← Chapters

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း ၂၇၄

Vol. 28 Ch. 274

အပိုင်း၂၇၄

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ထိုအခါမှ ဧည့်သည်များသည် အဖြစ်အပျက်ကို နောက်ဆုံး၌ သဘောပေါက်သွားကြပြီး ထိတ်လန့်တကြားဖြင့် ခန်းမထဲမှ အပြင်းအထန် ထွက်ပြေးကြတော့သည်။ ဆိုလွန်လည်း သူတတ်နိုင်သမျှအားလုံး လုပ်ပြီးသွားပြီဖြစ်သဖြင့် လူအုပ်ထဲနှင့်အတူ အပြင်သို့ ပြေးထွက်သွားလေပြီ။ ခန်းမထဲ၌ ဆက်နေခြင်းက သူ့အတွက် အကျိုးမရှိဘဲ အသက်အန္တရာယ်ရှိရုံသာ ဖြစ်ပေမည်။

သို့သော် လူတိုင်း အံ့ဩသွားစေသည့်အရာမှာ မုန်ထိုလော့ကိုတိုက်ခိုက်ရမည့် ထူလင်းတိသည် ရုတ်တရက်မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ဆိုလွန်ရှိရာလူအုပ်ဆီသို့ လျင်မြန်စွာ ပြေးဝင်သွားခြင်းပင်။

…

ဒါဇင်နှင့်ချီသည့် ကျွမ်းကျင်သူများ၊ နဂါးစစ်သည်တော် ငါးဦးနှင့် မဟူရာခံတပ်သခင်တို့သည် အရိပ်များအဖြစ် ပြောင်းလဲသွားကာ မုန်ထိုလော့အပေါ်သို့ လျှပ်စီးလက်သည့် အလျင်ဖြင့် ခုန်အုပ်လိုက်ကြ၏။

မုန်ထိုလော့၌ အမြင့်ဆုံးသော သိုင်းပညာအဆင့်သို့ရောက်ရှိနေလျှင်ပင် ဒါဇင်နှင့်ချီသည့် ကျွမ်းကျင်သူများကို ယှဉ်နိုင်မည်မဟုတ်ပေ။ သူမ သေချာပေါက် ကျရှုံးမည်ဖြစ်ပြီး လွတ်မြောက်ရန် အခွင့်အရေး မရှိပါချေ။

သို့ရာတွင် ထိုအချိန်၌ သူမ၏မျက်နှာပေါ်တွင် ရင်သပ်ရှုမောဖွယ်ကောင်းသည့် အပြုံးတစ်ပွင့် ပွင့်လန်းလာ၏။ ထို့နောက် သတို့သား ခန္ဓာကိုယ်ပေါ်ရှိ သွေးများသည် ရုတ်တရက် အရောင်ပြောင်းသွားကာ တစ်ခဏအတွင်း အနီရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲသွားသည်။

“ဝုန်း”

သတို့သား၏ ခန္ဓာကိုယ် ပေါက်ကွဲသွားလေပြီ။ အလွန် ပြင်းထန်သော အဆိပ်ရှိသည့် အစိမ်းရောင် သွေးစက်များ နေရာအနှံ့ ပန်းထွက်သွားသည်။

တစ်ချိန်တည်းမှာပင် ကြမ်းတမ်းခက်ထန်လှသည့် မဟူရာခံတပ်သခင် ဖုန်းပေါ်လျဲ့သည် ရှေ့သို့ ပြေးဝင်လာကာ သူ၏ ထက်မြက်သော လက်သည်းများသည် သူမ၏ လှပသည့် မျက်နှာကိုဆွဲဖြဲရန် နှစ်ပေအကွာအတွင်း ရောက်လာ၏။

“ဝုန်း”

သို့သော် သူသည်လည်း မုန်ထိုလော့နှင့် တစ်ပေအကွာ၌ ရှိနေစဉ် ခန္ဓာကိုယ်ကြီး ရုတ်တရက် ပေါက်ကွဲသွားပြန်သည်။

အကြောင်းမှာ ထိုသူနှစ်ဦးသည် မုန်ထိုလော့၏ လျှို့ဝှက်စွာ အဆိပ်ခတ်ခြင်းကို ခံထားရပြီး ဖြစ်သောကြောင့်ပင်။

