← Chapters

အခန်း ၂၇၀

Vol. 27 Ch. 270

အခန်း ၂၇၀

Vol. 27 Ch. 270

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၇၀

ဘာသာပြန် - Ko Yoohtoo

True Immortal Team

ပြိုင်ပွဲ၌ အားလုံးက အသိအမှတ်ပြုထားသည့် တတိယမြောက် အသန်မာဆုံး သိုင်းပညာရှင်နှင့် မကြာသေးမီက ကျော်ကြားလာသော လင်းချန်တို့ ထိပ်တိုက်တွေ့ဆုံနေခြင်းဖြစ်သဖြင့် မည်သူမျှ ကျင့်စဉ်မကျင့်ကြံကြဘဲ တိုက်ပွဲကိုသာ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။

​လူသားမျိုးနွယ်စုဝင် အများအပြားမှာ လက်ရှိအချိန်၌ ကျင့်စဉ်မကျင့်ကြံဘဲ နေသည်ကို ဝမ်းသာနေကြ၏။ မဟုတ်ပါက မြင်ကွင်းကို လွဲချော်သွားပေလိမ့်မည်။

​လူသားမျိုးနွယ်စုသာမက လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ဝင် အများအပြားသည်လည်း လင်းချန်၏လက်ထဲရှိ အောင်မြင်စွာ အသွင်ပြောင်းလဲထားသည့် မိုးကြိုးလျှပ်စီးဓားကို ကြည့်ကာ မမျှော်လင့်ဘဲ အံ့အားသင့်နေကြသည်။

​ဘိုးဘေးအဆင့် သိုင်းဝိညာဉ်ဆိုသည်မှာ လူသားမျိုးနွယ်စု သိုင်းဝိညာဉ်ပညာရှင်များအတွက် အလွန်မြင့်မားသည့် ပါရမီအဆင့်အတန်းဟု သတ်မှတ်ထားခြင်း ဖြစ်သည်။

​နေရာ၌ ရှိနေသူများထဲတွင် ထိုကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသည့် ပါရမီရှင် လုံးဝမရှိဟု ဆိုနိုင်သည်။ မဟုတ်သေး... နောက်ထပ်တစ်ဦးတော့ ရှိနေသေးသည်မှာ ယီစင်းပင် ဖြစ်၏။

​လင်းချန်၏လက်ထဲရှိ မိုးကြိုးလျှပ်စီးဓားကို မြင်သည့်အခါ လီယွမ်ဖုန်း အံ့ဩသွားသည်။ "ဘိုးဘေးအဆင့် သိုင်းဝိညာဉ်... လင်းညီအစ်ကိုက ဒါကို အတော်လေး လျှို့ဝှက်ထားတာပဲ"

​ကျန်းဇီတဲကမူ မျက်မှောင်ကြုတ်လျက် ရှေ့ရှိ တိုးပွားလာသည့် သွေးရောင်စိတ်ဝိညာဉ်စွမ်းအားများကို ကြည့်ကာ စိတ်မသက်မသာ ဖြစ်သွား၏။ "နယ်ပယ်သုံးဆင့် ပြောင်းလဲခြင်းမှာ အဓိက နယ်ပယ်တစ်ခုစီတိုင်းဟာ ကြီးမားတဲ့ အပြောင်းအလဲတွေပဲ။ အထူးသဖြင့် သေခြင်းရှင်ခြင်းနယ်ပယ်ရဲ့ နယ်ပယ်ငယ် လေးခုဟာ ဘယ်မျိုးနွယ်စုအတွက်မဆို ကမ္ဘာတုန်လှုပ်မတတ် ပြောင်းလဲမှုတွေပဲ။ ဘာပဲဖြစ်ဖြစ် ရှက သေခြင်းရှင်ခြင်းနယ်ပယ်ရဲ့ စွမ်းအားနယ်ပယ်မှာ ရှိနေတာ။ လင်းချန်ရဲ့ ပါရမီက မြင့်မားလေလေ သူက ပိုပြီး မနာလိုဖြစ်ပြီးတော့ သူ့ရဲ့ တိုက်ခိုက်မှုတွေကလည်း ပိုပြီး ရက်စက်လေလေ ဖြစ်မှာပဲ"

​ကျန်းဝမ်ရွှမ်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ဘယ်လောက်ပဲ ရက်စက်ပါစေ... လင်းချန်က အရှုံးပေးလိုက်ရင် ဘာမှမဖြစ်နိုင်ဘူး မဟုတ်လား"

