အခန်း ၂၇၂
Vol. 28 Ch. 272
အပိုင်း၂၇၂
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
သေမင်းတမန်ဟွာ၌ မရေမတွက်နိုင်သော မျက်နှာများရှိပြီး သူမ၏ မျက်နှာစစ်ကို မြင်ဖူးသူတိုင်း သေဆုံးသွားကြပြီဟု ဒဏ္ဍာရီလာစကားများ ရှိပေသည်။
ယခုအချိန်၌ သေမင်းတမန်ဟွာ မုန်ထိုလော့သည် ထင်ရှားကျော်ကြားသော မိသားစုမှ သခင်မလေးတစ်ဦးအဖြစ် ဟန်ဆောင်နေ၏။ အမှန်စင်စစ်တွင် သူမသည် အထက်တန်းလွှာ သခင်မတစ်ဦး ဖြစ်နေသောကြောင့် ဟန်ဆောင်နေရန်ပင် လိုအပ်မည်မဟုတ်ချေ။
ဆိုလွန်သည် သူမအား အချိန်အတော်ကြာ စိုက်ကြည့်နေမိသောကြောင့် ဖြစ်နိုင်မည်။ သူမ၏ လှပသော မျက်ဝန်းများက ဆိုလွန်ဆီသို့ တစ်ချက် ဝေ့ကြည့်လာကာ ထို့နောက် မည်သည့် ခံစားချက် အမူအရာမှမရှိဘဲ အကြည့်လွှဲသွားသည်။
သူမ၏နောက်မှ ချောမောသော လူငယ်တစ်ဦး ထွက်လာပြီး သူမ၏ ပခုံးထက်သို့ ဝတ်ရုံတစ်ခု လွှမ်းခြုံပေးကာ လေတိုက်ကြမ်းသဖြင့် အအေးပတ်နိုင်ကြောင်း ညင်သာစွာ ဆိုလာသည်။
မုန်ထိုလော့သည် ထိုလူငယ်အား ချိုသာစွာ ပြုံးပြလိုက်ပြီးနောက် အထဲသို့ ပြန်ဝင်သွားသည်။
ထိုလူငယ်သည် အလွန်ချောမောပြီး အရပ်ရှည်ကာ တောင့်တင်းခိုင်မာလှသဖြင့် မဟူရာခံတပ်၏ သခင်လေး ဖြစ်နိုင်သည်။သူ၏ မုန်ထိုလော့အား ကြည့်သောအကြည့်များ၌ ကြင်နာယုယမှုများနှင့် ရူးသွပ်စွဲလမ်းမှုများ ပြည့်နှက်နေကာ သူမကို အလွန်အမင်း ချစ်မြတ်နိုးနေကြောင်း သိသာလှ၏။ ထိုမျှ ရင်သပ်ရှုမောဖွယ်ကောင်းသော အလှပိုင်ရှင်နှင့် လက်ထပ်ရမည်ဟူသော အတွေးက သူ၏ ဘဝတွင် အပျော်ရွှင်ရဆုံး အချိန်ကာလ ဖြစ်နေပေမည်။
သို့သော်လည်း သူ၏ သက်တမ်းသည် မင်္ဂလာဦးညကို ကျော်လွန်နိုင်မည်မဟုတ်ကြောင်း သူကိုယ်တိုင်ပင် သိရှိမနေချေ။
‘သနားစရာကောင်းတဲ့ လူပါလား’
ဆိုလွန် စိတ်ထဲမှ တွေး တောလိုက်မိသည်။
ထို့နောက် မဟူရာခံတပ်ထဲသို့ မည်သို့ ခိုးဝင်ရန် စဉ်းစားတော့သည်။ ယခု သူဝတ်ဆင်ထားသည့် အဝတ်အစားများမှာ အဆိပ်မြွေ မျိုးနွယ်စုထံမှ ကောက်ရထားခြင်းဖြစ်ကာ ကြည့်ပျော်ရှုပျော် လုံးဝမရှိပေ။ ထို့အပြင် သူ၏ မျက်နှာမှာလည်း အလွန်အမင်း အရုပ်ဆိုးနေသဖြင့် ထိုမျှ ခမ်းနားထည်ဝါသော ခံတပ်ကြီးထဲသို့ ဝင်ရောက်နိုင်ရန် မဖြစ်နိုင်သလောက်ပင်။
