အခန်း ၂၇၃
Vol. 28 Ch. 273
အပိုင်း၂၇၃
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ထိုစဉ် လူတစ်စု ခံတပ်အတွင်းသို့ ဝင်ရောက်လာသည်။ သူတို့သည် အလွန်တရာ ထူးခြားဆန်းပြားသော ဝတ်စုံများကို ဝတ်ဆင်ထားပြီး မျက်နှာများ၌ မိတ်ကပ်များ လိမ်းကျံထားသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း လုံးဝ ခွဲခြား၍မရချေ။ ထို့အပြင် သူတို့ တစ်ဦးစီတိုင်းသည် တူရိယာ အမျိုးမျိုးနှင့် ဖျော်ဖြေရေးပစ္စည်းများကို သယ်ဆောင်လာကြသည်။
ထိုလူစုမှာ မျက်နှာမဲ့ ပြဇာတ်အဖွဲ့တစ်ခု ပင်။ သူတို့သည် ပွဲတော်ကို ပိုမိုစည်ကားစေရန် မင်္ဂလာပွဲများ၌ ဖျော်ဖြေလေ့ရှိပြီး အချို့က တူရိယာတီးခတ်ကာ သီချင်းဆိုပြီး အချို့ကမူ သရုပ်ဆောင်ကာပြဇာတ် ကပြကြသည်။ ထိုသို့သော ပြဇာတ်အဖွဲ့များကို အထက်တန်းစားအဖြစ် မသတ်မှတ်ကြပေ။
အနည်းဆုံးအနေဖြင့် ထိုသို့သော ဖျော်ဖြေမှုမျိုးသည် တော်ဝင်မြို့တော် ကျစ်တူး၌ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် ဤ နေရာသည် နယ်စပ်ဒေသ ဖြစ်သောကြောင့် မျက်နှာမဲ့ ပြဇာတ်အဖွဲ့ကို ဖိတ်ကြားရန်ပင် အတော်လေး ခက်ခဲလှ၏။မကြာမီ မျက်နှာမဲ့ ပြဇာတ်အဖွဲ့ဝင်များသည် ညဘက်၌ ဖျော်ဖြေရာတွင် အားအပြည့်ရှိရန်အတွက် ထောင့်တစ်နေရာတွင် သွားရောက်စားသောက်လိုက်ကြသည်။
ဆိုလွန်သည် ထိုလူစုကို စောင့်ကြည့်နေလိုက်၏။ အစားအသောက်များ အလွန်အကျွံ စားသောက်ပြီးနောက် သူတို့ အိမ်သာသွားရန် လိုအပ်လာမည်သာ။ ထင်ထားသည့်အတိုင်းပင် ၁၅မိနစ် အကြာ၌ မျက်နှာဖြူ လူပြက်တစ်ဦးသည် အိမ်သာသွားရန် ထိုင်ခုံမှ ထွက်ခွာသွားသည်။
ဆိုလွန်လည်း သူ့နောက်သို့ လိုက်သွားကာ အနောက်မှ အလွယ်တကူ ရိုက်ချလိုက်ပြီးထိုသူ၏ အဝတ်အစားများကို ချွတ်၍ လဲလှယ် ဝတ်ဆင်လိုက်သည်။ ထို့နောက် သူ၏ အိတ်ကပ်ထဲမှ ဆေးများကို အသုံးပြုကာ မျက်နှာတစ်ခုလုံးကို အဖြူရောင် လိမ်းကျံလိုက်ပြီး မူလရုပ်သွင် အားလုံးကို အပြည့်အဝဖုံးကွယ်ပစ်လိုက်သည်။
သို့ဖြင့် ထိုလူအား ခံတပ်၏ ထောင့်တစ်နေရာ၌ ဖွက်ထားလိုက်ကာ မျက်နှာမဲ့ ပြဇာတ်အဖွဲ့ထဲသို့ အလွယ်တကူ ရောနှောဝင်ရောက်သွားတော့သည်။ ဇာတ်အဖွဲ့သည် အားရပါးရ စားသောက်ပြီးသောအခါ ခံတပ်ခန်းမထဲသို့ ချက်ချင်း ဝင်ရောက်သွားကာ အစွမ်းကုန် စတင်ဖျော်ဖြေကြသည်။
ပြဇာတ်အဖွဲ့ထဲရှိ ဆိုလွန်၏ တာဝန်မှာ ဗုံတီးရန် ဖြစ်၏။ ထိုသို့သော မျက်နှာမဲ့ အော်ပရာမျိုး၌ ဗုံကို မည်သို့ တီးရမည်ကို မသိသော်လည်း သူသည် အနုပညာ ပါရမီရှင်တစ်ဦးဖြစ်သဖြင့် စည်းချက်ကို လွယ်ကူစွာ ရှာတွေ့သွားကာ ဗုံကို အမှားအယွင်းမရှိ တီးခတ်နိုင်ခဲ့သည်။
ဗုံတီးနေစဉ် ဆိုလွန်သည် ထိုင်ခုံများဆီသို့ သာမန်ကာလျှံကာ လှမ်းကြည့်လိုက်သောအခါ ထူလင်းတိအား ချက်ချင်း မြင်တွေ့လိုက်ရသည်။
ယခုအချိန်၌ သူမသည် ခန်းမ၏ ထိပ်ဘက်သို့ ကျောခိုင်းထားကာ မုန်ထိုလော့အား ပေးမမြင်လိုသေးကြောင်း သိသာလှ၏။
…
မင်္ဂလာအခမ်းအနားသည် များသောအားဖြင့် မင်္ဂလာပွဲစဉ် အတီးအမှုတ်များဖြင့် စတင်လေ့ရှိကာ ထို့နောက်မှသာ ပွဲတော်ကို ကျင်းပသည်။ ထို့ကြောင့် ဧည့်သည်အားလုံး ထိုင်ခုံများ၌ နေရာယူထားကြပြီး သတို့သမီး ရောက်လာမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။
ဆိုလွန်သည် သတို့သမီး၏ အလှအပနှင့် ပတ်သက်၍ ဆွေးနွေးနေကြသော အသံများစွာကို ကြားနေရသည်။
“အခမ်းအနား စတင်ပါပြီ.. တေးဂီတတွေ တီးခတ်ကြပါ”
အခမ်းအနားမှူးက အော်ဟစ်လိုက်သည်။
ချက်ချင်းပင် ပျော်ရွှင်ဖွယ် တေးဂီတသံများသည် မင်္ဂလာခန်းမဆောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ဧည့်သည်များအားလုံး သက်ဆိုင်ရာနေရာများတွင် ထိုင်လိုက်ကြသည်။
ခံတပ်သခင်နှင့် သူ၏ ဇနီးသည်တို့သည် အိမ်ဦးနတ်များအဖြစ် ထိပ်ဆုံးခုံများ၌ ထိုင်လိုက်ကာ သတို့သားနှင့် သတို့သမီး ဦးချမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
“သတို့သားနဲ့ သတို့သမီး ဝင်လာပါပြီ”
ခံတပ်၏ တစ်ဖက်တစ်ချက်ရှိ တံခါးများ ပွင့်သွားပြီး တံခါးတစ်ဖက်မှ သတို့သား ထွက်လာကာ အခြားတံခါးမှ သတို့သမီး ထွက်လာသည်။
အားလုံး၏ မျက်လုံးများသည် သတို့သမီး မုန်ထိုလော့အပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။ သူမသည် မင်္ဂလာအရန်တစ်ဦး၏ အကူအညီဖြင့် ခန်းမအလယ်သို့ ကျက်သရေရှိစွာ လျှောက်လှမ်းလာသည်။ သူမသည် အနီရောင် ပဝါအစကို တပ်ဆင်ထားသဖြင့် မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော်လည်း ခန္ဓာကိုယ် ကောက်ကြောင်းများမှာ အံ့မခန်း ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိလှသည်။
အထူးသဖြင့် မိုးမခကိုင်းကဲ့သို့ နူးညံ့ပျော့ပျောင်းသော သူမ၏ သွယ်လျသည့် ခါးလေးပင်။ လမ်းလျှောက်လာစဉ် သူမ၏ ခါးနှင့် တင်ပါး အကောက်အကွေ့များသည် ခြေလှမ်းတိုင်း၌ လှုပ်ယမ်းနေရာ ဆွဲဆောင်မှု အပြည့်ရှိလှ၏။
ထိုအချိန်၌ ဆိုလွန်သည်လည်း သူမကို သေချာပေါက် မြင်တွေ့နေရသော်လည်း သတိပေးရန်အတွက်မူ အနီးသို့ ချဉ်းကပ်၍ မရသေးချေ။
သတို့သားနှင့် သတို့သမီးတို့သည် ကော်ဇောနီပေါ်၌ လျှောက်လှမ်းလာကြပြီး ခန်းမအလယ်၌ ဆုံတွေ့ကြသည်။
“မင်္ဂလာအခမ်းအနား စတင်ပါပြီ..ဂုဏ်သရေရှိ ဧည့်သည်တော်များအားလုံး ကျေးဇူးပြု၍ မတ်တတ်ရပ်ပေးကြပါ”
အခမ်းအနားမှူး၏ ကြေညာချက်ကြောင့် တက်ရောက်လာသော ဧည့်သည်အားလုံး မတ်တတ်ရပ်လိုက်ကြ၏။
“ပထမအကြိမ်... မိုးနဲ့မြေကိုကန်တော့ပါ...”
သတို့သားနှင့် သတို့သမီးတို့သည် တံခါးအပြင်ဘက်ရှိ ကောင်းကင်နှင့် မြေကြီးကို မျက်နှာမူကာ ဒူးထောက်ဦးညွှတ်လိုက်ကြသည်။
“ဒုတိယအကြိမ် မိဘတွေကို ကန်တော့ပါ”
သတို့သားနှင့် သတို့သမီးတို့သည် ခန်းမထိပ်ရှိ ခံတပ်သခင်နှင့် သူ၏ ဇနီးရှေ့၌ ဒူးထောက်ဦးညွှတ်လိုက်ကြ၏။
“ဇနီးမောင်နှံ အချင်းချင်းဦးညွှတ်ပါ”
သတို့သားနှင့် သတို့သမီးတို့ အချင်းချင်း မျက်နှာချင်းဆိုင်ကာ ဦးညွှတ်လိုက်ကြသည်။
“သတို့သားနဲ့ သတို့သမီး... မင်္ဂလာဝိုင်ကို အတူတူ သောက်သုံးပါ”
ထိုအချိန်၌ ဧည့်သည်များက သတို့သမီး မည်မျှ လှပကြောင်းကို မြင်ချင်နေကြသဖြင့် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ကြသည်။
“ပဝါစကို ဖယ်လိုက်.. ပဝါစကို ဖယ်လိုက်”
ချောမောသော သတို့သားသည် ထိုအားပေးစကားများကြောင့် နောက်ဆုံးတွင်တောင့်မခံနိုင်တော့ဘဲ ပဝါစ၏ တစ်ဖက်ကို ညင်သာစွာ မလိုက်သောအခါ မုန်ထိုလော့၏ ပြိုင်ဘက်ကင်းလှသော အဆိပ်မိဖုရား၏ မျက်နှာ ပေါ်ထွက်လာသည်။
ချက်ချင်းပင် အခန်းတစ်ခုလုံး၌ အသက်ရှူမှားသွားသံများ ဆက်တိုက်ထွက်ပေါ်လာပြီး အလွန်အမင်း အံ့ဩမှင်သက်နေသော အကြည့်များဖြင့် ပြည့်နှက်သွားသည်။
ယနေ့ည သတို့သမီး လှပမည်ဟု ကြားထားသော်လည်း ထိုမျှလောက် လှပလိမ့်မည်ဟု မည်သူမှ မထင်ထားကြချေ။ သူမသည် တကယ်ကို ဆွဲဆောင်မှု ပြည့်ဝလှ၏။
“ခွက်ချင်းယှက်ပြီး အတူတူ သောက်ပါ”
“နမ်းလိုက်.. နမ်းလိုက်...”
ဤနေရာသည် နယ်စပ်ဒေသဖြစ်ပြီး လူများမှာ ရိုင်းစိုင်းကြမ်းတမ်းကြကာ နေရာမှာတင် သတို့သမီးအား နမ်းခြင်း သို့မဟုတ် ထိုထက်ပို၍ အရိုင်းဆန်သော လုပ်ရပ်များသည် ရံဖန်ရံခါ ဖြစ်ပေါ်လေ့ရှိ၏။
မျှော်လင့်ထားသည့်အတိုင်း သတို့သားသည် သူမကို နမ်းရန် စိတ်အားထက်သန်နေသည်။
ထိုအချိန်၌ ထူလင်းတိသည် သူမ၏ ဝိုင်ခွက်ကို နှုတ်ခမ်းနားသို့ မြှောက်လိုက်သော်လည်း မသောက်ခဲ့ပေ။
ယခုအချိန်တွင် ဧည့်သည်များ သောက်သုံးရမည် မဟုတ်ပေ။ သူမ၏ ဝိုင်ခွက်ကိုမော့ဟန်ပြုသည့်အမူအရာသည် အချက်ပြမှု တစ်ခုသာ ဖြစ်၏။
သူမ သောက်လိုက်သည်နှင့် တစ်ပြိုင်နက် တိုက်ခိုက်ရမည့် အချိန်ဖြစ်ကာ နဂါးစစ်သည်တော် ငါးဦးစလုံးသည် အခြားသော မရေမတွက်နိုင်သည့် ကျွမ်းကျင်သူများနှင့်အတူ မုန်ထိုလော့အပေါ်သို့ ခုန်အုပ်ကာ အသေအလဲ တိုက်ခိုက်ကြ ပေလိမ့်မည်။
‘ငါ မုန်ထိုလော့ကို အခုချက်ချင်း သတိပေးမှ ဖြစ်မယ်.. ကိုယ့်ကိုယ်ကိုယ် မပေါ်လွင်စေဘဲ မုန်ထိုလော့ကို သတိပေးဖို့ အကောင်းဆုံး နည်းလမ်းကို ရှာရမယ်’
မကြာမီ ဆိုလွန်သည် အကောင်းဆုံး ဖြေရှင်းနည်းကို စဉ်းစားမိသွား၏။
ထို့နောက် ရုတ်တရက် ဆိုလွန်၏ လက်ထဲရှိ ဗုံတီးသံသည် ပြောင်းလဲသွားကာ မြန်ဆန် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ဆွဲဆောင်မှု ရှိလာသည်။
“ဒုန်း... ဒုန်း... ဒုန်း... ဒုန်း... ဒုန်း...”
သူသည် ဗုံတီးရန်အတွက် အလွန် သင့်တော်လှသော ဂန္ထဝင်တေးသွားဖြစ်သည့် အရပ်ဆယ်မျက်နှာမှ ခြုံခိုတိုက်ခိုက်ခြင်းသံစဥ်ကို တီးခတ်လိုက်ခြင်းပင်။
ထိုတေးသွား၏ အဓိပ္ပာယ်ကို တက်ရောက်လာသော အခြားသူများ နားမလည်နိုင်သော်လည်း မုန်ထိုလော့မှာမူ မဟာဂီတပညာရှင်တစ်ဦး ဖြစ်သောကြောင့် သေချာပေါက် နားလည်နိုင်ပေလိမ့်မည်။
ဆိုလွန်တစ်ယောက် အိပ်မက်ထဲက မင်္ဂလာဆောင်တေးသံစဉ် ကို တီးခတ်စဉ်က ယင်းသည် အလွမ်းဇာတ်လမ်းတစ်ပုဒ်ဖြစ်ကြောင်း သူမ ချက်ချင်း သိခဲ့သကဲ့သို့ မည်သည့် ဂန္ထဝင်တေးသွားကိုမဆို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ထိုတေးသွား၏နောက်ကွယ်မှအဓိပ္ပာယ်ကို သူမ ချက်ချင်း နားလည်သဘောပေါက်နိုင်လိမ့်မည်။
သာမန်လူများကမူ ယင်းကို ရိုမန်တစ်ဆန်ပြီး ပေါ့ပါးသော တေးသွားတစ်ခုအဖြစ်သာ အထင်လွဲကြမည်ဖြစ်သည်။
ဆိုလွန်သည် နာမည်ကျော် အရပ်ဆယ်မျက်နှာမှ ခြုံခိုတိုက်ခိုက်ခြင်းတေးသွားကို ဖန်တီးရန် နဂါးစွမ်းအားကိုပါ ပေါင်းစပ် အသုံးပြုလိုက်သည်။
“ဒုန်း... ဒုန်း... ဒုန်း... ဒုန်း...”
ထူးခြားပြင်းထန်သော စည်းချက်နှင့် နဂါးစွမ်းအားများ ပေါင်းစပ်ပါဝင်နေသဖြင့် သူ၏ ဗုံတီးသံသည် အခြားတေးဂီတများကြား၌ ရုတ်တရက် ထင်ရှားပေါ်လွင်လာ၏။
ထူလင်းတိပင်လျှင် ဗုံသံသည် အနည်းငယ် ရုတ်တရက်ဆန်နေသည်ဟု ခံစားလိုက်ရသည်။ သို့သော်လည်း သူမသည် ဂီတအကြောင်း သို့မဟုတ် ဗုံသံ၏ အဓိပ္ပာယ်ကို နားမလည်သဖြင့် အပြောင်းအလဲများကိုသတိမထားမိခဲ့ချေ။
တစ်ဖက်ရှိ မုန်ထိုလော့၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခြင်းမရှိသော်လည်း သူမ၏ နူးညံ့သော နားရွက်လေးများ အနည်းငယ် လှုပ်ရှားသွားသည်ကို ဆိုလွန် သတိပြုမိလိုက်သည်။
မှန်ပေသည်။ သူမသည် ဂီတနှင့်ပတ်သက်လျှင် အံ့မခန်း အာရုံခံနိုင်စွမ်းရှိသော မဟာဂီတပညာရှင်တစ်ဦး ဖြစ်၏။
ဆူညံပွက်လောရိုက်နေသော ပွဲတော်ဂီတသံများကြား၌ ဆိုလွန်၏ စည်းချက်ကို မုန်ထိုလော့ လွယ်ကူစွာ တွေ့ရှိသွားလေပြီ။
‘ဘယ်သူ... ဘယ်သူများလဲ’
‘ရိုးရှင်းတဲ့ ဗုံတစ်လုံးနဲ့ ဒီလောက် ပြင်းထန်ပြီး အံ့ဩစရာကောင်းတဲ့ တေးဂီတကို တီးခတ်နိုင်တာ... လူတွေရဲ့ နှလုံးသားကြိုးတွေကို လုံးဝ ထိန်းချုပ်လိုက်နိုင်တာပဲ’
ဤသည်က သူမ၏ ပထမဆုံး အတွေးဖြစ်၏။
သူမ၏ ဒုတိယအတွေးမှာ တစ်စုံတစ်ယောက်က သူမအား သတိပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။ ထိုသူသည် မည်သူနည်း။
ထို့နောက် အလိုအလျောက်ပင် ဆိုလွန်ကို တွေးမိသွားသည်။ အကြောင်းမှာ သူသည် သူမ ပထမဆုံးတွေ့ဖူးသည့် ဂီတပါရမီရှင်တစ်ဦး ဖြစ်နေသောကြောင့်ပင်။ သို့သော် ဆိုလွန်သည် ယခုအချိန်၌ နုလန်ဘုရင့်နိုင်ငံတွင် ရှိနေသင့်သည်။ ဤကဲ့သို့သော မင်္ဂလာပွဲမျိုးကို သေချာပေါက် တက်ရောက်နေမည် မဟုတ်ပေ။
မုန်ထိုလော့သည် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး လှပသော ဗုံသံကို အာရုံစိုက် နားထောင်ရင်း တိုက်ခိုက်မှုအတွက် ပြင်ဆင်ရန် သူမ၏ ခွန်အားအားလုံးကို စုစည်းလိုက်သည်။
ထိုအချိန်၌ မဟူရာခံတပ် သခင်လေး၏ မျက်နှာမှာ သူမ၏ နှုတ်ခမ်းငယ်လေးအား နမ်းရန် ပို၍ နီးကပ်လာလေပြီ။
ရုတ်တရက် မုန်ထိုလော့၏ မျက်နှာထက်၌ အလွန်အမင်း ရင်သပ်ရှုမောဖွယ်ကောင်းသော အပြုံးတစ်ခု ပေါ်လာရာ သတို့သားမှာ ဝိညာဉ်လွင့်သွားမတတ် ဖြစ်သွားလေသည်။
မုန်ထိုလော့သည် သူမ၏ နူးညံ့သော လက်လေးဖြင့် သတို့သား၏ လည်ပင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
သတို့သား၏ ချောမောသော ဦးခေါင်းမှာ ရုတ်တရက် ပြတ်ထွက်သွားပြီး သွေးများ ပန်းထွက်လာသည်။ မြေပြင်ပေါ်သို့ သူ၏ ခေါင်းပြုတ်ကျသွားချိန်၌ သူ၏ မျက်နှာထက်တွင် စိတ်ဝိညာဉ် လွင့်သွားမတတ် ပျော်ရွှင်နေသော အပြုံးတစ်ပွင့် ကျန်ရစ်နေဆဲပင်။
တက်ရောက်လာသူ အားလုံးသည် အိပ်မက်မက်နေသကဲ့သို့ အံ့ဩမှင်သက်သွားကြပြီးမှ ရုတ်တရက် သူတို့ မြင်တွေ့နေရသည့် အရာကို မယုံကြည်နိုင်ဖြစ်သွားကြသည်။
ထူလင်းတိ တစ်ဦးတည်းကသာ အမြန်ဆုံး တုံ့ပြန်နိုင်လိုက်ပြီး သူမ၏ ခွက်ကို အားကုန် ဆောင့်ချကာ စူးရှစွာ အော်ဟစ်လိုက်သည်။
“သတ်စမ်း”
ရုတ်တရက် ဧည့်သည်များကြား၌ ပုန်းအောင်းနေသော ကျွမ်းကျင်သူ ဒါဇင်ကျော်ခန့်ထွက်ပေါ်လာကာ မုန်ထိုလော့ရှိရာဆီသို့ အရပ်မျက်နှာ အသီးသီးမှ ခုန်အုပ်လိုက်ကြသည်။
ထိုအထဲတွင် နဂါးစစ်သည်တော် ငါးဦးလည်း ပါဝင်၏။
မဟူရာခံတပ်သခင်သည် အခင်းဖြစ်ပွားရာ နေရာနှင့် အနီးဆုံး၌ ရှိနေခဲ့ပြီး သူ၏ သားဖြစ်သူ ကြေကွဲဖွယ် သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။ ထို့နောက် ဟိန်းဟောက်သံကြီးနှင့်အတူ သူသည်လည်း မုန်ထိုလော့ဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားတော့သည်။
အပိုင်း ၂၇၃ ပြီး။