အခန်း ၂၆၁
Vol. 27 Ch. 261
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၆၁
ဘာသာပြန် - Ko Yoohtoo
True Immortal Team
အဆုံးသတ်၌ လင်းချန်သည် ကျန်းထျန်ရှင်း ၊ ကျိုးယီအန်တို့နှင့် သဘောတူညီချက်တစ်ခု ရရှိပြီး ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့၏ ခွန်အားကို မြှင့်တင်ပေးရန် ကတိပြုလိုက်သည်။
ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့ဘက်မှလည်း အပြန်အလှန် ပေးအပ်ရမည့် အရာများကို ဆွေးနွေးဆုံးဖြတ်ကြ၏။
ပထမဆုံးအနေဖြင့် ရှေးဟောင်းလူသားမျိုးနွယ်စု အမွေအနှစ်နေရာသို့ သွားရောက်ခွင့် ရရှိမည့် အခွင့်အရေးတစ်ခုဖြစ်ပြီး ထိုအရာမှာ လင်းချန်က ယီစင်းအတွက် အထူးတောင်းဆိုခြင်း ဖြစ်သည်။
ဤသို့ဖြင့် ယီစင်းအနေဖြင့်လည်း ကမ်းရိုးတန်းပြည်နယ်ပြင်ပရှိ လောကကြီးကို ထိတွေ့နိုင်ပြီး ဗဟုသုတများ တိုးပွားလာစေနိုင်မည် ဖြစ်၏။
ကမ်းရိုးတန်းပြည်နယ်ကိုမူ ပညာရှိများအား စောင့်ရှောက်ခိုင်းထားလျှင် လုံလောက်သည်။
ထို့အပြင် တော်ဝင်တပ်မတော်မှာလည်း ထိုနေရာ၌ တပ်စွဲထားသဖြင့် မည်သည့်ပြဿနာမျှ ပေါ်ပေါက်လာနိုင်စရာ အကြောင်းမရှိပေ။ အမှန်စင်စစ် ကမ်းရိုးတန်းပြည်နယ်၌ တပ်စွဲထားသည့် တော်ဝင်တပ်မတော်သည် အရေအတွက်ရော ခွန်အားပါ အပြတ်အသတ် သာလွန်နေသည် မဟုတ်ပါလား။
ထို့နောက်၌ ရှေးဟောင်းကျင့်စဉ်မူရင်းစာအုပ်များ ကူးယူခွင့်လည်း ပါဝင်သည်။ ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့သည် သူတို့ပိုင်ဆိုင်ထားသည့် စုဆောင်းမှုများ၏ သုံးပုံတစ်ပုံခန့်ရှိသော ကျင့်စဉ်မူရင်းများကို ကဏ္ဍစုံလင်စွာဖြင့် လင်းချန်အား ပေးအပ်ရမည် ဖြစ်၏။ နှောင်ကြိုးမဲ့ဂိုဏ်းထံမှ ကျင့်စဉ်မူရင်းစာအုပ်များ ရောက်ရှိလာရန် အချိန်အတန်ကြာဦးမည် ဖြစ်သလို ယီစင်းအနေဖြင့်လည်း လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုထံသို့ စစ်သင်္ဘောများဖြင့် လာရောက်မည်ဆိုပါက တစ်လခန့် ကြာမြင့်လေမည်။
ထို့ကြောင့် ဤသဘောတူညီချက်ကို လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု၏ အစည်းအဝေး ပြီးဆုံးမှသာ စတင်အကောင်အထည်ဖော်ရန်နှင့် ကျန်းဇီတဲ ၊ လီယွမ်ဖုန်းတို့၏ ခွန်အားကို စတင်မြှင့်တင်ပေးရန် သတ်မှတ်ကြသည်။
