အခန်း ၂၇၁
Vol. 28 Ch. 271
အပိုင်း ၂၇၁
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ထူလင်းတိတစ်ယောက် ဆိုလွန်နှင့် အကြည့်ချင်းဆုံလျှင် ကြက်သေ သေသွားရ၏။ ဆိုလွန်၏ သွေးကြောများမှာ နီရဲနေကာ အာရုံစူးစိုက်မှုကင်းမဲ့နေသည့် မျက်လုံးများက သေခါနီးလူတစ်ယောက်၏ ဟာလာဟင်းလင်း အကြည့်တို့ဖြင့် သူမအား စိုက်ကြည့်နေသောကြောင့်ပင်။ စိတ်မည်မျှပင် ခိုင်မာနေစေကာမူ ထိုသေမင်းတမန် အကြည့်က ထူလင်းတိကို တုန်လှုပ်သွားစေဆဲဖြစ်၏။
ထူလင်းတိ အကြည့်လွှဲလိုက်မိသည်။
ထိုစက္ကန့်ပိုင်းလေးအတွင်းမှာပင် သူမ၏ မာကျောခိုင်မာပါသည်ဆိုသော စိတ်ဝိညာဥ်ပိုင်းဆိုင်ရာ ကာကွယ်မှုမှာ အက်ကွဲသွားတော့သည်။
တန်ပြန်တိုက်ခိုက်ရန် အကောင်းဆုံး အခွင့်အရေး ရောက်ရှိလာလေပြီ။
ဆိုလွန်၏ စိတ်ထဲမှ အသူရာမိစ္ဆာကြယ်သည် စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်ကာ စွမ်းအင်လှိုင်းတစ်ခုကို ထူလင်းတိ၏ မျက်လုံးများဆီသို့ တိုက်ရိုက် ပစ်လွှတ်လိုက်၏။
ဆိုလွန် ပြုံးလိုက်သည်။ သွေးလွှမ်းနေသည့် မျက်ဝန်းတို့ဖြင့် သူ၏ အပြုံးမှာ ထူးထူးခြားခြား ဆွဲဆောင်မှု ရှိနေတော့သည်။
စွမ်းအင်လှိုင်းသည် ထူလင်းတိ၏ ဦးနှောက်ထဲ၌ ပေါက်ကွဲသွားကာ သူမ၏ စိတ်များ ချက်ချင်းပင် ဗလာကျင်းသွားပြီး ခန္ဓာကိုယ် ထိန်းချုပ်နိုင်စွမ်း အားလုံး ဆုံးရှုံးသွားသည်။ ထိုအခါ ဆိုလွန်ကို လည်ပင်းညှစ်ထားသည့် လက်များမှာလည်း ပြေလျော့သွားလေသည်။
စက္ကန့်ဝက်ခန့်သာ တုန့်ဆိုင်းရပ်တန့်သွားခြင်းဖြစ်သော်လည်း ထိုအချိန်သည် ဆိုလွန်တစ်ယောက်ကြာပွတ်ကို ပစ်ချပြီး နောက်သို့ ကမန်းကတန်း ပြန်ဆုတ်ရန် လုံလောက်သွားသည်။ ထို့နောက် သူ၏ နောက်ဆုံးကျန်ရှိနေသော ခွန်အားများကို အသုံးပြုကာ ထူလင်းတိ၏ ခါးမှ ဆန်းကြယ်ငွေဖြူဓားကို ဆွဲထုတ်လိုက်ပြီး သူမ၏ ရင်ဘတ်ထဲသို့ ထိုးစိုက်လိုက်သည်။
ထက်မြက်လှသည့် ဓားသွားသည် ထူလင်းတိ၏ အသားကို ဖောက်ထွင်းသွားကာ ကျောဘက်မှ ပြန်ထွက်လာသော်လည်း ဓားသွားပေါ်၌ သွေးတစ်စက်မျှပင် စွန်းထင်းခြင်း ရှိမနေချေ။
ခွန်အားကုန်ခမ်းသွားပြီဖြစ်သော ဆိုလွန်သည် အနီးနားရှိ ခြင်္သေ့ကျားသားရဲဘက်သို့ လှည့်ကြည့်လိုက်သည်။
“ရှောင်ကွေ့...”
