← Chapters

အခန်း ၂၇၁

Vol. 28 Ch. 271

အခန်း ၂၇၁

Vol. 28 Ch. 271

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၇၁

ဘာသာပြန် - Ko Yoohtoo

True Immortal Team

အရှေ့ပိုင်းဌာနခွဲ၏ ကြည့်ရှုစင်မြင့်ပေါ်၌ ကျန်းဇီတဲသည် အံ့ဩလွန်းသဖြင့် ပါးစပ်ပင် မပိတ်နိုင်ဘဲ စင်မြင့်ပေါ်ရှိ လင်းချန်အား မှင်သက်စွာ စိုက်ကြည့်နေသည်။

​လီယွမ်ဖုန်းသည်လည်း အံ့ဩနေသော်ငြား သူ၏ မျက်ဝန်းများထဲ၌ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေပြီး ယခုချက်ချင်းပင် လင်းချန်နှင့် ယှဉ်ပြိုင်ချင်နေပုံရ၏။

​ပြိုင်ပွဲစင်မြင့်အတွင်း၌ လင်းချန်၏ ပတ်ဝန်းကျင်၌ ရူးသွပ်စွာ လည်ပတ်နေသည့် ရေစီးကြောင်းများမှာ ရုတ်တရက် တင်းကျပ်စွာ စုစည်းလာသည်။

​လင်းချန်က ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ ရေထုမှာ တစ်နေရာတည်း၌ အေးခဲသွားသကဲ့သို့ ဖြစ်သွား၏။

​မျက်စိတစ်မှိတ်အတွင်းမှာပင် မှိတ်ထားသည့် လင်းချန်၏ မျက်လုံးများ ပွင့်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အရှိန်အဝါမှာ ဧကရာဇ်တစ်ပါး၏ ဘုန်းအာဏာအဖြစ်သို့ ရုတ်တရက် ပြောင်းလဲကာ ကောင်းကင်သို့ ထိုးတက်သွားသည်။

​သူ၏ ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားများသည် ဒေါသတကြီး ဟိန်းဟောက်နေသည့် မိုးကြိုးနဂါး ကိုးကောင်အဖြစ် ပြောင်းလဲသွားပြီး ပြိုင်ပွဲကွင်းတစ်ခုလုံးကို လွှမ်းမိုးသွား၏။

​မိုးကြိုးနဂါးများ လှုပ်ရှားလိုက်သည်နှင့် ကွင်းအတွင်းရှိ ပင်လယ်ရေများမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ကွင်းအတွင်းရှိ လေထုဖိအားမှာလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။

​ထိုအချိန်မှာပင် တောက်ပသည့် အဝါရောင် ဧကရာဇ်စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ဧကရာဇ်ဝတ်ရုံမှာ သူ့အား လွှမ်းခြုံသွား၏။

​လင်းချန်သည် ကမ္ဘာတုန်မတတ် ပြောင်းလဲသွားပြီ ဖြစ်၏။

​ကောင်းကင်နယ်ပယ်၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။

​ယခုအခါ ရေစက်မျှပင် မရှိတော့ဘဲ ဟာလာဟင်းလင်း ဖြစ်နေသော ပြိုင်ပွဲကွင်းအတွင်း၌ တောက်ပနေသည့် ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားသော လင်းချန်သည် လေထဲ၌ လွင့်မျောနေပြီး သူ၏ အကြည့်များကို ပြိုင်ဘက်ထံသို့ အေးစက်စွာ စူးစိုက်ထားသည်။

​အကယ်၍ ဤပြိုင်ဘက်အား ရင်ဆိုင်ရသည်မှာ အစပိုင်း၌ အနည်းငယ် အခက်အခဲရှိသည်ဆိုဦးတော့ ယခု လင်းချန်၏ မျက်လုံးထဲ၌မူ ထိုပြိုင်ဘက်မှာ ထည့်ပြောနေရန်ပင် မထိုက်တန်တော့ချေ။

