အခန်း ၂၆၂
Vol. 27 Ch. 262
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၆၂
ဘာသာပြန် - Ko Yoohtoo
True Immortal Team
လင်းချန် ဟောက်ဟိုင်လမ်းမ၏ အဝင်ဝ၌ ခြေလှမ်းတို့ တန့်သွား၏။ သူ၏ မျက်နှာထက်၌ အံ့အားသင့်ရိပ်များ ဖုံးလွှမ်းနေပြီး ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ခေတ္တမျှ မှင်သက်နေမိသည်။ ထို့နောက် ဘေးနားရှိ ကျန်းဇီတဲကို လှည့်ကြည့်လိုက်သည်။
“အစ်ကိုကျန်း... ဒါက ခင်ဗျားပြောတဲ့ လူတွေကို ပျော်ရွှင်စေပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့နေရာလား။”
ကျန်းဇီတဲက လင်းချန်ကို ကြည့်ကာ ထုံးစံအတိုင်းပင် တောက်ပသည့် အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
“ဒါပေါ့... ကျိန်းသေတာပေါ့။”
လင်းချန်သည် ရှေ့ရှိ ဟောက်ဟိုင်လမ်းမကို လက်ညှိုးထိုးပြရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။
“အစ်ကို... ခင်ဗျား ကျုပ်ကို နောက်နေတာလား။”
“ဒါက ကြည့်ရတာ လမ်းဘေးဈေးတန်းတစ်ခုပဲဟာကို... ဘယ်လိုလုပ် လူကို ပျော်ရွှင်ပြီး စိတ်လှုပ်ရှားစေမှာလဲ။”
“ညီလေးလင်း... မင်း ဒါကို နားမလည်သေးဘူးပဲ။ ဟောက်ဟိုင်လမ်းမပေါ်က ပင်လယ်မျိုးနွယ်စု ဈေးသည်တွေဟာ မျိုးနွယ်စုနဲ့ ဂိုဏ်းပေါင်းစုံက လာကြတာကွ။ သူတို့ဟာ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုရဲ့ နယ်မြေအနှံ့အပြားကနေ လာကြပြီး ထူးဆန်းတဲ့ ပစ္စည်းမျိုးစုံ ပါလာတတ်ကြတယ်။”
“ဒီနေရာမှာ ရတနာ ရှာဖွေရတာဟာ ဘယ်သူက ပိုအကဲခတ်မျက်စိ ရှိသလဲဆိုတာကို လောင်းကြေးထပ်နေရသလိုပဲ။ ဒီလောက်အထိ စိတ်လှုပ်ရှားစရာ ကောင်းနေတာကို လူတွေကို ဘယ်လိုလုပ် မလှုံ့ဆော်နိုင်ဘဲ နေမှာလဲ။”
“တကယ်လို့ မင်းသာ စိတ်ဝင်စားစရာကောင်းတဲ့ ပစ္စည်းတစ်ခုခုကို ရှာတွေ့သွားမယ်ဆိုရင် အဲဒီအချိန်မှာ ရလာမယ့် ပျော်ရွှင်မှုက ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဖြစ်လာမှာ...”