ထိုအချိန်တွင် သူ၏ ပျက်စီးလုနီးပါးဖြစ်နေသော လည်ချောင်းထဲမှ တိုးညှင်းသောအသံသာထွက်ပေါ်လာခဲ့ပြီးနောက် ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ စွမ်းအင်များ ခန်းခြောက်သွားကာ အမြင်အာရုံတစ်ခုလုံးအမှောင်ဖုံးသွားတော့သည်။ သူ ဒုက္ခရောက်နေသည်ကိုမြင်လျှင် သားရဲကြီးသည် ချက်ချင်း ပြေးလာ၏။ ထို့နောက် ဆိုလွန်၏ အဝတ်အစားများကို ပါးစပ်ဖြင့် ညင်သာစွာ ကိုက်လိုက်ပြီး ကျောပေါ်သို့ တင်လိုက်ကာ တောင်ဘက် တောင်တန်းများဆီသို့ အပြေးအလွှား ထွက်ခွာသွားတော့သည်။
….
ထျန်ယဲ့မြို့မှ တောင်တစ်သောင်း တောင်တန်းဆီသို့ လာခဲ့သည့် ခရီးစဉ်တစ်လျှောက်လုံး ဆိုလွန် ဤအချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။
စိတ်ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုမှာ တိုက်ရိုက် အကြည့်ချင်းဆုံရန် လိုအပ်သည်။ ထူလင်းတိတစ်ယောက် မကြာခဏ သူ့ကို စူးရဲစွာ ကြည့်တတ်သော်လည်း ဆိုလွန်သည် အလျင်မလိုပဲ သူမ၏စိတ်ပိုင်းဆိုင်ရာကာကွယ်မှုအားနည်းမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
မြင့်မားသည့် စိတ်ဝိညာဉ်ပါရမီ ရှိသော အစွမ်းထက် ဓားကိုင်စစ်သည် တစ်ယောက်ဖြစ်သည့်အတွက် သူမ၏ စိတ်ဝိညာဥ်ပိုင်းဆိုင်ရာ ကာကွယ်မှုသည် အလွန် ခိုင်မာလှ၏။ အသူရာမိစ္ဆာကြယ်၏ တွက်ချက်မှုအရ ရုတ်တရက် တိုက်ခိုက်ခြင်း၏ အောင်မြင်နိုင်စွမ်းမှာ ငါးရာခိုင်နှုန်းအောက်သာ ရှိလေသည်။
ထို့အပြင် ဆိုလွန်၏ အားနည်းလှသည့် ကျင့်ကြံခြင်းအဆင့်ကြောင့် ထို စိတ်ဝိညာဥ်စွမ်းအားတိုက်ခိုက်မှု တစ်ကြိမ်၏ နောက်ဆက်တွဲ ရိုက်ခတ်မှုကိုသာ ခံနိုင်ရည်ရှိကာ ဒုတိယအကြိမ် ကြိုးစားပါက သူ၏ ကိုယ်ပိုင် စိတ်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေလိမ့်မည်။ ထို့အတွက်ကြောင့် အပြစ်အနာအဆာကင်းသည့် အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းခဲ့ရခြင်းဖြစ်သည်။
သို့သော်လည်း သတိဝီရိယကြီးလှသော ထူလင်းတိသည် ဘယ်သောအခါမှ အနားမယူခဲ့ချေ။ အိပ်ပျော်နေချိန်၌ပင် သူမ၏ အသိစိတ်သည် ပေသုံးရာကျော် အချင်းဝက်အထိ အာရုံခံနေနိုင်သေး၏။