​မျိုးနွယ်စု ညီလာခံ၌ ပါဝင်နေသည့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ဝင် အားလုံးမှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို ကိုယ်တိုင် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။ လက်ဖက်ရည်တစ်ဝက်ခန့်သောက်ချိန်အတွင်းမှာတင် အဆင့်ခြောက်မှ အမြင့်ဆုံးအဆင့်အထိ အဆင့်လေးဆင့် ဆက်တိုက် တက်လှမ်းသွားခြင်း ဖြစ်၏။

​လူနှစ်ယောက်မှလွဲ၍ ကျန်ရှိသူ အားလုံးမှာ မှင်သက်နေကြရသည်။

​ထိုလူနှစ်ဦးမှာမူ မျက်နှာများ ပြာနှမ်းနေကြ၏။ တစ်ဦးမှာ သူ၏ပြိုင်ဘက် ရှ ဖြစ်ပြီး ကျန်တစ်ဦးမှာ ဝူချွန်ရှန်း ပင် ဖြစ်သည်။

​လင်းချန်၏ ခန္ဓာကိုယ်ပတ်လည်၌ တောက်လောင်နေသည့် ဧကရာဇ်ဝတ်ရုံမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ့အား ပတ်ရံထားသော မိုးကြိုးနဂါးကိုးကောင်မှာလည်း ပေါက်ကွဲထွက်ကာ ကွယ်ပျောက်သွား၏။

​လင်းချန်၏ အပြုအမူကို မြင်သော် သူ၏ပြိုင်ဘက်မှာ မျက်မှောင်ကြုတ်လျက် နားမလည်နိုင် ဖြစ်သွားရသည်။

​လင်းချန်က ရန်ငြိုးမထားသည့်ပုံစံ၊ လေသံညင်းညင်းဖြင့် ပြောလိုက်၏။ "မင်း ကျုပ်ကို ကျေးဇူးပြုခဲ့လို့ ဒုက္ခမပေးတော့ဘူး။ အရှုံးပေးလိုက်တော့။"

​လင်းချန်၏ စကားကြောင့် သူ၏ပြိုင်ဘက်မှာ သွားများကို တင်းတင်းကြိတ်လိုက်မိပြီး အကြီးအကျယ် အရှက်ရမှုကို ခံစားလိုက်ရသည်။

​သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လင်းချန်ထံသို့ တစ်ဖန် ပြန်လည် ပြေးဝင်လာသည်။

​သတ်ဖြတ်သူ ရှ သည် မိမိလက်ဖြင့် ဖျက်ဆီးပစ်ရမည့် လင်းချန်က မည်သို့မျှ ထိခိုက်ဒဏ်ရာရခြင်း မရှိသည့်အပြင် ဤကဲ့သို့သော အံ့ဖွယ်ဖြစ်ရပ်မျိုးကို ဖန်တီးနိုင်သည်ကို အဘယ်သို့မျှ နားမလည်နိုင် ဖြစ်နေရ၏။

​ဤပြိုင်ပွဲသည် သူ၏ စွမ်းရည်ပြသကွင်းဖြစ်ကာ လက်ရှိအချိန်သည် လင်းချန်အား နှိပ်စက်ကစားရမည့် အချိန်ဖြစ်သင့်သည်။

​ရလဒ်မှာ ပါရမီရှင် လင်းချန်၏ ကျဆုံးမှုနှင့်အတူ နောက်ဆုံးအချိန်၌ သူ၏ လွယ်ကူသည့် အောင်ပွဲသာ ဖြစ်ရမည် မဟုတ်လော။ သူသည်သာ အားလုံး၏ အာရုံစိုက်ခြင်းကို ခံရမည့် ဗဟိုချက်မ ဖြစ်ရပေမည်။

​'သတ်မယ်... သတ်မယ်... သတ်မယ်...'

