အခန်း ၂၇၇
Vol. 28 Ch. 277
အပိုင်း၂၇၇
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
မုန်ထိုလော့သည် ဆိုလွန်၏ မှင်သက်အံ့ဩနေသည့် မျက်နှာကိုသာ မြင်လိုက်ရသောအခါ နှုတ်ခမ်းဆူလိုက်မိသည်။
“လူသားတွေ အသက်ရှင်ကျန်ရစ်တဲ့ တစ်ခုတည်းသော အကြောင်းရင်းက လူရိုင်းမျိုးနွယ်စုတွေ နှစ်ထောင်ပေါင်းများစွာကြာအောင် ဖရိုဖရဲနဲ့ အချင်းချင်း တိုက်ခိုက်နေကြလို့ပဲ...”
“ဒါက လူသားတွေကို လူရိုင်းမျိုးနွယ်စု တစ်စုချင်းစီ အနိုင်ယူနိုင်စေတာ... အဲ့ဒီလိုမှ မဟုတ်ရင် လူသားတွေ မျိုးတုံးသွားတာ အကြိမ်တစ်ရာလောက် ရှိနေပြီ...”
“လူရိုင်းနယ်မြေကို မရောက်ဖူးသရွေ့ လောကကြီး ဘယ်လောက် ကြီးမားလဲ၊ ဒါမှမဟုတ် လူသားတွေ ဘယ်လောက် သေးငယ်လဲဆိုတာ ရှင် နားလည်နိုင်မှာ မဟုတ်ဘူး”
ဆိုလွန်က သူမကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“ရှောင်မုန်... မင်းမှာ တကယ့်ကို ပြင်းထန်တဲ့ လူသားဆန့်ကျင်ရေး ဝါဒီ ရှိနေတာပဲ”
“ကျွန်မက လူသားတွေကို ဆန့်ကျင်တယ်ဆိုတာ ရှင် သိပြီးသားပါ... အဲ့ဒီလိုမှ မဟုတ်ရင် ရှင် အခုလောက်ဆို သေနေလောက်ပြီ”
“ဒါဆို လူရိုင်းတွေက လူတွေကို ခွဲခြားဖို့ စွမ်းအင်နဲ့ အနံ့ကို အားကိုးကြတာပေါ့... ဒါကြောင့် မင်း ငါ့ကို ခုနစ်ရက်နဲ့ ခုနစ်ညတိတိ အရက်မူးပြီး သတိလစ်နေအောင် လုပ်ထားတာကိုး”
“အတိအကျပဲ... ရှင် သတိလစ်နေတော့ ကျွန်မကို မြင်တဲ့ လူရိုင်းတိုင်းက ရှင့်ကို သွေးယဇ်ပူဇော်ဖို့ ဖမ်းလာတဲ့ လူသားသုံ့ပန်းလို့ပဲ ထင်ကြတာလေ...”
“ရှင်သာ နိုးနေပြီး ပုံမှန်အတိုင်း ပြုမူနေမယ်ဆိုရင် ရှင့်ကို အရေခွံဆုတ်ပြီး အသားစားမယ့် လူရိုင်းတွေနဲ့ အကြိမ်တစ်ရာလောက် ဆုံပြီးနေလောက်ပြီ”
ဆိုလွန်၏ ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွားရ၏။ မုန်ထိုလော့ကို တွေ့ခြင်းမှာ သူ အလွန် ကံကောင်းလွန်းလှသည်။
အကယ်၍ သူသာ လူရိုင်းနယ်မြေထဲသို့ တစ်ယောက်တည်း ဝင်ရောက်ပါက တောင်တစ်သောင်း တောင်တန်းကိုပင် မဖြတ်ကျော်နိုင်ခင် သေဆုံးသွားမည်ဖြစ်ကာ သားရဲစာဖြစ်သွားပေလိမ့်မည်။
ဆိုလွန် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။
“နေဦး... မင်းလည်း လူသားပဲလေ... မင်းမှာ နဂါးသွေးဆက် ရှိနေတာကို လူရိုင်းတွေက ဘာလို့ မင်းကို လက်ခံကြတာလဲ”
ထိုအမေးစကားကြားလျှင် မုန်ထိုလော့ ရင်ကော့ခေါင်းမော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ကျွန်မက မြွေဝိညာဉ်ပုတီးစေ့ကို မျိုချထားလို့လေ...”