​ကျန်းချီက ခါးသီးစွာ ပြုံးလိုက်သည်။ "ဝမ်ရွှမ်း... မင်း နားမလည်သေးဘူး"

​ကျန်းဝမ်ရွှမ်းက အားမလိုအားမရ ပြောလိုက်သည်။ "ငါ ဘာကို နားမလည်ရမှာလဲ"

​ကျန်းချီက ကျန်းဝမ်ရွှမ်း၏ မကျေနပ်မှုကို မြင်သည့်အခါ ရှင်းပြလိုက်သည်။ "ဧကရာဇ်လင်းရဲ့ စရိုက်အရ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး"

​ကျန်းချီ၏ စကားကို ထောက်ခံသည့်အနေဖြင့် လီယွမ်ဖုန်းက ယီစင်းအား တိုက်ရိုက် မေးလိုက်သည်။ "မရီး... လင်းညီအစ်ကိုဟာ ရှုံးနိမ့်တဲ့အထိ ဆက်တိုက်မှာလား ဒါမှမဟုတ် အခြေအနေ မဟန်ရင် အရှုံးပေးမှာလား"

​ယီစင်းက ဂုဏ်ယူစွာ ပြောလိုက်သည်။ "ချန်လေးက ကျိန်းသေပေါက် အနိုင်ရမှာပါ။ သူ့အတွက် အရှုံးပေးစရာ အကြောင်းမရှိဘူး"

​အားလုံးကို ကြည့်လိုက်သည့်အခါ သူမ၏ မျက်နှာ၌ ယုံကြည်မှုများ ပြည့်နှက်နေ၏။

​ယီစင်းက ဆက်ပြောလိုက်သည်။ "ချန်လေးအတွက် စိုးရိမ်မနေကြပါနဲ့။ သူ ဘာမှမဖြစ်ပါဘူး"

​ပြောပြီးသည်နှင့် ယီစင်းသည် စိုးရိမ်သည့် အရိပ်အယောင်မျှမရှိဘဲ ပြိုင်ပွဲကွင်းကိုသာ ဆက်လက် ကြည့်ရှုနေသည်။

​ယီစင်းအား တစ်ချက်ကြည့်ကာ ပြိုင်ပွဲကွင်းအတွင်း ရှနှင့် ထိပ်တိုက် ရင်ဆိုင်နေသည့် လင်းချန်ကို ကြည့်ရင်း ကျန်းဇီတဲမှာ အားကိုးရာမဲ့စွာ မျက်နှာကို လက်ဖြင့် အုပ်လိုက်သည်။ "မတတ်နိုင်တော့ဘူး... ဒီနှစ်ယောက်က တစ်ကျောင်းတည်းထွက်တွေပဲ"

​ပြိုင်ပွဲကွင်းအတွင်း၌ လင်းချန်သည် ကောင်းကင်နယ်ပယ် စွမ်းအားမျှဖြင့် တိုက်ခိုက်ရေး ကျွမ်းကျင်မှုများကို အသုံးမပြုဘဲ ရှနှင့် အဆက်မပြတ် ထိပ်တိုက် ရင်ဆိုင်နေ၏။

​သူ၏ ဘိုးဘေးအဆင့် သိုင်းဝိညာဉ်ကို အသွင်ပြောင်းလဲခြင်းနှင့် ကြံ့ခိုင်လှသည့် ခန္ဓာကိုယ်ကို ပေါင်းစပ်အသုံးချကာ ကောင်းကင်နယ်ပယ် အဆင့်ခြောက် စွမ်းအားမျှသာ ရှိသော်လည်း ရှ၏ တိုက်ခိုက်မှုများအောက်၌ အပြတ်အသတ် အနိုင်ကျင့်ခံရခြင်း မရှိဘဲ ရင်ဆိုင်နိုင်နေခြင်း ဖြစ်သည်။

​လင်းချန်၏ ဆန့်ကျင်ဘက်၌ ရှသည် ပိုမို ရူးသွပ်လာပြီး အဆက်မပြတ် ဟိန်းဟောက်နေသည်။

​အထူးသဖြင့် လင်းချန်သည် အပြတ်အသတ် ရှုံးနိမ့်မသွားဘဲ တိုက်ခိုက်မှုများကို ခုခံနိုင်နေသဖြင့် ရှ၏ မျက်နှာထက်မှ ရူးသွပ်မှုများမှာ ပိုမို ပြင်းထန်လာရခြင်း ဖြစ်၏။