ဆိုလွန်အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ အသေခံပြီး လောင်းကြေးထပ်ရန်ဖြစ်သည်။ ထို့ကြောင့် သူမကို တမင်သက်သက် ရန်စခဲ့ပြီးနောက် ခန္ဓာကိုယ်ကို အကောင်းပကတိအတိုင်း သေဆုံးခွင့်ပေးရန် တောင်းဆိုလိုက်သည်။ ထိုမှသာ သူမသည် ဓားကိုအသုံးပြုမည့်အစား သူ့ကို လည်ပင်းညှစ်မည်ဖြစ်သည်။
နောက်ဆုံး သေခြင်းတရား ရောက်ရှိလာချိန်၌ သူ၏ သေခါနီး အကြည့်က သူမ၏ စိတ်အာရုံကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။ အကယ်၍ သူမသာ တုန်လှုပ်မသွားခဲ့လျှင် သို့မဟုတ် မူလကတည်းက ခေါင်းဖြတ်ရန် ရွေးချယ်ခဲ့လျှင် ဆိုလွန်တစ်ယောက် သေချာပေါက် သေရမည်သာ။
ယခုအခါ၌ တစ်ခုတည်းသော မသေချာမှုမှာ သူ၏ ဓားချက်သည် သူမကို အမှန်တကယ် သေစေခဲ့သလား ဆိုသည့် အချက်ပင်။
…
သားရဲကြီးသည် နာရီပေါင်းများစွာကြာအောင်ပင် တောင်တစ်သောင်း တောင်တန်းထဲသို့ နက်ရှိုင်းစွာ ဝင်ရောက် ပြေးလွှားလာခဲ့၏။ နောက်ဆုံး၌ ဘေးကင်းသွားပြီဟု ခံစားရချိန်တွင်မှ ဂူတစ်ခုထဲ၌ ပုန်းအောင်းလိုက်ပြီး သတိလစ်နေသည့် ဆိုလွန်ကို ချကာသူလည်း မောကြီးပန်းကြီးဖြင့် လဲကျသွားသည်။
မကြာမီ၌ပင် ဆာလောင်လာသော သားရဲကြီးသည် ဆိုလွန်ကို ကြည့်ရင်း သွားရည်များ ကျလာသည်။
‘အသား... အသားပဲ... သူ့ကို စားပစ်လိုက်ရမလား’
သို့သော် သခင်မဖြစ်သူ၏ တင်းကျပ်သော သတိပေးချက်များက ခေါင်းထဲ၌ ပဲ့တင်ထပ်လာသည်။
‘လူတွေကို ဘယ်တော့မှ မစားနဲ့’
ထို့ပြင် ဤလူသားသည် သူ့အပေါ်တွင် သဘောကောင်းပြီး ရက်စက်သည့် အမျိုးသမီး၏ ကြာပွတ်ဒဏ်မှလည်း ကယ်တင်ပေးခဲ့သေးသည်။ ထို့ကြောင့်သားရဲကြီးသည် တံတွေးတစ်ချက် မျိုချကာ ဆိုလွန်ဆီမှအကြည့်လွဲလိုက်ပြီး အပြင်သို့ အမဲလိုက်ရန် ထွက်သွားတော့သည်။
နာရီအနည်းငယ် ကြာပြီးနောက် ဆိုလွန်တစ်ယောက် လောင်ကျွမ်းမတတ် နာကျင်မှုများဖြင့် နိုးလာသည်။ သူ၏ လည်ချောင်းသည် အလွန် ပူလောင်နေပြီး လည်ပင်းမှာလည်း ရောင်ရမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏အနီးနား၌ ရှောင်ကွေ့က လတ်ဆတ်သော အကောင်သေတစ်ခုကို ကိုက်ဖြဲနေ သည်။
ဆိုလွန်နိုးထလာသည်ကို သတိထားမိသွားသည့် သားရဲကြီးသည် သွေးသံရဲရဲ အသားတုံးကြီး တစ်တုံးကို သူ့ဘက်သို့ တွန်းပို့လာသည်။