“အခု ကျွန်မ ကိုယ်တွင်းက စွမ်းအင်တွေက လူရိုင်းတစ်ယောက်နဲ့ လုံးဝကို တစ်ပုံစံတည်းပဲ... ကျွန်မက ဂုဏ်သိက္ခာရှိတဲ့ လူရိုင်းတစ်ယောက်ပါ”
သူမ၏ လေသံသည် နိုင်ငံခြားကို အထင်ကြီးပြီး မိမိ၏ မွေးရပ်ဇာတိကိုပင် မေ့လျော့နေသည့် မျိုးချစ်စိတ်မရှိသော ပြည်သူတစ်ဦးအလားပင်။
“သစ္စာဖောက်...”
“ပြောချင်ရာပြော... ကျွန်မ အခု မျိုးနွယ်စုဆီ ပြန်တော့မယ်... ဆယ်ရက်နေရင် ရှင့်ကို လာကြိုဖို့ ဒီနေရာကို အတိအကျ ပြန်လာခဲ့မယ်...”
ထို့နောက် မုန်ထိုလော့က ရုတ်တရက်ရှေ့တိုးလာကာ ဆိုလွန့်ကို နမ်းလိုက်သည်။
“ကျွန်မ တစ်ရက်ပဲ စောင့်မယ်နော်... ရှင် ပေါ်မလာဘူးဆိုရင် သေပြီလို့ပဲ မှတ်လိုက်တော့မယ်”
ဆိုလွန်သည် သူ၏ လက်ရှိနေရာကို အလျင်အမြန် မှတ်သားလိုက်၏။
ဆယ်ရက်ကြာပြီးနောက် ထိုနေရာ၌ မုန်ထိုလော့နှင့် ယူရန်အန်းရှန် လာကြိုမည့်အချိန်ကို သူ စောင့်ဆိုင်းရပေမည်။
ဆုံရပ်နေရာမှာ မှတ်သားရန် လွယ်ကူလှ၏။ အဘယ်ကြောင့်ဆိုသော် သူရပ်နေသည့် နေရာမှာ ပျောက်ဆုံးသွေး မြို့တော်၏ တံခါးဝရှေ့တည့်တည့်ရှိ ဧရာမ ကျောက်ကမ်းပါးပေါ်၌ ပေါက်ရောက်နေသော အရွက်နီ ဧရာမ သစ်ပင်ကြီးအနီး၌ ဖြစ်သောကြောင့်ပင်။
နဂါးတံဆိပ်တုံး ကျောက်တိုင်ကို ရှာတွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ သူမ ပြန်မလာခင်အထိ ဆယ်ရက်သာ အချိန်ရသည်။ သူကိုယ်တိုင် ထိုအပျက်အစီးနယ်မြေမှ မထွက်ခွာနိုင်ချေ။
မုန်ထိုလော့၏ လမ်းညွှန်မှုမရှိပါက သူသည် လူရိုင်းနယ်မြေထဲမှ အသက်ရှင်လျက် လုံးဝ ထွက်ခွာနိုင်မည် မဟုတ်သောကြောင့်ဖြစ်သည်။
မုန်ထိုလော့တစ်ယောက် ဆိုလွန့်ကို လက်ပြနှုတ်ဆက်လိုက်ပြီး ဧရာမ သားရဲကြီးပေါ်သို့ ခုန်တက်ကာ အဆိပ်မြွေ မျိုးနွယ်စုဆီသို့ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
“ကဲ... သွားပြီ... ရှင့်ရတနာကို ရှာတွေ့ပါစေ”
လူရိုင်းနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာ၌ ဆိုလွန် တစ်ယောက်တည်း ကျန်ရစ်လေပြီ။
သူရှိနေသည့်နေရာနှင့် တောင်တစ်သောင်း တောင်တန်းမှ အကွာအဝေးကို အလျင်အမြန် တွက်ချက်ကြည့်လိုက်သောအခါ မိုင်လေးထောင်ကျော် ကွာဝေးပြီး ထျန်းယဲ့မြို့မှဆိုလျှင် မိုင်ခုနစ်ထောင်ကျော် ကွာဝေးနေကြောင်း သတိထားမိလိုက်သည်။