​သူ၏ ရင်ထဲ၌ ဤအတွေးတစ်ခုသာ ရှိတော့၏။ သူသည် လင်းချန်ထံသို့ ပြေးဝင်သွားစဉ် သူ၏ ခန္ဓာကိုယ်အား သွေးရောင်စိတ်ဝိညာဉ်စွမ်းအားများဖြင့် ရစ်ပတ်ထားပြီး အဆက်မပြတ် ဆူပွက်နေသော ထိုစွမ်းအားများသည် ဟာလာဟင်းလင်းပြင်ထဲမှ စီးဆင်းလာသည့် သွေးမြစ်တစ်စင်းကဲ့သို့ပင် ဖြစ်နေသည်။

​အောင်မြင်စွာ အသွင်ပြောင်းလဲထားသည့် သွေးရောင်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလျက် လက်ရှိအချိန်၌ သူ၏ မျက်လုံးထဲ၌ လင်းချန်တစ်ဦးတည်းသာ ရှိတော့၏။

​ဆူပွက်နေသည့် သွေးမြစ်သည် သူ၏ ခန္ဓာကိုယ်ဆီသို့ စုစည်းသွားပြီး ဧရာမ သွေးဓားကြီးတစ်လက်အဖြစ် ပြောင်းလဲကာ လင်းချန်ထံသို့ ထိုးစိုက်လိုက်သည်။

​သွေးနတ်ဘုရားခုတ်ချက်။

​သူ၏ စိတ်ဝိညာဉ်စွမ်းအား အများစုကို ဤတိုက်ကွက်အတွက် အသုံးချထားသဖြင့် အလွန်ပင် ပြင်းထန်လှ၏။

​သို့သော် ယင်းမှာ သာမန် သိုင်းဝိညာဥ်ပညာရှင်များအတွက်သာ ဖြစ်သည်။ လင်းချန်ကမူ အဘယ်မှာ သာမန်ဖြစ်မည်နည်း။ လက်ဖက်ရည်တစ်ဝက်ခန့် သောက်ချိန်အတွင်းမှာတင် အဆင့်လေးဆင့်ကို ကျော်ဖြတ်လာသည့် ထိုဘီလူးသတ္တဝါကြီးမှာ မည်သို့မျှ ပုံမှန်လူ ဖြစ်နိုင်မည်မဟုတ်ပေ။

​မိမိထံသို့ ဦးတည်လာသည့် ဧရာမ သွေးဓားကြီးကို ကြည့်ကာ လင်းချန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး အမူအရာမှာလည်း လေးနက်သွား၏။

​မည်သို့ပင်ဆိုစေကာမူ သေခြင်းရှင်ခြင်းနယ်ပယ်၊ စွမ်းအားနယ်ပယ်၏ ပါရမီရှင်တစ်ဦး ဒေါသတကြီး ထုတ်ဖော်လိုက်သည့် တိုက်ကွက်မှာ အလွန်ပင် အန္တရာယ်ရှိပြီး သေစေနိုင်လောက်သည်။

​ထို့အပြင် စွမ်းအားနယ်ပယ်သို့ ရောက်ရှိပြီး ကပ်ဘေးများကို ကျော်ဖြတ်ထားသူ ဖြစ်သဖြင့် စိတ်ဝိညာဉ်စွမ်းအားမှာ အခြေခံအားဖြင့် များစွာ ပြောင်းလဲပြီးသား ဖြစ်နေသည်။ ဤသွေးဓားကြီးမှာ တကယ့်ကို အစွမ်းထက်လှ၏။

​လင်းချန်သည် သူ၏လက်ထဲရှိ မိုးကြိုးလျှပ်စီးဓားကို မြှောက်ကာ ရှေ့ရှိ ဧရာမ သွေးဓားကြီးကို ချိန်ရွယ်လိုက်သည်။ "အခွင့်အရေးရလျက်နဲ့ တန်ဖိုးမထားတော့လည်း ကျုပ်ကို အပြစ်မတင်နဲ့တော့။"