​ရှသည် ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး တိုက်ခိုက်မှု အရှိန်အဟုန်ကို မြှင့်တင်လိုက်သည်။ "ဘာလို့ ဘိုးဘေးအဆင့် သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားရတာလဲ။ ဘာလို့ မင်းလို ကောင်းကင်နယ်ပယ်ကောင်လေးက ငါ့တိုက်ခိုက်မှုတွေကို ခုခံနိုင်ရတာလဲ။ မင်းကို ဖျက်ဆီးပစ်မယ်"

​လင်းချန်၏ ဝတ်ရုံများမှာ တဖြည်းဖြည်း စုတ်ပြဲလာပြီး ဓားချက်ရာများမှ သွေးများမှာ စီးထွက်လာကာ ပတ်ဝန်းကျင်ရှိ ရေထုအတွင်းသို့ ပျံ့နှံ့သွား၏။

​ရှသည် ရုတ်တရက် စူးရှစွာ အော်ဟစ်လိုက်ပြီး ပတ်ဝန်းကျင်၌ သွေးရောင်စိတ်ဝိညာဉ်စွမ်းအားများသည် ရေတွက်၍မရနိုင်သည့် အပ်စိုက်အပ် အရွယ်အစားရှိ ဓားအရှိန်အဝါများအဖြစ် စုစည်းသွားကာ လင်းချန်ထံသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ "ငါ မင်းကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်မယ်"

​သွေးနတ်ဘုရားအပ်။

​ထိုအရာမှာ ရှ၏ အဂုဏ်ယူဆုံး စိတ်ဝိညာဉ်စွမ်းရည် ဖြစ်သည်။ စွမ်းရည်ကို ထုတ်ဖော်လိုက်သည်နှင့် လင်းချန်၏ သွေးကြောများ၊ ဒန်ထျန်နှင့် ကြွက်သားအားလုံးမှာ ယခင်က မကြုံဖူးသည့် ထိခိုက်ပျက်စီးမှုများကို ခံစားရပေလိမ့်မည်။ သွေးကြောများ ပြတ်တောက်ခြင်း၊ ဒန်ထျန် ပျက်စီးခြင်းနှင့် အရိုးများ ကျိုးကြေခြင်းတို့ ဖြစ်ပေါ်စေမည် ဖြစ်၏။

​ထိုနည်းလမ်းဖြင့် ရှသည် ပါရမီရှင် အများအပြားကို စိတ်ဓာတ်ကျဆင်းနေသည့် ဒုက္ခိတများအဖြစ် ပြောင်းလဲပစ်ခဲ့ဖူးသည်။

​သို့သော် ရှသည် တစ်စုံတစ်ခုကို သတိထားမိလိုက်၏။ လင်းချန်သည် ပြင်းထန်သည့် တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်ပေါက်နေသည် မဟုတ်ပါလော။

​သတ်ဖြတ်သူ ရှ ဂုဏ်ယူဝင့်ကြွားလှသည့် စိတ်ဝိညာဉ်စွမ်းရည် 'သွေးနတ်ဘုရားအပ်' သည် စိတ်ဝိညာဉ်စွမ်းအားများကို ရေတွက်၍မရနိုင်သော အပ်မျှင်ပုံစံ ဓားချီအရှိန်အဝါများအဖြစ် ပြောင်းလဲကာ ရန်သူ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်စေခြင်း ဖြစ်၏။

​ထို့နောက် သွေးကြောများနှင့် ဒန်တျန်အတွင်းသို့ စိမ့်ဝင်ကာ အစွမ်းကုန် ဖျက်ဆီးပစ်သည်။

​အကယ်၍ ထိုစွမ်းရည်၏ တိုက်ရိုက်ထိမှန်မှုကို ခံရပါက အသက်ရှင်ကျန်ရစ်ဦးတော့ ခန္ဓာကိုယ်မှာ ဆိုးရွားစွာ ပျက်စီးသွားပေလိမ့်မည်။ လင်းချန်၏ ပါရမီနှင့် ကြံ့ခိုင်သည့် ခန္ဓာကိုယ်ဖြင့်ပင် ပြန်လည်ကောင်းမွန်လာရန် ခုနစ်နှစ် ရှစ်နှစ်ခန့် အချိန်ယူရမည် ဖြစ်၏။