သို့သော် ဆိုလွန်သည် သူ၏ သံသယများကို လျင်မြန်စွာ ဖယ်ရှားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ခံတပ်တံခါးဝမှ ဝင်ထွက်သွားလာနေသူများထဲ၌ ချမ်းသာကြွယ်ဝပြီး အာဏာရှိသူများသာမက ရိုင်းစိုင်းကြမ်းတမ်းသူများလည်း ပါဝင်နေပြီး အများစုမှာ တောင်တစ်သောင်း တောင်တန်းထဲ၌ အမဲလိုက်လေ့ရှိသော ယိုရှာစစ်သူရဲများ ဖြစ်နေသောကြောင့်ပင်။
ချက်ချင်းပင် ဆိုလွန် တစ်စုံတစ်ခုကိုနားလည်သွား၏။ မဟူရာခံတပ်သည် ဒေသတွင်း အင်အားကြီးသူတစ်ဦးသာဖြစ်ပြီး အထက်တန်းလွှာ မိသားစုမဟုတ်ချေ။ ထို့ကြောင့် အပေါ်ယံအားဖြင့်သာ အင်အားကြီးမားပြီး သာမန်အရပ်သားများ သွားလာခွင့်မရှိသော နေရာမျိုးနှင့် အလှမ်းဝေးလှသည်။
ဆိုလွန်သည် မဟူရာခံတပ်အတွင်းသို့ လွယ်ကူစွာ ဝင်ရောက်သွားသည်။ အစောင့်များက သူ့ကို ဂရုမစိုက်သလို တစ်ချက်သာ ကြည့်လိုက်ကြပြီး မည်သည့် တားဆီးမှုမှ ရှိမလာပေ။
…
မဟူရာခံတပ်သည် ဧကများစွာ ကျယ်ဝန်းပြီး မည်သည့် ဥယျာဉ်မှ မရှိဘဲ ဧရာမခံတပ်ကြီးတစ်ခု သက်သက်သာ ဖြစ်ကာ မြင့်မားသော တံတိုင်းများဖြင့် ဝန်းရံထားသည်။ ဤနေရာသည် နယ်စပ်ဖြစ်ကာ သတ်ဖြတ်ခြင်းနှင့် သေဆုံးခြင်းများ ပြည့်နှက်နေသည့် တောင်တစ်သောင်း တောင်တန်းနှင့် မိုင်တစ်ရာကျော်သာ ကွာဝေးသောကြောင့် လှပသော ပန်းများ၊ ကြည်လင်သော ရေပြင်များ၊ မဏ္ဍပ်များနှင့် လသာဆောင်များအတွက် နေရာမရှိပါချေ။
ခံတပ်သခင် ဖုန်းပေါ်လျဲ့သည် နယ်စပ်ဒေသတစ်ခုလုံး၌ နာမည်ကျော်ကြားပြီး အင်အားကြီးမားသူတစ်ဦး ဖြစ်ကာ ထူးကဲသော သိုင်းပညာစွမ်းရည်နှင့် စစ်သည်တစ်ထောင်ကျော်ရှိသော တပ်ကိုပိုင်ဆိုင်ထိန်းချုပ်ထားသည်။ ထိုမျှ အန္တရာယ်များသော နေရာ၌ သူ၏ ခံတပ်ကို တည်ဆောက်ထားရခြင်း အကြောင်းရင်းမှာ မိသားစုပိုင်ဆိုင်မှုဖြစ်သော ဆန်းကြယ်ငွေသတ္တုကြော တစ်ခု အနီးအနား၌ ရှိနေသောကြောင့်ပင်။
ယခင်က ဖော်ပြခဲ့သည့်အတိုင်း လောကကြီး၌ ငွေရှာရန် အလွယ်ကူဆုံးနည်းလမ်းမှာ ဆန်းကြယ်ငွေဖြူ မိုင်းတွင်းများမှတစ်ဆင့် ဖြစ်သည်။
ဆန်းကြယ်ငွေဖြူသည် ဆန်းကြယ်ရွှေနက်ကဲ့သို့ မရှားပါးသော်လည်း အသုံးဝင်မှု နယ်ပယ်ကျယ်ပြန့်သည့် ဈေးကြီးသော သတ္တုတစ်မျိုး ဖြစ်နေဆဲပင်။ ဆန်းကြယ်ငွေဖြူ မိုင်းတွင်းတစ်ခုကို ပိုင်ဆိုင်ထားခြင်းသည် နေ့စဉ်နှင့်အမျှ ရွှေဒင်္ဂါးများကို ရေလိုသုံးနိုင်အောင် ရှာဖွေနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်၏။