​သူ၏ မျက်ဝန်းအစုံ၌ ရွှေနီရောင် မိုးကြိုးများမှာ တဖျတ်ဖျတ် လက်နေသည်။

​ဂျိန်းးး ဂျိန်းးး

​ရွှေနီရောင် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားများသည် နဂါးကိုးကောင်အဖြစ် ပြောင်းလဲကာ နောက်ဆုံး၌မူ ရှေ့ရှိ သွေးဓားကြီးထံသို့ ဦးတည်လိုက်ကြ၏။

​နဂါးကိုးကောင် ပြေးထွက်သွားသည်နှင့် လင်းချန်သည်လည်း ချက်ချင်းပင် လိုက်ပါသွားသည်။ မိုးကြိုးသံနှင့်အတူ ဟိန်းဟောက်လိုက်သည့် နဂါးသံစဉ်မှာ ပြိုင်ပွဲကွင်းအတွင်း၌ ကြာရှည်စွာ ပဲ့တင်ထပ်နေပြီး နဂါးကိုးကောင်သည် သွေးဓားကြီးနှင့် ထိပ်တိုက် တွေ့ဆုံသည်။

​ရွှေနီရောင် မိုးကြိုးနဂါး ကိုးကောင်သည် သွေးဓားကြီး၏ ထိပ်ဖျားနှင့် တိုက်ရိုက် မထိတွေ့ချေ။ မိုးကြိုးနဂါး တစ်ကောင်ကသာ သွေးဓား၏ ထိပ်ဖျားကို ရိုက်ခတ်ပြီး သွေးဓား၏ ပြင်းထန်သည့် အရှိန်အဟုန်ကို တားဆီးလိုက်သည်။

​တစ်ချိန်တည်းမှာပင် ကျန်ရှိသည့် မိုးကြိုးနဂါး ရှစ်ကောင်မှာမူ ဧရာမ သွေးဓားကြီး၏ ပတ်ဝန်းကျင်သို့ ဝိုင်းရံကာ ဓား၏ ကိုယ်ထည်ဆီသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။

​မျက်စိတစ်မှိတ်အတွင်းမှာတင် တစ်သားတည်းဟု ထင်ရသည့် ဧရာမ သွေးဓားကြီးမှာ ထူထပ်လှသော အက်ကြောင်းများ ပေါ်ပေါက်လာပြီး ဝုန်းးးခနဲ ပေါက်ကွဲပျက်စီးသွားကာ အတွင်းမှ တိုက်ခိုက်သူ၏ ပုံရိပ်မှာ ပေါ်ထွက်လာသည်။

​ရှ၏ မျက်နှာ၌ အံ့ဩမှင်သက်မှုများ ကျန်ရှိနေဆဲဖြစ်ပြီး နဂါးကိုးကောင်နှင့်အတူ မိမိထံသို့ တိုးဝင်လာသည့် လင်းချန်ကိုသာ ကြည့်နေမိသည်။ "သွေးနတ်ဘုရားခုတ်ချက်က ဒီလောက်လွယ်လွယ် အဖျက်ခံလိုက်ရတာလား။"

​လင်းချန်၏ အရှိန်အဝါကြောင့် ရေစက်မျှပင် မကျန်တော့သည့် ကျယ်ပြောလှသော ပြိုင်ပွဲကွင်းအတွင်း၌ ပျက်စီးသွားသည့် သွေးဓားကြီးမှာ တောက်ပသော အနီရောင် အလင်းစက်များအဖြစ်သို့ ပြောင်းလဲကာ အရပ်ရပ်သို့ ပျံ့လွင့်သွား၏။

​သွေးဓားနှင့် ထိတွေ့မိသည့် မိုးကြိုးအလင်းတန်းများမှာလည်း အနီရောင် အလင်းစက်များနှင့်အတူ ပေါက်ကွဲထွက်နေကြရာ တကယ့်ကို ခမ်းနားလှပသော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

