← Chapters

အခန်း ၂၇၈

Vol. 28 Ch. 278

အခန်း ၂၇၈

Vol. 28 Ch. 278

အပိုင်း၂၇၈

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ပျောက်ဆုံးသွေး မြို့တော်တစ်ခုလုံးကို ကျောက်တုံးနှင့် ကျောက်စိမ်းများဖြင့် ရောနှောတည်ဆောက်ထားခြင်း ဖြစ်၏။ မရေမတွက်နိုင်သော နှစ်ကာလများ၏ ဖျက်ဆီးမှုကို ခံခဲ့ရသော်လည်း ကျိုးပဲ့နေသည့် ရုပ်တုများနှင့် ပြိုကျပျက်စီးနေသော အဆောက်အအုံများက မြို့ကြီး၏ အတိတ်ကာလ ခမ်းနားကြီးကျယ်မှုကို ဖော်ပြနေဆဲပင်။

အသူရာမိစ္ဆာကြယ်၏ အဆိုအရ ပျောက်ဆုံးသွေး မြို့တော်သည် လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာကတည်းက ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

အကယ်၍ ပျောက်ဆုံးသွေး မြို့တော်သာ ကမ္ဘာမြေပေါ်မှ မြို့တစ်မြို့ဖြစ်ပါက ယခုအချိန်၌ လုံးဝ ပျောက်ကွယ်သွားလောက်လေပြီ။ အီဂျစ်ပိရမစ်များပင်လျှင် သက်တမ်းအားဖြင့် နှစ်ထောင်ဂဏန်းမျှသာ ရှိသေးသည် မဟုတ်ပါလော။

အပျက်အစီးများကြား၌ ရှိနေသော်လည်း ပျောက်ဆုံးသွေးမြို့တော်၏ အခြေခံတည်ဆောက်ပုံမှာ လုံးဝ ပျက်စီးမသွားသေးပေ။

ဆိုလွန်သည် အပျက်အစီးများကို ကြည့်ရုံဖြင့် ရေပန်းများနှင့် ဥယျာဉ်များ ယခင်က မည်သည့်နေရာ၌ ရှိခဲ့မည်ကို ခန့်မှန်းလိုက်နိုင်သည်။

မြို့ကြီး၌ အများပြည်သူသုံး အဆောက်အအုံများနှင့် ရင်ပြင်များစွာ ရှိနေကာ ဗိသုကာလက်ရာမှာ နုလန် တော်ဝင်မြို့တော်ထက် များစွာ ပို၍ ခမ်းနားလှသည်။ ဤသည်က ပျောက်ဆုံးသွေး မြို့တော်သည် အလွန်မြင့်မားသည့် ယဉ်ကျေးမှုအဆင့်အတန်းတစ်ခုသို့ ရောက်ရှိခဲ့ကြောင်း ဖော်ပြနေသည်။

ထို့အပြင် ကုန်ထုတ်လုပ်မှု စွမ်းအား တိုးတက်ရုံသာမက နိုင်ငံရေးစနစ်ပါ အလွန်တရာ ဖွံ့ဖြိုးတိုးတက်ခဲ့ဟန်ရှိသည်။

ဆိုလွန်သည် မြို့တံခါးဝ၌ ရပ်နေပြီး သူ၏ရှေ့မှောက်တွင် မြို့လယ်ခေါင်သို့ တိုက်ရိုက် ရောက်ရှိသွားနိုင်မည့် ဖြောင့်တန်းသော လမ်းမကြီးတစ်ခု ရှိနေသည်။

အစောပိုင်းက တောင်ထိပ်ပေါ်၌ ရှိနေစဉ် ပျောက်ဆုံးသွေး မြို့တော်ရှိ လမ်းများကို ဧရာမ ပင့်ကူအိမ်ကြီးတစ်ခုသဖွယ် ဖြန့်ကြက်တည်ဆောက်ထားကြောင်း ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။

မြို့ကို ဖြတ်သန်းသွားသော အဓိက လမ်းမကြီး ရှစ်သွယ်ရှိပြီး စက်ဝိုင်းတစ်ခု၏ ဖြတ်မျဉ်းများသဖွယ် တည်ရှိနေကာ အလယ်ဗဟိုကို ဗဟိုပြု၍ လှည့်ပတ်နေသည့် မြို့ပတ်လမ်း ရှစ်လမ်းလည်း ရှိသေးသည်။

