဘူး…”

“လှည့်ကွက်တချို့ ရှိနေလိမ့်မယ်။ ဟက်…ကံကောင်းတာက ငါ ရှုလီကောဟာ တော်နေတာပဲ။ မဟုတ်ရင် ငါက ဒီထက့် ပိုခံစားသွားရနိုင်တယ်…”

ရှုလီကောက ထိုသို့တွေးကာ သူ့ကိုယ်သူ အထင်ကြီးနေတော့သည်။ သူက မြန်ဆန်စွာပင် အသွင်သဏ္ဌာန် ဖြစ်ပေါ်၍ ထိုင်ချလိုက်သည်။ ခဏအကြာတွင် သူက အနည်းယ် စိတ်မရှည် ဖြစ်လာသည်။ သူက ဝမ်လင်းကို မကြာခဏ လှမ်းလှမ်းကြည့်ကာ သဲလွန်စအချို့ ရရန် ကြိုးပမ်းနေသည်။

ဝမ်လင်းက ရှုလီကောကို အာရုံမစိုက်တော့ပဲ သူ့သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ထိုအခါ ခြင်သားရဲနှင့် မိုးကြိုးဖားပြုပ်တို့ ထွက်ပေါ်လာကြသည်။ ခြင်သားရဲက မိုးကြိုဖားပြုပ်ကျောပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းနေ၏။ ၎င်းက ပေါ်လာသည်နှင့် ဝမ်လင်းကို အသံပြုလိုက်၏။ သို့သော် သူက မိုးကြိုးဖားပြုပ်၏ ကျောပေါ်တွင်သာ ဆက်၍ လှဲလျောင်းနေခဲ့ပေသည်။

၎င်းတို့ ပေါ်ထွက်လာသည့်နောက် အခြားခြင်သားရဲများကလည်း လိုက်ပါလာခဲ့ကြ၏။ ထိုခြင်သားရဲများသည် သားလောင်းအဆင့်တွင် ဖြစ်ကာ ခုထိ အရွယ်ရောက်ကြခြင်း မရှိသေးဟု ယူဆ၍ ရသော်လည်း သူတို့အားလုံးက ကြမ်းကြုတ်သည့်အသွင် ဖြစ်ပေါ်နေကြ၏။

မိုးကြိုးဖားပြုပ်က ၎င်း ကျောပေါ်ရှိ ခြင်သားရဲနှင့် အသားကျနေသည်ဟု ထင်ရ၏။ ၎င်းက ပေါ်ထွက်လာသည်နှင့် ၎င်း၏ ဗိုက်သားကို ဖြန့်ကားကာ အိပ်စက်ရန် ပြင်ဆင်လိုက်သည်။

သိပ်မကြာခင်တွင် နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထား ထွက်ပေါ်လာကာ ၎င်းက မိုးကြိုးသားရဲ အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းက ပေါ်ထွက်လာသည့်နောက် မိုးကြိုးဖားပြုတ်ကို တွေ့မြင်သွားကာ ဟိန်းဟောက်တော့၏။

မိုးကြိုးဖားပြုပ်၏ မူလပျင်းရိလေးတွဲနေသည့်ဟန်က ရုတ်တရက် ပျောက်ကွယ်သွားတော့၏။ ၎င်း၏ မျက်လုံးက ပြူးကျယ်လာကာ မိုးကြိုးဖားပြုပ်ကို စူးစိုက်ကြည့်နေသည်။ ၎င်းကျောပေါ်ရှိ ခြင်သားရဲကလည်း မိုးကြိုးသားရဲကို စိတ်ဝင်တစား ကြည့်လို့နေသည်။

ရှုလီကော သူတို့ဘေးတွင် ရှိနေ၏။ သူက မျက်လုံးအပြူးသား ဖြစ်လို့နေသည်။ သူက မိုးကြိုးသားရဲကို သေချာကြည့်၍ တွေးလိုက်မိ၏။ “သခင်က တကယ့်ကို သခင်ပဲ။ သိပ်မကြာသေးတဲ့အချိန်မှာတောင် ခု နောက်ထပ် သားရဲတစ်ကောင် ပိုင်ဆိုင်ထားပြန်ပြီ…”

