အခန်း ၂၈၀
Vol. 28 Ch. 280
အပိုင်း၂၈၀
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
စက္ကန့်အနည်းငယ်အတွင်း အသူရာမိစ္ဆာကြယ်ထဲ၌ သိမ်းဆည်းထားသည့် စွမ်းအင်များ ကုန်ဆုံးလုနီးပါးဖြစ်လာလေပြီ။ နဂါးစွမ်းအားနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များ လုံးဝ ကုန်ခန်းသွားပါက အသူရာမိစ္ဆာကြယ်သည်လည်း ဆိုလွန့်ကို ဆက်လက် ကာကွယ်ပေးနိုင်မည် မဟုတ်တော့ပေ။
ထို့အစား အသက်ရှင်သန်ရန် သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များကို တိုက်ရိုက် ဝါးမျိုမည်ဖြစ်သည်။ ထိုသို့ဖြစ်သွားလျှင် ဆိုလွန် သေဆုံးသွားပေလိမ့်မည်။
ပို၍ ဆိုးရွားသည်မှာ တိုက်ခိုက်လာသည့် တစ္ဆေဝိညာဉ်အရေအတွက်မှာ ဆက်လက် တိုးပွားနေဆဲပင်။ ထိုအခါ အသူရာမိစ္ဆာကြယ်သည် ဆက်လက်တောင့်ခံထားနိုင်ခြင်းမရှိတော့သဖြင့် သေခြင်းစွမ်းအင် များ၏ကူးစက်မှုမှ ဆိုလွန်ကို ကာကွယ်မပေးနိုင်တော့ချေ။
အနက်ရောင် သေခြင်းအငွေ့အသက်များ ဆိုလွန်၏ ခန္ဓာကိုယ်တစ်လျှောက် လျင်မြန်စွာ ဆက်လက် ပြန့်နှံ့လာကာ ခြေထောက်မှသည် ခါး၊ ရင်ဘတ်၊ လည်ပင်းနှင့် မျက်နှာအထိ တက်လာ၏။
သေခြင်းအငွေ့အသက်များ သူ့ကို အပြည့်အဝ ဖုံးလွှမ်းသွားသည်နှင့်တစ်ပြိုင်နက် ဆိုလွန်တစ်ယောက် ပုပ်ပွနေသော ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ပျောက်ဆုံးသွေးမြို့တော် အန္တရာယ်များကြောင်း သူ သိထားသော်လည်း ထိုမျှအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု ဘယ်သောအခါမှ မတွေးထားခဲ့ပေ။
ငရဲဘုံထဲသို့ ဝင်ရောက်လာခြင်းဖြစ်နေပါသလော။
သေခြင်းအငွေ့အသက်များ သူ၏ နှာခေါင်းနှင့် မျက်လုံးများဆီသို့ တက်လာလေပြီ။
မီတာသုံးရာအကွာမှ နဂါးကျောင်းတော်က မြင့်မြတ်သည့် အလင်းရောင်တစ်ခု ထုတ်လွှတ်ပေးနေသဖြင့် တစ္ဆေဝိညာဉ်များသည် ထိုကျောင်းတော်မှ ပတ်ပတ်လည်လည်အကွာအဝေးတစ်ခု၌ အလိုအလျောက် ရှောင်ဖယ်နေကြသည်။
ကျောင်းတော်ထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူ ဘေးကင်းသွားမည်ဖြစ်၏။ သို့သော် ဆိုလွန်အတွက် ထိုတိုတောင်းလှသည့် မီတာသုံးရာမှာ ဖြတ်ကျော်ရန် လုံးဝ မဖြစ်နိုင်သကဲ့သို့ ခံစားနေရသည်။ သေခြင်းစွမ်းအင်ကူးစက်မှုက သူ့ကို လုံးဝ ဝါးမျိုတော့မည်ပင်။
ထိုအချိန်၌။
“ဝှီး”
ခရမ်းရောင်သန်းနေသည့် ဓားအလင်းတန်းတစ်ခု အမှောင်ထုထဲမှ ရုတ်တရက် ထွက်ပေါ်လာကာ အင်အားကြီးမားသော မြင့်မြတ်သည့် အလင်းရောင်ပမာ ညအမှောင်ကို ဖြတ်သန်းသွားသည်။
ဓားအလင်းတန်း ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ တစ္ဆေဝိညာဉ်များ အားလုံး ပြာအဖြစ် ပြောင်းလဲသွားကုန်၏။
ထိုဓားအလင်းတန်း ဆိုလွန်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလျှင် သူ၏ ခန္ဓာကိုယ်၌ တွယ်ကပ်နေသော တစ္ဆေဝိညာဉ်များ အားလုံး နာကျင်စွာ အော်ဟစ်လိုက်ကြကာ အရိပ်အယောင်မျှမကျန် ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် မြင့်မြတ်နတ်နဂါး၏ ဟိန်းဟောက်သံနှင့် တူသည့် အသံတစ်ခုကို ဆိုလွန် ကြားလိုက်ရသည်။ ထိုအသံမှာ အလွန်တရာ မြင့်မြတ်ပြီး အင်အားကြီးမားလှကာ ကောင်းကင်ဘုံကိုးလွှာမှ ဆင်းသက်လာသကဲ့သို့ပင်။
ယင်းကား ဓားတစ်လက်၏ ဟိန်းဟောက်သံပင်။
ထို့နောက် တစ္ဆေဝိညာဉ်ဒီရေလှိုင်းများကြားမှ လူရိပ်တစ်ခု ထွက်ပေါ်လာပြီး ဆိုလွန်ကို ဖမ်းဆွဲလိုက်သည်။ ထိုလူသည် တစ္ဆေဝိညာဉ် ပင်လယ်ပြင်ကို ဖြတ်သန်းရန် ဓားတစ်ချက် ဝှေ့ယမ်းပြီး အလင်းလမ်းကြောင်းတစ်ခု ဖန်တီးလိုက်၏။ ထို့နောက် ဆိုလွန့်ကို သယ်ဆောင်လျက် မီတာသုံးရာအကွာရှိ ကျောင်းတော်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
ကြောက်ရွံ့မှုကင်းမဲ့နေသည့် တစ္ဆေဝိညာဉ်များက သူတို့နောက်သို့ ရူးသွပ်စွာ ခုန်အုပ်လာကြသည်။ သို့သော် ကျောင်းတော် တံခါးဝသို့ ချဉ်းကပ်လာသည်နှင့်တစ်ပြိုင်နက် အငွေ့ပျံ ပျောက်ကွယ်သွားကြ၏။
အထဲသို့ ဝင်၍ မရကြောင်း သိသွားသောအခါ တစ္ဆေဝိညာဉ်များ ကျောင်းတော်ကို ဝန်းရံလိုက်ပြီး ညအမှောင်ထဲ၌ ကြောက်မက်ဖွယ် ညည်းသံများပေးကာ အော်ဟစ်နေကြတော့သည်။
…
လူရိပ်သည် ဆိုလွန်ကို ဘေးကင်းစွာ ခေါ်ဆောင်လာပြီးနောက် ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ဓားပေါ်ရှိ တောက်ပနေသည့် အလင်းရောင် များမှေးမှိန်သွားသောအခါ မျက်စိကျိန်းမတတ် တောက်ပပြီး ဖောက်ထွင်းမြင်ရလုနီးပါးဖြစ်နေသော ဓားသွားကို မြင်တွေ့လိုက်ရ၏။
ထိုလောက၌ ဆန်းကြယ်ရွှေနက်နှင့် ဆန်းကြယ်ငွေဖြူကဲ့သို့ ရှားပါးသတ္တုများမှာ တန်ဖိုးမဖြတ်နိုင်သည့် ရတနာများ ဖြစ်ကြသည်။ အထူးသဖြင့် ဆန်းကြယ်နဂါးရွှေမှာ ကံကောင်းမှု သက်သက်ဖြင့်သာ ရှာတွေ့နိုင်သော အရာဖြစ်ပြီး အပိုင်းအစ သေးသေးလေးတစ်ခုပင်လျှင် အလွန်တန်ဖိုးကြီးမားလှ၏။
သို့တိုင်အောင် သူ၏ရှေ့မှလူ ကိုင်ဆောင်ထားသည့် ဓားမှာ ဆန်းကြယ်နဂါးရွှေ စစ်စစ်ဖြင့် အပြည့်အဝ သွန်းလုပ်ထားသည်။
ဆိုလွန်ကို ပစ်ချပြီးနောက် လူရိပ်သည် သူ့ကို တစ်ချက်မျှသာ ကြည့်ကာ အကြည့်လွဲသွားပြီး ကျောင်းတော်ထဲရှိ သန့်ရှင်းသည့် နေရာတစ်ခုကို ရှာ၍ သက်တောင့်သက်သာ လှဲလျောင်းလိုက်သည်။ ထိုသူသည် ဆိုလွန် သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ လုံးဝ ဂရုမစိုက်ကြောင်း ရှင်းလင်းစွာ ပြလိုက်ခြင်းပင်။
တစ္ဆေဝိညာဉ်များ၏ တိုက်ခိုက်မှု ရပ်တန့်သွားသဖြင့် အသူရာမိစ္ဆာကြယ်သည်လည်း ဆိုလွန်၏ ခန္ဓာကိုယ်ထဲရှိ သေခြင်းအငွေ့အသက်များကို ဝါးမျိုရန်သာ လုံးလုံးလျားလျား အာရုံစိုက်လိုက်တော့သည်။
မကြာမီ သူ့ကို ဖုံးလွှမ်းနေသည့် အနက်ရောင် အငွေ့အသက်များ ဆုတ်ခွာသွားကာ မျက်လုံးများမှသည် လည်ပင်း၊ ရင်ဘတ်၊ ခါးနှင့် ပေါင်များအထိ မှေးမှိန်သွား၏။
တစ်နာရီခန့် ကြာပြီးနောက် အနက်ရောင် အမှတ်အသားများ လုံးဝ ပျောက်ကွယ်သွားလေပြီ။
ထိုအခါမှ ဆိုလွန်လည်း နွေးထွေးမှုကို ခံစားလိုက်ရကာ လှုပ်ရှားနိုင်စွမ်း ပြန်ရလာသည်။
လွန်ခဲ့သည့်နာရီပိုင်းအတွင်း သူ ကြုံတွေ့ရသည်များမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှ၏။ သေမင်းအငွေ့အသက်များကြောင့် အကြောသေသွားပြီး မရဏကမ္ဘာ၏ အေးခဲနေသော ချမ်းစိမ့်မှုအောက်၌ နစ်မြုပ်သွားရသည့် ခံစားချက်ပင်။
အေးစက်ပြီး အသက်ရှူကျပ်စေသည့် သေခြင်းတရား၏ ထွက်သက်မှာ အဆိုးရွားဆုံး အိပ်မက်ဆိုးထက်ပင် ပို၍ ကြောက်စရာကောင်းလှပေသည်။
အသူရာမိစ္ဆာကြယ်သာ မရှိလျှင် သူ အကြိမ်တစ်ထောင်မက သေဆုံးပြီးပင်ဖြစ်နိုင်သည်။
‘အသူရာမိစ္ဆာကြယ်.. ကျောင်းတော်အကြောင်း ဘာလို့ ငါ့ကို စောစော မပြောတာလဲ.. ပြီးတော့ နေဝင်သွားတဲ့ စက္ကန့်ပိုင်းမှာပဲ အမှောင်ထု ကြီးစိုးသွားမယ်ဆိုတာကိုရော ဘာလို့ သတိမပေးတာလဲ’
ဆိုလွန် စိတ်ထဲမှ ဒေါသထွက်စွာဖြင့် မေးလိုက်၏။
“သခင်.. ကျွန်တော်က အရာအားလုံးကို သိနေတာ မဟုတ်ဘူး.. နေဝင်တာနဲ့ ချက်ချင်း အမှောင်ကျလာမယ်ဆိုတာကို ကျွန်တော်လည်း မသိဘူး.. မုန်ထိုလော့လည်း သေချာပေါက် သိမှာ မဟုတ်ဘူး.. မဟုတ်ရင် သခင့်ကို သတိပေးမှာပေါ့”
တုန်လှုပ်နေဆဲဖြစ်သည့် ဆိုလွန်သည် ကျောင်းတော်၏ အလယ်ဗဟို၌ အနားယူနေသော လူရိပ်ကို တစ်ချက်လှမ်းကြည့်လိုက်၏။
ကျောင်းတော်အတွင်း ထိုင်ခုံတစ်လုံးမှပင် မရှိသဖြင့် ထိုသူသည် ကြမ်းပြင်ပေါ်၌ ဆိုလွန်ကို ကျောပေးကာ လှဲလျောင်းနေသည်။
ထိုသူသည် သူ၏ အသက်သခင် ကျေးဇူးရှင်ပင်။
အစောပိုင်းက ဆိုလွန်၏ အမြင်အာရုံကို သေခြင်းအငွေ့အသက်များ ဖုံးလွှမ်းထားသဖြင့် သူ၏ မျက်နှာကို သေချာ မမြင်ရပေ။ သူ ခံစားသိရှိနိုင်သော တစ်ခုတည်းသော အရာမှာ အင်အားကြီးမားပြီး မြင့်မြတ်လှသော စွမ်းအင်တစ်ခုသာ။
ထိုသူသည် မည်သူနည်း။ မရေမတွက်နိုင်သည့် တစ္ဆေဝိညာဉ် ပင်လယ်ပြင်ထဲမှ သူ့ကို မည်သို့ ကယ်တင်နိုင်ပါသနည်း။
မြင့်မြတ်နတ်နဂါးကျောင်းတော်မှ မဟာကျင့်ကြံသူ တစ်ဦးပေလော။ ထိုသို့မဟုတ်လျှင် မည်သို့ ထိုမျှ အင်အားကြီးမားနိုင်မည်နည်း။
မုန်ထိုလော့၊ ဆိုဟန်ရီနှင့် အခြား ထိပ်တန်း နဂါးစစ်သည်တော်များပင်လျှင် သူ၏ရှေ့မှသူကို ယှဉ်နိုင်မည် မဟုတ်ကြောင်း ဆိုလွန် သံသယဝင်မိ၏။
သူ မတ်တတ်ရပ်လိုက်ပြီး ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုရန် ပြင်လိုက်သည်။ ထိုအခါ ယောက်ျားလေး အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
“မင်းက လူသားတစ်ယောက် ဖြစ်နေလို့သာ ငါ ကယ်လိုက်တာ.. ကျေးဇူးတင်ဖို့ မလိုဘူး”
“ပြီးတော့ ငါ ဘယ်သူလဲ ဆိုတာကိုလည်း မမေးနဲ့.. မင်းမှာ မင်းရဲ့ လျှို့ဝှက်ချက်တွေ ရှိသလို ငါ့မှာလည်း ငါ့လျှို့ဝှက်ချက်တွေ ရှိတယ်.. ဘာမှ မမေးဘဲ ကျန်းဟူမှာ ငါတို့ ဆုံဖူးတာကို ဒီတိုင်း မေ့လိုက်တာ အကောင်းဆုံးပဲ”
ထိုသူ၏အသံမှာ အနည်းငယ် ထူးဆန်းနေသော်လည်း မည်သည့်အရာက ထူးဆန်းနေမှန်း ဆိုလွန်တစ်ယောက် အတိအကျ မပြောနိုင်ချေ။
ဆိုလွန်မတုံ့ပြန်နိုင်သေးခင် အေးစက်စွာ ထပ်မံပြောဆိုလာသည်။
“မင်းနေတဲ့ နေရာမှာပဲ နေ.. ငါလည်း ငါ့နေရာမှာ နေမယ်.. အလယ်မျဉ်းကို ကျော်မလာနဲ့.. ငါ့အနားကို လူတွေ ကပ်လာတာ မကြိုက်ဘူး..”
“တစ်ယောက်ယောက်က ဆယ်မီတာလောက် ဝေးနေရင်တောင် ငါ နေရခက်တယ်.. မင်း စကားမပြောရင် ပိုကောင်းမယ်.. တခြားလူတွေရဲ့ အသံကို ကြားရတာ ငါ မကြိုက်ဘူး”
‘ဒီလူက တော်တော် ထူးဆန်းတာပဲ.. အတော်လည်း မောက်မာတယ်’
ထူးဆန်းသည့် လူကိုကြည့်ကာ ဆိုလွန် တွေးလိုက်မိခြင်းပင်။
လူထူးဆန်း၏စကားများသည် မောက်မာရင့်သီးလှသော်လည်း ဆိုလွန် ထိုသူ့ကို လေးစားမှု ရှိနေဆဲဖြစ်ကာ သူ၏ ကျောပြင်ကို သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်ပြီးမှ လှဲအိပ်ရန် နေရာတစ်ခု ရှာလိုက်သည်။
“သခင်.. ဒီလူက တော်တော် အင်အားကြီးတယ်..”
“ပြီးတော့ သူက ဆန်းကြယ်နဂါးရွှေ ဓားတစ်လက်ကို ကိုင်ထားတာ.. ကျွန်တော်သိရသလောက်ဆို လောကတစ်ခုလုံးမှာ အဲ့ဒီဓားမျိုး ငါးလက်ထက် ပိုမရှိဘူးနော်”
ရုတ်တရက် သူ၏စိတ်ထဲ၌ထွက်ပေါ်လာသော အသူရာကြယ်၏စကားက ဆိုလွန်ကို အံ့ဩသင့်သွားစေသည်။
‘ဆန်းကြယ်နဂါးရွှေ ဓား ဟုတ်လား.. သူ့အသက် ဘယ်လောက်ရှိပြီလဲ’
“ကျွန်တော် မသိဘူး.. ဒါပေမဲ့ တော်တော်လေးတော့ ငယ်သေးမယ်.. သူ့ကို ထိုးဖောက်မမြင်နိုင်တဲ့ ဆန်းကြယ်ပြီး အင်အားကြီးတဲ့ စွမ်းအင်တစ်ခုက ရစ်ပတ်ထားတယ်”
ဆိုလွန်၌ မေးခွန်းများ ပြည့်နှက်နေလေပြီ။
ထိုလူထူးဆန်းသည် အတိအကျ မည်သူနည်း။ သူသည် လောကရှိ ဆန်းကြယ်နဂါးရွှေ ဓားငါးလက်အနက်မှ တစ်လက်ကို ပိုင်ဆိုင်ထားပြီး သူ၏ သိုင်းပညာစွမ်းရည်မှာလည်း ကောင်းကင်ကိုပင် အန်တုနိုင်စွမ်းရှိနေသည်။
ဆိုလွန်မှာ မုန်ထိုလော့ ခေါ်လာသောကြောင့်သာ ပျောက်ဆုံးသွေးမြို့တော်သို့ ရောက်လာခြင်း ဖြစ်သည်။ သို့သော်လည်း ထိုလူသည် တစ်ယောက်တည်း ခရီးသွားနေခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
အန္တရာယ်များလှသည့် လူရိုင်းနယ်မြေထဲသို့ တစ်ယောက်တည်း ဝင်ရောက်လာရန် မည်မျှအထိ အင်အားကြီးမားရန် လိုအပ်ပါသနည်း။
အတွေးများနေသည့် ဆိုလွန်၏စိတ်ကို အသူရာကြယ် လှမ်း၍ သတိပေးလိုက်သည်။
“သခင်.. နားလိုက်တော့.. မနက်ဖြန် မနက်စောစော ငါတို့ ခရီးဆက်ရဦးမယ်”
သူ၏သတိပေးစကားကြောင့် ဆိုလွန် ခေါင်းညိတ်လိုက်ကာ မျက်လုံးများကို မှိတ်လိုက်၏။
သူ၏စိတ်ထဲ၌ ဖြေရှင်းမရသေးသည့် မေးခွန်းများဖြင့် ရှုပ်ထွေးနေဆဲဖြစ်သော်လည်း နောက်ဆုံး၌ အိပ်ပျော်သွားတော့သည်။
…
နောက်တစ်နေ့ နံနက်။
ဆိုလွန် နိုးလာသောအခါ သူ၏ အသက်သခင် ကျေးဇူးရှင် ထွက်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
ထိုလူသည် နေထွက်လာသည်နှင့်တစ်ပြိုင်နက် သူ့ကို တမင်သက်သက် ရှောင်ဖယ်ကာ ထွက်သွားပုံပင်။
ဆိုလွန်လည်း ထိုလူကို ဂရုမစိုက်တော့ချေ။ သူသည် နဂါးကျောင်းတော်အတွင်းမှ အလျင်စလို ထွက်မသွားဘဲ ကျောင်းတော်အပြင်သို့ ထွက်ကာ ပတ်ဝန်းကျင်ကို ဂရုတစိုက် စတင်လေ့လာလိုက်သည်။
နေထွက်လာသဖြင့် တစ္ဆေဝိညာဉ်များအားလုံး နေရောင်မရောက်နိုင်သည့် အပျက်အစီးများထဲသို့ ဆုတ်ခွာသွားကြလေပြီ။ လမ်းမကြီးမှာ ကြောက်မက်ဖွယ် တိတ်ဆိတ်ငြိမ်သက်ခြင်းဆီသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်၏။
‘အသူရာမိစ္ဆာကြယ်.. ကျောင်းတော် စုစုပေါင်း ဆယ့်ခြောက်ခု ရှိတာဆိုတော့.. ဒါက ဘယ်တစ်ခုလဲ’
သူတို့ မည်သည့်ကျောင်းတော်၌ ရောက်နေကြောင်း သိရှိခြင်းက တိကျသည့် တည်နေရာကို သိစေနိုင်ပြီး အလယ်ဗဟိုရှိ ရေကန်ကျောင်းတော်နှင့် မည်မျှ ကွာဝေးကြောင်း ပြောပြနိုင်ပေလိမ့်မည်။
ဆိုလွန် အဆောက်အအုံကို သေချာစွာ စစ်ဆေးကြည့်လိုက်သော်လည်း မည်သည့် ထူးခြားချက်မှ မရှိသည့် သာမန် အဆောက်အအုံတစ်ခုသာ ဖြစ်နေသဖြင့် သူ၏ စိတ်ထဲ၌ ထူးဆန်းသော မေးခွန်းတစ်ခု ပေါ်ပေါက်လာသည်။
ထိုကျောင်းတော်များသည် နတ်နဂါး၏ စွမ်းအားကို အသုံးပြုထားကြောင်း ရှင်းလင်းလှ၏။ ထိုသို့ဆိုလျှင် မိစ္ဆာမျိုးနွယ် စစ်တပ်သည် မြို့ကို သိမ်းပိုက်စဉ်က အဘယ်ကြောင့် နတ်နဂါးကျောင်းတော်များကို မဖျက်ဆီးခဲ့ကြသနည်း။
အပိုင်း ၂၈၀ ပြီး။