ယင်းတို့မှာ ပေကျင်းမြို့ရှိ မြို့ပတ်လမ်းများနှင့် ဆင်တူသော်လည်း စတုဂံပုံစံမဟုတ်ဘဲ ပြီးပြည့်စုံသည့် စက်ဝိုင်းပုံစံများ ဖြစ်သဖြင့် မြို့၏ လမ်းအပြင်အဆင်မှာ ပြီးပြည့်စုံသော စက်ဝိုင်းပုံစံ ဖန်တီးထားသည့် ပါးကွင်္ကေတများနှင့် ဆင်တူနေ၏။

မြို့ကို ဖြတ်သန်းသွားသည့် အဓိက လမ်းမကြီး ရှစ်သွယ်သည် မြို့တံခါးမကြီး ဆယ့်ခြောက်ခုနှင့် ဆက်သွယ်ထားကာ ဆိုလွန်ဝင်ရောက်လာသော တံခါးမှာ ထိုတံခါးမကြီးများထဲမှတစ်ခုပင်။ ယခုအချိန်၌ သူသည် ထိုအဓိက လမ်းမကြီး ရှစ်လမ်းအနက် တစ်လမ်းပေါ်၌ ရပ်နေသည်။

သီအိုရီအရဆိုလျှင် သူသာ ဤလမ်းအတိုင်း တည့်တည့်ဆက်လျှောက်သွားပါက မြို့လယ်ရှိ သွေးရောင်ရေကန်ဆီသို့ ရောက်ရှိသွားပေလိမ့်မည်။

နဂါးတံဆိပ်တုံး ကျောက်တိုင်မှာ ထိုရေကန်အလယ်ရှိ ကျောင်းတော်ထဲ၌ ရှိနေလေ၏။

…

မိနစ်အနည်းငယ်ကြာပြီးနောက်။

ဆိုလွန် အရှေ့သို့ နက်ရှိုင်းစွာဝင်ရောက်လာသော်လည်း ကျယ်ဝန်းသော လမ်းမကြီးပေါ်၌သာ ရှိနေသေးပြီး လမ်းကြောင်းတစ်လျှောက်လုံးမှာ လုံးဝ ရှင်းလင်းကာ မည်သည့် ဝင်္ကပါမှ မရှိသကဲ့သို့ ဖြစ်နေသည်။

သူသည် ဖြောင့်တန်းနေသည့် လမ်းမကြီးအတိုင်း ဆက်၍သာ လျှောက်သွားလိုက်သည်။

လေးနာရီခန့် ကြာပြီးနောက်။

ပျောက်ဆုံးသွေး မြို့တော်၏ ဝင်္ကပါသည် တစ်ခုခု မှားယွင်းနေကြောင်း နောက်ဆုံး၌ ဆိုလွန် သတိထားမိသွား၏။

ဤမြို့ကြီးမှာ ဧရာမ အရွယ်အစားရှိသော်လည်း အလယ်ဗဟိုရှိ သွေးရောင်ရေကန်ကိုပါ ထည့်တွက်လျှင်ပင် အချင်းမိုင်နှစ်ရာခန့်သာ ရှိသည်။

ဆိုလွန် အလွန်လျင်မြန်စွာ လျှောက်လာခဲ့ခြင်း ဖြစ်ပြီး လေးနာရီအတွင်း ကီလိုမီတာ တစ်ရာခန့် ကျော် ခရီးပေါက်ခဲ့ပြီ ဖြစ်၏။ သူသည် မြို့တစ်မြို့လုံးကို ဖြတ်ကျော်၍ တစ်ဖက်တံခါးကို ရောက်ရှိနေသင့်သည်မှာ ကြာလှလေပြီ။

ထို့အပြင် အလယ်ဗဟိုရှိ သွေးရောင်ရေကန်ကိုလည်း ဖြတ်ကျော်လာခဲ့သင့်ပေသည်။

သို့သော်လည်း သွေးရောင်ရေကန်ကို အရိပ်အယောင်မျှပင် မမြင်ရဘဲ လမ်းကြီးမှာ အဆုံးမရှိ ဆန့်တန်းနေပုံပင်။