ဆိုလွန်လည်း အက်ကွဲနေသောလည်ချောင်း အသံဖြင့် အားယူနှုတ်ဆက်လိုက်သည်။ “ကျေးဇူးပဲ ရှောင်ကွေ့”
နာကျင်မှုကြောင့် အစာစားရန် လုံးဝ မဖြစ်နိုင်ချေ။ သူ လက်လှမ်းကာ သားရဲကြီး၏ ကြီးမားသော ခေါင်းကြီးကို ပုတ်ပေးလိုက်သည်။
ထို့နောက် ဘေးနားရှိဂူနံရံကိုအားယူကာ မတ်တတ်ထရပ်လိုက်ရင်း သူ၏ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်၏။ တည်နေရာအရ တောင်တန်း၏ အနောက်ဘက်စွန်းတွင် ရောက်နေကာ မုန်ထိုလော့၏ အဆိပ်မြွေ မျိုးနွယ်စုနှင့် မိုင်ငါးရာအောက်သာ ဝေးကွာတော့သည်ကို အကြမ်းဖျင်းခန့်မှန်းမိလိုက်သည်။
သူတို့၏ နယ်မြေကို သတ်မှတ်ထားသည့် ထူးခြားသော နတ်ကွန်းသင်္ကေတများကြောင့် ရှာဖွေရ လွယ်ကူပေလိမ့်မည်။သေမင်းတမန်ဟွာသည် သူမ၏ လူများကို လွန်ခဲ့သည့် လအနည်းငယ်ကတည်းက ပြောင်းရွှေ့သွားခဲ့သော်လည်း အချို့မှာ ထိုနေရာ၌ ရှိနေနိုင်သေးသည်။ ကံမကောင်းစွာဖြင့် မုန်ထိုလော့ သူ့ကို ပေးထားသည့် မြွေမျက်နှာဖုံး အပါအဝင် အရာအားလုံးကို ထူလင်းတိ ယူဆောင်သွားခဲ့ပြီ ဖြစ်၏။
လည်ချောင်း သက်သာစေရန် သူ စမ်းချောင်းတစ်ခုမှ ရေသောက်လိုက်ပြီးနောက် ဘယ်ရီသီးအချို့ကို ချေမွကာ တိုက်ခိုက်မခံရစေရန်အတွက် နဖူးပေါ်၌ မျိုးနွယ်စု၏ သင်္ကေတကို ရေးဆွဲလိုက်သည်။
ဂူထဲသို့ ပြန်ရောက်သည့်အခါ သူ ရှောင်ကွေ့ကို ပုတ်ပေးလိုက်သည်။
“လာလေ..မင်းကို ပျော်စရာကောင်းတဲ့ နေရာတစ်ခုကို ခေါ်သွားပေးမယ်”
ထို့နောက် သားရဲကြီး၏ ကျောပေါ်သို့ တက်လိုက်၏။ သားရဲကြီးသည် နောက်ဆုံးကျန်နေသည့် အစာကို မျိုချလိုက်ပြီး ဆိုလွန်၏လမ်းညွှန်ပြမှုအောက်တွင် အရှေ့ဘက်သို့ ခပ်သုတ်သုတ် ပြေးသွားတော့သည်။
နှစ်ရက် ကြာပြီးနောက်။
ဆိုလွန်တို့နှစ်ဦးသား အဆိပ်မြွေ မျိုးနွယ်စုဆီသို့ ရောက်လာခဲ့သော်လည်း တစ်ယောက်မျှ မရှိချေ။ မုန်ထိုလော့က သူမ၏ လူများကို လူရိုင်းနယ်မြေထဲသို့ နက်ရှိုင်းစွာ ခေါ်ဆောင်သွားခဲ့ပြီ ဖြစ်၏။