ရည်ရွယ်ထားသည့် ပန်းတိုင်များ ရရှိသွားပြီးနောက် ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့မှာ ဦးစွာ ထွက်ခွာသွားကြပြီး ကျန်းနျန်ရှင်းက သူတို့အား လိုက်လံပို့ဆောင်ပေး၏။
သို့သော်လည်း ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့မှာမူ ထွက်မသွားဘဲ ခန်းမအတွင်း၌ လင်းချန်အပါအဝင် လူငယ်သုံးဦးသာ ကျန်ရစ်သည်။ ထွက်ခွာသွားသည့် ကျန်းထျန်ရှင်း၏ ကျောပြင်ကို ကြည့်ရင်း လင်းချန်၏ စိတ်ထဲ၌ အပြစ်မကင်းသလို ခံစားချက်လေးတစ်ခု ဖြစ်ပေါ်လာ၏။ ဤမျိုးနွယ်စုခေါင်းဆောင်ကြီး၏ စရိုက်မှာ ဤမျှအထိ လေးစားစရာကောင်းလိမ့်မည်ဟု သူ မထင်မှတ်ထားပေ။
'အကယ်၍ ငါက ဒီလက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု တစ်ခုလုံးကို ဟွာရှာအင်ပါယာလိုမျိုး ဌာနခွဲတွေ မရှိတော့ဘဲ စည်းလုံးတဲ့ လက်ရှစ်ဖက်အင်ပါယာတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်ရင် ဘယ်လိုနေမလဲ။'
'ဒါမှမဟုတ် အရှေ့ပိုင်းဌာနခွဲကို လက်ရှိမျိုးနွယ်စုနဲ့ ပေါင်းစပ်ပြီး မျိုးနွယ်စုသစ်တစ်ခုအဖြစ် တည်ထောင်တာကလည်း နည်းလမ်းကောင်းတစ်ခု ဖြစ်နိုင်တာပဲ။'
မိမိ၏ ပန်းကန်ထဲသို့ ရောက်ရှိလာပြီဖြစ်သည့် ဤမဟာမိတ်ကို မည်သို့ပိုမို အားကောင်းအောင် လုပ်ဆောင်ရမည်နည်းဟု လင်းချန် အဆက်မပြတ် တွေးတောနေမိသည်။
ထိုစဉ် ဘေးနားမှ ကျန်းဇီတဲ၏ အသံထွက်ပေါ်လာပြီး လင်းချန်၏ အကြံအစည်များကို ဖြတ်တောက်လိုက်၏။ "ညီနောင်လင်း... မင်းက အင်အားစုတစ်ခုရဲ့ ခေါင်းဆောင် ဖြစ်နေလိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူးကွာ။ အားကျစရာပဲ။"
လင်းချန်သည် ခေါင်းမော့ကြည့်လိုက်ပြီး ဟားခနဲ အားရပါးရ ရယ်မောလိုက်ရာ ရေအောက်အသက်ရှူစိတ်ဝိညာဉ်ကိရိယာထံမှ လေပူဖောင်းလေးများသည် တဗွက်ဗွက် ထွက်ပေါ်လာသည်။
"ဟားဟား... ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကျော်ကြားသူဆိုတာ ငါ့ကို ပြောတာပဲ ဖြစ်ရမယ်။"
ကျန်းဇီတဲက ခပ်ဖွဖွရယ်မောလိုက်၏။ "ဟား... အဲဒီလိုပဲ ဖြစ်မှာပါ။ ဒါပေမဲ့ အဓိကအချက်ကို ပြန်ပြောရရင် ကြံ့ခိုင်မှုတိုးဆေးရည်ရဲ့ အာနိသင်က တကယ် ဆန်းကြယ်တာပဲကွာ။ နှစ်နှစ်လောက် ပြင်းပြင်းထန်ထန် ကျင့်ကြံထားသလိုပဲ။"