​ထိုအချိန်မှာပင် လင်းချန်၏ လက်ထဲ၌ ဖန်ပုလင်းတစ်လုံး ရုတ်တရက် ပေါ်လာပြီး အင်အားသုံး၍ ချေမွပစ်လိုက်သည်။ အတွင်းရှိ အရောင်မဲ့ ကြည်လင်သည့် အရည်များကို မိုးကြိုးစိတ်ဝိညာဉ်စွမ်းအားဖြင့် ဖုံးအုပ်ကာ သေးငယ်လှသော အပ်မျှင်ပုံစံအဖြစ် ပြောင်းလဲလိုက်၏။

​ထိုသို့လုပ်ဆောင်ပြီးနောက် လင်းချန်သည် ရှ၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ပြိုင်ဘက်၏ ဒန်တျန်ဆီသို့ ပြင်းထန်စွာ ရိုက်နှက်ရင်း တိုးညင်းသည့် လေသံဖြင့် ပြောလိုက်သည်။ "အသွားရှိရင် အပြန်ရှိရမယ်။ ဒါက မင်းကို ပြန်ပေးဆပ်တာပဲ။"

​လင်းချန်က စိတ်ဝိညာဉ်စွမ်းအားဖြင့် အပ်မျှင်ပုံစံ ဖန်တီးထားသည့် အရောင်မဲ့ဆေးရည်မှာ ထိုလက်ဝါးရိုက်ချက်နှင့်အတူ ရှ၏ ဒန်တျန်အတွင်းသို့ ထိုးသွင်းခြင်း ခံလိုက်ရပြီ။

​ရှက သူ့ရှေ့ရှိ လင်းချန်ကို ထိတ်လန့်တကြား ကြည့်လိုက်သည်။ "ငါ့ကို ဘာလုပ်လိုက်တာလဲ။"

​လင်းချန်သည် တစ်စုံတစ်ခုကို မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းလိုက်ကြောင်း ရှက ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ထိုအရာသည် ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသည်နှင့် အရည်အဖြစ် ပြောင်းလဲကာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီ။

​လင်းချန်က ပြုံးလိုက်သည်။ "ဒါက အံ့ဩစရာအစွမ်းရှိတယ်။ နောင်နှစ်တစ်ရာအထိ မင်းရဲ့ ဉာဏ်ရည်က ဆယ်ပုံတစ်ပုံ လျော့သွားလိမ့်မယ်။ အလွယ်ပြောရရင် အရင်ကထက် ပိုထုံအသွားမှာပေါ့။ နှစ်တစ်ရာကြာလို့ မင်းပါရမီ ပြန်ကောင်းလာရင်တောင် အရာအားလုံးက နောက်ကျသွားပြီ။"

​စကားဆုံးသည်နှင့် လင်းချန်သည် ရှ၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ကန်ထုတ်လိုက်ရာ လေထဲသို့ လွင့်စင်သွားပြီး ပြိုင်ပွဲကွင်း၏ အောက်ခြေ၌ သတိလစ်ကာ လဲကျသွားသည်။

​ပြိုင်ပွဲ၏ ရလဒ်မှာ ရှင်းလင်းသွားပြီ ဖြစ်၏။ လေထဲ၌ ရပ်နေသည့် လင်းချန်သည် အောက်ခြေ၌ လဲကျနေသော ရှအား ငုံ့ကြည့်လိုက်သည်။

​အကယ်၍ မျိုးနွယ်စု၏ သတ်ဖြတ်ခြင်းကို တားမြစ်ထားသည့် စည်းကမ်းသာ မရှိလျှင် လင်းချန်သည် ဤပြိုင်ဘက်အား သုတ်သင်ပြီးသား ဖြစ်ပေလိမ့်မည်။