ဖုန်းပေါ်လျဲ့၏ မိုင်းတွင်းသည် လုပ်ငန်းလည်ပတ်နေသည်မှာ နှစ်ပေါင်းနှစ်ဆယ်ရှိပြီဖြစ်ပြီး သူ၏ မိသားစုအတွက် ရွှေဒင်္ဂါး သောင်းချီ ရှာဖွေပေးခဲ့သည်။ ထိုအရာသည် စစ်သည် ထောင်ပေါင်းများစွာကို ထောက်ပံ့ပေးနိုင်ရုံသာမက သူ၏ ထူးကဲသော သိုင်းပညာနှင့် ပေါင်းစပ်လိုက်သောအခါ တောင်ပိုင်းနယ်စပ် တစ်ခုလုံး၌ နာမည်ကျော်ကြားပြီး အင်အားကြီးမားသူတစ်ဦး ဖြစ်လာစေခဲ့သည်။
ယခုအကြိမ်သည် သူ၏ သားဖြစ်သူ မင်္ဂလာဆောင်ပင်။ ခံတပ်သခင် ဖုန်းပေါ်လျဲ့သည် သဘာဝကျကျပင် ဖိတ်စာများကို အနှံ့အပြား ပေးပို့ခဲ့ပြီး ခံတပ်အတွင်း၌ ရက်ပေါင်းများစွာကြာ ပွဲခံနေလေပြီ။ မင်္ဂလာဆောင်ကို မည်သူမဆို လာရောက်ဆင်နွှဲနိုင်ပြီး မည်သည့် လက်ဖွဲ့ငွေမှ မလိုအပ်ပေ။
ဆိုလွန် ဝင်ရောက်သွားသောအခါ မင်္ဂလာခန်းမတစ်ခုလုံး၌ အစားအသောက်များဖြင့် ပြည့်နှက်နေသည်။ အထူးတလည် ခမ်းနားနေခြင်း မရှိသော်လည်း အသားငါးများ ပြတ်လပ်နေခြင်းမျိုး မရှိချေ။
ဆိုလွန်သည် စကားတစ်ခွန်းမှ မပြောဘဲ စားပွဲတစ်လုံး၌ ထိုင်ကာ စတင် စားသောက်တော့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကြုံသလိုသာစားနေရသဖြင့် ဆိုလွန်တစ်ယောက် အလွန် ဆာလောင်နေ၏။ ရှောင်ကွေ့က သူ့ကို အစားအစာများ ခွဲဝေပေးသော်လည်း ထိုအသား အားလုံးသည် အစိမ်းများသာ ဖြစ်ပြီး မီးကင်စားလျှင်ပင် မည်သည့် ဟင်းခတ်အမွှေးအကြိုင်မှ မပါဝင်သဖြင့် အလွန်အမင်း စားရခက်စေခဲ့သည်။
ယခုအချိန်၌ပင် ရှောင်ကွေ့သည် ထပ်မံ အမဲလိုက်ရန်ထွက်သွားသဖြင့် ဆိုလွန်သည် သူ့အား မဟူရာခံတပ်မှ မိုင်အနည်းငယ်အကွာရှိ ရေကန်တစ်ခုတွင် စောင့်နေရန် ပြောထားခဲ့သည်။
ဆိုလွန် ရှာဖွေတွေ့ရှိခဲ့သည့် မြင့်မားသော စိတ်ဝိညာဉ်ပါရမီရှိခြင်း၏ နောက်ထပ် အံ့မခန်းအချက်တစ်ခုမှာ တောရိုင်းတိရစ္ဆာန်များနှင့် ဆက်သွယ်ရန် အလွန် လွယ်ကူစေခြင်းဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ရှောင်ကွေ့နှင့် သူ၏ ဆက်ဆံရေးမှာ လျင်မြန်စွာ တိုးတက်လာ၏။
သို့သော်လည်း အရေးကြီးသော အချိန်များ၌ ထိုအကောင်သည် အားကိုး၍မရချေ။ ထူလင်းတိ နှင့်တိုက်ပွဲမှ ရှောင်ကွေ့သည် အသံသာကျယ်ပြီး အသုံးမကျသည့် အကောင်ဖြစ်ကြောင်းကို အပြည့်အဝ သိရှိပြီးဖြစ်သည်။
ဆိုလွန်က ထူလင်းတိအား ဓားဖြင့် ထိုးသွင်းလိုက်သောအခါ ခြင်္သေ့ကျားသားရဲသည် အလွယ်တကူ ရှေ့ထွက်ကာ သူမ၏ ခေါင်းကို ကိုက်ဖြတ်ပစ်နိုင်သော်လည်း ထိုသို့မလုပ်ဘဲ ထွက်ပြေးရန်သာ အာရုံစိုက်နေခဲ့သည်။
ဆိုလွန်သည် ၁၅မိနစ်တိတိ ဗိုက်ပြည့်အောင် စားသောက်လိုက်ပြီးမှ အလွန်အမင်း ကျေနပ်သွားကာ ဝိုင်တစ်ခွက် ငဲ့၍ ဖြည်းညှင်းစွာ သောက်လိုက်သည်။ ဝိုင်သည် အလွန်ကောင်းခြင်းမရှိသော်လည်း သောက်၍တော့ ရသေးသည်။
မှောင်စပျိုးလာသောအခါ ခံတပ်အား မီးပုံးများနှင့် ရောင်စုံအလှဆင်ပစ္စည်းများဖြင့် စတင် အလှဆင်လာကြသည်။
တန်ဖိုးကြီး အဝတ်အစားများ ဝတ်ဆင်ထားသူများ ပို၍ ရောက်ရှိလာသော်လည်း ထိုလူများအားလုံးသည် ခံတပ်အတွင်းသို့ ဝင်ရောက်ကာ မင်္ဂလာပွဲကို ဆင်နွှဲကြပြီး လေ့ကျင့်ရေးကွင်း၌ လဟာပြင်ပွဲတော်ကိုသာ စားသောက်နေရသည့် ဆိုလွန်တို့နှင့် မတူချေ။
အနီးအနားရှိ ဝိုင်းမှလူတစ်ယောက်က သက်ပြင်းချလိုက်၏။
“ခန်းမထဲက ပွဲက တကယ်ကို ခမ်းနားပြီး ဝိုင်ကလည်း ကောင်းမယ့်ပုံပဲ”
ယိုရှာစစ်သူရဲတစ်ဦးက လှောင်ပြောင်လိုက်သည်။
“အပြင်ဘက်ကပွဲက အလကားကျွေးတာလေ... အသားနဲ့ငါးတွေ စားရတာကိုပဲ မင်း ကံကောင်းနေပြီ..”
“ခံတပ်ထဲကို ဝင်ချင်သေးတာလား.. မင်းတတ်နိုင်လို့လား.. ရွှေဒင်္ဂါးအနည်းငယ်ကို လက်ဖွဲ့အနေနဲ့ ယူသွားရင်တောင် အဆင့်အတန်းက လိုသေးတယ်ကွ”
ထိုအချိန်တွင်ဘဘေးနားရှိ ယိုရှာစစ်သူရဲတစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်သည်။
“ဝိုး... လှလိုက်တဲ့ မိန်းမတစ်ယောက် ရောက်လာပြီ.. ကြည့်စမ်း”
“ဒါပေမဲ့.. အရပ်ရှည်လွန်းပြီး ရင်သားမရှိဘူးကွ”
ဆိုလွန်၏ နှလုံးသားတစ်ချက် ခုန်သွားကာ မရည်ရွယ်ဘဲ လှမ်းကြည့်လိုက်မိသည်။
‘မကျွတ်မလွတ်တဲ့ တစ္ဆေက နောက်ကနေတစ်ကောက်ကောက်လိုက်လာပြီပဲ... လူကောင်းတွေက အသက်တိုပြီး လူဆိုးတွေက သက်တမ်းရှည်ကြတယ်ပေါ့လေ’
သူ ဒေါသတကြီး သွားကြိတ်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
ထူလင်းတိသည် တကယ်ကို အသက်ပြင်းလှ၏။ သူသည် သူမ၏ ရင်ဘတ်ကို ဓားဖြင့် ထိုးဖောက်ခဲ့သော်လည်း ယခုထိအသက်ရှင်နေဆဲပင်။
ဆိုလွန် နိုးလာစဉ်က အသူရာမိစ္ဆာကြယ်အား ထူလင်းတိ သေ၊ မသေ မေးမြန်းခဲ့သည်။
အသူရာမိစ္ဆာကြယ်က ခြင်္သေ့ကျားသားရဲသည် အလွန်မြန်ဆန်စွာ ထွက်ပြေးလာသဖြင့် ထူလင်းတိရှိရာနေရာနှင့်အလွန်ဝေးကွာသွားသောကြောင့်ခြေအနေကို မသိနိုင်ကြောင်း ဆိုသည်။
ယခု သူမကို ထပ်မံ မြင်တွေ့လိုက်ရသောအခါ ဤမိန်းမ အမှန်တကယ်ပင် မသေသေးကြောင်း သေချာသွားလေပြီ။
ချက်ချင်းပင် ဆိုလွန်၏ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများ ထသွားရသည်။ အဘယ်ကြောင့် ထူလင်းတိက သူ ဤနေရာ၌ ရှိနေကြောင်း သိနေရပါသနည်း။ အကယ်၍ ထူလင်းတိ လက်ထဲသို့ ထပ်မံ ကျရောက်သွားပါက သေချာပေါက် သေရပေလိမ့်မည်။
သို့ဖြင့် လူအုပ်ကြားထဲ၌ ရောနှောလိုက်ကာအမြန် ပုန်းကွယ်လိုက်သည်။
ထိုစဉ် ခံတပ်သခင် ဖုန်းပေါ်လျဲ့ ရှေ့ထွက်လာကာ ခါးညွှတ်၍ ထူလင်းတိအား ခံတပ်အတွင်းသို့ ကြိုဆိုလိုက်သည်။ ရှင်းလင်းစွာပင် သူသည် ထူလင်းတိတစ်ယောက် မည်သူမည်ဝါဖြစ်ကြောင်းကို မသိပေ။
ထူလင်းတိသည် သူမ၏ အဆင့်အတန်းကို ဖုံးကွယ်ထားသောကြောင့်ပင်။ သို့မဟုတ်ပါက သူမအား ကြိုဆိုရန် ဒူးထောက်ရ ပေလိမ့်မည်။ ခံတပ်အတွင်းသို့ ဝင်ရောက်လာသောအခါ ထူလင်းတိ၏ မျက်လုံးများသည် ပွဲတော်ရှိ လူအုပ်ကြီးရှိရာဆီသို့ တစ်ချက်ဝေ့ကြည့်လာကာ တစ်စုံတစ်ယောက်ကိုရှာဖွေနေဟန်ရှိသည်။
ထို့နောက်တွင်မှ ဖုန်းပေါ်လျဲ့နောက်မှ ခံတပ်အတွင်းသို့ ဝင်ရောက်သွားလေသည်။
ထိုအချိန်တွင် ထူလင်းတိ၏ နောက်တွင် သတ်လတ်ပိုင်းအရွယ် လူ ငါးဦး လိုက်ပါလာသည်ကို ဆိုလွန် သတိပြုမိလိုက်သည်။ သူတို့သည် သူမနှင့်အတူ လာခြင်းမဟုတ်သကဲ့သို့ ဟန်ဆောင်ထားသော်လည်း သူမကို အစဉ်တစိုက် လိုက်လံ ကာကွယ်ပေးနေကြသည်။
ထိုငါးဦးသည် အလွန်မြင့်မားသော သိုင်းပညာများကို ပိုင်ဆိုင်ထားကြ၏။ ဆိုလွန်က အသူရာမိစ္ဆာကြယ်အား နဂါးချီစွမ်းအင်အနည်းငယ်ကို ထုတ်လွှတ်စေလိုက်လျှင် ထိုစွမ်းအင်သည် သူတို့ငါးဦးနှင့် မီတာဆယ်ကျော် အကွာ၌ပင် ပြန်ကန်ထွက်လာသည်။
“သခင်... ဒီငါးယောက်စလုံးက နဂါးစစ်သည်တော်တွေပဲ.. နုလန်ဘုရင့်နိုင်ငံက ထိပ်တန်းအဆင့် တိုက်ခိုက်ရေးသမားတွေ ဖြစ်ဖို့များတယ်”
အသူရာမိစ္ဆာကြယ်က သတိပေးလာသည်။