မူလ၌ မုန်ထိုလော့တစ်ယောက် နဂါးတံဆိပ်တုံး ကျောက်တိုင်ဆီသို့ သူ့နောက်မှ လိုက်လာကာ လောဘတက်ပြီး ရတနာအတွက် သူ့ကို သတ်ပစ်မည်ကို စိုးရိမ်နေမိသည်။ သို့သော် သူမသည် ပေါ့ပေါ့ပါးပါးပင် ထွက်သွားကာ ထိုမျှ အန္တရာယ်များသည့် နေရာ၌ သူ့ကို ထားရစ်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
…
ဆိုလွန်သည် ဝင်္ကပါထဲသို့ တန်းမဝင်သေးဘဲ သူ၏ ဦးတည်ရာကို စစ်ဆေးကာ အပျက်အစီးများ၏ အကြမ်းဖျင်း အပြင်အဆင်ကို မှတ်သားလိုက်သည်။
ထိုအချိန်တွင် ဆိုလွန် စိတ်ထဲမှ မေးလိုက်၏။
‘အသူရာမိစ္ဆာကြယ်... လောကကြီးက ယုံကြည်မှုအရ ကွဲပြားပြီး လူသားတိုင်းပြည်တွေက နတ်နဂါးနဲ့ သက်ဆိုင်တယ်ဆိုရင် လူရိုင်းနယ်မြေကရော သားရဲတိရစ္ဆာန်တွေနဲ့ သက်ဆိုင်တာလား’
အသူရာမိစ္ဆာကြယ် ပြန်ဖြေလာသည်။
“သားရဲတွေ မဟုတ်ဘူး... အဲ့ဒါက မိစ္ဆာသွေးမျိုးဆက်နဲ့ သက်ဆိုင်တာ... မိစ္ဆာတွေက လူရိုင်းအားလုံးရဲ့ အစောင့်အရှောက်ပဲ...”
“လူသားတွေက နဂါးရဲ့ သွေးမျိုးဆက်တွေဖြစ်ပြီး လူရိုင်းအားလုံးက မိစ္ဆာတွေရဲ့ သွေးမျိုးဆက်တွေပဲ... ဒါပေမဲ့ လောကကြီးမှာ နဂါးလို နတ်ဘုရားတွေ မကျန်တော့တာမလို့ မိစ္ဆာတွေလည်း သဘာဝကျကျပဲ မကျန်တော့ဘူး”
‘မိစ္ဆာသွေးမျိုးဆက်က လူရိုင်းတွေကြားမှာ အမြင့်ဆုံး သွေးမျိုးဆက်လား’
“ဟုတ်တယ်... ဒါပေမဲ့ အစစ်အမှန် မိစ္ဆာသွေးမျိုးဆက်က မျိုးတုံးပျောက်ကွယ်သွားတာ ကြာလှပြီ... ယက္ခ မျိုးနွယ်စုက အဲ့ဒီမိစ္ဆာသွေးမျိုးဆက်နဲ့ အနီးစပ်ဆုံး မျိုးနွယ်စုတွေထဲက တစ်ခုပဲ”
‘လူသားတွေရဲ့ သမိုင်းစာအုပ်တွေထဲမှာ ဘာလို့ ဒီအကြောင်းတွေ မပါတာလဲ’
“မြင့်မြတ်နတ်နဂါးကျောင်းတော်က လူရိုင်းတွေရဲ့ မှတ်တမ်းအများစုကို ဖျက်ဆီးပစ်ခဲ့လို့လေ...လူရိုင်းတွေ တကယ် ဘယ်လောက် အင်အားကြီးတယ်ဆိုတာ လူသားတွေကို သူတို့ မသိစေချင်ကြဘူး”
‘ပျောက်ဆုံးသွေးမြို့တော်က ရှင်းရှင်းလင်းလင်းကို လူရိုင်းနဲ့ မိစ္ဆာတွေရဲ့ နယ်မြေထဲမှာတည်ရှိနေတာ... ဘာလို့ နဂါးတံဆိပ်တုံး ကျောက်တိုင်က ဒီမှာ ရှိနေရတာလဲ’
“ဒီမြို့က အရင်က လူသားတွေရဲ့ နယ်မြေတစ်ခုပဲ... ဒါပေမဲ့ မိစ္ဆာတွေရဲ့ ဖျက်ဆီးတာကို ခံလိုက်ရတယ်... မြို့အလယ်က အနီရောင်ရေကန်ကို မင်း မြင်လား”
‘အင်း’
“အဲ့ဒါ လူသားသွေးအစစ်တွေပဲ... မိစ္ဆာစစ်တပ်က ဒီမြို့ကို သိမ်းပိုက်လိုက်တဲ့အချိန်မှာ သူတို့က လူသားတိုင်းကို ဒီကို ဆွဲခေါ်လာပြီး သတ်ပစ်ကြတာ... လူသန်းပေါင်းများစွာရဲ့ သွေးတွေက ရေကန်တစ်ခုလုံးကို အနီရောင်အဖြစ် လုံးဝ ပြောင်းသွားစေတာပဲ...”
“မရေမတွက်နိုင်တဲ့ နှစ်တွေ ကုန်လွန်သွားပေမဲ့ သွေးတွေက ဘယ်တော့မှ မခန်းခြောက်သလို ဘယ်တော့မှလည်း အရောင်မကျသွားဘူး”
အသူရာမိစ္ဆာကြယ်၏ ရှင်းပြချက်များကြောင့် ဆိုလွန်၏ အသံများပင် တုန်ယင်လာသည်။
‘ဒါဆို... အရင်က လူသားတိုင်းပြည်တွေ ဖျက်ဆီးခံရတာပေါ့... လူရိုင်းတွေက လူသားတွေကို မျိုးဖြုတ်ပစ်တာလား’
“သေချာတာပေါ့...”
“ဒီလောကကြီးရဲ့ သမိုင်းက နှစ်သိန်းချီ ရှိနေပြီ... ဒါက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား၊ လူသားတိုင်းပြည်တွေနဲ့ လူရိုင်းတွေကြား အမြဲတမ်း တိုက်ခိုက်နေကြတဲ့ သမိုင်းတစ်ခုပဲ... ဒီလောကကြီးက သွေးမျိုးဆက်တစ်ခုတည်းကိုပဲ နေရာပေးနိုင်တယ်... နတ်ဘုရား သို့မဟုတ် မိစ္ဆာပေါ့”
‘ဒါပေမဲ့ လူသားတွေရဲ့ မှတ်တမ်းတွေမှာ လောကကြီးရဲ့ သမိုင်းက နှစ်တစ်သောင်းကျော်လေးပဲ ရှိသေးတယ်လို့ ဆိုထားတယ်လေ... နဂါးဧကရာဇ်က ယဉ်ကျေးမှုကို မတည်ထောင်ခင် လောကကြီးတစ်ခုလုံးက ဖရိုဖရဲ ဖြစ်နေတာလို့ သူတို့ ဆိုထားတာပဲ’
“ဟားဟားဟား... အဲ့ဒါက မြင့်မြတ်နတ်နဂါးကျောင်းတော်ရဲ့ ဦးနှောက်ဆေးထားမှု သက်သက်ပဲ... ပြီးခဲ့တဲ့ နှစ်တစ်သောင်းဆိုတာ လူသားတိုင်းပြည်တွေ ဖျက်ဆီးခံရပြီးနောက် တဖြည်းဖြည်း ပြန်လည် နာလန်ထလာပြီး တိုးတက်လာတဲ့ အချိန်လေးပဲ ရှိသေးတယ်”
အသူရာမိစ္ဆာကြယ်က သမိုင်း၏ နောက်ကွယ်မှ အမှန်တရားကို ရှင်းပြကာ လှောင်ရယ်လိုက်သည်။
“မင်းကို အမှန်တရား ပြောပြမယ်... လူသားတွေက နယ်မြေချဲ့ထွင်လာပုံရပေမဲ့ တကယ်တမ်းကျ သူတို့ရဲ့ မူလနယ်မြေ တစ်ဝက်တောင် မပြည့်တဲ့ နေရာကိုပဲ ပြန်ယူနိုင်သေးတာ... အခု မင်း ရပ်နေတဲ့ မြေကြီးက လွန်ခဲ့တဲ့ နှစ်သောင်းချီတုန်းက လူသားတိုင်းပြည်တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုပဲ”
ထိုအမှန်တရားကြောင့် ဆိုလွန် လုံးဝ မှင်သက်သွားရလေပြီ။
လူသားတိုင်းပြည်များ၏ အဆိုအရ လောကကြီးသည် ယဉ်ကျေးမှု သမိုင်းကြောင်း သုံးထောင်ခန့်သာရှိပြီး သက်တမ်းအားဖြင့် နှစ်တစ်သောင်းခန့်သာ ရှိသေးသည်။ နဂါးဧကရာဇ် ရောက်လာပြီးနောက်မှသာ ယဉ်ကျေးမှု စတင်သည်ဟု သူတို့ ယုံကြည်ထားကြသည်ပင်။