သူ၏ မင်္ဂလာဆောင်အခမ်းအနားကြောင့် အရောင်လွင့်နေသည့် အနီရောင် မင်္ဂလာ စာလုံးများသည် ယခုအချိန်ထိပင် တံခါးများထက်၌ ရှိနေသေးကာ သူတို့၏ မင်္ဂလာအခန်းဟောင်းထဲ၌ ဖုန်များဖြင့် ဖုံးလွှမ်းနေသည်။ လပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း ထိုမင်္ဂလာပွဲသည် မနေ့တနေ့ကအလားဟု ခံစားနေရဆဲပင်။
ဆိုလွန် ဖုန်များကို ခါထုတ်လိုက်ပြီး အနားယူရန် လှဲလျောင်းလိုက်သည်။ လူရိုင်းနယ်မြေထဲသို့ မဝင်ရောက်မီ မုန်ထိုလော့ကို ရှာတွေ့ရန်မှာ ရှင်ရေး၊သေရေးတမျှအရေးကြီးလှသည့် ကိစ္စဖြစ်သည်။ ရှောင်ကွေ့က အမဲလိုက်ရန် ထွက်ပြေးသွားပြီး ဆိုလွန် တစ်ယောက် နှစ်ခြိုက်စွာဖြင့် အိပ်မောကျသွားတော့သည်။
အချိန်အနည်းငယ် ကြာပြီးနောက် ခြေသံများကြောင့် သူ နိုးလာခဲ့၏။
‘မျိုးနွယ်စုဝင်တွေလား’
ဆိုလွန် အလျင်အမြန်ပင် ဖုန်တက်နေသည့် စောင်အောက်၌ ပုန်းအောင်းလိုက်ပြီး အသက်အောင့်ထားလိုက်သည်။
အပြင်အခန်းအတွင်းမှအသံတစ်သံ ခက်ထန်စွာ ထွက်ပေါ်လာသည်။
“အရင်က အဆိပ်မြွေ မျိုးနွယ်စုကို ဘယ်သူမှ မထိရဲကြဘူး..အခုတော့ သူတို့ ခေါင်းတွေက တော်တော်လေး တန်ကြေးရှိနေပြီပဲ..”
“သေမင်းတမန်ဟွာက အဲဒီလောက် ကြောက်စရာမကောင်းဘူး ထင်ပါရဲ့.. သူ့လူ ရာပေါင်းများစွာ အသတ်ခံရတာတောင် သူ ဘာမှမလုပ်ဘူးလေ..”
ဆိုလွန်၏ နှလုံးသားလေး ကျဆင်းသွားရလေပြီ။ ကျိလီနှင့် ကျိနင်တို့ လှုပ်ရှားလိုက်ပြီ ဖြစ်၏။ သူတို့သည် သေမင်းတမန်ဟွာ၏ ဂုဏ်သတင်းကို ဖျက်ဆီးပစ်ခဲ့ကာ သူမ၏ လူများအပေါ် ကြီးမားသည့် ဆုကြေးငွေများ ထုတ်ထားခဲ့သည်။
ဒုတိယလူက ညည်းညူလိုက်သည်။
“သူတို့ထဲက အများစုက တောင်ဘက်ကို ထွက်ပြေးသွားကြတာ နှမြောစရာပဲ... ငါတို့ ဒီအထိ လာတာ အလကားဖြစ်သွားရပြီ”
တတိယအသံက တိုက်တွန်းလိုက်သည်။
“သွားကြစို့.. မင်္ဂလာပွဲက မနက်ဖြန်ညနေ စမှာ... ငါတို့ နောက်ကျရင် အရှင်က ငါတို့ကို သတ်လိမ့်မယ်”
ပထမလူက လှောင်ရယ်လိုက်သည်။
“ငါတို့ကို သတ်မယ် ဟုတ်လား...အရှင်က နတ်သမီးလေးတစ်ပါးနဲ့ လက်ထပ်တော့မှာလေ... သူ သူ့အိပ်မက်တွေထဲကနေတောင် ရယ်ပြီး နိုးလာလိမ့်ဦးမယ်”
ဒုတိယလူက ရမ္မက်အပြည့်ဖြင့် သဘောတူလိုက်သည်။
“မင်းပြောတာဟုတ်တယ်ကွ.. သူမပုံစံက နတ်ဘုရားမတစ်ပါးလိုပဲ..သူမနဲ့ တစ်ညလောက် အတူနေရဖို့အတွက် ငါ့အသက် ဆယ်နှစ်လောက်ကိုတောင် လဲချင်တယ်..”