​လင်းချန်သည် ယခုမှ အသက်နှစ်ဆယ်သာ ရှိသေးသဖြင့် အသက်သုံးဆယ်မတိုင်မီ နှစ်ကာလများသည် သိုင်းဝိညာဉ်ပညာရှင်တစ်ဦးအတွက် အလွန်တရာ အဖိုးတန်လှသည်။ ထိုမျှကြာအောင် နှောင့်နှေးသွားခြင်းမှာ သူ၏ တစ်သက်တာ ကျင့်ကြံခြင်းလမ်းစဉ်အပေါ် ကြီးမားသည့် သက်ရောက်မှု ရှိစေမည် ဖြစ်၏။

​ဘိုးဘေးအဆင့် သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်တစ်ဦးအား ဖျက်ဆီးပစ်နိုင်တော့မည်ဟူသော အတွေးက ရှအား အလွန်အမင်း စိတ်လှုပ်ရှားစေသည်။ ဤသည်မှာ သတ်ဖြတ်သူတို့ ခံစားရသည့် အမြင့်ဆုံး ပီတိပင် ဖြစ်သည်။

​ရှူးးး ရှူးးး ရှူးးး

​သွေးရောင်အပ်များသည် လင်းချန်၏ ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်သွားပြီး ခရမ်းရောင်သန်းနေသည့် သွေးများ ချက်ချင်း ထွက်ပေါ်လာသည်။ သို့သော် ကျန်းမာသည့် လတ်ဆတ်သော သွေးနီရောင် မဟုတ်ဘဲ မည်းနက်အေးခဲနေသည့် သွေးပုပ်များသာ ဖြစ်၏။ ထိုမျှသာမက သတ်ဖြတ်သူ ရှ သတိထားမိသည်မှာ လင်းချန်၏ မျက်နှာထက်၌ နာကျင်သည့် အရိပ်အယောင်မျှ မရှိဘဲ ပြုံးနေခြင်းပင် ဖြစ်သည်။

​လင်းချန်က ပြုံးလိုက်သည်။ "ကျေးဇူးအများကြီး တင်ပါတယ်"

​ထိုသို့ပြောလိုက်ရာ ပတ်ဝန်းကျင်ရှိ ရေထုမှာ ရူးသွပ်စွာ ဝဲကတော့ထိုးလာပြီး ထွက်ပေါ်လာသည့် သွေးများကို ရေဝဲကတော့၏ အဟုန်ဖြင့် တွန်းပစ်လိုက်သည်။

​ဘုန်းးး

​လင်းချန်၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သည့် အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး အင်အားမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။ အားလုံး၏ မျက်စိရှေ့မှာတင် စွမ်းအားမှာ ကောင်းကင်နယ်ပယ် အဆင့်ခြောက်မှ အဆင့်ခုနစ်သို့ တိုက်ရိုက် တိုးတက်သွားပြီ ဖြစ်၏။

​ရှ၏ သွေးရောင်မျက်ဝန်းများထဲ၌ မယုံကြည်နိုင်မှုများ ပြည့်နှက်သွားသည်။ "ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

​သူ အဘယ်သို့မျှ နားမလည်နိုင် ဖြစ်နေရ၏။ ထိပ်တိုက် ရင်ဆိုင်နေစဉ်အတွင်း လင်းချန်မှာ ဒဏ်ရာဗရပွ ရနေပြီ ဖြစ်သည်။ ထို့အပြင် သွေးနတ်ဘုရားအပ်၏ တိုက်ရိုက်ထိမှန်မှုကို ခံရပြီးနောက်၌ ပြင်းထန်စွာ ဒဏ်ရာရကာ တိုက်ခိုက်နိုင်စွမ်း လုံးဝ ပျောက်ဆုံးသွားရမည် မဟုတ်ပါလော။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာတင် လင်းချန်မှာ ဘာမှမဖြစ်သည့်အပြင် နယ်ပယ်အဆင့်မှာပါ တိုးတက်သွားသည်။

​လင်းချန်၏ ဒန်တျန်အတွင်း၌ ကောင်းကင်နယ်ပယ်၌ အဆင့်တက်ရန်အတွက် ကြိုတင်ပြင်ဆင်ထားသည့် ဖိသိပ်ထားသော စိတ်ဝိညာဉ်စွမ်းအား အမြောက်အမြား ရှိနေသည်ကို ရှအနေဖြင့် လုံးဝ မသိနိုင်ပေ။

​တိုက်ပွဲအတွင်းမှာပင် လင်းချန်သည် အလွန်ဝမ်းမြောက်နေခြင်း ဖြစ်၏။ ရှေ့မှ သတ်ဖြတ်သူမှာ သူ၏ စိတ်ဝိညာဉ်စွမ်းအားကို သွေးပေးမည့် အကောင်းဆုံး ကျောက်ပြင်ကြီး ဖြစ်သလို၊ တိုက်ပွဲအလယ်မှာတင် အဆင့်တက်လှမ်းနိုင်ရန်အတွက် အသင့်တော်ဆုံးသည့် ပြိုင်ဘက်လည်း ဖြစ်သည်။

​အထူးသဖြင့် သွေးနတ်ဘုရားအပ် ပေါ်ထွက်လာသည့်အခါ လင်းချန်မှာ ပို၍ပင် စိတ်လှုပ်ရှားသွားရသည်။ ဒန်တျန်အတွင်း၌ ဖိသိပ်ထားသည့် စိတ်ဝိညာဉ်စွမ်းအား အလွန်အမင်း များပြားနေခြင်းမှာ ခန္ဓာကိုယ်အတွက် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ဖြစ်နေ၏။ ခုနက သွေးနတ်ဘုရားအပ် တိုက်ခိုက်မှုမှာ ခန္ဓာကိုယ်အတွင်းရှိ ပိတ်ဆို့နေသည့် သွေးပုပ်များကိုသာ စွန့်ထုတ်ပေးလိုက်သလို ဖြစ်သွားပြီး ခန္ဓာကိုယ်၏ ဝန်ထုပ်ဝန်ပိုးကို လျော့ပါးစေခြင်း ဖြစ်၏။

​ထိပ်တိုက် ရင်ဆိုင်နေစဉ်မှာပင် လင်းချန်သည် ရှကို အသုံးချ၍ စိတ်ဝိညာဉ်စွမ်းအားကို သန့်စင်ပြီးသား ဖြစ်သည်။ သွေးနတ်ဘုရားအပ် ထိမှန်ချိန်၌ အရာအားလုံးမှာ အဆင်သင့် ဖြစ်နေပြီ ဖြစ်၏။

​မပျက်စီးလျှင် မတည်ဆောက်နိုင်ပေ။ လင်းချန်၏ ရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်သလို အဆင့်တက်ရမည့် အချိန်သို့လည်း ရောက်ရှိလာပြီ ဖြစ်၏။

​ကြည့်ရှုစင်မြင့်ပေါ်၌ ကျိုးယီအန်သည် လင်းချန်၏ အဆင့်တက်သွားမှုကို မြင်သည့်အခါမှ သက်ပြင်းအရှည်ကြီး ချလိုက်နိုင်ပြီး တင်းမာနေသည့် စိတ်များကို လျှော့ချလိုက်နိုင်သည်။ လင်းချန် သွေးနတ်ဘုရားအပ် ထိမှန်တော့မည့် အချိန်၌ ကျိုးယီအန်မှာ မနေနိုင်ဘဲ ဝင်ရောက်ကယ်တင်ရန် အသင့်ပြင်ထားခြင်း ဖြစ်၏။ သူတစ်ဦးတည်းသာမက ဘေးရှိ ကျန်းဇီတဲမှာလည်း ထိုသို့ပင် ခံစားနေရ၏။

​သို့သော် သွေးနတ်ဘုရားအပ်နှင့် ရင်ဆိုင်ရစဉ် လင်းချန်၏ မျက်နှာ၌ ထိတ်လန့်မှု မရှိဘဲ မျှော်လင့်ချက် အရိပ်အယောင်များ ရှိနေသည်ကို မြင်လိုက်ရသဖြင့် သူတို့နှစ်ဦးမှာ ဝင်ရောက် မစွက်ဖက်ဘဲ ထိန်းထားကြခြင်း ဖြစ်၏။ ယခုအခါ၌မူ ဝင်ရောက် မနှောင့်ယှက်မိသည်မှာ ကံကောင်းသည်ဟု မှတ်ယူလိုက်ကြသည်။ အကယ်၍သာ ခုနက တားဆီးလိုက်လျှင် လင်းချန်၏ အဆင့်တက်လှမ်းမှုကို မြင်တွေ့ရမည် မဟုတ်ပေ။