ထို့နောက် လီယွမ်ဖုန်းကို အားကျသလို ကြည့်လိုက်၏။ "လီအရူး... မင်းကော ဘယ်လိုထင်လဲ။"
လီယွမ်ဖုန်းက ကျန်းဇီတဲ၏ စကားကို ထောက်ခံရင်း လင်းချန်၏ မျက်နှာပေါ်မှ ရေအောက်အသက်ရှူစိတ်ဝိညာဉ်ကိရိယာကို လက်ညှိုးထိုးပြလိုက်သည်။ "တကယ် အားကောင်းတယ်။ ဒါပေမဲ့ ငါက ညီနောင်လင်းရဲ့ မျက်နှာပေါ်က အရာကို ပိုသိချင်နေတာ။ ဒါကြောင့်မို့လား မင်းက စိတ်ဝိညာဉ်စွမ်းအင်နဲ့ အကာအကွယ်မလုပ်ဘဲ ရေအောက်မှာ အသက်ရှူနိုင်နေတာ။"
လီယွမ်ဖုန်း၏ သိချင်စိတ်ကို မြင်သည့်အခါ လင်းချန်က ပြုံးလိုက်၏။ "ဒါက ရေအောက်အသက်ရှူစိတ်ဝိညာဉ်ကိရိယာလို့ ခေါ်တယ်။ ဒါကို တပ်ဆင်ထားပြီး စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ် ထည့်ပေးလိုက်တာနဲ့ ရေအောက်မှာ သုံးရက်တိုင်တိုင် အသက်ရှူနိုင်တယ်။"
လီယွမ်ဖုန်း၏ မျက်လုံးများမှာ ဝင်းခနဲ တောက်ပသွားပြီး မအံ့ဩဘဲ မနေနိုင်ပေ။ "တကယ်ပဲ အဲဒီလောက် ဆန်းကြယ်တာလား။"
လူသားမျိုးနွယ်စုများ ရေအောက်၌ အသက်ရှူရန်မှာ ပုံမှန်အားဖြင့် အထူးကျင့်စဥ်များ ၊ စိတ်ဝိညာဉ်စွမ်းအင် သို့မဟုတ် သီးသန့်ဆေးလုံးများကိုသာ အားကိုးကြရသည်။
စိတ်ဝိညာဉ်စွမ်းအင်ဖြင့် အကာအကွယ်ပြုလုပ်ခြင်းမှာ ပင်လယ်ရေနှင့် လေကို စစ်ထုတ်ရန် အဆက်မပြတ် ထိန်းသိမ်းထားရသဖြင့် အလွန် လက်ဝင်ပြီး ပင်ပန်းလှ၏။
အထူးဖော်စပ်ထားသည့် ဆေးလုံးများမှာလည်း အချိန်အကန့်အသတ်ရှိသလို ရေရှည်အတွက် မသင့်တော်ပေ။ ကုန်ကျစရိတ်မှာလည်း အလွန် ကြီးမားလှသည်။
တိုက်ပွဲဝင်နေချိန်၌မူ စိတ်ဝိညာဉ်စွမ်းအင်ကို မည်သို့ပင်ဖြစ်စေ အသုံးပြုနေရသည်ဖြစ်ရာ ထိုသည်မှာ ပြဿနာမဟုတ်သော်လည်း သာမန်အချိန်၌ ရေအောက်တွင် အကြာကြီး နေထိုင်ရခြင်းမှာမူ အလွန် စိတ်ရှုပ်စရာကောင်းလှ၏။
ယခု လီယွမ်ဖုန်းကဲ့သို့ပင် စိတ်ဝိညာဉ်စွမ်းအင်ကို အကာအကွယ်အဖြစ် အမြဲတမ်း ထိန်းသိမ်းထားရခြင်းမှာ အလွန် ငြီးငွေ့ဖွယ်ကောင်းလှသည် မဟုတ်ပါလား။ လီယွမ်ဖုန်း၏ အံ့အားသင့်နေသည့် မျက်နှာထားကို မြင်သောအခါ လင်းချန်မှာ သူ ဘာကို ဆိုလိုသည်ကို ချက်ချင်းနားလည်သွားပြီး တူညီသော ရေအောက်အသက်ရှူစိတ်ဝိညာဉ်ကိရိယာတစ်ခုကို ထုတ်ယူကာ သူ့ထံသို့ ပစ်ပေးလိုက်၏။
လင်းချန်က ပေးအပ်လိုက်သည်။ "ဟွာရှာအင်ပါယာမှာတော့ သူတို့ရဲ့ စိတ်အပန်းဖြေမှုအတွက် တီထွင်မှုလေးတွေ လုပ်ရတာ ဝါသနာပါတဲ့ လူတစ်စု ရှိတယ်။ ဒီပစ္စည်းလေးက သူတို့ရဲ့ လက်ရာပေါ့။ စမ်းသုံးကြည့်လိုက်ပါဦး။"
လင်းချန် ပြောသည်ကို ကြားသည့်အခါ လီယွမ်ဖုန်းမှာ မစောင့်နိုင်တော့ဘဲ ချက်ချင်း တပ်ဆင်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ် ထည့်သွင်းကာ အသက်ရှူကိရိယာကို အသက်သွင်းလိုက်သည်။
ချက်ချင်းပင် လေပူဖောင်းလေးများ စတင်ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ပတ်လည်မှ စိတ်ဝိညာဉ်စွမ်းအင် အကာအကွယ်များသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
အတန်ကြာမှပင် လီယွမ်ဖုန်းမှာ အသက်ကို ဝဝရှူလိုက်ပြီးနောက် နေသာထိုင်သာရှိသွားသည့်ဟန်ဖြင့် လင်းချန်အား အံ့ဩတကြီး ကြည့်လိုက်သည်။
"အာ... ဒါက တကယ် လန်းဆန်းသွားတာပဲကွာ။ စိတ်တွေတောင် ချက်ချင်း တက်ကြွသွားသလိုပဲ။ ညီနောင်လင်း... ငါတို့ တစ်ပွဲလောက် တိုက်ကြမလား။"
လင်းချန်မှာ ကြောင်တောင်တောင် ဖြစ်သွား၏။ "မင်း ဘာပြောလိုက်တယ်။"
နေသာထိုင်သာရှိသွားသည်နှင့် မိမိကို တိုက်ခိုက်ချင်သည်ဆိုတာက ဘာအဓိပ္ပာယ်နည်း။
လီယွမ်ဖုန်း၏ စကားကို ကြားသည့်အခါ ဘေးနားရှိ ကျန်းဇီတဲက စိတ်ပျက်လက်ပျက်ဖြင့် လင်းချန်အား ကြည့်လိုက်သည်။ "လာပြန်ပြီ။ တစ်ယောက်ယောက်က မင်းကို လက်ဆောင်ပေးလိုက်တာနဲ့ မင်းက ရန်စတော့တာပဲလား။ ဒီကောင်က တိုက်ခိုက်ရတာကို ရူးသွပ်နေတဲ့ကောင်မို့ပါ။ သူ့ကို ဂရုမစိုက်ပါနဲ့။"
"ငါက စိတ်လှုပ်ရှားသွားလို့ ညီနောင်လင်းရဲ့ ခွန်အားကို စမ်းသပ်ကြည့်ချင်ရုံပါ။ ချစ်ချစ်ခင်ခင် လေ့ကျင့်တဲ့အနေနဲ့ ယှဉ်ပြိုင်တာက ဘာအန္တရာယ် ရှိမှာမို့လို့လဲ။"
"လေ့ကျင့်စရာ ဘာအကြောင်းရှိလဲ။ မျိုးနွယ်စု အစည်းအဝေးမှာ အခွင့်အရေးတွေ အများကြီး ရှိနေတာပဲကို။"
သူတို့နှစ်ဦးမှာ တိုက်ခိုက်တော့မည့်ပုံစံ ဖြစ်နေသဖြင့် လင်းချန်မှာ သူတို့ကြားသို့ အမြန်ဝင်ကာ တားဆီးလိုက်သည်။
"လေ့ကျင့်တာကို ခဏ ဘေးဖယ်ထားကြပါဦးကွာ။ ကြံ့ခိုင်မှုတိုးဆေးရည်ရဲ့ အာနိသင်ကြောင့် မင်းတို့ နှစ်ယောက်စလုံး ပင်ပန်းနေတဲ့ အခြေအနေမှာပဲ ရှိသေးတယ်။ အင်အားတွေ အလွန်အကျွံ မသုံးတာ ပိုကောင်းလိမ့်မယ်။"
လင်းချန် ထိုသို့ပြောမှပင် သူတို့နှစ်ဦးမှာ ရပ်တန့်သွားကြပြီး သူတို့၏ လက်များကို ဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းလိုက်ကြ၏။
ထို့နောက်၌ လင်းချန် ၊ ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့သည် ခန်းမအတွင်း၌ အေးအေးဆေးဆေး စကားပြောဆိုရင်း ကျင့်ကြံခြင်းဆိုင်ရာ ကိစ္စရပ်များကို တစ်ခါတစ်ရံ ဆွေးနွေးဖြစ်ကြသည်။
တဖြည်းဖြည်းနှင့် သူတို့သုံးဦးမှာ ပိုမိုရင်းနှီးလာကြ၏။ ကျန်းနျန်ရှင်း ပြန်ရောက်လာသည့်အခါ သူတို့သုံးဦးမှာ တရင်းတနှီး စကားပြောနေကြသည်ကို မြင်တွေ့ရသဖြင့် ပြုံးလျက် သူတို့အား အနှောင့်အယှက်မပေးဘဲ တိတ်ဆိတ်စွာ ပြန်ထွက်သွားသည်။
နာရီဝက်ခန့် ကြာပြီးနောက် ကျန်းဇီတဲက လီယွမ်ဖုန်း၏ မျက်နှာပေါ်မှ ရေအောက်အသက်ရှူစိတ်ဝိညာဉ်ကိရိယာကို လက်ညှိုးထိုးပြလိုက်၏။ "လီအရူး... အခုတော့ မင်းမှာ ညီနောင်လင်းရဲ့ ရတနာလည်း ရှိနေပြီဆိုတော့ ကျောဘက်ကျွန်းလမ်းမကို သွားလည်ဖို့ စိတ်ဝင်စားလား။"
လီယွမ်ဖုန်းက အသက်ရှူကိရိယာကို ခပ်ဖွဖွပုတ်ကာ ရယ်မောလိုက်သည်။ "ဟားဟား။ အဲဒါကို ပြောနေဖို့ လိုသေးလို့လား။ ပင်လယ်ရေထဲမှာ လေစစ်ဖို့ စိတ်ဝိညာဉ်စွမ်းအင် အကာအကွယ်ကို ထိန်းထားရတာ တကယ် နေရထိုင်ရ ခက်တာ။ အခု ညီနောင်လင်းရဲ့ ပစ္စည်းလေးနဲ့ဆိုတော့ အရာအားလုံးက ပိုလွယ်ကူသွားပြီ။ ကျိန်းသေပေါက် လမ်းလျှောက်ထွက်ချင်တာပေါ့။"
ကျန်းဇီတဲက ခေါင်းညိတ်ပြလိုက်ပြီး လင်းချန်အား ကြည့်လိုက်၏။ "အင်း... ညီနောင်လင်းရော ဘယ်လိုလဲ။ ငါနဲ့အတူ ဟောက်ဟိုင်လမ်းမမှာ လမ်းလျှောက်ဖို့ စိတ်ဝင်စားလား။"
လင်းချန်က ခေါင်းညိတ်လိုက်ပြီးနောက် ဇဝေဇဝါမျက်နှာထားဖြင့် မေးလိုက်သည်။ "အင်း... စိတ်ဝင်စားတာပေါ့။ ပြဿနာမရှိပါဘူး။ ဒါပေမဲ့... ဟောက်ဟိုင်လမ်းမဆိုတာ ဘယ်လိုနေရာမျိုးလဲ။"
ကျန်းဇီတဲက လင်းချန်အား လျှို့ဝှက်ဆန်းကြယ်သည့် အပြုံးဖြင့် မျက်ခုံးပင့်ပြလိုက်၏။ "အဲဒီနေရာက စိတ်လှုပ်ရှားစရာတွေနဲ့ ပျော်ရွှင်စရာတွေ ပြည့်နှက်နေတဲ့ နေရာပေါ့ကွာ။ အဲဒါက ဘယ်လိုနေရာမျိုးလဲဆိုတာ ငါ အသေးစိတ် ရှင်းပြပေးဖို့ လိုမလား။"
"မကြားချင်ဘူး... မကြားချင်ဘူး။ အဲဒါက ကျိန်းသေပေါက် မဖွယ်မရာနေရာတစ်ခုပဲ ဖြစ်ရမယ်။"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၆၁ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team