ပို၍ ထူးဆန်းသည်မှာ သူ ဝင်္ကပါထဲ၌ လမ်းပျောက်နေခြင်း မဟုတ်သလို စတင်ခဲ့သည့် နေရာဆီသို့ စက်ဝိုင်းပုံစံ ပြန်လျှောက်လာမိခြင်းလည်း မဟုတ်ပေ။ လမ်းဘေး တစ်ဖက်တစ်ချက်စီရှိ ပျက်စီးနေသော အဆောက်အအုံများနှင့် ရှုခင်းများ ဆက်တိုက် ပြောင်းလဲနေသဖြင့် ထိုအချက်မှာ မှားယွင်းမည်မဟုတ်ချေ။

ထိုအချိန်မှသာ ပျောက်ဆုံးသွေး မြို့တော်ဝင်္ကပါ၏ နောက်ကွယ်မှ အစစ်အမှန် အဓိပ္ပာယ်ကို ဆိုလွန် နားလည်သွားတော့သည်။

သိသာထင်ရှားစွာပင် သာမန်မြို့တစ်မြို့ကို ရှုပ်ထွေးသည့် ဝင်္ကပါကြီးတစ်ခုအဖြစ် ဒီဇိုင်းဆွဲထားမည် မဟုတ်ပေ။ ထိုသို့လုပ်လျှင် မြို့သူမြို့သားများအတွက် လုံးဝ ကမောက်ကမ ဖြစ်သွားစေပေလိမ့်မည်။

ဝင်္ကပါဆိုသည်မှာ အမှန်စင်စစ်၌ မြို့၏ ကာကွယ်ရေးစနစ်တစ်ခုသာ။ ဤမြို့တော်ရှိ လူသားများသည် မိစ္ဆာမျိုးနွယ်၏ စစ်တပ် ကျူးကျော်လာစဉ် လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာက ယင်းကို အသက်သွင်းခဲ့ခြင်း ဖြစ်နိုင်သည်။ သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ရန်သူများ ရေကန်အလယ်ရှိ ကျောင်းတော်ဆီသို့ မရောက်ရှိစေရန် တားဆီးရန်ပင်။

ဆိုလွန် စိတ်ထဲမှတစ်ဆင့် အသူရာကြယ်ကို မေးလိုက်၏။

‘အသူရာမိစ္ဆာကြယ်... ဒီမြို့က လမ်းတွေက ဘာဖြစ်နေတာလဲ’

“သခင်... မင်းက ဖြောင့်တန်းတဲ့ ဒေါင်လိုက်မျဉ်းတွေအတိုင်း သွားနေတာလေ...”

“ဒီလိုဆို မြို့လယ်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး... အလျားလိုက်မျဉ်းတွေအတိုင်း သွားမှရမယ်... ဒါပေမဲ့ သတိထားရမှာက... အလျားလိုက်မျဉ်းတိုင်းမှာ သေလောက်တဲ့ အန္တရာယ်ရှိနိုင်တယ်”

“အဲ့ဒါက မိစ္ဆာမျိုးနွယ်စုရဲ့ စစ်တပ်ကို တားဆီးဖို့နဲ့ မြို့တစ်မြို့လုံးကို လက်နက်တစ်ခုအနေနဲ့ အသုံးပြုပြီး တည်ဆောက်ထားတဲ့ မြို့ရဲ့ ကာကွယ်ရေးစနစ်လို့ ဆိုရမှာပဲ”

အလျားလိုက်မျဉ်းများဆိုသည်မှာ မြို့ပတ်လမ်းများကိုဆိုလိုပြီး စုစုပေါင်း လမ်းရှစ်သွယ် ရှိသည်။

ဆိုလွန်က မျက်မှောင်ကြုံ့လိုက်သည်။

‘ဒီအတိုင်း အပျက်အစီးတွေ ကြားထဲကနေ ဖြတ်သွားလို့ မရဘူးလား’

“အဲ့ဒါက ပိုပြီးတောင် အန္တရာယ်များသေးတယ်...”

