← Chapters

အခန်း ၂၇၉

Vol. 28 Ch. 279

အခန်း ၂၇၉

Vol. 28 Ch. 279

အပိုင်း၂၇၉

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ဆိုလွန်တစ်ယောက် စိတ်အေးချမ်းတည်ငြိမ်မှုကိုဆက်လက်ထိန်းသိမ်းရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ အကယ်၍ အသူရာမိစ္ဆာကြယ်၏ သတိပေးချက်သာ မရှိလျှင် ဘေးကင်းစေရန်အတွက် ညာဘက်ကို သူ ရွေးချယ်မိပေလိမ့်မည်။

သို့ဖြင့် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေပြီးနောက်မှ ဘယ်ဘက် လမ်းဆုံဆီသို့ ခြေလှမ်း လှမ်းလိုက်၏။

ထိုခဏ၌ ရုတ်တရက် ထူးဆန်းသည့် အလင်းတန်းတစ်ခုဖြင့် ရစ်ပတ်လွှမ်းခြုံခြင်းခံလိုက်ရကာ အချိန်များ နောက်ပြန်ဆုတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အချိန်များ ပို၍ နောက်ပြန်ဆုတ်သွားသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ ရှုခင်းများ လျင်မြန်စွာ ပြောင်းလဲလာ၏။

လမ်းဘေး တစ်ဖက်တစ်ချက်ရှိ ပြိုကျပျက်စီးနေသည့် အပျက်အစီးများ ပြန်လည် ကောင်းမွန်လာကာ စာကြည့်တိုက်၊ ရေချိုးဆောင်နှင့် ခမ်းနားသော အစည်းအဝေးခန်းမ အပါအဝင် ခမ်းနားထည်ဝါသော အဖြူရောင် အဆောက်အအုံများအဖြစ်သို့ ပြောင်းလဲသွားသည်။

စိမ်းလန်းသည့် သစ်ပင်များနှင့် တောက်ပသော ပန်းများ လမ်းတစ်လျှောက် ထွက်ပေါ်လာကာ လှပသည့် ရေပန်းများလည်း အသက်ဝင်လာသည်။ ခမ်းနားသည့် အဆောက်အအုံများ၌ စွဲမက်ဖွယ်ကောင်းသော ခေါင်မိုးပေါ် ဥယျာဉ်များပင် ရှိနေသေးသည်။

သို့သော် ထိုအချိန်၌ လမ်း၏ နှစ်ဖက်စွန်းမှ အဆုံးကိုပင်မမြင်ရသည့် မိစ္ဆာမျိုးနွယ် စစ်တပ်ကြီး ချီတက်လာ၏။ သူတို့သည် မီးတောက်များနှင့် မဟူရာစွမ်းအင်များကို ထုတ်လွှတ်ကာ ခမ်းနားသည့် အဆောက်အအုံများကို စတင် ဖျက်ဆီးပစ်ကြသည်။

ကျိုင်းကောင် ဒီရေလှိုင်းကြီးတစ်ခုသဖွယ် မိစ္ဆာမျိုးနွယ် စစ်တပ်ကြီးသည် ဆိုလွန်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖြတ်သန်းသွားပြီး သူတို့ ဖြတ်သွားရာ လမ်းတစ်လျှောက်၌ အကြွင်းမဲ့ ဖျက်စီးခြင်းမှလွဲ၍ မည်သည့်အရာမှ ချန်မထားခဲ့ချေ။

အဖိုးတန် အဝတ်အစားများ ဝတ်ဆင်ထားသည့် မရေမတွက်နိုင်သော လူများ ရက်စက်စွာ သတ်ဖြတ်ခံရကာ အရှင်လတ်လတ် စားသောက်ခံလိုက်သည်။

ထိုအချိန်တွင် ရုတ်တရက် ဆိုလွန်၏ ရှေ့တည့်တည့်ရှိ သာမန်ပုံပေါက်နေသော အဆောက်အအုံတစ်ခုထဲမှ နတ်နဂါး ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

“ဝေါင်း”

ထိုအခါ အံ့ဩဖွယ်ကောင်းသော မြင့်မြတ်သည့် စွမ်းအင် ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်သွားကာ ထိုနေရာတစ်ဝိုက်ကို နေမင်းကြီးပမာ တောက်ပစွာ လင်းထိန်သွားစေ၏။

“ရွှီး”

မရေမတွက်နိုင်သည့် မိစ္ဆာမျိုးနွယ်ဝင်ကျူးကျော်သူများ အားလုံးချက်ချင်းပင် ပြာအဖြစ် အငွေ့ပျံသွားတော့သည်။

ထိုသည်ကား နဂါးကျောင်းတော်၏စွမ်းအားပင်။ အလွန် ရိုးရှင်းလှသည့် သာမန်အဆောက်အအုံတစ်ခုနှင့် တူသော်လည်း အရေးအကြီးဆုံး အချိန်၌ ကြောက်စရာကောင်းသော စွမ်းအင်နှင့် အလင်းရောင်ကို ထုတ်လွှတ်ပေးလေပြီ။

“ရွှီး”

မျက်စိကျိန်းမတတ် တောက်ပသည့် စွမ်းအင်တန်းတစ်ခု ဆိုလွန်၏ မျက်လုံးများထဲသို့ တိုက်ရိုက် ဝင်ရောက်လာသဖြင့် မျက်လုံးများကို ချက်ချင်း မှိတ်ပစ်လိုက်ရသည်။

မျက်လုံးများ ပြန်ဖွင့်လိုက်သောအခါ ထိုမြင်ကွင်းများ ပျောက်ကွယ်သွားကာ လှပသည့် မြို့ကြီးမရှိတော့ဘဲ လမ်းဘေး တစ်ဖက်တစ်ချက်ရှိ လူသူကင်းမဲ့နေသော အပျက်အစီးများဖြင့် ထပ်မံ အစားထိုးခံလိုက်ရသည်။

နဂါးကျောင်းတော်မှာ သူ၏ရှေ့ မီတာ ၃၀၀ အကွာ၌ရှိနေပြီး အများပြည်သူသုံး ရေချိုးဆောင်နှင့်တူသည့် သတိထားမိစရာ မရှိသော အဆောက်အအုံတစ်ခုပင်။

ထိုစဉ် သူ၏နောက်ရှိ လမ်းဆုံထဲသို့ လူတစ်ယောက် ရုတ်တရက် ပြေးဝင်လာသည်။

ထိုသူမှာ နက်မှောင်သည့် အမွေးအမျှင်များနှင့် ခေါင်းပေါ်၌ ချွန်ထက်သော ဦးချိုများပါရှိသည့် လူရိုင်းတစ်ယောက်ဖြစ်နေသည်။

ဆိုလွန် လန့်သွားပြီး ချက်ချင်း ထွက်ပြေးရန် ပြင်လိုက်၏။ ပျောက်ဆုံးသွေး မြို့တော်ထဲသို့ ဝင်ရောက်ကာ အသက်ရှင်နိုင်သော မည်သည့် လူရိုင်းမဆို သေချာပေါက် အလွန် အင်အားကြီးမားပေလိမ့်မည်။

သို့သော် ထိုလူရိုင်းက ဆိုလွန်ကို လုံးဝ သတိထားမိပုံမရပေ။ သူသည် လမ်းဆုံ၌ ရပ်ကာ ဘယ်ဘက်သွားရမည်လော၊ ညာဘက်သွားရမည်လောဟု ရွေးချယ်ရန် ရုန်းကန်နေ၏။

‘ဘာပဲဖြစ်ဖြစ် ဘယ်ဘက်တော့ မလာပါနဲ့..’

ဆိုလွန် တိတ်ဆိတ်စွာ ဆုတောင်းနေမိသည်။

ထိုလူရိုင်းသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ညာဘက်လမ်းကြောင်းကို ရွေးချယ်လိုက်လေသည်။

ထိုအခါ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုကို ဆိုလွန် မြင်တွေ့လိုက်ရတော့သည်။

လူရိုင်းသည် ညာဘက်လမ်းကြောင်းထဲသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်သွား၏။ ထို့နောက် မျက်လုံးများ မျက်ခွံထဲမှ ကျွတ်ထွက်လာပြီး အရေပြားများ ဆုတ်ပြဲသွားကာ အနက်ရောင်သန်းနေသည့် သွေးများ နေရာအနှံ့ ပန်းထွက်သွားသည်။

“ဖောင်း”

ရွံရှာဖွယ် ပေါက်ကွဲသံနှင့်အတူ ထိုလူရိုင်းသည် သွေးအိုင်တစ်ခုအဖြစ် ပေါက်ကွဲထွက်သွားလေပြီ။

ထိုနေရာရှိ လေဖိအားမှာ သုညနီးပါးအထိ ကျဆင်းသွားကာ လူရိုင်း၏ သွေးများကို ဆူပွက်လာစေပြီး ခန္ဓာကိုယ်ကို အတွင်းမှ အပြင်သို့ ပေါက်ကွဲထွက်သွားစေခြင်း ဖြစ်ကြောင်း ဆိုလွန် သတိပြုမိလိုက်သည်။

ပျောက်ဆုံးသွေး မြို့တော်ကြီးတစ်ခုလုံးသည် ကောလဟာလများထဲကအတိုင်း စစ်မှန်သည့် သေမင်းထောင်ချောက်ကြီးတစ်ခုပင်။

ထိုအချိန်၌ နေမင်းကြီးသည် အနောက်ဘက် မိုးကုပ်စက်ဝိုင်းအောက်သို့ ဝင်ရောက်သွားကာ နေ့အလင်းရောင်၏ နောက်ဆုံး အရိပ်အယောင်များ လုံးဝ ပျောက်ကွယ်သွားသည်။

နေဝင်သွားသော်လည်း အမှောင်မကျမီ ဆည်းဆာအချိန် တစ်နာရီကျော်ခန့် ကျန်ရှိနေသင့်သေး၏။ ထိုအချိန်ရောက်မှသာ ကြောက်မက်ဖွယ်ကောင်းသည့် တစ္ဆေဝိညာဉ်များ မြို့ထဲသို့ ဝင်ရောက်လာသင့်သည်။ ထို့ကြောင့် သူ၏ခန့်မှန်းချက်အရ ကျောင်းတော်မှာ မီတာ ၃၀၀ အကွာ၌သာ ရှိသဖြင့် တစ်နာရီမဆိုထားနှင့် မိနစ်အနည်းငယ်အတွင်းပင် ရောက်ရှိနိုင်ပေလိမ့်မည်။

သို့သော်ထိုသည်က ဆိုလွန် ထင်မှတ်ထားသည့် အတွေးတစ်ခုသာ။

နေမင်းကြီး ပျောက်ကွယ်သွားသည့် စက္ကန့်ပိုင်းအတွင်း၌ပင် ကောင်းကင်ကြီးမှာ ချက်ချင်း မှောင်မိုက်သွားကာ ကြယ်များ မရှိသလို လမင်းလည်း မရှိတော့ပေ။

မြို့ကြီးတစ်မြို့လုံး ချက်ချင်းပင် အမှောင်ထုထဲသို့ ကျဆင်းသွား၏။

ဆိုလွန်၏ နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွားရသည်။ ထိုသည်ကား လုံးဝ ယုတ္တိမတန်ချေ။

ထိုနေရာ၌ ဆည်းဆာအချိန်ဆိုတာ မရှိသလော။

နေဝင်သွားသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ညဉ့်နက်သွားခြင်းဖြစ်နေသလော။

ထိုအချိန်၌ ဆိုလွန်၏ ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းဖြန်းထသွားစေမည့် မြင်ကွင်းတစ်ခု သူ၏ မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။

ဖောက်ထွင်းမြင်ရသော တစ္ဆေဝိညာဉ်များ တစ်ကောင်ပြီးတစ်ကောင် အပျက်အစီးများကြားထဲမှ ထွက်ပေါ်လာခြင်းပင်။

ပျောက်ဆုံးသွေး မြို့တော်ကြီးသည် တစ်ချိန်က သန်းနှင့်ချီသည့် မြို့သူမြို့သားများ ရှိသော လူသားတိုင်းပြည်တစ်ခု ဖြစ်ခဲ့ဖူးကာ ထိုသန်းနှင့်ချီသော လူများအားလုံးမှာ မိစ္ဆာမျိုးနွယ်စုမှ စစ်တပ်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ မိစ္ဆာများက မြို့ကို သိမ်းပိုက်လိုက်သည့်အတွက် မြေမှဖြစ်သည့် သူသည် မြေသို့ပြန်ရမည် ဆိုသော သဘာဝ သံသရာလည်ပတ်မှု ပြတ်တောက်သွားကာ နဂါးစွမ်းအားဖြင့် ထိန်းညှိထားသည့် ဝင်စားခြင်း နိယာမများလည်း ပျက်စီးသွားခဲ့ရသည်။

ရလဒ်အနေဖြင့် အသတ်ခံလိုက်ရသော မြို့သူမြို့သားအားလုံးသည် အင်အားကြီးမားပြီး ကြမ်းကြုတ်သည့် တစ္ဆေသရဲများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။

ထိုတစ္ဆေများအတွက် အသက်ရှင်လျက် အသက်ရှူနေသည့် လူသားတစ်ဦးဖြစ်သည့် ဆိုလွန်မှာ အမှောင်ထဲရှိ တောက်ပနေသော မီးတောက်ကြီးတစ်ခုပမာ ထင်ရှားလာတော့သည်။

နိုးထလာသည့် တစ္ဆေများအားလုံး၏ အကြည့်များယ ဆိုလွန်ရှိရာအရပ်သို့ လှည့်လာကြလေပြီ။

ထို့နောက် မျက်စိတစ်မှိတ်အတွင်း ထောင်သောင်းချီသည့် တစ္ဆေသရဲများသည် ကြောက်မက်ဖွယ် ဒီရေလှိုင်းကြီးတစ်ခုပမာ သူ့ဆီသို့ တိုးဝင်လာတော့သည်။

ကြယ်သုံးပွင့်အဆင့် စစ်သည်တော်လေးတစ်ယောက်မျှသာ ဖြစ်သော ဆိုလွန် မဆိုထားနှင့် အင်အားကြီးမားသည့် နဂါးစစ်သည်တော်တစ်ဦးပင်လျှင် ဒေါသထွက်နေသော တစ္ဆေဝိညာဉ် သောင်းနှင့်ချီကို ရင်ဆိုင်ရပါက သေချာပေါက် သေဆုံးသွားရပေလိမ့်မည်။

သူ့ဆီတိုးဝင်လာသည့် တစ္ဆေသရဲများကိုမြင်လျှင် ဆိုလွန် ဓားကို ဆွဲမထုတ်လိုက်ပေ။ တစ္ဆေသရဲများသည် စွမ်းအင်သီးသန့်ဖြင့် ဖွဲ့စည်းထားသော သက်ရှိများဖြစ်ကာ သာမန် ဓားများ၊ လှံများကို ခုခံနိုင်စွမ်းရှိကြသောကြောင့်ပင်။

ထို့ကြောင့် သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး မီတာသုံးရာအကွာ၌ ရှိနေသည့် ကျောင်းတော်ဆီသို့ ရူးသွပ်စွာ ပြေးသွားလိုက်တော့သည်။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် တစ္ဆေသရဲ ဒီရေလှိုင်းကြီးအောက်၌ လုံးဝ နစ်မြုပ်သွားလေပြီ။

တစ္ဆေသရဲများက မည်သို့ တိုက်ခိုက်ပါသနည်း။

သူတို့သည် လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ကျူးကျော်ဝင်ရောက်ကာ စိတ်ဝိညာဉ်ကို ဝါးမျိုပြီး အသိဉာဏ်မဲ့သော ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲပစ်ကြခြင်းပင်။

“ဝှီး”

တစ္ဆေဝိညာဉ် ရာပေါင်းများစွာသည် ဆိုလွန်ဆီသို့ ရူးသွပ်စွာ အုံခဲလာကြသောအခါ စက္ကန့်ပိုင်းအတွင်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အကြောသေသွားကာ ခြေတစ်လှမ်းမှပင် မလှမ်းနိုင်တော့ချေ။

သေဆုံးသွားသူများ၏ စိတ်ဝိညာဉ်များသည် သူ၏ အာရုံကြောများနှင့် စိတ်ထဲသို့ ဝင်ရောက်လာပြီး ဦးနှောက်နှင့် ခန္ဓာကိုယ်ကြားရှိ ဆက်သွယ်မှုကို လုံးဝ ဖြတ်တောက်လိုက်ကြခြင်းပင်။

ထို့နောက် မရေမတွက်နိုင်သည့် ငိုကြွေးသံများနှင့် တစ္ဆေညည်းသံများ သူ၏ နားထဲ၌ ပဲ့တင်ထပ်လာပြီး စိတ်ဝိညာဥ်ထဲသို့ပင် ထိုးဖောက်ဝင်ရောက်လာကား ဆိုလွန်၏ ခန္ဓာကိုယ်မှာ စတင် မည်းနက်လာတော့၏။

လူသားတစ်ဦး တစ္ဆေဝိညာဉ်များ၏ ပူးကပ်ခြင်းခံရသည့်အခါ ပူးကပ်ခံရသူ၏ စိတ်ဝိညာဉ်မှာ လုံးဝ ကြေမွပျက်စီးသွား ပေလိမ့်မည်။ ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံးသို့ သေခြင်းအငွေ့အသက်များ ကူးစက်သွားကာ အသားနှင့် အရိုးများ ပုပ်ပွသွားပြီး လမ်းလျှောက်နေသော ဖုတ်ကောင်တစ်ကောင် ဖြစ်လာမည်။

ဆိုလွန်၏ သူငယ်အိမ် အရောင်များ ပြောင်းလဲလာပြီး အညိုရင့်ရောင်မှ ကြောက်မက်ဖွယ် တောက်ပသော အစိမ်းရောင်သို့ ဖြည်းညှင်းစွာ ကူးပြောင်းသွားကာ အရေပြားပေါ်မှ အနက်ရောင် မီးခိုးငွေ့များ ထွက်ပေါ်လာသည်။

တစ္ဆေဝိညာဉ်များက ရူးသွပ်စွာ တိုက်ခိုက်လာကြပြီး သူ၏ စိတ်ဝိညာဉ်ကို မရပ်မနား ဆွဲဖြဲနေသောကြောင့်ပင်။

ထိုစဉ် သူ၏ ခန္ဓာကိုယ်ထဲရှိ အသူရာမိစ္ဆာကြယ်က သရဲတစ္ဆေများကို ရူးသွပ်စွာ စတင်ဝါးမျိုတော့သည်။

သေဆုံးသွားသူများကို စွမ်းအင်များဖြင့် ဖွဲ့စည်းထားသလော။

ထိုစွမ်းအင်များကို စုပ်ယူနိုင်သလော။

ဟုတ်ပေသည်၊ သူတို့မှာ စွမ်းအင်များဖြစ်ပြီး ဝါးမျို၍ ရနိုင်၏။

သို့သော် ထိုသည်ကား မကောင်းသော စွမ်းအင်များ ဖြစ်သဖြင့် ထိုအရာများကို ဝါးမျိုခြင်းသည် ဆိုလွန်၏ ကျင့်ကြံခြင်းကို တိုးတက်လာစေမည် မဟုတ်ဘဲ သူ့၌ ရှိနေသော စွမ်းအင်များကိုသာ အပြင်းအထန် စုပ်ယူသွားပေလိမ့်မည်။

ဆိုလွန်၏ အသက်ကို ကယ်တင်ရန်အတွက် အသူရာမိစ္ဆာကြယ်သည် တစ္ဆေဝိညာဉ်များ၏ တိုက်ခိုက်မှုကို အတင်းအဓမ္မ စုပ်ယူပစ်လိုက်၏။ သို့သော် ထိုသို့ပြုလုပ်ခြင်းက သိမ်းဆည်းထားသည့် နဂါးစွမ်းအားနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များကို ပို၍ လျင်မြန်စွာ ကုန်ဆုံးသွားစေသည်။ ဆူပွက်နေသော ရေပူထဲသို့ ရေခဲများ ထည့်ကာ အအေးခံလိုက်သကဲ့သို့ပင်။

ထောင်ပေါင်းများစွာသည့် တစ္ဆေဝိညာဉ်များက မရပ်မနား တိုက်ခိုက်လာကြခြင်းဖြစ်ကာ အသူရာမိစ္ဆာကြယ်သာ မရှိလျှင် ဆိုလွန်၏ စိတ်ဝိညာဉ်မှာ ယခုအချိန်၌ အကြိမ်တစ်ရာမက ဖျက်ဆီးခံရပြီးပင် ဖြစ်နေပေလိမ့်မည်။

အပိုင်း ၂၇၉ ပြီး။

All Chapters