အသူရာမိစ္ဆာကြယ်က ဆက်ရှင်းပြသည်။
“လူရိုင်းတွေက လူသားတွေထက် အဆများစွာ ပိုသန်မာသလို အရေအတွက်လည်း ပိုများတယ်... ဒါပေမဲ့ သူတို့ အခုချိန်မှာ လူသားတိုင်းပြည်တွေကို ရှုံးနိမ့်နေတယ်... တောင်တစ်သောင်း တောင်တန်း ခံစစ်မျဉ်းကိုတောင် သူတို့ မထိုးဖောက်နိုင်ကြဘူး... ဒါက သူတို့ဘက်က လုံးဝ ကျရှုံးမှုတစ်ခုပဲ”
‘အသူရာမိစ္ဆာကြယ်... မင်း ဒါကို တမင်သက်သက် လုပ်တာပဲ... ဒီအရာတွေ အားလုံးကို ငါ မြင်တွေ့နိုင်ဖို့ မင်း ငါ့ကို ပျောက်ဆုံးသွေး မြို့တော်ဆီ ခေါ်လာတာ’
“မှန်တယ်... ဒီလောကကြီးရဲ့ အမှန်တရားကို မင်း နားလည်အောင် ငါ လုပ်ပေးရမယ်လေ”
အသူရာမိစ္ဆာကြယ်သည် သူ၏ ကျန်ရှိနေသည့် အတွေးများကို ဆက်လက်ပြောကြားခြင်း မရှိတော့ချေ။
‘ထားပါတော့... အခုချိန်မှာ ငါ ကိစ္စတစ်ခုတည်းကို လုပ်ဖို့ပဲ ဂရုစိုက်တယ်...’
‘ယန်ယန်ကို ကယ်ဖို့ နဂါးတံဆိပ်တုံး ကျောက်တိုင်ကို ငါ ရှာရမယ်... အဲ့ဒါ ဘယ်မှာလဲ’
“သွေးရောင်ရေကန်ကို မင်း မြင်လား... အဲ့ဒီအလယ်တည့်တည့်မှာ ကျောင်းတော်တစ်ခု ရှိတယ်... နဂါးတံဆိပ်တုံး ကျောက်တိုင်က အဲ့ဒီ ကျောင်းတော်ထဲမှာပဲ”
‘အဲ့ဒါက ဘယ်လို ရတနာမျိုးလဲ’
“ငါ မသိဘူး... ရုပ်ထုတစ်ခု ဖြစ်နိုင်သလို... ဓားတစ်လက်လည်း ဖြစ်နိုင်တယ်... ဒါမှမဟုတ် တခြားအရာ တစ်ခုခုလည်း ဖြစ်နိုင်တယ်... ဘာမဆို ဖြစ်နိုင်တာပဲ”
‘ဒီမြို့တစ်ခုလုံးက ဝင်္ကပါကြီးလေ...မြို့ ဗဟိုက ကျောင်းတော်ထဲကို ဘယ်လိုဝင်ရမလဲဆိုတာ မင်း သိလား’
“ငါ မသိဘူး... ဒါပေမဲ့ မင်း သိတယ်”
‘ဘာကို ဆိုလိုတာလဲ’
“အတိုချုပ်ပြောရရင် မင်းက သော့ချက်ပဲ... နှစ်ပေါင်းသောင်းချီတဲ့အထိ ပျောက်ဆုံးသွေး မြို့တော်ရဲ့ အလယ်ဗဟိုကို ဘယ်သူမှ မရောက်နိုင်ခဲ့ကြဘူး... ဒါပေမဲ့ မင်းက အထဲဝင်ပြီး အဲ့ဒီ အမြင့်မြတ်ဆုံး ရတနာကို ယူနိုင်တယ်”
ဆိုလွန်သည် အသူရာမိစ္ဆာကြယ်၏ စကားများထဲမှ အန္တရာယ်ရှိသည့် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။
အထူးသဖြင့်အသူရာမိစ္ဆာကြယ်၏ နောက်ဆုံးစကားပင်။
သူသည် ပျောက်ဆုံးသွေး မြို့တော်၏ ဧရာမ တံခါးကြီးများထဲမှ တစ်ခုရှေ့၌ ရပ်နေကာ အထဲသို့ ခြေချလိုက်သည်နှင့် နောက်ကြောင်းပြန်လှည့်ရန် လမ်းမရှိတော့ကြောင်း ခံစားနေရသည်။
သို့သော် ယန်ယန်ကို ကယ်တင်ရမည်သာ။ ဆိုလွန်သည် မျက်လုံးများကို မှိတ်ကာ အသက် ပြင်းပြင်း ရှူသွင်းလိုက်သည်။
‘ကောင်းပြီ... ရှေ့မှာ နိဗ္ဗာန်ပဲရှိရှိ၊ ငရဲပဲရှိရှိ ငါ ဝင်သွားမှာပဲ’
သူ မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး ပျောက်ဆုံးသွေး မြို့တော်၏ တံခါးဝမှတစ်ဆင့် ပြတ်သားသည့် ခြေလှမ်းများဖြင့် ဝင်ရောက်သွားတော့သည်။
“ဝုန်း”
ဧရာမ ကျောက်တံခါးကြီးသည် သူ၏နောက်၌ ဖြည်းညှင်းစွာ ပိတ်သွားကာ ဆိုလွန်အား ကျယ်ပြောလှသည့် အပျက်အစီး ဝင်္ကပါကြီးထဲ၌ ပိတ်လှောင်လေပြီ။
…
ထိုအချိန်၌။
သွေးရောင်ရေကန် အလယ်ဗဟိုရှိ ကျောင်းတော်အတွင်း။
ပြိုင်ဘက်ကင်း အလှပိုင်ရှင်တစ်ဦးသည် ခေါင်းတလားတစ်ခုထဲ၌ ကိုယ်တီးလုံးဖြင့် ငြိမ်သက်စွာ လဲလျောင်းနေသည်။
သို့သော် ပျောက်ဆုံးသွေး မြို့တော်ထဲသို့ ဆိုလွန် ခြေချလိုက်သည့် အချိန်၌ပင် သူမ၏ လှပသည့် မျက်လုံးများ ပွင့်လာကာ တောက်ပနေသော ရွှေရောင် သူငယ်အိမ်များကို ဖော်ပြလာသည်။
“ကျွန်မရဲ့ သခင်... နောက်ဆုံးတော့ ရှင် ရောက်လာပြီပဲ... ကျွန်မ စောင့်နေတာ နှစ်တွေ အများကြီး ကြာခဲ့ပြီ”
သူမသည် ခေါင်းတလားထဲမှ ဖြည်းညှင်းစွာ ထလာကာ ကျောပြင်မှ မိစ္ဆာဆန်သည့် တောင်ပံတစ်စုံကို ဖြန့်ကျက်လိုက်သည်။
ထို့နောက် တောင်ပံများကို ခတ်ကာ ကျောင်းတော်၏ အလယ်ဗဟိုသို့ မျောလွင့်သွားပြီး လျင်မြန်စွာ စတင်လည်ပတ်လာသည်။ သို့ဖြင့် နောက်ဆုံး၌ သူမသည် မျက်စိကျိန်းမတတ် တောက်ပသည့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အခန်းအလယ်တွင် ပြိုင်ဘက်ကင်း ဓားတစ်လက်အဖြစ် အသွင်ပြောင်းသွားသည်။
ထိုအခါ ကျောင်းတော် တစ်ခုလုံး ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
အပိုင်း ၇၂၇ ပြီး။