“အခုက နေ့ဘက်ဆိုတော့... နေ့အလင်းရောင်ကြောင့် လမ်းမကြီးတွေပေါ်မှာ သရဲတစ္ဆေတွေ မရှိဘူး... ဒါပေမဲ့ နေရောင်မရောက်နိုင်တဲ့ အပျက်အစီးတွေထဲ ခြေချလိုက်တာနဲ့ ကြောက်စရာကောင်းတဲ့ တစ္ဆေဝိညာဉ် (သေသူဝိညာဉ်)တွေကို နေရာတိုင်းမှာ တွေ့ရလိမ့်မယ်”

အသူရာကြယ်၏စကားကြောင့် ဆိုလွန် ကြက်သီးထသွားရလေပြီ။

‘ဒါဆို... ညဘက်ရောက်ရင် မရေမတွက်နိုင်တဲ့ တစ္ဆေဝိညာဉ်တွေ မြို့တစ်ခုလုံးမှာ ပြည့်နှက်သွားလိမ့်မယ်လို့ ဆိုလိုတာလား’

“ဟုတ်တယ်.. ဒါကြောင့် ညမကျခင် သူတို့ဆီကနေ ပုန်းအောင်းဖို့ နေရာတစ်ခု ရှာရမယ်”

‘သူတို့ဆီကနေ ငါ ဘယ်မှာ ပုန်းရမလဲ’

“နဂါးကျောင်းတော် တစ်ခုထဲမှာပေါ့... နဂါးကျောင်းတော် တိုင်းမှာ နတ်နဂါးရဲ့ မြင့်မြတ်တဲ့ အလင်းရောင်ရှိနေလို့ သေဆုံးသွားသူတွေ အထဲဝင်မလာနိုင်အောင် တားဆီးပေးတယ်... ဒါကြောင့် အဲ့ဒီလို ခေါ်ကြတာပဲ”

‘နဂါးကျောင်းတော်က ဘယ်လိုပုံစံမျိုးလဲ’

“အပြင်ပန်းကြည့်ရင်တော့ ဘာထူးခြားချက်မှ မရှိဘူး... ဒါပေမဲ့ ညဘက်ဆိုရင်တော့ မြင့်မြတ်တဲ့ အလင်းရောင် အကာအကွယ်တစ်ခု ထုတ်လွှတ်ပေးလိမ့်မယ်”

ဆိုလွန် ခေါင်းညိတ်လိုက်ကာ ခေတ္တမျှအတွေးနက်သွားပြီးမှ ရုတ်တရက် မေးလိုက်ပြန်၏။

‘ဒီနဂါးကျောင်းတော်တွေနဲ့ ရေကန်အလယ်က ကျောင်းတော်ကြားမှာ ဘာဆက်စပ်မှုရှိလဲ’

“ဒီလူသားတိုင်းပြည်က နတ်နဂါးကို ကိုးကွယ်ကြတာလေ... ဒါကြောင့် မြို့အနှံ့ အရေးကြီးတဲ့ နေရာတွေမှာ နဂါးကျောင်းတော်တွေကို တည်ဆောက်ခဲ့ကြတာ...”

“ဒီကျောင်းတော်ငယ်လေးတွေက မြို့တစ်ခုလုံးရဲ့ စွမ်းအင်၊ ကွပ်ကဲမှုနဲ့ မြင့်မြတ်တဲ့ အူတိုင်အဖြစ် ဆောင်ရွက်ပေးတဲ့ ရေကန်ဗဟိုမှာရှိတဲ့ကျောင်းတော်ကို ကာကွယ်ပေးထားတာပဲ... ကျောင်းတော်တွေ ပေါင်းစပ်ပြီး မြို့ရဲ့ ဧရာမ စွမ်းအင်ဝင်္ကပါ အစီအရင်ကို ဖွဲ့စည်းထားတာလည်းဖြစ်တယ်”

အသူရာကြယ်၏စကားအဆုံး၌ အရာအားလုံးကို အကြမ်းဖျင်းနားလည်သွားကာ ဆိုလွန်က အကျဉ်းချုံးလိုက်သည်။

‘ဒါဆို ရေကန်ဗဟိုကကျောင်းတော်ထဲကို ဝင်ချင်ရင် လမ်းမကြီးတွေအတိုင်း လျှောက်သွားနေရုံနဲ့ အသုံးမဝင်ဘူးပေါ့...’

‘အဓိကက ဒီနဂါးကျောင်းတော်တွေကို ရှာတွေ့ဖို့ပဲ မဟုတ်လား... နောက်ဆုံးမှာ ပင်မကျောင်းတော်ထဲ ဝင်နိုင်ဖို့ ကျောင်းတော်တွေရဲ့ လမ်းကြောင်းအတိုင်း ငါ သွားဖို့ လိုတာလား’

အသူရာမိစ္ဆာကြယ်က အတည်ပြုလိုက်၏။

“ညဘက်ဆို နဂါးကျောင်းတော်တွေမှာ ပုန်းပြီး နေ့ဘက်မှာ ခရီးဆက်ဖို့လိုတာ”

‘ကျောင်းတော် စုစုပေါင်း ဘယ်နှခု ရှိလဲ’

“ဆယ့်ခြောက်ခု”

ယခုမှ ဆိုလွန် အပြည့်အဝနားလည်သွားတော့သည်။

မြို့၏ ကာကွယ်ရေးစနစ်များ အပြည့်အဝ အသက်ဝင်လာသည်နှင့်တစ်ပြိုင်နက် ဧရာမ စွမ်းအင် အစီအရင်ကြီးလည်း ပွင့်လာခြင်းပင်။

လမ်းမကြီးများအတိုင်း တည့်တည့်ဆက်လျှောက်သွားမည် ဆိုပါက အဆုံးမရှိသော ဝင်္ကပါထဲ၌ ပိတ်မိနေမည်ဖြစ်ပြီး ရေကန်ဗဟိုရှိကျောင်းတော်ဆီသို့ ဘယ်တော့မှ ရောက်ရှိမည် မဟုတ်ပေ။

ကျောင်းတော် ဆယ့်ခြောက်ခုမှာ မြို့ထဲ၌ ယုံကြည်စိတ်ချရသည့် တစ်ခုတည်းသော မှတ်တိုင်များပင်။ မြို့အတွင်း၌ မြို့ပတ်လမ်း ရှစ်သွယ်ရှိပြီး လမ်းတစ်လမ်းစီ၌ ကျောင်းတော် နှစ်ခုစီ ရှိသဖြင့် စုစုပေါင်း ဆယ့်ခြောက်ခုရှိနေသည်။

ထို့ကြောင့် ဗဟိုကျောင်းတော်သို့ ရောက်ရှိရန် ရှေးဦးစွာ ကျောင်းတော်တစ်ခုကို ရှာဖွေရပေမည်။

ဆိုလွန် ကောင်းကင်သို့ မော့ကြည့်လိုက်၏။ နေမင်းကြီးသည် အနောက်ဘက်သို့ ဝင်ရောက်နေပြီဖြစ်ကာ မကြာမီ လုံးဝ ပျောက်ကွယ်သွားပေတော့မည်။

ညရောက်သည်နှင့်တစ်ပြိုင်နက် မရေမတွက်နိုင်သည့် တစ္ဆေများ ထွက်ပေါ်လာမည်ဖြစ်ကာ အသန်မာဆုံး စစ်သည်တော်ပင်လျှင် လွတ်မြောက်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ဆိုလွန်တစ်ယောက် အမှောင်မကျမီ ကျောင်းတော်တစ်ခုကို ရှာဖွေရမည် ဖြစ်သည်။

ဖြောင့်တန်းသည့် လမ်းများတစ်လျှောက်၌ မည်သည့် ကျောင်းတော်ကိုမှ ရှာတွေ့မည် မဟုတ်ပေ။ ယင်းတို့မှာ စက်ဝိုင်းပုံစံ မြို့ပတ်လမ်းများ၌သာ တည်ရှိနေသောကြောင့်ပင်။

သို့ဖြင့် ဖြောင့်တန်းသောလမ်းနှင့် မြို့ပတ်လမ်းဆုံသည့် လမ်းဆုံတစ်ခုသို့ ရောက်သည်အထိ ဆိုလွန် ကီလိုမီတာ အတော်များများ ဆက်လျှောက်လာလိုက်၏။