“ဒါပေမဲ့လည်း သခင်က သားရဲတွေနဲ့ ပတ်သက်ပြီး ကံကောင်းတယ် ဆိုပေမဲ့ ငါ ရှုလီကောကတော့ အလှလေးတွေနဲ့ ပတ်သက်ပြီး ကံကောင်းပါတယ်…”

ရှုလီကောက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရှိ သူ့တစ်ဖက်သတ်အလှလေး ဓားစိတ်ဝိညာဉ်ကို သတိရမိသွားသည်။

သူက မိုးကြိုးသားရဲ၊ မိုးကြိုးဖားပြုပ်နှင့် ခြင်သားရဲများကို ကြည့်လိုက်ပြီးနောက် ဝမ်လင်းထံသို့ ကြည့်လိုက်ပြန်သည်။ ထိုအခါ သူက ဝမ်လင်းထံမှ အထီးကျန်မှုနှင့် ဂုဏ်မာနတို့ကို ခံစားလိုက်မိသည်။

ရတနာများကို ဆက်လက် သန့်စင်မွမ်းမံနေတုန်းပင်။ သို့သော် အချိန်ကန့်သတ်ချက်ကြောင့် သည်တစ်ကြိမ်က ထိုအတွက် အာရုံမစိုက်ထားပေ။ ဝမ်လင်းက တတိယအဆင့်ကို တွေ့မြင်ခဲ့ခြင်းကို အသုံးပြုကာ သူ့မန္တန်များကို ပြန်ချိန်ညှိရန် ဆုံးဖြတ်လိုက်၏။

သူက စတင် စဉ်းစားနေသည်။ သူထိန်းချုပ်နိုင်သော မန္တန်များထဲ၌ အားအကောင်းဆုံးမန္တန်သည် ကောင်းကင်ခုတ်ပိုင်းခြင်း မန္တန်ဖြစ်၏။ သို့ရာတွင် သူက ပထမအဆင့် ကျင့်ကြံခြင်းကို ချိုးဖျက်ကာ ပုံရိပ်ယောင်ယင်အဆင့်သို့ မရောက်သေးခင်တွင် ယင်းမန္တန်ကို အသုံးပြုခြင်းသည် သူ့တန်ဖိုးရှိလှသည့် မူလစွမ်းအင်ကို ကုန်ဆုံးစေ၏။

နောက်တစ်ခုကတော့ ရပ်တန့်ခြင်း မန္တန်ပင်။ထိုမန္တန်က ကောင်းကင်ဘုံခုတ်ပိုင်းခြင်းထက် အားမနည်းပေ။ မှန်ကန်သောအချိန်၌ ထိုရပ်တန့်ခြင်းမန္တန်ကို အသုံးပြုပါက တိုက်ပွဲ သို့မဟုတ် သေရေးရှင်ရေးကို အဆုံးအဖြတ်ပေးသွားနိုင်ပေ၏။

သည်မန္တန်များအပြင် နောက်ထပ် မရဏလက်ချောင်း၊ နတ်ဆိုးလက်ချောင်းနှင့် တစ္ဆေလောက လက်‌ချောင်းတို့လည်း ရှိကြသေး၏။

သည့်အပြင် တစ္ဆေလောကမြစ်၏ စွမ်းရည်သုံးခုလည်း သူ့ထံ၌ ပိုင်ဆိုင်ထားသေးသည်။ သူ့သေခြင်းရှင်ခြင်းတာအိုက တစ္ဆေလောကမြစ်၊ မြစ်စိတ်ဝိညာဉ်နှင့် တစ္ဆေလောက မြစ်စွမ်းအားတို့ကို ဖြစ်ပေါ်စေခဲ့သည်။

သူ ညှိယူပြင်ဆင်ရန် လိုအပ်သည်က လက်ချောင်းသုံးခု တိုက်ကွက်ကိုပင် ဖြစ်သည်။ သူက သာ ထိုနည်းစနစ်များကို ဆက်လက်အသုံးပြုပါက တတိယအဆင့်သို့ ဦးတည်သည့် သူ့လမ်းကြောင်းကို များစွာ ထိခိုက်စေပေလိမ့်မည်။ သည်မန္တန်သုံးခုက မပြည့်စုံသည့်အတွက် သူ့ခန္ဓာကိုယ်ကို အန္တရာယ် ဖြစ်စေခြင်းပင်။ ယင်းမန္တန်သုံးခုက သူ့တတိယအဆင့် လမ်းကြောင်းအတွက် ဘာကြောင့် အန္တရာယ် ဖြစ်စေသည်ကို ဝမ်လင်း မသိပေ။ သို့သော် သူက ထိုသို့ ခံစားမိ၏။

သူက စဉ်းစားနေရင်းဖြင့် သူ့လက်ချောင်းကို ဆတ်ခနဲ တောက်ထုတ်လိုက်ကာ မန္တန်သုံးခုလုံးကို အသုံးပြုလိုက်၏။ သည်မန္တန်များက တစ်ခုပြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူက မန္တန်သုံးခု၏ အရှိန်ကို ဖြည်းဖြည်းချင်း မြှင့်တင်ကာ ဆက်တိုက် ထုတ်ဖော်ကြည့်နေသည်။

ဝမ်လင်းက သူ့စိတ်ထဲရှိ မှုန်ဝါးဝါး ခံစားချက်ကိုသုံးကာ ထိုမန္တန်များ၏ ပစ်ချက်ကို မျက်မှောင်ကြုတ်၍ ရှာကြည့်နေသည်။ တဖြည်းဖြည်းဖြင့် ထိုမန္တန်များက တိုးတက်လာခဲ့၏။ သည်ဖြစ်စဉ်ကို ဖော်ထုတ်ရန် သူက အလွန်အားစိုက်ရ၏။ ထို့ကြောင့် သိပ်မကြာခင်တွင် ဝမ်လင်းက ပင်ပန်းလာခဲ့သည်။

ခဏတာ အနားယူပြီးနောက် ဝမ်လင်းက နောက်တစ်ဖန် စတင်ပြန်၏။

အချိန်စက်ဝန်းက ရွေ့လျားနေကာ နောက်ထပ် နှစ်နှစ်တာ ကုန်ဆုံးသွားခဲ့ပြန်သည်။ သည်နှစ်နှစ်တာ အချိန်အတွင်း ဝမ်လင်းက သည်မန္တန်များကို မွမ်းမံခြင်းဖြင့်သာ အချိန်ကုန်နေခဲ့၏။ သို့ရာတွင် ခုချိန်ထိ သူက စိတ်ကျေနပ်လောက်သော ရလဒ်ရသည့်အထိ မအောင်မြင်သေးပေ။

ဝမ်လင်းက သူ စိတ်မရှည် ဖြစ်နေသည်ကို နားလည်ထား၏။

သို့ရာတွင် သူက လက်မလျှော့သေးပေ။ သူက သူ့မန္တန်များ တိုးမြင့်လာနိုင်ရန် အကောင်းဆုံး ဖြည်းဖြည်းချင်း လုပ်ဆောင်နေခဲ့သည်။ ဒုတိယအဆင့်ရှိ ကျင့်ကြံသူ တစ်ယောက်ယောက်ကသာ သည်မြင်ကွင်းကို တွေ့ပါက တုန်လှုပ်သွားပေလိမ့်မည်။ သည်လိုမျိုးအရာက ခုလက်ရှိ မန္တန်များကနေ မူလဘူတ ကောင်းကင်ဘုံမန္တန်သို့ ပြန်လည်၍ ဆင်ခြင် ကောက်ချက် ထုတ်နေခြင်း မဟုတ်လား။ ထိုသို့ ပြုလုပ်ရန်က ဝမ်လင်းမပြောနှင့် ရှေ့ဖြစ်ဟောသူလို ပုဂ္ဂိုလ်မျိုးအတွက်ပင် ခက်ခဲလွန်းလှ၏။

သည်နှစ်နှစ်အတွင်း မိုးကြိုးသားရဲနှင့် မိုးကြိုးဖားပြုပ်တို့သည် တစ်ကောင်နှင့်တစ်ကောင် ရန်စောင်နေကြ၏။ သို့သော် သူတို့က တိုက်ခိုက်ကြခြင်း မရှိပေ။ မိုးကြိုးဖားပြုပ်က ခုချိန်၌ အလွန်အားနည်းလွန်းကာ မိုးကြိုးသားရဲသည် ထိုမိုးကြိုးဖားပြုပ်မှာ အနာဂတ်၌ သူ့ကို ခြိမ်းခြောက်လာနိုင်စွမ်း ရှိလောက်သည်ဟု ခံစားမိနေလျှင်ပင် ၎င်းက အထင်သေးနေဆဲ ဖြစ်၏။

ခြင်သားရဲကတော့ မိုးကြိုးသားရဲကို စိတ်ဝင်စားနေ၏။ ၎င်းက မိုးကြိုးသားရဲ ပတ်လည်သို့ ပျံသန်းလာကာ ၎င်း၏ ကျောပေါ်တွင် လှဲလျောင်းချင်နေသည်။

သို့ရာတွင် ၎င်းက ထိုသို့ ကြိုးစားလိုက်တိုင်း မအောင်မြင်ပဲ ဖြစ်နေ၏။ သို့သော် ထိုအဖြစ်ကပင် ခြင်သားရဲကို ပိုစိတ်ဝင်စားအောင် ပြုလုပ်နေတော့သည်။

ရှုလီကောက ထိုအရာများအားလုံးကို ကြည့်၍ အထင်သေးနေတော့၏။ အချိန်ကုန်လာသည်နှင့်အမျှ သူက ဝမ်လင်းသည် သူတို့နှင့် ပတ်သက်၍ မေ့နေသည်ကို သတိပြုမိလာသည်။ ၎င်က အနည်းငယ် စူးစမ်းကြည့်ပြီးနောက် ဝမ်လင်းနှင့် ပေတစ်ထောင်အကွာသို့ ထွက်သွား၏။ သည့်နောက် ၎င်းက တောင်ပတ်လည်တွင် မြူးထူးစွာ လှည့်လည်သွားလာတော့သည်။

သို့ရာတွင် သူက ဝမ်လင်းစကားများကို သေသေချာချာ မှတ်မိနေ၏။ ထို့ကြောင့် သူက တောင်နှင့် ကီလိုမီတာငါးထောင် အကွာထက် ကျော်ကာ မသွားဝံ့ပေ။ သူက သည်ကီလိုမီတာ ငါးထောင် ဧရိယာအတွင်း လူသူတစ်ယောက်မှ မရှိသဖြင့် တဖြည်းဖြည်း ပျင်းရိလာခဲ့၏။

သည်နေ့တွင် ရှုလီကောက သည်နားဧရိယာတွင် လှည့်ပတ်ပျံသန်းနေရင်း အလွန်ပျင်းရိလာကာ သေမျိုးတစ်ယောက်ယောက် အထဲသို့ ဝင်လာရန် မျှော်လင့်နေမိသည်။ ရုတ်တရက် သူက စိတ်လှုပ်ရှားဟန် ဖြစ်လာ၏။

ရှုလီကောက မြူများထဲသို့ စူးစိုက် ကြည့်လိုက်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“နောက်ဆုံးတော့ တစ်ယောက်ယောက် ဝင်လာခဲ့ပြီ…”

ကျန်းရှင်ဟိုင်က မြူလွှာ၏ အပြင်ဘက်တွင် ပေါ်လာ၏။ သူ့မျက်နှာက ပင်ပန်းနွမ်းနယ်နေသည့်ပုံ ပေါ်ကာ သူ့ခန္ဓာကိုယ်ကလည်း သေဆုံးခြင်းအော်ရာနှင့် ပြည့်လို့နေသည်။ သူ့ဘေးတွင် သက်လတ်ပိုင်းလူကြီး တစ်ယောက်ပါ ပါလာသည်။ သည်လူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့ကျင့်ကြံမှုအဆင့်က စဦးစိတ်ဝိညာဉ်အဆင့်တွင် ရှိနေသည်။

သက်လတ်ပိုင်းလူကြီးက အကွာအဝေးတစ်ခုရှိ အနက်ရောင်မြူလွှာကို ကြည့်ကာ မဖြစ်ညစ်ကျယ်ဟန်ဖြင့် ခပ်တိုးတိုး ပြောလိုက်၏။ “အဖေ…ငါတို့က အဲဒီအထဲကို တကယ်သွားကြမှာလား…”

ကျန်းရှင်ဟိုင်က အလေးအနက် ပြောလိုက်၏။ “ဟုတ်တယ်…ငါတို့ သွားရမယ်။ မင်းအဖေရဲ့ သက်တမ်းက ကုန်ဆုံးတော့မယ်။ စီနီယာရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးတဲ့အပြင် ဒီခရီးစဉ်က မင်းကို ငါ့ကျေးဇူးရှင် စီနီယာနဲ့ မိတ်ဆက်ပေးမလို့ပဲ။ ငါ သေသွားတာနဲ့ မင်းက ငါ့နေရာကို ယူရမယ်။ စီနီယာရဲ့ တမန်တော်တစ်ယောက်အနေနဲ့ ငါတို့ ကျန်းမိသားစုက ထာဝရ တည်ရှိနေလိမ့်မယ်…”

သက်လတ်ပိုင်းလူကြီးက တုံ့ဆိုင်းဆိုင်း ပြောလာ၏။ “ဒါပေမဲ့ အဖေ…သား မိတ်ဆွေတွေဆီက ကြားတာကတော့ ဒီစီနီယာက…ထူးခြားတဲ့စရိုက် ရှိတယ်တဲ့။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ငါ့မိတ်ဆွေအနည်းငယ်က…”

သူ့စကားမဆုံးသေးခင်မှာပင် ကျန်းရှင်ဟိုင်က သူ့ကို စူးစိုက်ကြည့်လိုက်၏။ သက်လတ်ပိုင်းလူကြီးက ပါးစပ်ပြန်ပိတ်သွားတော့သည်။

ရှုလီကောက မြူများကြား၌ ပုန်းကွယ်နေ၏။ထို့ကြောင့် ကျန်းမျိုးရိုးသားအဖတို့က သူ့ကို သတိမပြုမိကြပေ။ ရှုလီကော မျက်နှာထက်၌ စိတ်လှုပ်ရှားမှုနှင့် ပြည့်လို့နေသည်။ သူက ထိုသားအဖနှစ်ယောက်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဟုတ်ပြီ…ဟုတ်ပြီ…အသက်ကြီးကြီး တစ်ယောက်က သေခါနီးနေပြီ။ ဒါကြောင့် သူက ငါ့ ဆော့ကစားတာကို ခံနိုင်မှာ မဟုတ်ဘူး။ မင်း ဘိုးဘိုးရှုက စိတ်ထားကောင်းတဲ့အတွက် မင်းကိုတော့ လွှတ်ပေးလိုက်မယ်။ အသက်ငယ်တဲ့ တစ်ယောက်ကတော့…ဟီးဟီး…”

ရှုလီကောက မျက်လုံးထဲရှိ စိတ်လှုပ်ရှားနေမှုက ပိုအားကောင်းလာသည်။

သူက ချောင်းတစ်ချက်ဟန့်ကာ လေသံမြှင့်၍ ပြောလိုက်၏။ “ဘယ်သူလဲ…နာမည်ပြောစမ်း…”

ကျန်းရှင်ဟိုင်က အသက်ဝဝရှူသွင်းလိုက်၏။ သူက တောင်နှင့် ကီလိုမီတာငါးထောင်အကွာတွင် ရပ်နေကာ အထဲသို့ မဝင်သေးပေ။ သူက လက်နှစ်ဖက်ယှက်၍ လေးစားစွာ ပြောလိုက်သည်။ “ဂျူနီယာကျန်းရှင်ဟိုင်က စီနီယာရဲ့ တောင်းဆိုမှုကို လုပ်ဆောင်ပြီးပါပြီ…။ ဒါကြောင့် စီနီယာကို တွေ့ရဖို့ တောင်းဆိုပါတယ်….”

ရှုလီကောက မျက်လုံးကစားကာ ပြန်ပြောလိုက်သည်။ “အသက်ကြီးတဲ့တစ်ယောက်ပဲ ဝင်လာနိုင်တယ်။ ငါက မင်းကို သခင်နဲ့တွေ့ဖို့ ခေါ်သွားပေးမယ်…”

ကျန်းရှင်ဟိုင်က မှင်တက်သွားကာ အနည်းငယ် တုံ့ဆိုင်းပြီးသည့်နောက် သူက အနက်ရောင်မြူလွှာထဲသို့ ခြေချလိုက်သည်။ သူ ဝင်လိုက်သည်နှင့် သူက လေအေးတစ်ခုက သူ့ကို ထွေးပတ်လာကာ သူ့ခန္ဓာကိုယ်ကို ရှေ့သို့ မြန်ဆန်စွာ တွန်းပို့လိုက်၏။

သိပ်မကြာခင်တွင် သူက တောင်ထိပ်သို့ ရောက်လာခဲ့တော့သည်။ သူက ဝမ်လင်းကို တွေ့လိုက်ကာ ချက်ချင်း လေးလေးစားစား ပြောလိုက်၏။ “စီနီယာ…ဂျူနီယာက သင့်ကို စိတ်မပျက်စေပါဘူး။ ဂျူနီယာက ချင်လင်းဂြိုဟ်ပေါ်မှာ ရှိတဲ့ သေမျိုးတွေရဲ့ မကျေမချမ်းအော်ရာကို စုဆောင်းလာခဲ့ပါပြီ…”

သူက ထိုသို့ပြောနေရင်း ကျောက်စိမ်းပြား တစ်ထောင်တိတိကို ထုတ်ယူလိုက်သည်။ သူက ထိုအရာများအားလုံးကို အောက်သို့ ချ၍ လေးစားသည့်ဟန်ပန်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

ရှုလီကောက ကျန်းရှင်ဟိုင်ကို ပို့ဆောင်ပေးပြီးနောက် သူက မြူအစွန်းနားသို့ စိတ်လှုပ်ရှားစွာ ပြန်ရောက်လာခဲ့သည်။ သူက အပြင်ဘက်ရှိ သက်လတ်ပိုင်းလူကြီးကို ကြည့်ကာ ပြောလိုက်သည်။ “ကောင်စုတ်လေး…ဝင်လာခဲ့…ဘာမှ ကြောက်မနေနဲ့။ မင်းဘိုးဘိုးရှုက မင်းကို အကျိုးအမြတ်တချို့ ပေးမလို့…”

သူက သက်လတ်ပိုင်းလူ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသည်ကို တွေ့သည့်အခါ ချက်ချင်း လှမ်းအော်လိုက်သည်။ “မင်းက ဘာလို့ အထဲမဝင်လာရတာလဲ…”

သက်လတ်ပိုင်းလူကြီးက အံတင်းတင်းကြိတ်ကာ အနက်ရောင်မြူထဲသို့ ခြေချလိုက်သည်။

ဝမ်လင်းက မျက်လုံးဖွင့်လာကာ ကျောက်စိမ်းပြားများကို စစ်ကြည့်လိုက်၏။ သူက ချက်ချင်းပင် ၎င်းကျောက်စိမ်းပြားများထဲရှိ မကျေမချမ်းမှုကို ခံစားမိလိုက်သည်။ ထိုမကျေမချမ်းမှုအော်ရာများက မုန်တိုင်းတစ်ခုကဲ့သို့ပင် ဖြစ်လို့နေသည်။

ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ကောင်းတယ်…မင်းခေါ်လာတဲ့လူက အနာဂတ်မှာ ဟုန်ယွီတောင်ရဲ့ ပြင်ပမှာ ငါ့တမန်တော် ဖြစ်လာလိမ့်မယ်…”

အနည်းငယ် စဉ်းစားပြီးသည့်နောက် သူက ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ကျန်းရှင်ဟိုင်ထံသို့ ပစ်ပေးလိုက်သည်။

“ဒါ မင်းသားကို ပေးလိုက်ပါ။ သူ့မှာသာ လုံလောက်တဲ့ စွမ်းရည်ရှိရင် ဒါက သူ့ကို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်ဖို့အတွက် အခွင့်ရေးအနည်းငယ် မြှင့်တင်ပေးနိုင်လိမ့်မယ်…”

ကျန်းရှင်ဟိုင်၏ မျက်နှာထက်တွင် ပျော်ရွှင်မှုနှင့် ပြည့်လို့နေသည်။ သူက ဆေးလုံးကို ယူကာ ရတနာတစ်ခုအလား သိမ်းဆည်းထားလိုက်သည်။ သူက စိတ်ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်…စီနီယာ…”

ဝမ်လင်းက အမိန့်ပေးလိုက်သည်။ “ဒီမကျေမချမ်းအော်ရာက ပုံရိပ်ယောင်အရာတစ်ခုပဲ။ ဒါက ပြန်ပြီးတော့ ပေါက်ဖွား ဖြစ်တည်လာနိုင်တယ်။ အနာဂတ်မှာ မင်းတို့ ကျန်းမိသားစုက ဒီမကျေမချမ်းအော်ရာကို နှစ်စဉ်နှစ်တိုင်း စုဆောင်းပေးရမယ်…”

ထို့နောက် ဝမ်လင်းက အနီရောင်အစေ့အနည်းငယ်ကို ထုတ်ကာ ကျန်းရှင်ဟိုင်ထံသို့ ပေးလိုက်သည်။

“ဒီအစေ့တွေကို ကောင်းကင်ဘုံတက်ခြင်း သစ်သီးတွေလို့ ခေါ်တယ်။ လူတွေကို ဒီအစေ့တွေ ဂြိုဟ်ပေါ်မှာ စိုက်ခိုင်းလိုက်ပါ။ ဒီအစေ့တွေက စိတ်ဝိညာဉ်စွမ်းအင်နဲ့အတူ ကြီးထွားလာလိမ့်မယ်။ နောက်လာမဲ့ ဆယ်နှစ်ကျော်အတွင်း တက်နိုင်သမျှ ရအောင်စိုက်ပါ…”

ကျန်းရှင်ဟိုင်က ခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်သည်။

ဝမ်လင်းက ချမ်ခိုင်ဇီ၏ သိုလှောင်အိတ်ထဲကနေ ကောင်းကင်ဘုံတက်ခြင်း သစ်သီး၏ အစေ့များကို ရရှိခဲ့ခြင်း ဖြစ်သည်။

ကျန်းရှင်ဟိုင်နှင့် သူ့သားတို့သည် ဟုန်ယွီတောင်ထိပ်ကနေ ထွက်ခွာသွားကြ၏။ သို့ရာတွင် သူ့သားက မိန်းမောနေကာ ထူးဆန်းသောအသွင်ဟန်ပန် ဖြစ်ပေါ်လို့နေ၏။

ရှုလီကောကိုတော့ ဝမ်လင်းက ဒဏ်ခတ်ထားလေသည်။ သည်အကောင်လုပ်ခဲ့သည်က အရမ်းဆိုးဆိုးရွားရွားသာ ဖြစ်ခဲ့လျှင် ဝမ်လင်းက ရှုလီကောကို ချက်ချင်း သန့်စင်ပစ်နေလောက်ပြီ ဖြစ်သည်။

ဝမ်လင်းက ပေတစ်ထောင်အတွင်း၌သာ သွားရမည်ဟု ရှုလီကောကို ဒဏ်ခတ်ထားလိုက်သည်။ ရှုလီကောက သူအမှားသူသိသည့်ပုံဖြင့် ရှိလို့နေသည်။

ဝမ်လင်းက ရှုလီကောကို အာရုံစိုက်နေဖို့ သူ့၌ အချိန်မရှိပေ။ ရှုလီကောကို ဒဏ်ခတ်ပြီးနောက် သူက သူ့မန္တန်များ ပြီးပြည့်စုံအောင် လုပ်နေခြင်းအပေါ်တွင်သာ အာရုံစိုက်ထားလိုက်၏။ သည်အချိန်အတွင်း သူက သူ့တစ္ဆေလောကမြစ်ထဲသို့ မကျေမချမ်းမှုတို့ကို စုပ်ယူစေသည်။

မကျေမချမ်းမှုကို စုပ်ယူပြီးသည့်နောက် တစ္ဆေလောကမြစ်သည် အရင်ထက် ခြားနားလာခဲ့လေပြီ။ သည့်နောက် တစ္ဆေလောကမြစ်၏ စိတ်ဝိညာဉ်သည်လည်း တဖြည်းဖြည်းချင်း ပုံပန်းအသွင် ပေါ်လာလေ၏။

အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားသည်။ မန္တန်များ တိုးတက်အောင်လုပ်ခြင်းက ဝမ်လင်း၏ စွမ်းအင်ကို များစွာ ကုန်ဆုံးစေသည်။ သူက အောင်မြင်ခြင်း မရှိသေးသော်လည်း ဆက်လက်တိုးတက်နေခဲ့ကာ တတိယအဆင့်လမ်းကြောင်းရှိသို့ ဦးတည်ပေးနေခဲ့သည်။ ထို့ကြောင့် ဝမ်လင်း၏ နယ်ပယ်ကလည်း ဖြည်းဖြည်းချင်း သန်မာကာ လာနေ၏။

နောက်ဆုံးတွင် သူက ချင်လင်းဂြိုဟ်တွင် ရောက်နေသည်မှာ ဆယ့်ရှစ်နှစ် ရှိလာခဲ့ပြီ ဖြစ်ကာ သူ့သေခြင်းရှင်ခြင်း နယ်ပယ်သည် မည်သည့်အပြစ်အနာဆာမှ မရှိတော့ပဲ ပြီးပြည့်စုံခြင်းအဖြစ်သို့ ရောက်ရှိသည်။ သူက ပထမအဆင့်၏ အထွတ်အထိပ်တစ်ယောက် အမှန်ပင် ဖြစ်လာချေတော့သည်။

ဝမ်လင်းတွင် ကောင်းကင်ဘုံကျောက်စိမ်းပြား အချို့ ရှိနေသေး၏။ သို့သော် သည်ပမာဏက သူ့အတွက် လုံလောက်လား သေချာမသိပေ။ မလုံလောက်ဘူးဆိုရင်တော့ သူက ကောင်းကင်ဘုံအရည်စက်ကိုသာ သောက်ရန် ရှိတော့၏။ သည်တစ်ကြိမ်၌ သူက အာဏာတက်ခြင်းနောက်ဆုံးအထွတ်အထိပ်အဆင့်သို့ ရောက်ရမည် ဖြစ်ကာ ကျင့်ကြံခြင်းပထမအဆင့်၏ ထိပ်ဆုံးသို့ တက်လှမ်းတော့ပေမည်။

“ပထမအဆင့်ကျင့်ကြံခြင်း…” ဝမ်လင်းမျက်လုံးများက တောက်ပနေ၏။

“ငါက အာဏာတက်ခြင်းအဆင့်ကို ရောက်တဲ့အချိန်တုန်းက ရှေးဟောင်းနတ်ဆိုးပေလောက ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ကျင့်ကြံသူတွေက နတ်ဘုရားပြစ်ဒဏ်ကို ဆွဲဆောင်တယ်လို့ ပြောခဲ့ဖူးတယ်။ ငါက ပထမအဆင့်ကို ချိုးဖျက်ပြီး ပုံရိပ်ယောင်ယင်အဆင့်ကို ဝင်ရောက်တဲ့ အချိန်ကျရင်လည်း နတ်ဘုရားပြစ်ဒဏ်က ထပ်မံ ရောက်လာဦးမလား ငါ သိချင်မိတယ်…”

ထို့နောက် ဝမ်လင်းက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သူ့မျက်လုံးက အေးစက်လို့သွား၏။

*******

All Chapters