အခန်း ၂၇၅
Vol. 28 Ch. 275
အပိုင်း၂၇၅
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ
မူရင်းစာရေးဆရာ-Silent Cake And Pastries
ဘာသာပြန်-Shue
True Immortal Team
သူမ၏ အေးစက်သောအမူအရာဖြင့် ဟန်ဆောင်ပြောဆိုမှုကို ကြားလျှင် ဆိုလွန် ခေါင်းရမ်းလိုက်သည်။
“မင်းကို ငါ မယုံဘူး”
“ဒါပေမဲ့ ငါ့မှာ မေးစရာတစ်ခုတော့ ရှိတယ်... မေးသင့်၊ မမေးသင့်တော့ သေချာမသိဘူး”
“မေးရမှာဆိုရင် မေးလေ... မမေးသင့်ဘူးလို့ သိရင်တော့ မမေးနဲ့ပေါ့”
“လူသားတစ်ယောက်ဖြစ်တဲ့ ကျွန်မက ဘယ်လိုလုပ်ပြီး အဆိပ်မြွေမျိုးနွယ်စုရဲ့ ခေါင်းဆောင်ဖြစ်လာလဲဆိုတာ ရှင် သိချင်နေတာမလား”
မုန်ထိုလော့သည် တဲ့တိုးပင် ဆိုလိုက်၏။
“အင်း”
သူမ၏ တိုက်ရိုက်ဆန်လွန်းသည့် စကားကို ကြားလျှင် ဆိုလွန် ခေါင်းညိတ်လိုက်သည်။
ထိုအခါ မုန်ထိုလော့က ရှင်းပြလာ၏။
“လူရိုင်းမျိုးနွယ်စုတိုင်းမှာ အစောင့်အရှောက်နတ်ရုပ်ထု တစ်ခုစီ ရှိကြတယ်... တချို့ နတ်ရုပ်ထုတွေက သက်ရှိတွေဖြစ်ပြီး တချို့ကတော့ သက်မဲ့တွေပေါ့”
“အဆိပ်မြွေမျိုးနွယ်စုရဲ့ အစောင့်အရှောက်နတ်ကတော့ ရှင် စိတ်ကူးကြည့်လို့မရနိုင်လောက်အောင်ကို ကြီးမားတဲ့ အဆိပ်ပြင်းမြွေကြီး တစ်ကောင်ပဲ... လက်နက်တွေနဲ့ ထိုးခုတ်လို့မရသလို နှစ်ပေါင်းရာချီ အသက်ရှင်နေတဲ့ မြွေကြီးပေါ့”
“ကျွန်မရဲ့ အဖြစ်ဆိုးလှတဲ့ မင်္ဂလာပွဲအပြီးမှာ သွားစရာနေရာမရှိတော့တဲ့အချိန် ကျိနင်က ကျွန်မကို နုလန်ဘုရင့်နိုင်ငံဆီ ဖိတ်ခေါ်ခဲ့တယ်... ကျွန်မ သွားခဲ့ပေမဲ့ လူသားတွေရဲ့ မြို့တော်တိုင်းက အတူတူလောက်ပါပဲ... ကျွန်မ မပျော်ဘူး”
“ဒါနဲ့ ဘယ်သူမှမသိတဲ့ နေရာတစ်ခုဆီ ထွက်ပြေးချင်တာနဲ့ တောင်တစ်သောင်းတောင်တန်းထဲ လျှောက်သွားရင်း အဆိပ်မြွေမျိုးနွယ်စုဆီ အမှတ်မထင် ရောက်သွားခဲ့တာ... သူတို့ဆီမှာ ကျွန်မ အဖမ်းခံလိုက်ရတယ်လေ”
“ကျွန်မရဲ့ သိုင်းပညာအဆင့်က မြင့်ပေမဲ့ သူတို့နယ်မြေက ထောင်ချောက်တွေ၊ အဆိပ်တွေနဲ့ ပြည့်နေတာဆိုတော့... အဖမ်းခံလိုက်ရတာပေါ့”
“သူတို့က ကျွန်မကို နတ်ရုပ်ထုထဲမှာရှိတဲ့ မြွေဝိညာဉ်ကြီး စားဖို့ မိစ္ဆာဂူထဲ ပစ်ချခဲ့ကြတယ်... ဒါပေမဲ့ အောက်ရောက်သွားတော့ မြွေဝိညာဉ်ကြီးက ကျွန်မကို မျိုချမယ့်အစား ပုတီးစေ့တစ်လုံး ထွေးထုတ်ပေးပြီး အပေါ်ကို ပြန်ပို့ပေးခဲ့တယ်...”