​ရှသည် စိတ်ဓာတ်ကျဉ်းမြောင်းပြီး မနာလိုဝန်တိုမှု ပြည့်နှက်နေသူ ဖြစ်သည်။

​ပါရမီရှင်တစ်ဦးကို မြင်လိုက်ရသည်နှင့် ထိုသူ၏ အနာဂတ်ကို ဖျက်ဆီးပစ်ရန် အမြဲတမ်း ကြံစည်နေသူ ဖြစ်၏။

​သူ့အား နှစ်ပေါင်းတစ်ရာတိုင်အောင် ထုံအသွားစေခြင်းမှာ သူတစ်ချိန်က အထင်သေးခဲ့သည့် သူများ၏ ကျော်တက်ခြင်းကို ခံရစေမည်ဖြစ်ရာ ဤနှိပ်စက်မှုမှာ သူ့အား အကြိမ်တစ်ထောင် သတ်ပစ်လိုက်ခြင်းထက်ပင် ပိုမို နာကျင်စေမည် ဖြစ်သည်။

​ပြိုင်ပွဲကွင်းအတွင်း၌ လင်းချန်သည် တင်ဆက်သူမှ ရလဒ်ကြေညာမည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။ ပတ်ဝန်းကျင်ရှိ ကြည့်ရှုစင်မြင့် အသီးသီးမှာမူ တုန်လှုပ်မှုများကြောင့် လုံးဝ တိတ်ဆိတ်ငြိမ်သက်နေသည်။

​ဤပြိုင်ပွဲအတွင်း သူသည် အဆင့်လေးဆင့်ကို ကျော်ဖြတ်ကာ ကောင်းကင်နယ်ပယ်၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီး ထိုနယ်ပယ်ဖြင့်ပင် သေခြင်းရှင်ခြင်းနယ်ပယ် စွမ်းအားနယ်ပယ်မှ အစွမ်းထက်သည့် ရန်သူကို အနိုင်ယူခြင်း ဖြစ်သည်။

​ထိုအချိန်၌ လူတိုင်း၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့၏။ ယင်းမှာ လင်းချန်သည် ပုံမှန်ယုတ္တိဗေဒများ အားလုံးကို ကျော်လွန်နေသူ ဖြစ်သည်ဟူ၍ပင်။

​မျိုးနွယ်စု ကြည့်ရှုစင်မြင့်ပေါ်၌ ကျန်းထျန်ရှင်းသည် ပြိုင်ပွဲကွင်းအတွင်းမှ ထွက်ခွာရန် ပြင်နေသည့် လင်းချန်ကို ကြည့်ကာ ခေါင်းကို တရစပ် ခါယမ်းလိုက်၏။ "ဒီ လင်းချန်ကတော့ တကယ့်ကို မမျှော်လင့်ထားစရာပဲ။"

​ကျိုးယီအန်သည်လည်း သက်ပြင်းအရှည်ကြီး ချလိုက်နိုင်ပြီး အသွင်မပြောင်းမီက မြင်တွေ့ခဲ့ရသည့် မိုးကြိုးလျှပ်စီးဓား၏ ပုံရိပ်ကို ပြန်လည် မြင်ယောင်ကာ ဇဝေဇဝါ ဖြစ်သွားသည်။ "ဟုတ်တယ်။ ဒါပေမဲ့ ဘာလို့ အမည်းရောင် ဖြစ်နေတာလဲ။"

​အရှေ့ပိုင်းဌာနခွဲ၏ ကြည့်ရှုစင်မြင့်ပေါ်၌ ကျန်းချီမှာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသား ဖြစ်သော်ငြား ခါးသီးစွာ ပြုံးလိုက်သည်။ "ဧကရာဇ်လင်း ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ့်ကို ထိုက်တန်တာပဲ။"

​ကျန်းချီ၏ ဘေး၌ ကျန်းဝမ်ရွှမ်းက ယီစင်းအား ဆွဲကာ ထပ်ခါတလဲလဲ အော်ဟစ်နေသည်။ "လင်းညီမလေး၊ မင်းရဲ့ စေ့စပ်ထားတဲ့သူက တကယ့်ကို အံ့ဩစရာပဲ။ မင်း ဘာလို့ သူနိုင်မယ်လို့ ယုံကြည်နေတာလဲဆိုတာ အခုမှ နားလည်တော့တယ်။"