ကျန်းဇီတဲသည် ထိုနေရာ၌ စကားကို ခေတ္တရပ်လိုက်ပြီး မျက်စိမှိတ်ကာ စိတ်ကူးယဉ်ကြည့်နေ၏။ ခဏအကြာ၌မှ သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
“ဝါး... ဒါက တကယ် ရင်ခုန်ဖို့ မကောင်းဘူးလား။”
သို့သော် ထိုအချိန်၌ လင်းချန်နှင့် လီယွမ်ဖုန်းတို့မှာ မျက်စိရှေ့မှ ပျောက်ကွယ်သွားပြီဖြစ်သည်ကို ကျန်းဇီတဲ သတိပြုမိသွား၏။ ဟောက်ဟိုင်လမ်းမဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ သူတို့နှစ်ဦးမှာ လမ်းမထဲသို့ လျှောက်လှမ်း ဝင်ရောက်သွားကြပြီ ဖြစ်သည်။
ကျန်းဇီတဲသည် နောက်မှ လှမ်းအော်ရင်း သူတို့နောက်သို့ အပြေးအလွှား လိုက်သွားသည်။
“ဟေး... ငါ့ကို စောင့်ကြပါဦးဟ။”
လင်းချန်သည် ဟောက်ဟိုင်လမ်းမတစ်လျှောက် လျှောက်လှမ်းရင်း ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုနေ၏။ ရှည်လျားလှသည့် လမ်းမ၏ ဘေးတစ်ဖက်တစ်ချက်၌ ပင်လယ်မျိုးနွယ်စုဝင် အများအပြားမှာ ဆိုင်ခန်းများခင်းကျင်းကာ ကုန်ပစ္စည်းများကို ရောင်းချနေကြသည်။
ထိုကုန်ပစ္စည်းများထဲ၌ ပျက်စီးနေသည့် ကျမ်းစာအုပ်များ ၊ အမည်မသိ ကျောက်တုံးများ ၊ တံဆိပ်ခတ်နှိပ်ထားသော ကျောက်စိမ်းပုလင်းငယ်များ ရှိနေကြ၏။ ထို့ပြင် လူသားမျိုးနွယ်စုဝင် အချို့ပင် ဆိုင်ခန်းများ ဖွင့်လှစ်ထားကြသကဲ့သို့ အချို့မှာလည်း လမ်းလျှောက်ရင်း လှည့်လည်ကြည့်ရှုနေကြသည်။
ကျန်းဇီတဲ ပြောသည့်အတိုင်းပင် မျိုးနွယ်စု စုဝေးပွဲကျင်းပနေစဉ်အတွင်း ဟောက်ဟိုင်လမ်းမသည် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုအတွက် တရားဝင်မဟုတ်သည့် ကုန်သွယ်ရေး ဈေးကွက်တစ်ခု ဖြစ်လာ၏။ စုဝေးပွဲသို့ လာရောက်ယှဉ်ပြိုင်ကြသူများသာမက နယ်မြေအသီးသီးမှ လိုက်ပါလာကြသော ပင်လယ်မျိုးနွယ်စုဝင်များလည်း ရှိနေကြသဖြင့် သူတို့နှင့်အတူ ပါလာသည့် ရတနာများမှာလည်း မနည်းလှပေ။ ထို့ကြောင့် ဟောက်ဟိုင်လမ်းမဟု ခေါ်ဆိုသော ဤဈေးကွက်လေးသည် ကုန်ပစ္စည်းများကို ရောင်းချရန် အကောင်းဆုံးနေရာ ဖြစ်နေသည်။
ထို့အပြင် ပင်လယ်ရေအောက်ခြေမှ ရှာဖွေတွေ့ရှိထားသည့် ရှေးဟောင်းလူသားမျိုးနွယ်စုဝင်များ၏ အမွေအနှစ်များနှင့် စုဝေးပွဲသို့ တက်ရောက်လာကြသော လူသားမျိုးနွယ် မဟာမိတ်များပါ ရှိနေသဖြင့် ယခုအကြိမ်၌ ဟောက်ဟိုင်လမ်းမ၏ အခြေအနေမှာ အလွန်ပင် စည်ကားသိုက်မြိုက်နေသည်။
ဟောက်ဟိုင်လမ်းမသည် လမ်းဖြောင့်ကြီးတစ်ခု မဟုတ်ပေ။ လမ်းဆုံလမ်းခွများစွာ ရှိနေပြီး ပထမဆုံး လမ်းဆုံသို့ ရောက်သည့်အခါ လင်းချန်သည် သူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သော ဆိုင်ခန်းတစ်ခုကို ရုတ်တရက် တွေ့ရှိသွား၏။
ဤဆိုင်ခန်း၌ ကျမ်းစာအုပ်မျိုးစုံ ၊ ကျင့်စဉ်များ ၊ စိတ်ဝိညာဉ်စွမ်းရည်များ ၊ လက်နက်သွန်းလုပ်ခြင်းနှင့် ဆေးဖော်စပ်ခြင်းဆိုင်ရာ လျှို့ဝှက်ချက်များသာမက ထူးဆန်းသည့် ပုံပြင်ဇာတ်လမ်းများကိုပါ ရောင်းချနေခြင်း ဖြစ်သည်။
သို့သော်လည်း ဆိုင်ခန်းပေါ်၌မူ လူများ လှည့်လည်ကြည့်ရှုနိုင်ရန် ကျမ်းစာအုပ်များ၏ စာရင်းမှတ်တမ်းများနှင့် နမူနာများကိုသာ ပြသထားပြီး အစစ်အမှန် ကျမ်းစာအုပ်များမှာမူ ပင်လယ်မျိုးနွယ်စုဝင် ဆိုင်ရှင်၏ လက်ထဲ၌သာ ရှိနေပုံရ၏။
လင်းချန် ထိုဆိုင်ရှေ့၌ ရပ်တန့်သွားသည်ကို မြင်သည့်အခါ ကျန်းဇီတဲက လှမ်းမေးလိုက်၏။
“ညီလေးလင်း စိတ်ဝင်စားလို့လား။”
လင်းချန်က ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်းပင် ဆိုင်ရှေ့၌ ဆောင့်ကြောင့်ထိုင်ကာ စာရင်းမှတ်တမ်းစာအုပ်များကို လှန်လှောကြည့်ရှုသည်။
ကျန်းဇီတဲက အသိပေးလိုက်သည်။
“ဒါဆိုရင် မင်းကို ဒီမှာပဲ ထားခဲ့လိုက်မယ် ညီလေးလင်း... ငါ ဟိုဘက် သွားကြည့်လိုက်ဦးမယ်။ ပြီးရင် ပြန်လာခဲ့မယ်။”
ကျန်းဇီတဲ၏ စကားကို လင်းချန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ကျန်းဇီတဲသည် အခြားတစ်ဖက်သို့ ထွက်ခွာသွား၏။ တစ်ချိန်တည်းမှာပင် လီယွမ်ဖုန်းသည်လည်း သူနှစ်သက်ရာတစ်ခုကို တွေ့ရှိသွားသဖြင့် လင်းချန်ကို နှုတ်ဆက်ကာ ထိုနေရာသို့ ပြေးသွားသည်။
ထိုအချိန်၌ ဆိုင်ရှင်ဖြစ်သူက ဖော်ဖော်ရွေရွေဖြင့် ပြုံးပြလိုက်၏။ သူ၏ အမူအရာမှာ တစ်ဖက်လူကို မျက်နှာချိုသွေးနေသည့် အသွင်ဆောင်နေသည်။
“ညီလေးလင်း... နှစ်သက်တဲ့ စာအုပ်ကို ရှာတွေ့ပြီလား။”
လင်းချန်သည် အံ့အားသင့်စွာဖြင့် ဆိုင်ရှင်ကို မော့ကြည့်လိုက်သည်။
“ခင်ဗျား ကျုပ်ကို သိလို့လား။”
ဆိုင်ရှင်က ပြုံးရွှင်စွာ တုံ့ပြန်သည်။
“ဒီနေ့နေ့လယ်က တိုက်ပွဲကိုကြည့်ပြီး လင်းချန်ဆိုတဲ့ နာမည်ကို မသိတဲ့လူ ဘယ်သူရှိမှာလဲဗျာ... ခင်ဗျားက မင်းသားကျန်းရဲ့ ညီအစ်ကိုတစ်ယောက် ဖြစ်နေမယ်လို့တော့ မထင်ထားမိဘူး။ ခွင့်လွှတ်ပေးပါ။”
လင်းချန်က ခပ်ဖွဖွရယ်မောလျက် ခေါင်းခါလိုက်ပြီး သူ၏ လက်ထဲမှ စာရင်းမှတ်တမ်းစာအုပ်ကို ပြန်ချလိုက်သည်။
“ဒါတွေအကုန် ဝယ်မယ်ဆိုရင် စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်ကျမလဲ။”
လင်းချန်၏ စကားကြောင့် ဆိုင်ရှင်မှာ မယုံကြည်နိုင်သဖြင့် မျက်လုံးများ ပြူးသွားရ၏။
“ဟေ... အကုန်လုံးလား။”
လင်းချန်က ခေါင်းညိတ်ပြလိုက်၏။ “အင်း...”
“ဟုတ်တယ်။ ခင်ဗျား ဈေးသာပြော။”
ဆိုင်ရှင်သည် ဝမ်းသာအားရဖြင့် ဈေးနှုန်းကို အမြန်ဆုံး တွက်ချက်လိုက်သည်။
“အကုန်လုံးအတွက်ဆိုရင်... အဆင့်လတ် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း ကျပါမယ်။”
လင်းချန်က မျက်မှောင်ကြုတ်လိုက်၏။
“အဆင့်လတ် စိတ်ဝိညာဉ်ကျောက်တုံး ငါးသောင်းပဲ ပေးမယ်။ ဒီကျမ်းစာအုပ်တွေက ခင်ဗျားတောင်းတဲ့ ဈေးနဲ့ မတန်ဘူး။”
ဆိုင်ရှင်က လင်းချန်ကို ခက်ခဲသည့် မျက်နှာထားဖြင့် ကြည့်လိုက်သည်။
“ဒါက... အမှန်အတိုင်း ပြောရရင် ဒီကျမ်းစာအုပ်တွေက ကျွန်တော်တစ်ယောက်တည်း ပိုင်တာ မဟုတ်ပါဘူး။ ကျွန်တော့် ဇာတိမြေက လူတော်တော်များများက ရောင်းပေးဖို့ အပ်ထားကြတာပါ။ ဈေးနှုန်းကိုလည်း အားလုံးပေါင်း တစ်သိန်း သတ်မှတ်ထားတာမို့ ကျွန်တော်လည်း ပြောင်းလဲလို့ မရပါဘူး။”
လင်းချန်က ခေါင်းရမ်းလိုက်သည်။ “မဟုတ်ဘူး။”
“ကျုပ် ထင်တာ မမှားဘူးဆိုရင် အဲဒီလူတွေက ခင်ဗျားကို သင့်တော်တဲ့ဈေးနဲ့ ရောင်းခိုင်းတာပဲ ဖြစ်ရမယ်။ ခင်ဗျားက ကျုပ်ကို စိတ်ဝိညာဉ်ကျောက်တုံး သုံးရမှာ မနှမြောဘူးထင်ပြီး တစ်သိန်းလို့ ပြောလိုက်တာပဲ။”
“စိတ်မကောင်းပါဘူးဗျာ... ကျုပ်က အမြတ်ထုတ်ခံရတာ မကြိုက်ဘူး။ ငါးသောင်းဆိုတာ ခင်ဗျားအတွက် အမြတ်အများကြီး ကျန်နေပြီ။ ခင်ဗျားက ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် လေးသောင်းရှစ်ထောင်ပဲ ပေးတော့မယ်။”
လင်းချန်၏ စကားကြောင့် ဆိုင်ရှင်၏ မျက်နှာမှာ ရုတ်တရက် ပျက်သွားပြီး လက်ကို အမြန်ပင် ယမ်းလိုက်သည်။
“ရောင်းပါ့မယ်ဗျာ... ဒါပေမဲ့ ငါးသောင်းလောက်တော့ မရနိုင်ဘူးလား...”
လင်းချန်က ဈေးထပ်လျှော့လိုက်၏။
“လေးသောင်းငါးထောင်။”
ဆိုင်ရှင်မှာ ဝေခွဲမရ ဖြစ်နေသည်။
“ဒါ... ဒါကတော့...”
ဆိုင်ရှင်၏ တုံ့ဆိုင်းနေသည့် အမူအရာကို မြင်သည့်အခါ လင်းချန်သည် ထွက်ခွာရန် ပြင်လိုက်၏။ ထိုခဏ၌ ဆိုင်ရှင်သည် အလျင်အမြန်ပင် လှမ်းခေါ်လိုက်သည်။
“ကျွန်တော် ခင်ဗျားကို တကယ် လေးစားသွားပြီဗျာ... လေးသောင်းငါးထောင်နဲ့ပဲ အပြတ်ဖြတ်ကြတာပေါ့။”
ထိုအခါမှ လင်းချန်သည် ပြန်လှည့်လာပြီး သွားလေးဖြဲကာ ပြုံးလိုက်သည်။
“သဘောတူတယ်။”
သူသည် ရိုးရှင်းသည့် သိုလှောင်အိတ်တစ်ခုကို ထုတ်ယူကာ ဆိုင်ရှင်ထံသို့ ကမ်းပေးလိုက်၏။ ဆိုင်ရှင်သည်လည်း လက်လျှော့လိုက်သော မျက်နှာထားဖြင့် သိုလှောင်အိတ်တစ်ခုကို ထုတ်ယူကာ လင်းချန်ထံသို့ လွှဲပြောင်းပေးလိုက်သည်။
“ကျွန်တော် တကယ် မထင်ထားမိဘူး ညီလေးလင်း... ခင်ဗျားက ဈေးနှုန်းအကဲခတ်တဲ့နေရာမှာ ဒီလောက်အထိ မျက်စိစူးရှလိမ့်မယ်လို့ပေါ့။”
လင်းချန်က ပခုံးတွန့်ပြလိုက်သည်။
“ခင်ဗျားက အရမ်း လောဘကြီးသွားတာကိုး။ ဒီကျမ်းစာအုပ်တွေက တကယ်တမ်း လေးသောင်းလောက်ပဲ တန်တာပါ။ ခင်ဗျားကို တစ်သောင်း ပိုပေးလိုက်တာကတောင် ကျုပ်က တော်တော် သဘောကောင်းနေလို့။ တစ်ခါတလေကျရင် လောဘသိပ်မကြီးတာ ပိုကောင်းပါတယ်။”
ဆိုင်ရှင်က စိတ်မပါသော်လည်း ဝန်ခံသည့်အနေဖြင့် ခါးသီးသည့် အပြုံးဖြင့် ပြုံးပြသည်။
“ငါးထောင်လောက် ပိုမြတ်တာကတောင် တော်တော်လေး ကောင်းနေပါပြီ။”
ထိုအချိန်၌ အေးစက်စက် အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာ၏။
“ဟက်... ဆင်းရဲသားက ဆင်းရဲသားလို မနေဘဲ ဆင်ခြေတွေ ပေးနေသေးတာလား။”
ထိုအသံ၏ လေသံမှာ အလွန်ပင် မထီမဲ့မြင် ပြုနေပုံရ၏။ စိတ်ဝိညာဉ်ကျောက်တုံးအိတ်ကို ဆိုင်ရှင်ထံသို့ ပေးအပ်ပြီးနောက် လင်းချန်သည် မတ်တပ်ရပ်လိုက်ပြီး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်၏။ ထိုအခါ မိမိအား တစ်ချိန်က သူရဲဘောကြောင်ပြီး မိန်းမလိုက်စားသူဟု ကဲ့ရဲ့ဖူးသည့် ယွမ်ဟိုင်ဂိုဏ်းမှ အမျိုးသမီးတပည့်တစ်ဦး ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
လင်းချန်သည် ထိုအမျိုးသမီး၏ မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး အထင်သေးသည့် အကြည့်ဖြင့် သူမ၏ တစ်ကိုယ်လုံးကို ဝေ့ဝဲကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။ “ဟမ့်...”
ထို့နောက် ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့ ရှိရာဘက်သို့ ထွက်ခွာရန် ပြန်လှည့်လိုက်သည်။
ထိုအမျိုးသမီးတပည့်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
“နင် ရပ်စမ်း... အဲဒီလို လုပ်တာ ဘာသဘောလဲ။”
လင်းချန်သည် သူမ၏ ပိုမိုဆိုးရွားလာသည့် စကားလုံးများကို လျစ်လျူရှုကာ ဆက်လက် လျှောက်လှမ်းနေသည်။ ယွမ်ဟိုင်ဂိုဏ်းမှ အမျိုးသမီးတပည့်သည် အံကို တင်းတင်းကြိတ်ကာ အော်ဟစ်လိုက်၏။
“ငါ နင့်ကို စကားပြောနေတာလေ... နင် မကြားဘူးလား အောက်တန်းစားကောင်ရဲ့။”
ထို့နောက် သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို ဓားအရှိန်အဝါတစ်ခုအဖြစ် စုစည်းလိုက်၏။
“ရွှီးးး”
ထိုဓားအရှိန်အဝါသည် ရေထုကို ဖြတ်ခွဲကာ လင်းချန်ထံသို့ ပြင်းထန်စွာ ပြေးဝင်သွားသည်။ ဓားအရှိန်အဝါသည် လင်းချန်ကို ထိမှန်တော့မည့် ထိုခဏ၌ပင် လက်တစ်ဖက်က ထိုစွမ်းအားကို ရုတ်တရက် ဖမ်းဆုပ်ကာ ချေမှုန်းပစ်လိုက်၏။
“ဘုန်းးး”
ထို့နောက် ရွှေရောင်အနားသတ်များ ပါရှိသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ယွမ်ဟိုင်ဂိုဏ်းမှ အမျိုးသမီးတပည့်၏ ရှေ့၌ ပေါ်လာပြီး ပြင်းထန်သည့် လေသံဖြင့် ကြိမ်းမောင်းလိုက်သည်။
“မင်းက တော်တော် သတ္တိကောင်းနေတာပဲ။”
ယွမ်ဟိုင်ဂိုဏ်းမှ အမျိုးသမီးတပည့်သည် မိမိ၏ရှေ့မှောက်၌ ရပ်နေသည့်သူကို မြင်တွေ့လိုက်ရသည့်အခါ မျက်နှာတစ်ခုလုံး ရုတ်ချည်း ပျက်ယွင်းသွား၏။
“စီနီယာအစ်ကိုလီ... စီနီယာအစ်ကိုလီလား။”
သူမ၏ရှေ့၌ ရပ်နေသူမှာ အခြားသူမဟုတ်ဘဲ အစောပိုင်းက ထွက်ခွာသွားသည့် လီယွမ်ဖုန်းပင် ဖြစ်၏။ လင်းချန်အား ကာကွယ်ရန်အတွက် ကြားဖြတ်ဝင်ရောက်လာသူမှာ သူဖြစ်လိမ့်မည်ဟု သူမအနေဖြင့် အိပ်မက်ပင် မက်ဖူးသည်မဟုတ်ပေ။
လီယွမ်ဖုန်းက ထိုဓားအရှိန်အဝါကို ကြားဖြတ်ဟန့်တားပေးလိုက်သည်ကို မြင်သည့်အခါ လင်းချန်သည် မိမိ၏ကိုယ်ပေါ်၌ စုစည်းထားသည့် စိတ်ဝိညာဉ်စွမ်းအားများကို ဖြည်းညှင်းစွာ ပြန်လည်ရုပ်သိမ်းလိုက်သည်။ ထိုခဏ၌ လင်းချန်သည် မျက်မှောင်ကြုတ်လျက် ယွမ်ဟိုင်ဂိုဏ်းမှ အမျိုးသမီးတပည့်ကို စိုက်ကြည့်လိုက်၏။
အရှေ့ပိုင်းဌာနခွဲ၏ မဟာမိတ်ဖြစ်သည့် ယွမ်ဟိုင်ဂိုဏ်းမှ တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်သဖြင့် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို လင်းချန် သဘာဝကျစွာပင် သိရှိထားသည်။
ဤအမျိုးသမီးမှာ ယွမ်ဟိုင်ဂိုဏ်း၏ ပါရမီရှင်တပည့်မလေး တုဇီယွဲ့ ပင်။ သူမသည် အသက် ၂၅ နှစ်အရွယ်သာ ရှိသေးသော်လည်း သေခြင်းရှင်ခြင်းနယ်ပယ်၏ ခန္ဓာနယ်ပယ်သို့ ရောက်ရှိနေသူဖြစ်ရာ ယွမ်ဟိုင်ဂိုဏ်းတစ်ခုလုံး၌ သူမ၏မျိုးဆက်တွင် ပါရမီအရှိဆုံးတပည့်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်၏။ ထို့အပြင် သူမသည် ဝူချွန်ရှန်း၏ အချစ်ဆုံးတပည့်တစ်ဦးလည်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လင်းချန်သည် စိတ်ဝင်စားဖွယ် အချက်အလက်တစ်ခုကိုလည်း သိရှိထား၏။
ယွမ်ဟိုင်ဂိုဏ်းသည် ပြည်နယ်တစ်ခုလုံးကို စိုးမိုးထားပြီး ထိုပြည်နယ်ကိုပင် ယွမ်ဟိုင်ပြည်နယ်ဟု အမည်ပေးထားသော်လည်း အမှန်စင်စစ်၌မူ အခြားဂိုဏ်းကြီးတစ်ခု၏ လက်အောက်ခံအင်အားစုသာ ဖြစ်၏။ ယင်းသို့ ယွမ်ဟိုင်ဂိုဏ်းအား လက်အောက်ခံအဖြစ် ထားရှိထားသည့် အင်အားစုကြီးမှာ လီယွမ်ဖုန်း၏ နှောင်ကြိုးမဲ့ဂိုဏ်းပင် ဖြစ်သည်။
လီယွမ်ဖုန်းမှာ မည်သူနည်း။ သူသည် နှောင်ကြိုးမဲ့ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်၏ တရားဝင်သားတော်ဖြစ်သလို ထင်ရှားကျော်ကြားလှသည့် ဂိုဏ်းချုပ်ဟောင်း ကျိုးယီအန်ကိုယ်တိုင် အနီးကပ် လမ်းညွှန်ပြသပေးနေသည့် လူပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါလော။
ဤကဲ့သို့သော အရှိန်အဝါရှိသည့် ပုဂ္ဂိုလ်မျိုးအား တုဇီယွဲ့သာမက သူမ၏ဆရာဖြစ်သူ ဝူချွန်ရှန်းကိုယ်တိုင် ရောက်ရှိလာပါစေဦးတော့ အလွန်တရာ ရိုသေကိုင်းရှိုင်းစွာ ဆက်ဆံရမည်သာ ဖြစ်သည်။
လီယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လျက် ပြင်းထန်သည့်လေသံဖြင့် ကြိမ်းမောင်းလိုက်၏။
“ဟောက်ဟိုင်လမ်းမပေါ်မှာ အချင်းချင်း မတိုက်ခိုက်ကြေးဆိုတဲ့ မပြောမဆိုဘဲ သဘောတူထားတဲ့ စည်းကမ်းရှိတာကို မင်းက ဘယ်လိုတောင် သတ္တိရှိပြီး စည်းကမ်းဖောက်ဖျက်ရတာလဲ။ ယွမ်ဟိုင်ဂိုဏ်းက သူ့တပည့်တွေကို ဒီလိုပဲ သင်ကြားပေးတာလားဆိုတာ ငါ တကယ် သိချင်သွားပြီ။”
သူ၏မျက်နှာပေါ်ရှိ ရေအောက်အသက်ရှူကိရိယာမှ အဆက်မပြတ် ထွက်ပေါ်လာသည့် လေပူဖောင်းများကို ကြည့်ခြင်းဖြင့် သူ၏လက်ရှိဒေါသကို ခန့်မှန်းနိုင်သည်။
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၆၂ ပြိး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team