“အဲဒီနောက်တော့ အဆိပ်မြွေမျိုးနွယ်စုက လူတိုင်း ကျွန်မရှေ့မှာ ဒူးထောက်ကြပြီး ကျွန်မလည်း သူတို့ရဲ့ ခေါင်းဆောင် ဖြစ်လာတာပဲ”
မုန်ထိုလော့၏ အသေးစိတ်ရှင်းပြချက်များကို နားထောင်ပြီးနောက် ဆိုလွန်၏ စိတ်ထဲ၌ အစိုင်အခဲဖြစ်နေသည်များအားလုံး ရှင်းလင်းသွားလေပြီ။
“ယောက်ျား... ရှင်ကရော တောင်တစ်သောင်းတောင်တန်းမှာ ဘာလာလုပ်တာလဲ”
မုန်ထိုလော့သည် တိတ်ဆိတ်သွားသည့် ဆိုလွန်ကို ကြည့်ကာ မေးလိုက်၏။
“ငါ မင်းကို လာရှာတာ”
“ရှင် ဘာလိုချင်လို့လဲ... အရင်က ဇာတ်လမ်းဟောင်းလေးတွေ ပြန်ဆက်ချင်လို့လား”
မုန်ထိုလော့သည် သူမ၏ ခြေတံများကို မြှောက်ကာ ဆိုလွန်၏ ခါးအား နောက်ပြောင်သည့်အနေဖြင့် ပွတ်သပ်လိုက်သည်။
သူမ၏ လုပ်ရပ်ကြောင့် ဆိုလွန်၏ အသက်ရှူသံများ ရပ်တန့်သွားရကာ အလျင်အမြန် ရှောင်တိမ်းလိုက်သည်။
“ငါ့ကို မနောက်ပါနဲ့”
ထို့နောက်မှ သူ ဆက်မေးလိုက်၏။
“ပျောက်ဆုံးသွေးမြို့တော် အပျက်အစီးတွေအကြောင်း မင်း သိလား”
မုန်ထိုလော့ ခေါင်းညိတ်လိုက်သည်။
“သိတာပေါ့”
“အဲဒါ လူရိုင်းနယ်မြေထဲက ဟွိုင်တောင်တန်းမှာရှိတဲ့ ရှေးဟောင်းအပျက်အစီး တစ်ခုလေ”
သူမ၏ စကားကို ကြားလျှင် ဆိုလွန် တောင်းဆိုလိုက်သည်။
“ငါ့ကို အဲဒီကို ခေါ်သွားပေးနိုင်မလား”
“အသက်တစ်ချောင်းကို ကယ်ဖို့ အထဲမှာ ပစ္စည်းတစ်ခု သွားရှာရမှာမလို့”
“ရတာပေါ့”
“ဒါပေမဲ့ အလဲအလှယ်အနေနဲ့ ကျွန်မကို ဘာပေးမှာလဲ”
ဆိုလွန် အံ့ဩသွားရ၏။
အလဲအလှယ်ဟု ဆိုပါသလော။
သူ့၌ သူမ စိတ်ဝင်စားသည့် အလဲအလှယ်ရှိပါသလော။
ဆိုလွန်၏ အခက်ကြုံသွားသည့် အမူအရာကို မြင်လျှင် မုန်ထိုလော့က ဆက်ပြောလာသည်။
“သေချာတာပေါ့... မနေ့က ရှင် ကျွန်မအသက်ကို ကယ်ခဲ့တယ်”
“ဒါပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်ကလည်း ရှင် ကျွန်မရဲ့ နဂါးစွမ်းအား အများကြီးကို ဝါးမျိုခဲ့သေးတယ်လေ... အဲ့ဒီတုန်းက ကျွန်မ ရှင့်ကို မသတ်ခဲ့တော့ ကျွန်မတို့ ကျေသွားပြီ”
“အခု ရှင်က... အန္တရာယ်အရမ်းများတဲ့ ပျောက်ဆုံးသွေးမြို့တော်ဆီကို ခေါ်သွားခိုင်းနေတာဆိုတော့ အပြန်အလှန်အနေနဲ့ တစ်ခုခုတော့ ပေးရမှာပေါ့”
“ကောင်းပြီ... ဒါဆို မင်း ဘာလိုချင်လဲ”
“ကျွန်မလား...”
မုန်ထိုလော့၏ လှပသည့် မျက်ဝန်းများ တစ်ခဏမျှ အရောင်လက်သွားသော်လည်း တကယ်တမ်း၌ ဆိုလွန်ဆီမှ သူမ လိုချင်သောအရာမရှိကြောင်း သဘောပေါက်သွား၏။ သူမသည် ဘဝကြီးတစ်ခုလုံး ရေစုန်မျောနေသကဲ့သို့ ခံစားနေရကာ သိုင်းပညာ ဆက်လက်တိုးတက်ရေးအတွက်ပင် စိတ်ဝင်စားမှု ရှိမနေချေ။
“ကျွန်မ မသိဘူး”
“အခု ကျွန်မအတွက် အဓိပ္ပာယ်ရှိတဲ့ တစ်ခုတည်းသောအရာနဲ့ တစ်ခုတည်းသော တာဝန်က... ကျွန်မရဲ့ မျိုးနွယ်စုကို စောင့်ရှောက်ဖို့ပဲ”
မုန်ထိုလော့သည် ပြတ်သားသည့် အမူအရာဖြင့် ဆိုလိုက်သည်။
သူမ၏ ရုတ်တရက် ပြတ်သားလေးနက်သွားသည့် အမူအရာကို မြင်လျှင် ဆိုလွန် ခေါင်းညိတ်လိုက်၏။
“တောင်ပိုင်းက လူရိုင်းနယ်မြေကို ပြောင်းသွားပြီးနောက်ပိုင်း.. သူတို့ အဆင်ပြေကြရဲ့လား”
မုန်ထိုလော့ ခေါင်းရမ်းလိုက်သည်။
“မပြေဘူး... လူရိုင်းနယ်မြေဆိုတာ အမြဲတမ်း သတ်ဖြတ်မှုတွေဖြစ်နေပြီး အင်အားကြီးသူက အားနည်းသူကို အနိုင်ကျင့်တဲ့ နေရာပဲ”
“ကိုယ့်မျိုးနွယ်စုက အားနည်းနေရင် အနိုင်ကျင့်ခံရပြီး ဆာလောင်မွတ်သိပ်နေရမှာပဲ... ကျိနင်သာ ကျွန်မနဲ့ ရန်သူမဖြစ်ရင် ဘယ်သူက အဲဒီကို သွားချင်မှာလဲ”
“လူသားတွေရဲ့ တိုင်းပြည်တွေက လှည့်စားမှုတွေ များချင်များမယ်... ဒါပေမဲ့ အနည်းဆုံးတော့ စည်းမျဉ်းဥပဒေတွေ ရှိသေးတယ်... လူရိုင်းနယ်မြေနဲ့ ယှဉ်ရင်တော့ နိဗ္ဗာန်ဘုံပဲပေါ့။း”
“ဒါဆို... ငါ့ကို ပျောက်ဆုံးသွေးမြို့တော်ဆီ ခေါ်သွားပေး”
“ငါမင်းကို ရွှေဒင်္ဂါး ငါးထောင် ပေးမယ်”
ဆိုလွန်သည် မုန်ထိုလော့၏ စကားအဆုံး၌ စတင် ကမ်းလှမ်းလာသည်။
“ဒါနဲ့လူရိုင်းနယ်မြေမှာရော ရွှေဒင်္ဂါးတွေက အသုံးဝင်ရဲ့လား”
“ရှင် ဘယ်လိုထင်လဲ”
မုန်ထိုလော့က နှုတ်ခမ်းမဲ့ကာ ပြုံးလိုက်သည်။
“ဘယ်နေရာမှာပဲဖြစ်ဖြစ် ရွှေဆိုတာ လူတွေကို ရူးသွပ်စေတာပဲ”
“ကောင်းပြီ..ရွှေဒင်္ဂါး ငါးထောင်...ကျွန်မ သဘောတူတယ်”
သူမသည် ငွေတောင်းရန် နူးညံ့သည့် လက်လေးကို ဆိုလွန်၏ ရှေ့၌ ချက်ချင်း ဖြန့်လိုက်၏။
ဆိုလွန်က သူမ၏ လက်ကလေးကို ငုံကြည့်ကာ ရှင်းပြလိုက်သည်။
“ငါ ယူမလာဘူး... ထျန်းရွှေမြို့က တစ်နေရာရာမှာ မြှုပ်ထားတာ”
“ငါ့ပိုင်နက်ထဲမှာလည်း ရွှေတွေ အများကြီး ရှိပါသေးတယ်... ငါ မင်းကို ချေးငွေစာချုပ် ရေးပေးမယ်... နောက်မှ မင်းဆီကို ကိုယ်တိုင် လာပေးမယ်”
“ချေးငွေစာချုပ်ဆိုရင်တော့ ဈေးတက်မယ်နော်”
မုန်ထိုလော့တစ်ယောက် မျက်ခုံးပင့်လိုက်၏။
ဆိုလွန် ခေါင်းညိတ်လိုက်သည်။
“အင်း... ကောင်းပြီလေ... ဒါဆို ခြောက်ထောင်ထား”
“သဘောတူတယ်”
ထို့နောက် မုန်ထိုလော့သည် ဆိုလွန်ပေါ်မှ ထရပ်လိုက်ကာ စားပွဲဆီသို့ သွားပြီး ထျန်းရွှေမြို့၏ မြို့စား ဆိုလွန်သည် အဆိပ်မြွေမျိုးနွယ်စု ခေါင်းဆောင် မုန်ထိုလော့အား ရွှေဒင်္ဂါး ခြောက်ထောင် ပေးရန်ရှိသည် ဟူသည့် ချေးငွေစာချုပ်တစ်ခုကို ရေးသားလိုက်သည်။
“လက်မှတ်ထိုးလိုက်”
သူမသည် စာရွက်ကို ဆိုလွန်၏ လက်ထဲသို့ ကမ်းပေးလိုက်သည်။
ထိုအခါမှ သူမသည် တင်းကျပ်သည့် ပိုးသားအတွင်းခံဘောင်းဘီကိုသာ ဝတ်ဆင်ထားကြောင်း ဆိုလွန် သတိပြုမိသွားသည်။ သူမ၏ ရင်သပ်ရှုမောဖွယ် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကောက်ကြောင်းများမှာ အပြည့်အဝ ပေါ်လွင်နေကာ ညို့ငင်နိုင်စွမ်းရှိသည့် ရနံ့နှင့် ခုခံနိုင်စွမ်းမရှိသော ဆွဲဆောင်မှုများကို ထုတ်လွှတ်နေသည်။
ဆိုလွန် မနေနိုင်ဘဲ မေးလိုက်မိ၏။
“မင်း အဝတ်အစားလေး ဘာလေး ဝတ်ပါ့လား”
ဆိုလွန်၏စကားကိုကြားလျှင် မုန်ထိုလော့ ရယ်မောလိုက်သည်။
“ဟားဟားဟား... ငါတို့ အများကြီး အတူတူ ဖြတ်သန်းပြီးပြီပဲ... ဒီလို အသေးအမွှားကိစ္စလေးတွေအတွက် ဘာလို့ ခေါင်းရှုပ်ခံနေမှာလဲ”
“ဒါ့အပြင် ကျွန်မရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးမယ့်သူလည်း မရှိတော့ဘူးလေ... ကျွန်မကိုယ်ကျွန်မ ဘာလို့ တန်ဖိုးထားနေရမှာလဲ”
“ရှင်နဲ့ ကျွန်မက ကံကြမ္မာအရ ရေစက်ဆုံပြီးသားပါ... ရှင် ဒီမှာ ရှိနေတာနဲ့တင် ကျွန်မအတွက် အရာအားလုံး ပြည့်စုံနေပြီ”
ပေါ့ပေါ့ပါးပါး ပြောနေသော်လည်း အမှန်စင်စစ်၌မူ မုန်ထိုလော့၏ နှလုံးသားလေးမှာ ကြေကွဲနေလေပြီ။ သူမကဲ့သို့ ခေါင်းမာသည့် မိန်းမတစ်ယောက်အနေဖြင့် ထိုအချစ်ကို ဘယ်သောအခါမှ မေ့ဖျောက်နိုင်မည် မဟုတ်ပေ။
ဆိုလွန်သည် သူမအား နိုင်အာနှင့် မနှိုင်းယှဉ်ဘဲ မနေနိုင်ချေ။ သူတို့နှစ်ဦးစလုံးသည် အချစ်ကြီးပြီး အလွန် သစ္စာရှိကြသော်လည်း နိုင်အာက ပို၍ ရှေးရိုးဆန်ကာ တည်ကြည်သည်။ အချစ်ကြောင့် နာကျင်ရချိန်၌ပင် နိုင်အာသည် အပျော်အပါး၌ မွေ့လျော်ခြင်း သို့မဟုတ် အမှောင်ထုထဲသို့ ကျဆင်းသွားခြင်းမျိုး ဘယ်သောအခါမှ မရှိပေ။
ဆိုလွန်၏ အခန်းကဏ္ဍသည် မုန်ထိုလော့၏ သစ္စာဖောက်သွားသည့် ချစ်သူနှင့် မခြားနားသကဲ့သို့ မုန်ထိုလော့ကို ခံစားရစေသည်။
ဆိုလွန် ချေးငွေစာချုပ်ပေါ်၌ နာမည်လက်မှတ် ရေးထိုးလိုက်သည်။
“သဘောတူတယ်... အခု ရှင့်ကို အဲဒီကို ခေါ်သွားပေးမယ်”
မုန်ထိုလော့ ချေးငွေစာချုပ်ကိုသိမ်းလိုက်ကာ ဆိုလိုက်ခြင်းပင်။
ထို့နောက် အဝတ်ဗီရိုရှိရာဆီသို့ ဆွဲဆောင်မှုရှိစွာ လျှောက်သွားလိုက်ပြီး အဝတ်အစားများကို စတင်ရွေးချယ်တော့သည်။ သူမသည် အဝတ်အစားတစ်စုံပြီးတစ်စုံ ထုတ်ကာ မည်သည့်အဝတ်က အလှဆုံးဖြစ်မည်ကို ဆိုလွန်အား မေးမြန်းနေ၏။
သူမသည် ဗီရိုထဲရှိ အဝတ်အစားတိုင်းကို ဝတ်ကြည့်သော်လည်း မည်သည့်အရာကိုမှ စိတ်တိုင်းမကျချေ။
ဆိုလွန်သည် သူ့အတွက် အမျိုးသားဝတ်စုံတစ်စုံကို သာမန်ကာလျှံကာ ရွေးချယ်လိုက်ပြီးနောက် အခြားဝတ်စုံတစ်စုံကို ယူကာ မုန်ထိုလော့ထံ ကမ်းပေးလိုက်သည်။
“ဒီဟာလေးက အလှဆုံးပဲ”
“လူလည်လေး... ကျွန်မကို အခွင့်အရေးယူနေတာပေါ့လေ”
မုန်ထိုလော့သည် သူမ၏ သွယ်လျသည့် လက်ချောင်းလေးဖြင့် သူ၏ နဖူးကို ထိုးလိုက်၏။ သို့တိုင် သူမသည် သူ ရွေးချယ်ပေးသော ဝတ်စုံကို ဝတ်ဆင်လိုက်ဆဲပင်။
သူမ ဝတ်ဆင်ပြီးသွားသောအခါ ဆိုလွန်တစ်ယောက် မှင်သက်သွားရ၏။ သူမသည် လှပ ဖျားယောင်းတတ်သော ဝါးစိမ်းမြွေမလေးနှင့် ဆင်တူသွားသောကြောင့်ဖြစ်သည်။
သူမ ဝတ်ဆင်လိုက်သည့် ဝတ်စုံသည် ဝါးစိမ်းမြွေ၏ အရေခွံဖြင့် အထူးပြုလုပ်ထားသော မြွေရေခွံကိုယ်ကျယ်အင်္ကျီတစ်ထည်ဖြစ်၏။ ထိုအင်္ကျီသည် မုန်ထိုလော့၏ ခန္ဓာကိုယ်ကောက်ကြောင်းများကို အပြည့်အဝ ပေါ်လွင်စေပြီး တောက်ပသည့် မြစိမ်းရောင်သည် အလွန်တရာ မျက်စိကျစရာကောင်းကာ ဆွဲဆောင်မှု ရှိလှသည်။
ထို့နောက် မုန်ထိုလော့ဆီမှအကြည့်လွဲလိုက်ကာ ဂူအတွင်းကို ဝေ့ကြည့်ရင်းမှ ဆိုလွန် မေးလိုက်၏။
“အခု ငါတို့ ဘယ်မှာ ရောက်နေတာလဲ”
“ပါးနပ်တဲ့ ယုန်တစ်ကောင်မှာ တွင်းသုံးတွင်း ရှိတယ်တဲ့...”
“ကျွန်မဆီမှာ ဒါဇင်ကျော် ရှိတယ်... ဒါက အဲဒီထဲက တစ်ခုပဲ”
မုန်ထိုလော့ တောက်ပစွာ ပြုံးကာ ပြန်ဖြေလိုက်သည်။
“ကဲ... မနက်စာ စားရမယ့်အချိန် ရောက်ပြီ”
သူမသည် ဗီရိုတစ်ခုကို ဖွင့်ကာ မွှေးပျံ့နေသည့် ဝက်သားကင်တစ်ခုကို သူ့ထံ ပစ်ပေးလိုက်ပြီးနောက် ဝိုင်ပုလင်းတစ်ပုလင်းကိုကိုင်ကာ အငမ်းမရ သောက်တော့သည်။
ဆိုလွန် အံ့ဩသွား၏။
“မင်း မနက်စာကို အရက်သောက်တာလား”
“နေ့လယ်စာကရော”
“ဆက်သောက်တာပဲ”
“ညစာကရော”
ဆိုလွန် ထပ်မေးလိုက်သည်။
“သောက်တာပဲ”
“မနက်စာက ဝိုင်၊ နေ့လယ်စာက သစ်သီးဝိုင်၊ ညစာက ဆန်အရက်လေ”
“ကျွန်မရဲ့ နေ့ရက်တွေကို အရက်မူးပြီး ပျော်ပါးရင်း ကုန်ဆုံးနေတာ”
“တော်တော်လေး ပျော်ဖို့ကောင်းတယ်”
ဝိုင်တစ်ငုံသောက်ပြီးနောက် သူမသည် ဆိုလွန်ဆီသို့လျှောက်လှမ်းလာကာ လည်ပင်းကို သိုင်းဖက်လိုက်ပြီး သူ့ကို နမ်းရှိုက်ရင်း ပါးစပ်ထဲမှ ဝိုင်များ တိုက်ကျွေးလိုက်သည်။
ထိုအရာမှာ အကောင်းစားဝိုင်တစ်မျိုးဖြစ်ပြီး လှပသည့် မိန်းမပျိုတစ်ဦး၏ နှုတ်ခမ်းများမှတစ်ဆင့် ဖြတ်သန်းလာသောအခါ ပို၍ပင် ချိုမြိန်ကာ အရသာရှိလှသည်။ အရက်၏ သဘာဝအချဉ်ဓာတ်နှင့် အခါးဓာတ်များပင်လျှင် ဆွဲဆောင်မှုတစ်ခုအဖြစ် ပြောင်းလဲသွားခြင်းပင်။
အရက်သောက်ပြီးနောက် ဆိုလွန်သည် အသားကင်ကို အကြီးကြီး တစ်ကိုက်ကိုက်စားလိုက်သည်။
“မင်း တကယ်ကို ဒီလိုလုပ်နေဖို့ မလိုပါဘူး”
“အများကြီးသောက်တာက မင်းအတွက် မကောင်းဘူး... အစားအစာတွေ စားဖို့ လိုတယ်... နောက်ဆိုရင် လျှော့သောက်ဖို့ ကြိုးစားပါ”
နာရီဝက် ကြာပြီးနောက်။
“သောက်ကွာ...”
ဆိုလွန်တစ်ယောက် ဗလုံးဗထွေးအသံဖြင့် အော်လိုက်ကာ မုန်ထိုလော့၏ ဝိုင်အိုးနှင့် သူ၏ ဝိုင်အိုးကို ထပ်တလဲလဲ ခွက်ချင်းတိုက်၍ အငမ်းမရ သောက်နေသည်။
သူတို့နှစ်ဦးသည် တစ်အိုးလျှင် ၁ ကီလိုဂရမ်ခန့်ဆန့်သော ဝိုင်အိုး ငါးအိုးကို အပြတ်ရှင်းထားပြီး ဖြစ်သည်။
သူတို့သည် သတိလစ်မတတ် မူးယစ်နေကြကာ အချင်းချင်း ဝိုင်များ အဆက်မပြတ် ငဲ့ပေးနေကြသည်။ ဆိုလွန် သောက်သမျှ အများစုကို မုန်ထိုလော့က ငဲ့ပေးထားခြင်းဖြစ်သည်။
သူမသည် တွေးမိသမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုကာ သူ၏ ပေါင်ပေါ်၌ ထိုင်၍ ဝိုင်ငဲ့ပေးခြင်း၊ ပါးစပ်ချင်းတေ့ တိုက်ကျွေးခြင်း စသည်ဖြင့် အမျိုးမျိုး လုပ်ဆောင်နေလေသည်။
အတိုချုပ်ပြောရလျှင် သူမသည် သူ့ကို မူးယစ်သွားစေရန် အခိုင်အမာ ဆုံးဖြတ်ထားခြင်းပင်။
“ကဲ... မနက်စာ စားလို့ပြီးပြီ”
“သွားရမယ့်အချိန်ပဲ”
မုန်ထိုလော့သည် ထိုင်နေရာမှ ရုတ်တရက်ထရပ်လိုက်၏။
ယခုအချိန်၌ ဆိုလွန်မှာ ယိုင်နဲ့နဲ့ ဖြစ်နေသဖြင့် မုန်ထိုလော့ကပင် သူ့ကို ပွေ့ချီကာ ဂူအပြင်သို့ ခေါ်ဆောင်သွားလိုက်သည်။ ထို့နောက် သူတို့နှစ်ဦးသည် ဧရာမ သားရဲကြီးတစ်ကောင်ပေါ်သို့ တက်စီးကာ ကျယ်ပြောလှသည့် တောင်တစ်သောင်းတောင်တန်းကြီးကို ဖြတ်ကျော်၍ ခရီးစတင်ကြလေတော့သည်။
အပိုင်း ၂၇၅ ပြီး။