​လင်းချန် အဆင့်တက်သွားသည်ကို မြင်သည့်အခါ ရှသည် မိမိ အသုံးချခံလိုက်ရမှန်း သဘောပေါက်သွားသည်။ အမှန်တရားကို သိရှိသွားသည့်အခါ ရှသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လင်းချန်အား သုတ်သင်ရန် ပြေးဝင်လာသည်။ "ငါ့ကို အသုံးချရဲတယ်ပေါ့... ငါ့ကို အသုံးချဖို့အထိ သတ္တိရှိနေတာလား"

​သို့သော် လင်းချန်၏ အနားသို့ မချဉ်းကပ်နိုင်မီမှာပင် ပတ်ဝန်းကျင်ရှိ တိတ်ဆိတ်နေသည့် ရေထုမှာ တစ်ဖန် ပြန်လည် ရူးသွပ်စွာ ဝဲကတော့ထိုးလာပြန်သည်။ ပြင်းထန်လှသည့် ရေစီးကြောင်းများက ရှ၏ ရှေ့ဆက်တက်လာမှုကို ရုတ်တရက် ပိတ်ဆို့လိုက်၏။

​ထိုအချိန်မှာပင် လင်းချန်၏ အရှိန်အဝါမှာ တစ်ဖန် ထပ်မံ မြင့်တက်လာပြန်သည်။ ကောင်းကင်နယ်ပယ် အဆင့်ခုနစ်သို့ ရောက်ရုံသာ ရှိသေးသည့် အရှိန်အဝါမှာ အဆင့်ရှစ်သို့ ထပ်မံ ခုန်တက်သွားခြင်း ဖြစ်၏။

​လင်းချန်၏ ပတ်ဝန်းကျင်ရှိ ရူးသွပ်နေသည့် ရေဝဲကတော့အတွင်းမှ ဖယ်ခွာရင်း ကျန်းလီသည် ခေါင်းကိုမော့ကာ အံ့ဩမှင်သက်သော အကြည့်များဖြင့် လှမ်းကြည့်နေမိသည်။ သူတစ်ဦးတည်းသာမက လွန်ခဲ့သည့် တစ်လက ကျန်းလီနှင့် ပထမဆုံးအကျော့ ပြိုင်ပွဲကတည်းက လင်းချန်သည် စောင့်ကြည့်နေသူ အားလုံးကို ထပ်ခါတလဲလဲ အံ့ဩအောင် ပြုလုပ်နေခြင်း ဖြစ်သည်။

​ပြိုင်ပွဲအတွင်း အဆင့်တက်လှမ်းခြင်းမှာ ဖြစ်လေ့ရှိသည့် ကိစ္စတစ်ခု ဖြစ်သော်လည်း အံ့ဩဖွယ်ကောင်းအောင် အဆင့်နှစ်ဆင့် ဆက်တိုက် တိုးတက်သွားခြင်းမှာမူ လုံးဝ ခြားနားသည့် ကိစ္စတစ်ခု ဖြစ်၏။ အကယ်၍ ယနေ့သာ ကိုယ်တိုင် မမြင်တွေ့ရလျှင် မည်သူက ယုံကြည်နိုင်မည်နည်း။

​ဘုန်းးး

​ထိုခဏ၌ ပြိုင်ပွဲစင်မြင့်အတွင်း လင်းချန်၏ ပတ်ဝန်းကျင်ရှိ ရေစီးကြောင်းများမှာ ပိုမို ပြင်းထန်လာပြီး ပြိုင်ဘက် ရှကို ပိုမိုဝေးကွာရာသို့ လွင့်စင်သွားစေကာ နောက်သို့ ဆုတ်ခွာစေသည်။ ကောင်းကင်နယ်ပယ် အဆင့်ကိုးသို့ ရောက်ရှိသွားခြင်း ဖြစ်၏။

​လက်ရှိအချိန်၌ ရေစီးကြောင်း၏ အလယ်ဗဟို၌ လင်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ လုံးဝ ပျောက်ကွယ်သွားပြီး အမာရွတ်မျှပင် မကျန်တော့ပေ။ သူ၏ အရှိန်အဝါကြောင့် ဖြစ်ပေါ်လာသည့် ရေစီးကြောင်းများက သူ့အား ဝိုင်းပတ်ရံထားသဖြင့် ပြိုင်ဘက်မှာ လုံးဝ အနားမကပ်နိုင်တော့ပေ။

​လီယွမ်ဖုန်း အံ့ဩသွားသည်။ "လင်းညီအစ်ကို... ဒါကတော့ အလွန်အကျွံ ဖြစ်မနေဘူးလား"

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၇၀ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters