အခန်း ၂၆၇
Vol. 27 Ch. 267
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၆၇
ဘာသာပြန် - Ko Yoohtoo
True Immortal Team
သူတို့၏ စိတ်ဝိညာဉ်စွမ်းအားနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ တိုးတက်မလာသော်လည်း တိုက်ခိုက်ရေး စွမ်းရည်မှာမူ အနည်းငယ် တိုးတက်သွားပြီဖြစ်ကြောင်း သူတို့ ယုံကြည်နေကြ၏။
သူတို့၏ အဆင့်အတန်းအရ တစ်ရက်အတွင်း တိုက်ခိုက်ရေးစွမ်းရည် အနည်းငယ် တိုးတက်လာခြင်းမှာပင် အလွန် ထူးခြားလှပြီး အတိတ်ကဆိုလျှင် စဉ်းစား၍ပင် မရနိုင်သည့် အရာမျိုး ဖြစ်သည်။
သူတို့၏ ချီးကျူးစကားများကို နားထောင်ရင်း လင်းချန်က ပြုံးလိုက်၏။
"မှန်ကန်တဲ့ သင်ယူမှုနဲ့ လေ့ကျင့်မှုက စွမ်းအားကို မြန်မြန် တိုးတက်စေဖို့ အဓိက သော့ချက်ပဲ... ငါ့အကြံပေးချက်ကတော့ ကျိန်းသေပေါက် မှန်နေမှာပဲ"
နောက်ဆုံး၌ သူတို့သည် လမ်းခွဲလိုက်ကြပြီး မိမိတို့၏ နေအိမ်များသို့ အသီးသီး ပြန်သွားကြသည်။
လင်းချန် အရှေ့ပိုင်းဌာနခွဲ၏ နေအိမ်သို့ ပြန်ရောက်ပြီး မကြာမီမှာပင် တံခါးခေါက်သံ ကြားလိုက်ရ၏။ တံခါးဖွင့်ကြည့်လိုက်သည့်အခါ အပြင်ဘက်၌ ရပ်နေသော ကျန်းနျန်ရှင်းကို မြင်လိုက်ရသည်။
လင်းချန်က မေးလိုက်၏။
"မျိုးနွယ်စုခေါင်းဆောင်ကျန်း... ကိစ္စရှိလို့လား"
မိမိ အခန်းထဲပြန်ဝင်ခြင်းမှာ ကျင့်စဉ်ကျင့်ကြံရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း ကျန်းနျန်ရှင်း သိထားသဖြင့် ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ နှောင့်ယှက်မည် မဟုတ်ပေ။
ကျန်းနျန်ရှင်းက ပြောလိုက်သည်။
"မြောက်ပိုင်းဌာနခွဲကနေ လူသားမျိုးနွယ်စုနဲ့ ယွမ်ဟိုင်မျိုးနွယ်စုတို့ မဟာမိတ်ဖွဲ့ထားတဲ့အကြောင်း သိတယ် မဟုတ်လား"
လင်းချန်က ပြန်မေးလိုက်၏။
"ဟုတ်ကဲ့... အဲဒါ ဘာဖြစ်လို့လဲ"
ကျန်းနျန်ရှင်းက ရှင်းပြလိုက်သည်။
"ယွမ်ဟိုင်ဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်က ရုတ်တရက် ရောက်လာပြီး မင်းကို တွေ့ချင်နေတယ်။ မင်းသဘောထားကို မသိသေးတာနဲ့ သူ့ကို အိမ်ရှေ့ဂိတ်ဝမှာ ခဏစောင့်ခိုင်းထားတယ်"
လင်းချန်က မေးလိုက်၏။
"မျိုးနွယ်စုခေါင်းဆောင်ကျန်း... သူ့ကို အိမ်ထဲ ပေးမဝင်ဘူးလား"
ကျန်းနျန်ရှင်းက ပြန်ဖြေလိုက်သည်။
"သူက မင်းအပေါ် ရန်ငြိုးထားဖူးတဲ့သူပဲ လင်းချန်... ငါက ဘာလို့ သူ့ကို ကောင်းပြနေရမှာလဲ။ ဒါကြောင့် ဂိတ်ဝမှာပဲ စောင့်ခိုင်းထားတာ"
လင်းချန်က ရယ်မောလိုက်၏။
"ဒီလူက ကျုပ်နဲ့ ကျန်းဇီတဲ၊ လီယွမ်ဖုန်းတို့ ဘယ်လောက် နီးစပ်လဲဆိုတာ မြင်သွားပုံရတယ်။ ကျုပ်က သူ့ကို လက်စားချေမှာ ကြောက်လို့ စစ်ပြေငြိမ်းဖို့ လာတာနေမှာ။ ဒါမှမဟုတ် အသက်ချမ်းသာပေးဖို့ လာတောင်းပန်တာလည်း ဖြစ်နိုင်တယ်"
ကျန်းနျန်ရှင်းက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
ဝူချွန်ရှန်း ရောက်လာကတည်းက သူ့ရည်ရွယ်ချက်ကို ခန့်မှန်းမိပြီးသားဖြစ်ပြီး လင်းချန်ပြောသကဲ့သို့ပင် ဖြစ်နိုင်၏။
ကျန်းနျန်ရှင်းက ဆက်ပြောလိုက်သည်။
"ယွမ်ဟိုင်ဂိုဏ်းဆိုတာ နှောင်ကြိုးမဲ့ဂိုဏ်းရဲ့ လက်အောက်ခံ ဂိုဏ်းခွဲလေးတစ်ခုပဲ။ ပြီးတော့ စီနီယာ ကျိုးယီအန်ကလည်း မင်းကို အထင်ကြီးတယ်၊ လီယွမ်ဖုန်းကလည်း မင်းကို ညီအစ်ကိုလို သဘောထားတာဆိုတော့... မင်းအနေနဲ့ ဝူချွန်ရှန်းကို လုံးဝ ထည့်တွက်နေစရာ မလိုဘူး"
လင်းချန်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်၏။
ယွမ်ဟိုင်ဂိုဏ်းသည် တစ်ချိန်က အနှောင့်အယှက်ဖြစ်စေခဲ့သော်လည်း ယခုအခါ၌မူ သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မရှိတော့ပေ။
သို့သော် လင်းချန်သည် တစ်စုံတစ်ခုကို တွေးတောနေပုံရပြီး ကျန်းနျန်ရှင်းကမူ သူ့ရှေ့၌ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
လင်းချန်က ပြောလိုက်၏။
"ရန်ငြိုးကို ရန်ငြိုးနဲ့ တုံ့ပြန်ရင် ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူးလို့ ဆိုရိုးရှိတယ်။ သူက တစ်ချိန်က ကျုပ်ဆရာကို ဒုက္ခပေးခဲ့ဖူးပေမဲ့ အဲဒါတွေက လူငယ်သဘာဝ မိုက်မဲမှုတွေကြောင့် ဖြစ်မှာပါ။ သွေးဆူတဲ့အရွယ်မှာ စိတ်လိုက်မာန်ပါ လုပ်မိတာတွေက ရှောင်လွှဲလို့မရဘူး"
"တချို့က ပြောကြတယ်... သူတစ်ပါးအပေါ် ကြင်နာမှု ထားသင့်ပြီး အမုန်းတရားတွေထဲ နစ်မွန်းမနေသင့်ဘူးတဲ့။ ဒါ့အပြင် ကျုပ်ဆရာကလည်း သေသွားတာ မဟုတ်တော့ အသေအလဲ ရန်ငြိုးထားနေစရာ မလိုဘူး။ တစ်ခါတလေ တခြားသူကို အခွင့်အရေး ပေးလိုက်တာက ကိုယ့်ကိုယ်ကိုယ် အခွင့်အရေး ပေးလိုက်တာနဲ့ အတူတူပဲ"
လင်းချန်က အလေးအနက် ပြောဆိုနေသဖြင့် ကျန်းနျန်ရှင်းသည်လည်း တောက်လျှောက် ခေါင်းညိတ်နေမိပြီး သူ ကိုယ်တိုင် မြင့်မြတ်သည့် အသိတရားတစ်ခု ရရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
ကျန်းနျန်ရှင်းက ပြောလိုက်၏။
"လူတွေ ပြောကြတာကတော့ ရန်ကို ရန်ချင်း မတုံ့နှောင်ဘဲ စစ်ပြေငြိမ်းတာက အကောင်းဆုံးပဲ။ နောက်တစ်လှမ်း ဆုတ်ပေးလိုက်ရင် ပိုကျယ်ပြန့်တဲ့ ကမ္ဘာသစ်ကြီးကို မြင်ရလိမ့်မယ် တဲ့..."
လင်းချန်က သက်ပြင်းရှည် ချလိုက်ပြီး ကျန်းနျန်ရှင်းကို ကြည့်ကာ ဆက်ပြောလိုက်သည်။
"ဒါပေမဲ့... ကျုပ် ဆုံးဖြတ်လိုက်ပြီ... ဝူချွန်ရှန်းကို ကျုပ် သတ်မယ်"
"ဖူးးး..."
လင်းချန်၏ စကားကြောင့် ကျန်းနျန်ရှင်း၏ ပါးစပ်ထဲမှ လက်ဖက်ရည်များသည် ရှေ့ရှိလူပေါ်သို့ ပန်းထွက်သွား၏။
ကျန်းနျန်ရှင်း၏ တုံ့ပြန်မှုကို မည်သူမျှ အပြစ်မတင်နိုင်ပေ။
လင်းချန်၏ စကားများမှာ အဆက်အစပ် မရှိလွန်းလှသဖြင့် သူ့အနေဖြင့် လိုက်ပါ စဉ်းစားရန်ပင် မမီတော့ပေ။
လွန်ခဲ့သည့် ခဏကပင် ကျယ်ပြန့်သော ကမ္ဘာသစ်ကြီးနှင့် ခွင့်လွှတ်ခြင်းအကြောင်းကို ပြောဆိုနေပြီး ယခုတစ်စက္ကန့်၌မူ ထိုလူကို သတ်မည်ဟု ဆိုနေသည် မဟုတ်ပါလော။
လင်းချန်က ပြောလိုက်၏။
"ဒါပေမဲ့ အခုက ဝူချွန်ရှန်းကို အပြတ်ရှင်းဖို့ အချိန်မဟုတ်သေးဘူး"
လင်းချန်၏ မျက်နှာထက်၌ ပါးနပ်သည့် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
"ဒီကောင်က အသုံးဝင်သေးတယ်။ နောက်ပြီး ကျုပ်ဆရာအပေါ် သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ ယှဉ်ရင် သူ့ကို ဒီလောက်လွယ်လွယ် အသေခံခိုင်းလိုက်တာက အရမ်းကြင်နာလွန်းရာ ရောက်လိမ့်မယ်"
ဝေဝူရွှမ်အကြောင်းကို ပြောဆိုလိုက်တိုင်း လင်းချန်၏ မျက်ဝန်းအစုံ၌ အေးစက်သည့် အလင်းတန်းများ ဖြတ်ပြေးသွားလေ့ရှိ၏။
"သူ့ကြောင့်... ဆရာဟာ အရင်တုန်းက အကြီးအကျယ် ဒုက္ခရောက်ခဲ့ရတာ"
အတိတ်ကို ပြန်ပြောင်းသတိရလိုက်လျှင် ဆရာဖြစ်သူ ဝေဝူရွှမ်သည် သူ့အား ပညာသင်ကြားပေးနေစဉ်အတွင်း နာကျင်မှုဝေဒနာကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေတတ်ကာ ချွေးစေးများ ပြန်နေလေ့ရှိသည်မှာ လင်းချန်၏ မျက်စိထဲ၌ မြင်ယောင်နေဆဲပင်။
ထိုနာကျင်မှုမှာ ပြင်းထန်လွန်းလှသဖြင့် တစ်ခါတစ်ရံ၌ ဆရာမှာ သတိမေ့မြောသွားသည်အထိ ဖြစ်ခဲ့ရသည်။
နောက်ဆုံး၌မူ ဆရာမှာ ဆံပင်များအားလုံး ဖြူဖွေးသွားပြီး အိပ်ရာပေါ်၌ အားအင်ချိနဲ့စွာ လဲလျောင်းလျက် သေမင်း၏ ခေါ်ဆောင်မှုကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ရရှာ၏။
အကယ်၍သာ ဟွာရှာအင်ပါယာဟူသည့် အံ့ဖွယ်အရာသာ ပေါ်ပေါက်မလာခဲ့ပါမူ ဆရာမှာ အားကိုးရာမဲ့စွာဖြင့် အသက်ဆုံးရှုံးသွားခဲ့ပေလိမ့်မည်။
ယခုမူ ဆရာ့ကိုယ်စား အတိုးချ၍ ပြန်လည်တောင်းခံရမည့် အချိန်သို့ ရောက်ရှိလာလေပြီ။
ဝူချွန်ရှန်းက ရေရွတ်လိုက်သည်။
"ကျွန်တော့်ကို တွေ့ခွင့်မပြုဘူးတဲ့လား"
အိမ်တော်၏ အဝင်ဝ၌ တုဇီယွဲ့နှင့်အတူ ရောက်ရှိနေသည့် ဝူချွန်ရှန်းသည် ကျန်းနျန်ရှင်း၏ တုံ့ပြန်မှုကြောင့် ဆွံ့အသွားရ၏။
ဤနေရာသို့ မလာမီက ဝူချွန်ရှန်းသည် ဖြစ်နိုင်ခြေရှိသမျှကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။
လင်းချန်က သူ့အား မည်သို့နှိမ်ချမည်နည်း၊ သို့မဟုတ် မည်သို့သော မတရားသည့် အခြေအနေများကို တောင်းဆိုမည်နည်း စသည်ဖြင့် စဉ်းစားထားခဲ့၏။
သို့သော် တစ်ဖက်လူက သူ့အား လုံးဝ တွေ့ဆုံခွင့်မပေးဘဲ ငြင်းပယ်လိမ့်မည်ဟုမူ ထင်မထားခဲ့ပေ။
ဝူချွန်ရှန်းက တွေးလိုက်သည်။
"ဒါ မဖြစ်နိုင်ဘူး"
ဝူချွန်ရှန်းသည် လင်းချန်၏ အတွေးကို နားမလည်နိုင် ဖြစ်နေရ၏။
သူ၏ ရန်သူဟောင်းကို မိမိရှေ့၌ ဒူးထောက်တောင်းပန်ခိုင်းပြီး သူ၏ အရှိန်အဝါကို ထုတ်ဖော်ပြသချင်မည် မဟုတ်လော။
ကျန်းနျန်ရှင်းက ပြောလိုက်သည်။
"သူ ပြောခိုင်းလိုက်တာက... မင်းနဲ့ အေးအေးဆေးဆေး ကစားဖို့ အချိန်တွေ အများကြီး ရှိသေးတယ်တဲ့။ သူ့ကို တွေ့ဖို့ဆိုရင် မင်းက အဆင့်မမီသေးဘူးလို့ ပြောတယ်။ အဲဒီတော့ ထွက်ပြေးဖို့ မစဉ်းစားနဲ့... မဟုတ်ရင် လီယွမ်ဖုန်းက နှောင်ကြိုးမဲ့ဂိုဏ်းကို အမိန့်ပေးပြီး မင်းကို ချက်ချင်း သုတ်သင်ခိုင်းလိမ့်မယ်တဲ့"
ကျန်းနျန်ရှင်းသည် ဝူချွန်ရှန်း၏ အရှက်ရနေသည့် မျက်နှာကို ဂရုမစိုက်ဘဲ ပြောစရာရှိသည်များကို ပြောကာ လှည့်ထွက်သွားပြီး အိမ်တော်တံခါးကြီးကို 'ဝုန်းးး' ခနဲ မြည်အောင် ပိတ်လိုက်၏။
ဝူချွန်ရှန်းသည် တင်းတင်းစေ့ပိတ်ထားသည့် တံခါးကြီးကို စိုက်ကြည့်ရင်း အကြီးအကျယ် အရှက်ရမှုကို ခံစားလိုက်ရသည်။
ဝေဝူရွှမ်၏ တပည့်ဖြစ်သူက သူ့အား တွေ့ဆုံခွင့်လေးပင် မပေးခဲ့ပေ။
ဝူချွန်ရှန်း၏ မူလအစီအစဉ်မှာ လင်းချန်၏ ငယ်ရွယ်သည့် စိတ်ဓာတ်နှင့် သူ၏ စိတ်ရင်းမှန်သည့် အမူအရာကို အသုံးချကာ သနားဂရုဏာ သက်လာအောင် ဖန်တီးရန် ဖြစ်၏။
အကယ်၍ မအောင်မြင်ခဲ့ပါက ထွက်ပြေးရန်သာ ရှိတော့သည်။
သို့သော် လင်းချန်က သူ့အား တောင်းပန်ခွင့်ပင် မပေးခဲ့သလို၊ သတ်လည်း မသတ်သေးဘဲ 'အေးအေးဆေးဆေး ကစားဦးမည်' ဆိုကာ ထွက်ပြေးခွင့်ပါ ပိတ်ပင်လိုက်ခြင်း ဖြစ်၏။
ဝူချွန်ရှန်းသည် ကျောချမ်းဖွယ်ရာ ထိတ်လန့်မှုကို ခံစားလိုက်ရပြီး လင်းချန်သည် သူထင်ထားသလောက် ကိုင်တွယ်ရလွယ်ကူသူ မဟုတ်ကြောင်း သဘောပေါက်သွားသည်။
'သူက ငါ့ကို စိတ်ကြိုက် ကစားပြီး ပျင်းသွားတဲ့အခါမှ သတ်ဖို့ ကြံနေတာလား'
အရှေ့ပိုင်းဌာနခွဲ၏ နေအိမ်ရှေ့၌ ဝူချွန်ရှန်းသည် အကြာကြီး မလှုပ်မယှက် ရပ်နေမိ၏။
သူ၏ မျက်လုံးများ ပြူးကျယ်နေပြီး ခန္ဓာကိုယ်ပတ်လည်၌ အကာအကွယ် စိတ်ဝိညာဉ်စွမ်းအားများမှာ လှိုင်းထနေသည်။
ဝူချွန်ရှန်းက ရေရွတ်လိုက်၏။
"ကောင်လေး... ငါ့ကို အကျပ်မကိုင်နဲ့နော်"
မကြာမီမှာပင် ဝူချွန်ရှန်းသည် တုဇီယွဲ့ကို ခေါ်ဆောင်ကာ ထိုနေရာမှ ထွက်ခွာသွားသည်။
ဝူချွန်ရှန်း မသိခဲ့သည်မှာ... လွန်ခဲ့သည့် ခဏကပင် အိမ်တော်တံခါးကြီး၏ နောက်ကွယ်၌ ကျန်းနျန်ရှင်းသည် မထွက်ခွာသေးဘဲ ဝူချွန်ရှန်း၏ အမူအရာများကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။
အစီအရင်တစ်ခု၏ အကူအညီဖြင့် အိမ်တော်အတွင်းမှနေ၍ အပြင်ဘက် မြင်ကွင်းကို ရှင်းလင်းစွာ မြင်နိုင်သော်လည်း အပြင်မှလူမှာမူ အတွင်းကို မြင်နိုင်စွမ်း မရှိပေ။
လင်းချန်သည် မည်သည့်အချိန်က ရောက်နေမှန်းမသိဘဲ ကျန်းနျန်ရှင်း၏ အနား၌ ရပ်လျက် တံခါးဝဆီသို့ ကြည့်ကာ မေးလိုက်သည်။
"သူ ထွက်သွားပြီလား"
ကျန်းနျန်ရှင်းက ခေါင်းညိတ်လိုက်၏။
"ဧကရာဇ်လင်း... ကျွန်တော် တကယ် နားမလည်တော့ဘူး။ လီယွမ်ဖုန်းကို သတ်ခိုင်းလို့ ရရဲ့သားနဲ့ ဘာလို့ သူ့ကို တမင် အကျပ်ကိုင်နေတာလဲ။ တကယ်လို့ သူက အရူးမီးဝိုင်းသလို ဖြစ်သွားပြီး တစ်ခုခု လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ"
လင်းချန်က မေးလိုက်သည်။
"ရူးသွပ်တဲ့ အပြုအမူတွေလား"
ကျန်းနျန်ရှင်းက ပြောလိုက်၏။
"ဥပမာ... ကမ်းရိုးတန်းပြည်နယ်ကို ပြန်ပြေးပြီး မင်းတန်ဖိုးထားတဲ့ လူတစ်ယောက်ယောက်ကို ပြန်ပေးဆွဲပြီး ခြိမ်းခြောက်တာမျိုး၊ ဒါမှမဟုတ် ဒေါသပုံချဖို့ တစ်ခုခု လုပ်တာမျိုးပေါ့"
ထိုသို့ပြောရင်း ကျန်းနျန်ရှင်း၏ မျက်ဝန်းထဲ၌ စိုးရိမ်မှုများ ပြည့်နှက်သွားသည်။
"ဧကရာဇ်လင်းရဲ့ ဟွာရှာအင်ပါယာက တကယ် အစွမ်းထက်တယ်ဆိုပေမဲ့ အင်ပါယာရဲ့ အင်အားအပြည့်အဝကို အသုံးမချနိုင်သေးဘူး မဟုတ်လား"
ကျန်းနျန်ရှင်း၏ စိုးရိမ်ပူပန်နေသည့် မျက်နှာကို မြင်သည့်အခါ လင်းချန်က မစိုးရိမ်ရန် လက်ဟန်ပြလိုက်၏။
"သူသာ အဲဒီလို လုပ်ချင်တယ်ဆိုရင် ကျုပ်က ကြိုဆိုနေမှာပါ"
ကျန်းနျန်ရှင်းက အံ့ဩသွားသည်။
"ဗျာ"
လင်းချန်၏ စကားလုံးများမှာ အမြဲတမ်း တုန်လှုပ်ဖွယ်ရာ ကောင်းလှသဖြင့် ကျန်းနျန်ရှင်းမှာ ကြောင်အသွားရပြန်၏။
လင်းချန်က ဆက်ပြောလိုက်သည်။
"ကျုပ်ဆရာက ယွမ်ဟိုင်ဂိုဏ်းမှာ ရှိစဉ်တုန်းက ထူးချွန်တဲ့ ပါရမီရှိခဲ့ပြီး ဂိုဏ်းအတွက် အများကြီး အကျိုးပြုခဲ့တယ်။ ဒါပေမဲ့ သူ အဆိပ်သင့်ပြီး သေရတော့မယ်လို့ သိလိုက်တာနဲ့ ဂိုဏ်းက သူ့ကို ချက်ချင်း စွန့်ပစ်ခဲ့တယ်။ ကျုပ်ဆရာက သေမှာ သေချာနေပြီ၊ ကျင့်ကြံခြင်းအတွက် ဘာတန်ဖိုးမှ မရှိတော့ဘူး ဆိုတဲ့ အချက်တစ်ခုတည်းနဲ့ သူ့ကို အမှိုက်တစ်ခုလို သံယောဇဉ်မရှိဘဲ စွန့်ပစ်လိုက်တာ"
"အဲဒီလောက် ရက်စက်တဲ့ ဂိုဏ်းမျိုးရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ ယွမ်ဟိုင်ပြည်နယ်က လူတွေဟာ ငရဲကျနေသလို ခံစားနေရမယ်လို့ ထင်တယ်။ အဲဒါကြောင့် ကျုပ်က သူတို့ကို သွားကယ်ချင်တာ"
"အဲဒါကြောင့် သူ့ကို ဖိအားပေးနေတာပဲ။ သူက မိုက်ရူးရဲဆန်တဲ့ အပြုအမူတစ်ခုခု လုပ်လိုက်တာနဲ့ ကျုပ်မှာ စစ်ကြေညာဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် ရသွားပြီ။ အဲဒီအခါကျရင် ယွမ်ဟိုင်ဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ပြီး ယွမ်ဟိုင်ပြည်နယ်ကို ဟွာရှာအင်ပါယာရဲ့ မြေပုံထဲ ထည့်သွင်းပစ်မှာ။ ယွမ်ဟိုင်ပြည်နယ်သာ မပါရင် ဝူချွန်ရှန်းဆိုတဲ့ လူက ကျုပ်အတွက် ဘာတန်ဖိုးရှိလို့ အချိန်ကုန်ခံ ကစားနေမှာလဲ"
ကျန်းနျန်ရှင်းက ပြောလိုက်၏။
"ကောင်းပါပြီ... ကျွန်တော်လည်း ယွမ်ဟိုင်ဂိုဏ်းကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး။ အဲဒီဂိုဏ်းကို ဖျက်ဆီးပစ်တာက အကောင်းဆုံးပဲ။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ အရှေ့ပိုင်းဌာနခွဲကလည်း အစွမ်းကုန် ကူညီပေးပါ့မယ်"
ထို့နောက် လင်းချန်သည်လည်း လှည့်ထွက်သွားပြီး အခန်းထဲ၌ ကျင့်စဉ်ကို ဆက်လက် ကျင့်ကြံနေလိုက်သည်။
သူ၏ ဒန်တျန်အတွင်း သိုလှောင်ထားသည့် စိတ်ဝိညာဉ်စွမ်းအားမှာ စင်ကြယ်မှု အားနည်းနေသေးသဖြင့် တိုက်ပွဲအတွင်း အဆင့်တက်သွားပါက ပြည့်စုံမှု ရှိလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ပြင်းထန်သော တိုက်ပွဲများ မရောက်လာမီ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားကို ပိုသန့်စင်အောင် ပြုလုပ်ရန် လိုအပ်၏။
ရတနာလောင်းကစားပွဲသည် မျိုးနွယ်စု ညီလာခံအတွင်း ကျင်းပခြင်း ဖြစ်သော်လည်း ညီလာခံ၏ ဒုတိယပိုင်း၌မှ ပြုလုပ်ခြင်း ဖြစ်သောကြောင့် လင်းချန်အနေဖြင့် လောလောဆယ် စိတ်ပူနေရန် မလိုသေးပေ။
ယခု သူ ပြင်ဆင်ရမည့်အရာမှာ မျိုးနွယ်စု ညီလာခံကို အသုံးချ၍ သူ၏ စွမ်းအားကို မြှင့်တင်ရန်ပင် ဖြစ်သည်။
မျိုးနွယ်စု ညီလာခံ၏ ပြိုင်ပွဲများသည် စနစ်တကျ ဆက်လက် ကျင်းပလာခဲ့ရာ တစ်လအကြာ၌ ပထမအကျော့ ပြိုင်ပွဲများ အားလုံး ပြီးဆုံးသွားခဲ့၏။
ထိုတစ်လအတွင်း ကျင့်စဉ်ကိုသာ အားထုတ်နေသူများမှာ သိသာထင်ရှားသည့် စွမ်းအား တိုးတက်မှုမျိုး မရှိခဲ့ကြပေ။
အခြားတစ်ဖက်၌မူ လင်းချန်နှင့် သူ၏ သူငယ်ချင်းများမှာ တစ်လလုံး ပြိုင်ပွဲများကို ကြည့်ရှုရင်း အပြင်းအထန် ငြင်းခုံဆွေးနွေးခဲ့ကြသဖြင့် တိုက်ခိုက်ရေးစွမ်းရည်မှာ ဆယ်ရာခိုင်နှုန်းခန့် သိသိသာသာ မြင့်တက်လာခဲ့သည်။ အတိတ်ကဆိုလျှင် ဤသို့သော အရာမှာ မဖြစ်နိုင်သလောက်ပင်။
နောက်တစ်နေ့၌ ဒုတိယအကျော့ ပြင်းထန်သည့် ပြိုင်ပွဲများ စတင်တော့မည် ဖြစ်၏။
လွန်ခဲ့သည့် လနှင့် နှိုင်းယှဉ်ပါက ပြိုင်ပွဲဝင်များ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများမှာ ပို ကြီးမားလာတော့မည် ဖြစ်သည်။
ထို့ကြောင့် ဒုတိယအကျော့ ပြိုင်ပွဲများကို ကြည့်ရှုပြီးသည့်နောက်၌ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည် မည်မျှအထိတိုးတက်လာဦးမည်နည်း ဟူသော မျှော်လင့်ချက်များ ကျန်းဇီတဲနှင့် အခြားသူများ၏ မျက်နှာထက်၌ ထင်ဟပ်နေ၏။
လမ်းခွဲပြီးနောက် လင်းချန်သည် ပုံမှန်အတိုင်းပင် အရှေ့ပိုင်းဌာနခွဲ၏ နေအိမ်သို့ ပြန်လာခဲ့သည်။
အိမ်တော်၏ အဝင်ဝသို့ ရောက်သည့်အခါ စောစောက ထွက်သွားသည့် ကျန်းနျန်ရှင်းကို တွေ့လိုက်ရပြီး သူ၏ ဘေး၌မူ ဂါဝန်ဖြူ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရှိနေ၏။
ထိုအမျိုးသမီးသည် လင်းချန်ကို ကြည့်ကာ မျက်ဝန်းလေးများ လခြမ်းကွေးဖြစ်အောင် ပြုံးပြနေသည်။ လင်းချန်၏ မျက်နှာထက်၌ အတိုင်းအဆမရှိ ပျော်ရွှင်မှုများ ပေါ်ပေါက်လာပြီး သူမရှိရာသို့ အမြန်ပြေးသွားကာ သူမအား ရင်ခွင်ထဲသို့ ထွေးပွေ့လိုက်၏။
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၆၇ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team