ချက်ချင်းပင် အလောင်းနှစ်လောင်းသည် ဗုံးများအဖြစ် ပြောင်းလဲသွားပြီး အလွန် ပြင်းထန်သည့် အဆိပ်ရှိသော အသွေးအသားစများ နေရာအနှံ့သို့လွင့်စင်သွားသည်။ ထိုအသွေးအသားစများသည် အလွန်တရာ အဆိပ်ပြင်းလှ၏။ ထိမိပါက ပွဲချင်းပြီး သေဆုံးသွားပေမည်။

ဒါဇင်နှင့်ချီသည့် ကျွမ်းကျင်သူများသည် ထိုအရာများကို အချိန်မီ မရှောင်တိမ်းနိုင်ဘဲ ထိမှန်သွားကြကာ ချက်ချင်းပင် ခန္ဓာကိုယ်များ တိုက်စားခံရတော့သည်။

“အား”

စူးရှသည့် အော်ဟစ်သံများနှင့်အတူ လူ ဒါဇင်ကျော်ခန့် ပွဲချင်းပြီး သေဆုံးသွားသည်။ မြင့်မားသည့် ကျင့်ကြံမှုနှင့် ဖျတ်လတ်လျင်မြန်သော နဂါးစစ်သည်တော် ငါးဦးသာ စွမ်းအင်ဒိုင်းကာတစ်ခု ဖွဲ့စည်းပြီး နဂါးချီစွမ်းအင်ကို အသုံးပြုလိုက်သဖြင့် အဆိပ်သွေးမိုးများမှ ရှောင်လွှဲနိုင်ခဲ့သည်။

သူတို့သည် အရှိန်အနည်းငယ်လျော့သွားသော်လည်း မုန်ထိုလော့၏ ဝိုင်းရံထားမှုဆီသို့ ဆက်လက် ပြေးဝင်သွားကြဆဲပင်။

မုန်ထိုလော့သည် သတိလစ်နေသည့် ခံတပ်သခင်မဆီသို့ လျှပ်စီးလက်သကဲ့သို့ ပြေးဝင်သွားကာ သူမ၏ လက်ချောင်းငါးချောင်းဖြင့် သခင်မ၏ လည်ပင်းကို ချိုးပစ်လိုက်၏။

“ဂျွတ်”

ထို့နောက် မုန်ထိုလော့သည် ခံတပ်သခင်မ၏ အလောင်းကို အကြမ်းပတမ်း ဆွဲဖြဲလိုက်ရာ သွေးများအားလုံးသည် အလွန်ပြင်းထန်သည့် အဆိပ်ရှိသော အစိမ်းရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး သူမ၏ ပတ်ပတ်လည်၌ ရူးသွပ်စွာသိပ်သည်းထွက်ပေါ်လာသည်။

မုန်ထိုလော့တစ်ယောက် သိပ်သည်းထူထဲသည့် အဆိပ်သွေးမြူခိုးများ၏ ကာကွယ်မှုအောက်၌ ကျရောက်သွားလေပြီ။ နဂါးစစ်သည်တော် ကျွမ်းကျင်သူ ငါးဦးသည် ခဏတာမျှ မချဉ်းကပ်ရဲကြဘဲ အဝေးမှသာ ဝိုင်းရံထားနိုင်ကြတော့သည်။

မုန်ထိုလော့ နှာခေါင်းရှုံ့လိုက်၏။

“ဟမ့်... ကျိနင်ရဲ့ နောက်လိုက်ခွေးတွေလား...”

“တကယ်ပဲ အထင်ကြီးစရာတော့ ကောင်းသားပဲ”

ထို့နောက် အလွန် ပြင်းထန်သည့် အဆိပ်သွေးမြူခိုးများ၏ ကာကွယ်မှုဖြင့် မုန်ထိုလော့သည် တစ္ဆေတစ်ကောင်အလား ပြောင်းလဲသွားကာ လျင်မြန်စွာ ထွက်ပြေးသွားသည်။

ထိုအခါမှ နဂါးစစ်သည်တော် ငါးဦးလည်း နောက်မှ အလျင်အမြန် လိုက်လံ ဖမ်းဆီးရတော့သည်။

…

တစ်ဖက်၌။

လူအုပ်ကြီးက သူမ၏ လမ်းကို ပိတ်ဆို့ထားသော်လည်း ထူလင်းတိသည် ဆိုလွန်နှင့် ပို၍ နီးကပ်လာနေလေပြီ။

‘ဒုက္ခပဲ.. ငါသာ ဒီရက်စက်တဲ့ မိန်းမလက်ထဲကို ကျသွားရင် သေချာပေါက် သေရတော့မှာပဲ’

“ဟီးဟီး... ဆိုလွန်... မင်း ငါ့လက်ထဲကို ထပ်ရောက်လာလိမ့်မယ်လို့ ထင်မထားဘူး..”

“ဒီတစ်ခါတော့ မင်းရဲ့ ခေါင်းကို ဓားတစ်ချက်တည်းနဲ့ သေချာပေါက် ခုတ်ဖြတ်ပစ်မယ်...”

ထူလင်းတိ၏ အသံသည် ပကတိ သတ်ဖြတ်လိုစိတ်များ အပြည့်ဖြင့် ဆိုလွန်၏ နားထဲသို့ စူးဝင်လာ၏။

သူမ၏စကားအဆုံး၌ ချက်ချင်းပင် ဆိုလွန်၏ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားကာ အစွမ်းထက်သည့် စွမ်းအင်တစ်ခုဖြင့် လွှမ်းခြုံခံလိုက်ရသည်။

‘အင်း.. ငါတော့သေပြီနဲ့တူတယ်’

ထိုအချိန်၌ ထူလင်းတိသည် ဆိုလွန်၏ ကျောဘက်ကို ထိုးသွင်းရန် ဓားကို ဝှေ့ယမ်းလိုက်လေပြီ။

သို့သော် ရင်သပ်ရှုမောဖွယ်ကောင်းသည့် လှပသော ပုံရိပ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာကာ ဆိုလွန်၏ ကျောဘက်သို့ ပျံသန်းလာသည့် ဓားကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်ပြီး ကျန်လက်တစ်ဖက်က ဆိုလွန်အား ပွေ့ဖက်လိုက်သည်။

“သခင်လေး... ရှင့်ကို ကျွန်မ သိပ်လွမ်းနေတာ”

မုန်ထိုလော့၏ ဆွဲဆောင်မှုရှိသည့် အသံလေးသည် ဆိုလွန်၏ နားထဲ၌ ပဲ့တင်ထပ်သွားသည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားကာ မုန်ထိုလော့သည် ဆိုလွန်ကို သယ်ဆောင်၍ အလွန် မြန်ဆန်သည့် အရှိန်ဖြင့် ထွက်ပြေးသွားတော့သည်။ ဆိုလွန်တစ်ယောက် ချက်ချင်းပင် ထူးဆန်းသော ရနံ့တစ်ခုကို ရှူရှိုက်မိလိုက်ပြီး မုန်ထိုလော့ရင်ခွင်အတွင်း၌ သတိလစ်သွားလေသည်။

ဆိုလွန် ကယ်တင်ခံလိုက်ရသည်ကို မြင်သောအခါ ထူလင်းတိမှာ ခေတ္တမျှအံ့ဩသွားပြီးမှ ချက်ချင်း အမိန့်ပေးလိုက်သည်။

“မြန်မြန်... အဲ့ဒီ ဖောက်ပြန်နေတဲ့ စုံတွဲကို လိုက်သတ်ကြစမ်း”

နဂါးစစ်သည်တော် ငါးဦးသည် သူတို့၏ ခွန်အားများအားလုံးကို အသုံးပြု၍ လိုက်ဖမ်းကြရတော့သည်။

ဆိုလွန် ပါလာသဖြင့် မုန်ထိုလော့၏ အရှိန်မှာ သိသိသာသာ လျော့ကျသွားပြီး မကြာမီ နဂါးစစ်သည်တော် ငါးဦး၏ အမီလိုက်ခြင်းကို ခံရတော့မည် ဖြစ်၏။

ထိုအချိန်၌ သူမသည် နောက်သို့ လှည့်လိုက်ပြီး ဆွဲဆောင်မှုရှိသည့် အပြုံးတစ်ခုကို ထပ်မံ ပြသလိုက်ကာ လက်ထဲမှ အဆိပ် အင်းဆက် ဒါဇင်ပေါင်းများစွာကို ရုတ်တရက် ပစ်လွှတ်လိုက်သည်။

ထိုအဆိပ်ရှိသည့် အင်းဆက်များသည် လူအုပ်ထဲရှိ အချို့လူများ၏ ခန္ဓာကိုယ်များထဲသို့ ကျပန်း ဝင်ရောက်သွားကြလျှင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။

“အား”

“ဝုန်း”

အဆိပ်အင်းဆက်ဝင်သွားသည့် လူများ၏ တစ်ကိုယ်လုံးမှာ လျင်မြန်စွာ အစိမ်းရောင် ပြောင်းသွားပြီး နာကျင်စွာ အော်ဟစ်သံများနှင့်အတူ အဆိပ်ဗုံးများဖြစ်သွားကြခြင်းပင်။

ကြောက်မက်ဖွယ် အဆိပ်သွေးမိုးများ နေရာအနှံ့ စင်ထွက်သွားလေပြီ။

နဂါးစစ်သည်တော် ငါးဦးသည် ထူလင်းတိအနီးသို့ ချက်ချင်း ပြေးသွားကာ သူမကို အလယ်၌ထား၍ ကာကွယ်ပေးလိုက်ကြသည်။

ထိုအချိန်၌ ဆိုလွန်အား သယ်ဆောင်ထားသည့် မုန်ထိုလော့သည် တံတိုင်းပေါ်သို့ ပေါ့ပါးစွာ ခုန်တက်လိုက်ပြီး လူအုပ်ထဲရှိ ထူလင်းတိဆီသို့ လှမ်းပြောလိုက်သည်။

“သခင်မလေး ထူလင်း... ရှင့်ရဲ့ ဓားအတွက် ကျေးဇူးပါပဲ.. ရှင်က ကျွန်မခင်ပွန်းကို ဒီလောက်တောင် မုန်းတီးနေတာ... သူက ရှင့်ကို အိပ်ပြီးတော့ ပစ်သွားလို့များလား”

“ဟိဟိဟိ...”

ထို့နောက် မုန်ထိုလော့၏ မယုံနိုင်လောက်အောင် ညို့ငင်နိုင်စွမ်းရှိသည့် ရယ်မောသံလေးမှာ လေထဲ၌ ပဲ့တင်ထပ်သွားပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးသည် အမှောင်ထုထဲ၌ သဲလွန်စမကျန် ပျောက်ကွယ်သွားလေတော့၏။

…

မည်မျှကြာအောင် သတိလစ်နေသည်ကို မသိရသော်လည်း ဆိုလွန် ထပ်မံ နိုးလာသည်။

ထို့နောက် သူ၏ခန္ဓာကိုယ်ပေါ်၌ အဝတ်အစားမရှိဘဲ ကိုယ်လုံးတီး ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားသည်။ ထို့အပြင် သူ၏ကိုယ်ပေါ်၌ မိန်းမတစ်ယောက် ရှိနေပြီး သူမ၏ ခန္ဓာကိုယ်မှာ နူးညံ့ချောမွေ့နေကာ ဆွဲဆောင်မှုရှိသည့် အပြုံးလေးဖြင့် သူ့ကို ပြုံးပြနေသည်။

ရင်သပ်ရှုမောဖွယ်ကောင်းသော နတ်သမီးတစ်မျှမျက်နှာလေးပင်။

ဆိုလွန်နိုးလာသည်ကိုမြင်သောအခါ မုန်ထိုလော့က မျက်မှောင်ကြုတ်ကာ ချိုသာစွာ ဆိုလာသည်။

“ယောင်္ကျား... ညက ရှင် မတရားကြမ်းတာပဲ”

“ကျွန်မတို့ရဲ့ မင်္ဂလာဦးညအတွက် အစားထိုးပေးပြီးသွားပြီဆိုတော့... ရှင် ကျွန်မကို တာဝန်ယူရမယ်နော်”

ဆိုလွန်သည် သူမ၏စကားကို လျစ်လျူရှုကာ လက်လှမ်းစမ်းကြည့်လိုက်သောအခါ ပိုးသားဘောင်းဘီတစ်ထည်ကို ဝတ်ဆင်ထားကြောင်း တွေ့လိုက်ရသည်။

ထို့နောက် မျက်မှောင်ကြုတ်လိုက်၏။

“မင်းတို့ မျိုးနွယ်စုတစ်ခုလုံး တောင်ဘက်ကို ပြောင်းသွားပြီ မဟုတ်ဘူးလား.. ဘာလို့ ပြန်လာတာလဲ”

သူ၏အမေးစကားကိုကြားသောအခါ မုန်ထိုလော့က ရှင်းပြသည်။

“ကျွန်မတို့ မျိုးနွယ်စုမှာ လူထောင်ချီ၊ သောင်းချီပြီး ရှိတယ်.. တချို့က တောင်တစ်သောင်း တောင်တန်းမှာ နေသားကျနေတော့ တောင်ဘက်ကို မပြောင်းချင်ကြဘဲ ကျန်ရစ်ကြတာ”

“အဲ့ဒီနောက် ကျိနင်နဲ့ ကျိလီက အမဲလိုက်အမိန့်စာထဲမှာ အဆိပ်မြွေ မျိုးနွယ်ဝင်တွေရဲ့ ခေါင်းအတွက် ဆုကြေးငွေကို နှစ်ဆတိုးလိုက်ပြီး ငါတို့လူတွေကို လိုက်သတ်ဖို့ ကျွမ်းကျင်သူတွေ လွှတ်လိုက်တယ်”

“ကျွန်မရဲ့ သေမင်းတမန်ဟွာဆိုတဲ့ ဒဏ္ဍာရီကို ချိုးဖျက်ပစ်လိုက်တာပဲ.. လအနည်းငယ်အတွင်းမှာတင် မုဆိုးတွေ အများကြီး ရောက်လာပြီး မျိုးနွယ်စုကလူတွေကို မျိုးတုန်းသတ်ပစ်ကြတယ်.. “

“အဲ့ဒီထဲမှာ အရက်စက်ဆုံးက.. မဟူရာခံတပ်က လူတွေပဲ”

ထို့ကြောင့်ပင် မုန်ထိုလော့က မဟူရာခံတပ်ကို မင်္ဂလာပွဲလုပ်၍ ပြဿနာသွားရှာခြင်းပင်။

ရုတ်တရက် မုန်ထိုလော့၏ နတ်သမီးတစ်မျှလှပသည့် မျက်နှာလေးပေါ်၌ အပြုံးတစ်ပွင့် ပွင့်လန်းလာ၏။

“သခင်လေး... ကျွန်မကို ကယ်ပေးတဲ့အတွက် ကျေးဇူးပါ”

“ရှင်က.. ကျွန်မ တွေ့ဖူးသမျှထဲမှာ အတော်ဆုံး အနုပညာပါရမီရှင်ပဲ.. ဗုံသံတွေထဲမှာ ဖုံးကွယ်ထားတဲ့ အထူးစည်းချက်နဲ့ တေးသွားကနေတစ်ဆင့် ကျွန်မဆီကို လျှို့ဝှက်သတင်းပို့ခဲ့တယ်လေ”

“အဲ့ဒီအချိန်က.. ရှင် တီးနေတာ ဘာသီချင်းလဲ”

သူမ၏ချီးကျူးမှုကိုကြားသောအခါ ဆိုလွန်သည် တည်ငြိမ်သည့် မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။

“အရပ်ဆယ်မျက်နှာမှ ခြုံခိုတိုက်ခိုက်ခြင်း”

“ဝိုး... ပြည့်စုံတဲ့ တေးဂီတတစ်ခုအတွက် ပြည့်စုံတဲ့ နာမည်တစ်ခုပဲ”

“အကုန်လုံး အဆုံးထိ မနားထောင်လိုက်ရတာ နှမြောစရာကောင်းတယ်.. နောက်မှ ကျွန်မအတွက် အပြည့်အစုံ တီးပြရမယ်နော်”

သူမသည် အားကျလေးစားမှုကို မထိန်းချုပ်နိုင်တော့ဘဲ ရှေ့သို့တိုးကာ မွှေးပျံ့သော နှုတ်ခမ်းများဖြင့် ဆိုလွန်အား နမ်းရှိုက်လိုက်၏။

ဆိုလွန်က သူမ၏အနမ်းကို ပြန်လည်တုန့်ပြန်ခြင်းမရှိသလို ရှောင်ရှားခြင်းလည်းမရှိဘဲ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“ငါ မင်းကို လျှို့ဝှက်သတိမပေးရင်တောင်.. မင်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး”

“အခြေအနေတစ်ခုလုံးက မင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပဲ.. ဒါ့အပြင် ထူလင်းတိတို့က မင်္ဂလာပွဲမှာ မင်းကို သတ်ဖို့ ခြုံခိုတိုက်ခိုက်မယ်ဆိုတာ မင်း အစောကြီးကတည်းက သိထားမှာပါ”

မုန်ထိုလော့က ဆိုလွန်၏ နဖူးကို လက်ညှိုးဖြင့် ထိုးလိုက်၏။

“ကျွန်မ ဘာမှ မသိဘူး.. ရှင့်လိုမျိုး အများကြီး တွေးပြီး အသေးစိတ်ကအစ လိုက်မစီစဉ်တတ်ဘူးလေ”

“အဆိပ်မြွေ မျိုးနွယ်စု မျိုးဖြုတ်ခံလိုက်ရတယ်လို့ ကြားတာနဲ့ လူရိုင်းနယ်မြေကနေ ချက်ချင်း ပြန်လာတာ..”

“မျိုးနွယ်စုကလူတွေကို အများဆုံးနဲ့ အရက်စက်ဆုံး သတ်ဖြတ်ပစ်တာက.. မဟူရာခံတပ်ဆိုတာ သိလိုက်ရလို့ အဲ့ဒီမှာ သွေးလွှမ်းတဲ့ မင်္ဂလာပွဲလေး လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တာပဲ”

“ကျိနင်နဲ့ ကျိလီက ကျွန်မကို သတ်ဖို့ ကျွမ်းကျင်သူတွေ လွှတ်လာနိုင်တယ်လို့တော့ တွေးမိသား.. ဒါပေမဲ့ ပွဲတော်မှာ ခြုံခိုတိုက်ခိုက်မယ်ဆိုတာကိုတော့ လုံးဝ မသိဘူး”

မုန်ထိုလော့သည် သူမ၏ ပါးပြင်ကို ဆိုလွန်၏ ပါးပြင်နှင့် အပ်လိုက်ပြီး ဆက်၍ပြောလာသည်။

“ဒါကြောင့် ယောင်္ကျား... ရှင့်ရဲ့ လျှို့ဝှက်သတိပေးချက်က တကယ်ပဲ ကျွန်မကို ကယ်တင်ပေးတာပါ.. အဲ့ဒါကြောင့်သာ အချိန်ကိုက် ဂူအဆိပ်ကောင်တွေကို ဖောက်ခွဲလိုက်နိုင်ပြီး နဂါးစစ်သည်တော်တွေရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့တာပေါ့”

“ဂူအဆိပ်ကောင်တွေ...”

ဆိုလွန်တစ်ယောက် လန့်သွားလေပြီ။

ဂူအဆိပ်ကောင်ကဲ့သို့ ထူးဆန်းသော အရာများသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှ၏။

“ဟုတ်တယ်”

“ရှင့်ကိုယ်ထဲမှာလည်း ဂူအဆိပ်ကောင် ထည့်ထားပြီးပြီ..နောင်တစ်ချိန် ရှင့်အနေနဲ့ ကျွန်မကို သစ္စာဖောက်ရဲရင်တော့ ဟွန့်...”

ဆိုလွန်၏တုံ့ပြန်မှုကိုမြင်သောအခါ မုန်ထိုလော့က အေးစက်စက် ဟန်ဆောင်ပြောဆိုလိုက်သည်။

အပိုင်း ၂၇၄ ပြီး။

All Chapters