“မိန်လျန် (ခွဲခွာရခက်သော အိပ်မက်)တဲ့လေ... သူမရဲ့ နာမည်လေးကတောင် ငါ့ရင်ကို ခုန်စေတယ်..”
‘မိန်လျန်လား’
ထိုနာမည်ကိုကြားသောအခါ ဆိုလွန်တစ်ယောက် ခေတ္တမျှ အေးခဲသွားပြီးနောက် ဝမ်းမြောက်မှုတစ်ခု ကူးစက်လာလေသည်။
ထိုနာမည်သည် သေမင်းတမန်ဟွာ၏ နာမည်ဝှက်များထဲမှ တစ်ခုပင်။ သူမသည် သတ်ဖြတ်မှုကြီးမှ အသက်ရှင်ကျန်ရစ်ခဲ့ပြီး မင်္ဂလာဦးည၌ သတို့သားအား သတ်ဖြတ်သည့် သူမ၏ နာမည်ဆိုးဖြင့် ကျော်ကြားသော မင်္ဂလာပွဲများထဲမှ နောက်တစ်ခုကို စီစဉ်နေပုံရသည်။
သူတို့၏ ခြေသံများ ပျောက်ကွယ်သွားသည်အထိ သူ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။ တစ်နာရီကြာပြီးနောက် ရှောင်ကွေ့ ပြန်ရောက်လာသည်။ ဆိုလွန်လည်း သားရဲကြီး၏ ကျောပေါ်သို့ တက်လိုက်ပြီး တောင်အောက်သို့ အပြင်းအထန် စီးနင်းကာ လွင်ပြင်များရှိရာကို ဦးတည်လိုက်တော့သည်။
မိုင်တစ်ရာနီးပါး ခရီးနှင်ပြီးနောက် အနီရောင် မီးပုံးများဖြင့် အလှဆင်ထားသည့် ပွဲတော်ကျင်းပနေသော ရဲတိုက်တစ်ခုကို အဝေးမှ လှမ်းမြင်လိုက်ရသည်။
တံခါးဝအထက်မှ ဆိုင်းဘုတ်ကို သူ ကြည့်လိုက်သည်။
မဟူရာခံတပ်။
ယခုအချိန်တွင်အထဲသို့ ခိုးဝင်ရန် အစီအစဉ်များဖြင့် သူ၏ စိတ်များ အပြေးအလွှား လှုပ်ရှားနေလေပြီ။
အလုပ်များနေသည့် ဝင်းခြံထဲမှ တစ်စုံတစ်ယောက်သည် အမြင့်ဆုံး မျှော်စင်ကို လက်ညှိုးထိုးပြလိုက်သည်။
“သတို့သမီးကွ.. သတို့သမီးကို ကြည့်လိုက်ကြ”
ရင်သပ်ရှုမောဖွယ်ကောင်းသော အမျိုးသမီးတစ်ဦးသည် အမြင့်ဆုံး လသာဆောင်ထက်၌ ရပ်နေပြီး သူမ၏ ကျက်သရေရှိလှသော ဂါဝန်မှာ လေထဲ၌ လွင့်ဝဲနေသည်။ သူမ၏ မျက်နှာတစ်ဝက်ကို ပုဝါပါး လေးဖြင့်ဖုံးအုပ်ထားသော်လည်း ထို ပုံရိပ်ကို ဆိုလွန် ချက်ချင်း မှတ်မိလိုက်လေသည်။
သေမင်းတမန်ဟွာ။
မုန်ထိုလော့။
အပိုင်း ၂၇၁ ပြီး။