ယခု လမ်းဆုံတစ်ခု၌ ရပ်နေလေပြီ။

ဘယ်ဘက်သွားရမည်လော၊ ညာဘက်သွားရမည်လော။

ဆိုလွန် ခက်ခဲသော ရွေးချယ်မှုတစ်ခုနှင့် ရင်ဆိုင်နေရသဖြင့် ဘယ်နှင့် ညာ လမ်းကြောင်းများကြားရှိ ကွာခြားချက်များကို သေချာစွာ လေ့လာကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဘယ်ဘက်သို့ ကြည့်လိုက်သောအခါ အရိုးစုပုံတစ်ပုံကို မြင်လိုက်ရသဖြင့် လူများစွာ သေဆုံးခဲ့ကြောင်း ဖော်ပြနေကာ သေစေနိုင်သည့် ထောင်ချောက်တစ်ခု ရှိနေခြင်းပင်။

ထို့ကြောင့် ညာဘက်သို့ အကြည့် ရွှေ့ကာ ရေရွတ်လိုက်၏။

“ဒါဆို ညာဘက်သွားတာပေါ့...”

သို့သော် စိတ်ပျက်စရာကောင်းစွာပင် ညာဘက်လမ်းကြောင်း၌လည်း အရိုးစုများစွာကို မြင်လိုက်ရပြန်သည်။

‘တောက်... ဘာတွေ ဖြစ်နေတာလဲ’

နှစ်ဖက်စလုံး၌ အရိုးစုများ ရှိနေ၏။

လမ်းနှစ်သွယ်စလုံး၌ လူများ သေဆုံးခဲ့ကြောင်းဖော်ပြနေသဖြင့် မည်သည့်လမ်းက ဘေးကင်းပါတော့မည်နည်း။

ထိုအခါ ဆိုလွန်၏ အခက်အခဲကို မြင်နေရသော အသူရာမိစ္ဆာကြယ်က အကြံပေးလာ၏။

“သခင်... စိတ်တည်ငြိမ်အောင် ဖန်သော်တာ သိုင်းပညာကို သုံးပြီး နှလုံးသားရဲ့ ခေါ်သံကို နားထောင်ကြည့်ပါ”

ဆိုလွန် ခေါင်းညိတ်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်ကာ ဖန်သော်တာ သိုင်းပညာ၏ စိတ်အခြေအနေထဲသို့ ဝင်ရောက်လိုက်သည်။

မကြာမီ သူ၏စိတ်မှာ လုံးဝ တည်ငြိမ်အေးချမ်းသွားကာ နှလုံးသားထဲရှိ ရေတွင်းမှ ရေပြင်မှာ လုံးဝ ငြိမ်သက်သွားလေပြီ။ ရေပြင်ထက်မှ ဖန်သော်တာ၏ ပုံရိပ်မှာ အပြစ်အနာအဆာကင်းလှ၏။

“ဘယ်ဘက်... ဘယ်ဘက်...”

ထိုအချိန်၌ ရုတ်တရက် ဆွဲဆောင်မှုရှိပြီး ညှို့ငင်နိုင်သော အသံတစ်ခု သူ၏ နားထဲ၌ ပဲ့တင်ထပ်လာသည်။ အသံမှာ အလွန်တရာ စွဲမက်ဖွယ်ကောင်းလှကာ ရုန်းထွက်ရန်ပင် ခက်ခဲသွားစေ၏။

ဆိုလွန် ရုတ်တရက်စိတ်ထဲမှ မေးလိုက်သည်။

‘အသူရာမိစ္ဆာကြယ်... အခုစကားပြောလိုက်တာ မင်းလား’

“သေချာပေါက် မဟုတ်ဘူးပေါ့...”

“အရင်က ပြောခဲ့သလိုပဲ... ဒီမြို့မှာ သခင်ကလွဲပြီး တခြား ဘယ်သူမှ ဗဟိုကျောင်းတော်ထဲကို ဝင်နိုင်မှာ မဟုတ်ပါဘူးဆို”

“ဘယ်ဘက်... ဘယ်ဘက်...”

ထိုနက်နဲသည့် အသံသည် နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာပြန်၏။

ထိုအသံသည် စစ်မှန်သော လမ်းညွှန်မှုဖြစ်သလော။

သို့မဟုတ် သေစေနိုင်သည့် ထောင်ချောက်တစ်ခုပေလော။

အပိုင်း ၂၇၈ ပြီး။

All Chapters