ဆိုလွန်တစ်ယောက် တုန်လှုပ်သွားလေပြီ။ နဂါးစစ်သည်တော်ဆိုသည်မှာ သိုင်းပညာရှင်များ၏ အထွတ်အထိပ်အဆင့်ပင်။ ထျန်းရွှေ မြို့တစ်မြို့လုံး၌ ဆိုဟန်ရီ တစ်ဦးတည်းသာ နဂါးစစ်သည်တော်အဖြစ် ကျန်ရှိတော့သည်။
ယခုမူ ဤခံတပ်ငယ်လေးရှိ သခင်လေး၏ မင်္ဂလာပွဲ၌ ထူလင်းတိက နဂါးစစ်သည်တော် ငါးဦးကို ခေါ်ဆောင်လာခဲ့လေသည်။
မဟူရာခံတပ်ရှိ ထူလင်းတိ၏ ပစ်မှတ်မှာ သူမဟုတ်ဘဲ မုန်ထိုလော့ ဖြစ်ကြောင်း ဆိုလွန် ချက်ချင်း ရိပ်မိသွားသည်။
တောင်တစ်သောင်း တောင်တန်းရှိ သူမ၏ လျှို့ဝှက်မစ်ရှင်မှာ မုန်ထိုလော့အား သတ်ဖြတ်ရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျိနင်၏ အမြင်တွင် မုန်ထိုလော့တစ် ယောက် ဆိုလွန်အား မသတ်နိုင်ခြင်းသည် သစ္စာဖောက်မှုတစ်ခုပင်။
ထို့အပြင် ဤနဂါးစစ်သည်တော် ငါးဦးသည် ကျိနင် သို့မဟုတ် ကျိလီတို့ စေလွှတ်လိုက်ခြင်း ဖြစ်ပေမည်။
ထို့ကြောင့် ယနေ့ည မင်္ဂလာပွဲသည် မုန်ထိုလော့အား သတ်ဖြတ်ရန် ထောင်ထားသည့် ကျော့ကွင်းတစ်ခုသာ ဖြစ်တော့သည်။
ခဏတာ အာရုံစိုက်ပြီးနောက် ထူလင်းတိသည် နဂါးစစ်သည်တော် ငါးဦးသာမက အနည်းဆုံး ကျွမ်းကျင်စစ်သည် ဒါဇင်ပေါင်းများစွာကိုပါ ခေါ်ဆောင်လာခဲ့ပြီး အချို့မှာ ပွဲတော်၌ပင် ရှိနေကြောင်း ဆိုလွန် တွေ့ရှိလိုက်ရသည်။ ယနေ့ညတွင် သူမသည် မုန်ထိုလော့အား မဟူရာခံတပ်၌ သတ်ဖြတ်ရန် သံဓိဌာန်ချထားကြောင်း သေချာသွားသည်။
ထို့အပြင် ထူလင်းတိမှာ ပြင်းထန်စွာ ဒဏ်ရာရထားပြီး မျက်နှာ ဖြူလျော်ကာ နှုတ်ခမ်းများတွင် သွေးရောင်မရှိကြောင်း ဆိုလွန် သတိပြုမိလိုက်၏။ သို့တိုင် သူမ၏ မင်္ဂလာပွဲသို့ အတင်းအကျပ် တက်ရောက်လာခြင်းသည် မုန်ထိုလော့အား ခြုံခိုတိုက်ခိုက်ရန် အချိန်ကြာမြင့်စွာကတည်းက စီစဉ်ထားကြောင်း ပြသနေသည်။
မုန်ထိုလော့ သေ၍မရချေ။ အကယ်၍ သူမ သေသွားပါက နဂါးတံဆိပ်တုံး ကျောက်တိုင်ကို ယူရန် ဆိုလွန်အား လူရိုင်းနယ်မြေထဲသို့ မည်သူက ခေါ်ဆောင်သွားမည်နည်း။
‘အခု ဘာလုပ်ရမလဲ.. ငါ့အသက်အန္တရာယ် မရှိစေဘဲ ဒီသတင်းကို မုန်ထိုလော့ဆီ ဘယ်လို ပို့ရမလဲ’
အကြိမ်ကြိမ် စဉ်းစားကြည့်သော်လည်း လုံးဝ အမှားအယွင်းကင်းသည့် နည်းလမ်းတစ်ခုကို ရှာတွေ့ရန် ခက်ခဲနေသည်။ အကြောင်းမှာ မုန်ထိုလော့အနီးသို့ သူ ချဉ်းကပ်ရန် အလွန် ခက်ခဲသောကြောင့် ဖြစ်၏။
အပိုင်း ၂၇၂ ပြီး။