​ယီစင်းကမူ အသာအယာ ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။ "ချန်အာက တကယ်ပဲ အံ့ဩစရာကောင်းတဲ့သူပါ။"

​ကျန်းဇီတဲက ပြိုင်ပွဲကွင်းအတွင်းမှ ကူးခတ်ထွက်ခွာလာသည့် လင်းချန်ကို ကြည့်လိုက်သည်။ "လင်းညီအစ်ကိုဟာ အခု ကောင်းကင်နယ်ပယ်ရဲ့ အမြင့်ဆုံးအဆင့်မှာပဲ ရှိနေသေးပေမဲ့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ငါတို့နှစ်ယောက်ထက် မလျော့ဘူး ထင်တယ်။"

​လီယွမ်ဖုန်းသည်လည်း လေးနက်စွာ ခေါင်းညိတ်ပြလိုက်ပြီး သူ၏ မျက်ဝန်းများထဲ၌ လင်းချန်နှင့် တိုက်ခိုက်လိုသည့် စိတ်ဆန္ဒများ ပြည့်နှက်နေသည်။ "ဒီမျိုးနွယ်စု စုဝေးပွဲမှာ လင်းညီအစ်ကိုနဲ့ တိုက်ခိုက်ရမယ့်နေ့ကို မျှော်လင့်နေမိတယ်။"

​သူတို့၏ နောက်ကွယ်၌ ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့၏ စကားကို ကြားသော် ယီစင်းက အသာအယာ ရယ်မောကာ ခေါင်းခါပြလိုက်၏။

​အစမှ အဆုံးတိုင် လင်းချန်သည် အစွမ်းကုန်ကို လုံးဝ ထုတ်မသုံးသေးချေ။ စိတ်ဝိညာဉ်စွမ်းအား သုံးမျိုးထဲ၌ သူသည် မိုးကြိုးစိတ်ဝိညာဉ်စွမ်းအား တစ်ခုတည်းကိုသာ အသုံးပြုပြီး ဧကရာဇ်စိတ်ဝိညာဉ်စွမ်းအားမှာမူ အဆင့်တက်ချိန်၌ မရည်ရွယ်ဘဲ ပေါ်ထွက်လာခြင်း ဖြစ်သည်။

​ထို့အပြင်... စိတ်ဝိညာဉ်အလင်းတန်းမှာလည်း ကိုးလွှာအထိသာ ပြသထားပြီး နိဗ္ဗာန်ကိုးသွယ်၏ စွမ်းအားကိုသာ ထုတ်ဖော်ခဲ့ခြင်း ဖြစ်၏။

​အကယ်၍ လင်းချန်သာ စိတ်ဝိညာဉ်အလင်းတန်း တစ်ဆယ့်နှစ်လွှာစလုံးကို ထုတ်ဖော်ကာ စိတ်ဝိညာဉ်စွမ်းအား သုံးမျိုးစလုံးကို အသက်သွင်းပြီး မိုးကြိုးလျှပ်စီးဓားနှင့် တိမ်တိုက်ဓား နှစ်မျိုးစလုံးကို တစ်ပြိုင်နက် အသွင်ပြောင်းလဲ အသုံးပြုမည်ဆိုလျှင် ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့ နှစ်ယောက်ပေါင်းလျှင်ပင် လင်းချန်အား ယှဉ်နိုင်လိမ့်မည် မဟုတ်ကြောင်း ယီစင်းက ယုံကြည်ထားသည်။

​ယီစင်းသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ "ရှင်တို့တွေ ငါ့ရဲ့ ချန်အာ တကယ် ဘယ်လောက်အထိ သန်မာတယ်ဆိုတာ လုံးဝ မသိကြသေးဘူးပဲ။"

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၇၁ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters