အခန်း ၂၇၃
Vol. 28 Ch. 273
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၇၃
ဘာသာပြန် - Ko Yoohtoo
True Immortal Team
အခြားပြိုင်ပွဲသုံးခုမှာ ဆက်လက် ကျင်းပနေဆဲဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းမှုသည်လည်း အစောပိုင်း သိုင်းပြိုင်ပွဲများထက် လျော့နည်းမသွားပေ။
သို့သော် အရှေ့ပိုင်းဌာနခွဲ၏ ကြည့်ရှုသူစင်မြင့်ထက်၌မူ လူငယ်အနည်းငယ် ပျောက်ကွယ်နေသည်။
အရှေ့ပိုင်းဌာနခွဲ စံအိမ်အတွင်းရှိ အစီအရင်များ တုန်ခါနေပြီး ရှေ့ခန်းမဆောင်ရှိ တိုက်ခိုက်ရေးကွင်းပြင်အတွင်း၌ ရွှေရောင် စိတ်ဝိညာဉ်စွမ်းအင်နှစ်ခု ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံနေကြ၏။
တစ်ဦးက မိုးကြိုးသံကဲ့သို့ ဟိန်းဟောက်နေပြီး အခြားတစ်ဦးကမူ ထက်မြက်သည့် အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
"ဘုန်းးး"
ပုံရိပ်နှစ်ခုသည် တစ်ဖက်စီသို့ နောက်ဆုတ်သွားကြ၏။
ထိုသူနှစ်ဦးက အခြားသူများမဟုတ်ဘဲ လင်းချန်နှင့် လီယွမ်ဖုန်းတို့ပင် ဖြစ်သည်။
လင်းချန်က သုံးပေခန့်သာ နောက်ဆုတ်သွားသော်လည်း သူကိုယ်တိုင်မှာမူ လေးပေခန့် နောက်ဆုတ်သွားရသည်ကို ကြည့်ရင်း လီယွမ်ဖုန်းတစ်ယောက် စိတ်ပျက်လက်ပျက် ခေါင်းရမ်းညည်းတွားလိုက်၏။
"ငါ ထပ်ရှုံးပြန်ပြီဗျာ... ညီအစ်ကိုလင်း၊ မင်း တိုက်ရည်ခိုက်ရည်က တကယ် အားကြီးလွန်းတယ်။"
ဘေးနားမှ ကျန်းဇီတဲက စနောက်လိုက်သည်။ "အရိုင်းဆန်တဲ့ လီယွမ်ဖုန်း ရှုံးကြောင်း ဝန်ခံတာ မြင်ရဖို့ တကယ်ရှားတယ်... ဒီမြင်ကွင်းမျိုးကို ဒီနေရာမှပဲ မြင်နိုင်တာ။"
လီယွမ်ဖုန်းက ကျန်းဇီတဲကို စိန်ခေါ်သည့်အကြည့်ဖြင့် ကြည့်လိုက်ရာ မျက်နှာပေါ်ရှိ ရေအောက်အသက်ရှူကိရိယာမှ ပူဖောင်းများ ထွက်ပေါ်လာ၏။ "မင်းရော တက်လာပြီး ငါနဲ့ တိုက်မလား။"
ကျန်းဇီတဲသည် သဘောတကျ ရယ်မောလိုက်ပြီး သူ၏လက်ရှစ်ဖက်ကို လှုပ်ခါကာ တိုက်ခိုက်ရေးကွင်းအတွင်း လမ်းလျှောက်ဝင်လာသည်။
"ဘုန်းးး... ဘုန်းးး... ဘုန်းးး"
လင်းချန်က အပြာရောင်ရွှေများဖြင့် ပြုလုပ်ထားသည့် ကွင်းပြင်ကြမ်းပြင်ပေါ်သို့ ခြေတစ်ချက် ဆောင့်နင်းလိုက်ရာ အသံတိုးတိုးတစ်ခု ထွက်ပေါ်လာပြီး လီယွမ်ဖုန်းကို လှမ်းအော်လိုက်၏။ "ဟေ့... တစ်ခုခု မေ့မနေဘူးလား။"
လင်းချန်စကားကို ကြားသည့်အခါ လီယွမ်ဖုန်း သတိပြန်ဝင်လာပြီး ရှက်ကိုးရှက်ကန်း ရယ်မောလိုက်သည်။ "ဟီး... ဆောရီးဗျာ... အစောက တိုက်ပွဲထဲ စိတ်ပါသွားလို့ လုံးဝ မေ့သွားတာ။"
စကားပြောရင်းနှင့်ပင် လီယွမ်ဖုန်းသည် သိုလှောင်လက်စွပ် အသေးစားလေးတစ်ခုကို ထုတ်ယူကာ လင်းချန်အား ပေးအပ်လိုက်၏။
လင်းချန်အား ပစ္စည်းများ လွှဲပြောင်းပေးပြီးသည်နှင့် လီယွမ်ဖုန်းသည် ကျန်းဇီတဲနှင့် တိုက်ခိုက်ရန် စိတ်အားထက်သန်နေသည်။
ထိုအချိန်၌ လင်းချန်သည် သိုလှောင်လက်စွပ်အတွင်းသို့ စိတ်အာရုံဖြင့် ကြည့်လိုက်ရာ လီယွမ်ဖုန်း ပြောသည့်အတိုင်း စာအုပ်အမျိုးမျိုးဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။
လီယွမ်ဖုန်းအဆိုအရ ဤစာအုပ်များကို ကျိုးယီအန်က လင်းချန်အတွက် လက်ဆောင်ပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုရာ လင်းချန် ဇဝေဇဝါ ဖြစ်သွားရသည်။
အဘယ်ကြောင့် ကျိုးယီအန်က သူ့အား စာအုပ်များ ရုတ်တရက် ပေးပို့ရသနည်း။ သူတို့ကြားမှ ကုန်သွယ်မှုကိစ္စများပင် မပြီးဆုံးသေးချေ။
သို့သော် လင်းချန်က လီယွမ်ဖုန်းထံ စာအုပ်များ သွားတောင်းချိန်၌ ထိုလူက အရင်ဆုံး တိုက်ခိုက်ရန် တောင်းဆိုပြီး တိုက်ပွဲပြီးမှသာ ပစ္စည်းများကို ပေးအပ်ခြင်း ဖြစ်၏။
တိုက်ပွဲကို ရူးသွပ်သည့် လီယွမ်ဖုန်းအတွက်မူ ဤကဲ့သို့သော တောင်းဆိုမှုက ပုံမှန်ပင် ဖြစ်သည်။
သို့သော် လင်းချန်သည် သိုလှောင်လက်စွပ်ကို ဖွင့်ကြည့်ပြီး အတွင်းရှိ စာအုပ်အရေအတွက်ကို မြင်လိုက်ရသည့်အခါ အမှန်တကယ်ပင် ဆွံ့အသွားရ၏။
အစပိုင်း၌ လင်းချန်က ကျိုးယီအန်သည် သူ့အား စာအုပ်ဆယ်အုပ်၊ နှစ်ဆယ်ခန့်သာ လက်ဆောင်ပေးလိမ့်မည်ဟု ထင်ထားခြင်း ဖြစ်သည်။
အကယ်၍ သူ့အား ပို၍ မျက်နှာသာပေးလိုလျှင်တောင် အုပ်ရေတစ်ရာခန့်သာ ဖြစ်လိမ့်မည်ဟု တွေးထား၏။
ကျန်းထျန်ရှင်းနှင့် ဆက်ဆံရေးအရ ကျိုးယီအန်ထံမှ လက်ဆောင်အချို့ ရရှိခြင်းက ဖြစ်နိုင်ခြေ ရှိသည် မဟုတ်ပါလော။
သို့သော် ယခုမူ လင်းချန်သည် သိုလှောင်လက်စွပ်အတွင်း၌ အုပ်ရေတစ်သိန်းကျော်သည့် စာအုပ်များ ငြိမ်သက်စွာ ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုအထဲ၌ ဧရာမရွှေရောင် အကန့်အသတ်မဲ့ ဓားသိုင်းလည်း ပါဝင်နေ၏။
ထိုကျင့်စဉ်မှာ လီယွမ်ဖုန်းကိုယ်တိုင် ကျင့်ကြံနေသည့် ကျင့်စဉ်ဖြစ်ပြီး လက်ရှိ နှောင်ကြိုးမဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော သူ၏ဖခင်လည်း ကျင့်ကြံနေသည့် အရာပင် ဖြစ်သည်။
ဤမျှ တန်ဖိုးရှိသည့် ကျင့်စဉ်ကို သူ့အား ဒီအတိုင်း ပေးလိုက်သည်လော။
သေချာစွာ စစ်ဆေးကြည့်ပြီးနောက် ဤစာအုပ်များ၏ အဆင့်အတန်းက အလွန်တရာ မြင့်မားလှပြီး တန်ဖိုးမှာ... အဆင့်မြင့် စိတ်ဝိညာဉ်သလင်းကျောက် သန်းရှစ်ဆယ်ခန့် ရှိနိုင်ကြောင်း လင်းချန် တွေ့ရှိလိုက်ရ၏။
ဤမျှ တန်ဖိုးကြီးလှသည့် စာအုပ်များကို သူ့အား ဒီအတိုင်း ပေးလိုက်ခြင်းအပေါ် လင်းချန်သည် ကျိုးယီအန်၏ ရည်ရွယ်ချက်ကို မဝေခွဲနိုင်ဘဲ ဖြစ်နေမိသည်။
သို့သော် ပေးအပ်လာသည့် လက်ဆောင်ကို ငြင်းပယ်ရန် အကြောင်းပြချက် မရှိပေ။
ထို့ကြောင့် သူသည် စာအုပ်အားလုံးကို ဟွာရှာအင်ပါယာသို့ ပေးပို့လိုက်၏။
စာအုပ်များကို ဟွာရှာအင်ပါယာသို့ ပေးပို့ပြီး မကြာမီမှာပင် လင်းချန်သည် ထူးခြားသည့် အာရုံခံစားမှုတစ်ခု ရရှိလိုက်ပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအင်များ ရှေ့၌ စုစည်းသွားကာ ရွှေရောင် စနစ်အချက်အလက် မျက်နှာပြင်တစ်ခု ပေါ်ထွက်လာသည်။
ထို့နောက်၌ နည်းဗျူဟာမှန်ပြင်တစ်ခု ပေါ်လာပြီး ကျူးကော့မင်၏ ပုံရိပ် ထွက်ပေါ်လာ၏။
ကျူးကော့မင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "အရှင်မင်းကြီး... အဲဒီစာအုပ်တွေထဲမှာ ထူးခြားတဲ့ တွေ့ရှိမှုတစ်ခု ရှိတယ်... ဒါက ရုပ်သေးခန္ဓာ စီမံကိန်းအတွက် အကြီးမားဆုံး အထောက်အကူ ဖြစ်စေမှာ။"
'ဘာ... တကယ်လား။'
ရုပ်သေးခန္ဓာ စီမံကိန်းဆိုသည်မှာ ဟွာရှာအင်ပါယာမှ စစ်သူကြီးများကို ဤကမ္ဘာသို့ အချိန်မတိုင်မီ ရောက်ရှိလာနိုင်စေရန် ပြုလုပ်ပေးမည့် နည်းပညာတစ်ခု ဖြစ်၏။
ကျူးကော့မင်၏ သုတေသနအရ စစ်သူကြီးများသည် သူတို့စွမ်းအားများကို ရုပ်သေးခန္ဓာတစ်ခုအတွင်းသို့ ထည့်သွင်းကာ ကိုယ်ပွားပုံရိပ်ကဲ့သို့ ဖန်တီး၍ အသုံးပြုရမည် ဖြစ်သည်။
ဤနည်းဖြင့် စစ်သူကြီးများသည် သူတို့၏ ရုပ်သေးကိုယ်ပွားများကို အသုံးပြုကာ ဟွာရှာအင်ပါယာမှနေ၍ ကောင်းကင်လမ်းကြောင်းမှတစ်ဆင့် အပြင်သို့ထွက်ခွာပြီး လင်းချန်အား ကူညီနိုင်မည် ဖြစ်၏။
ဟွာရှာအင်ပါယာ၏ တပ်မတော်သည် သူတို့စစ်သူကြီးများ ဦးဆောင်ခြင်း ရှိမရှိအပေါ် မူတည်၍ စွမ်းဆောင်ရည် လုံးဝ ကွာခြားသွားမည် ဖြစ်သည်။
စစ်သူကြီးများ၌ စစ်မှုရေးရာများနှင့် သက်ဆိုင်သည့် သိုင်းဝိညာဉ်စစ်သူကြီးစွမ်းရည်များ ရှိကြပြီး ထိုအရာက တပ်ဖွဲ့ဝင်များအပေါ် သက်ရောက်မှုကို ပိုမိုအားကောင်းစေ၏။
ထို့အပြင် စစ်သူကြီးများသည် သာမန်စစ်သည်များထက် များစွာ အစွမ်းထက်ကြသည်။
အကယ်၍ ရုပ်သေးခန္ဓာ သုတေသနသာ အောင်မြင်သွားလျှင် တပ်မှူးစစ်သူကြီးများနှင့် အမတ်ချုပ်တို့သည် ဟွာရှာအင်ပါယာမှ ထွက်ခွာကာ လင်းချန်ကို အနီးကပ်ကူညီနိုင်ကြပေလိမ့်မည်။
မူလစွမ်းအား၏ အစိတ်အပိုင်းတစ်ခုသာ ရှိသည့် ရုပ်သေးခန္ဓာ ဖြစ်နေပါစေဦးတော့၊ ဟွာရှာအင်ပါယာ၏ စစ်ရေးနှင့် ဉာဏ်ပညာ အထွတ်အထိပ်ဖြစ်သော တပ်မှူးများနှင့် အမတ်ချုပ်တို့၏ တည်ရှိမှုသည် သိုင်းဝိညာဉ်တိုက်ကြီးတစ်ခုလုံးကို တုန်ခါသွားစေနိုင်သည့် ရိုက်ခတ်မှုမျိုး ဖန်တီးနိုင်ပေလိမ့်မည်။
လင်းချန်က မေးလိုက်၏။ "ရုပ်သေးခန္ဓာ စီမံကိန်းနဲ့ ပတ်သက်ပြီး မောင်မင်း ဘာတွေ့လို့ ဒီလောက် ဝမ်းသာနေရတာလဲ။"
စံအိမ်တော်၏ ရှေ့ခြံဝန်းအတွင်း၌ လီယွမ်ဖုန်းနှင့် ကျန်းဇီတဲတို့သည် တိုက်ပွဲအရသာကို အားရပါးရ ခံစားနေကြသည်။
သူတို့နှင့်အတူ ကျန်းချီ၊ ကျန်းဝမ်ရွှမ်းနှင့် ယီစင်းတို့မှာမူ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။
မည်သူမျှ သတိမထားမိခင်မှာပင် လင်းချန်သည် ရှေ့သို့ ငေးကြည့်ရင်း အတွေးထဲ၌ နစ်မြောနေသည်။
လင်းချန်၏ ရှေ့မှောက်၌ ဆိတ်သုဉ်းနေသည့် ပင်လယ်ပြင် ရှိနေခြင်း မဟုတ်ဘဲ ကောင်းကင်လက်မှုပညာဌာနနှင့် ချိတ်ဆက်ထားသော နည်းဗျူဟာမှန်ပြင် ရှိနေခြင်း ဖြစ်၏။
မျက်နှာပြင်ပေါ်၌ အမတ်ချုပ် ကျူးကော့မင်သည် လက်ရေးမူတစ်ခုကို မြှောက်ပြလျက် လင်းချန်အား အချက်ပြနေသည်။
လင်းချန် အာရုံစိုက်ကြည့်လိုက်သည့်အခါ ကျူးကော့မင်၏ လက်ထဲမှ လက်ရေးမူပေါ်၌ 'ရုပ်အလောင်း သန့်စင်ခြင်း အပိုင်းအစ' ဟူသော စာလုံးကြီးများကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။
ကျူးကော့မင်သည် ထိုလက်ရေးမူကို အဖိုးတန်ရတနာတစ်ခုအား ကိုင်တွယ်နေသကဲ့သို့ နူးညံ့စွာ ပွတ်သပ်လိုက်သည်။ "ဒီလက်ရေးမူထဲမှာ ရုပ်အလောင်း သန့်စင်ခြင်းလို့ ခေါ်တဲ့ လက်နက်သွန်းလုပ်ရေး လျှို့ဝှက်ကျင့်စဉ်တစ်ခု မှတ်တမ်းတင်ထားတယ်။"
အမတ်ချုပ်၏ ရှင်းပြချက်အရ လက်ရှိအချိန်၌ ရုပ်သေးခန္ဓာများ အောင်မြင်စွာ ဖော်ဆောင်နိုင်ရန် ကြန့်ကြာနေရခြင်းက မည်သည့်ပစ္စည်းများကို အသုံးပြု၍ စွမ်းအင်စီးဆင်းရာ သွေးကြောများနှင့် ဒန်ထျန်နေရာ၌ အစားထိုးရမည်ကို မသေချာခြင်းနှင့် ထိုရုပ်သေးခန္ဓာများကို အစစ်အမှန် လူသားခန္ဓာကိုယ်များနှင့် မည်သို့တူအောင် ပြုလုပ်ရမည်ကို မသိရှိသေးခြင်းကြောင့် ဖြစ်၏။
သူတို့၏ ခွဲခြမ်းစိတ်ဖြာချက်အရ ရုပ်သေးခန္ဓာစီမံကိန်း အောင်မြင်ရန်အတွက် ဖန်တီးထားသည့် ရုပ်သေးများသည် အခြားသော ခန္ဓာကိုယ်တစ်ခုနှင့် ထပ်တူကျနေရန် လိုအပ်သည်။
အကယ်၍ လင်းချန်၏ အတိတ်ဘဝက ဂိမ်းကစားပွဲများထဲမှ သတ်မှတ်ချက်များအတိုင်းသာ ဖြစ်ပါက ဤရုပ်သေးခန္ဓာများကို တည်ဆောက်ရန်မှာ အလွန်ပင် ရိုးရှင်းပေလိမ့်မည်။
သို့သော် ဟွာရှာအင်ပါယာသည် အတိတ်ဘဝကမ္ဘာထဲ၌ ရှိနေသည်မဟုတ်ဘဲ လင်းချန်နှင့်အတူ ဤကမ္ဘာသစ်သို့ ပါလာခြင်းဖြစ်ရာ အရာအားလုံးနီးပါးကို အစမှ ပြန်လည်စတင်ရမည် ဖြစ်၏။
လင်းချန် ယခင်က သုတေသနပြုထားသည့် လက်ရေးမူများသည် အခြားသော ကဏ္ဍများ၌ အလွန်အမင်း အထောက်အကူပြုသော်လည်း ရုပ်သေးခန္ဓာစီမံကိန်းအတွက်မူ အကန့်အသတ် ရှိနေသည်။
ဤသို့ပြောနေချိန်၌ ကျူးကော့မင်သည် စိတ်လှုပ်ရှားစွာ အော်ဟစ်နေပြီး သူ၏မျက်ဝန်းများက မျှော်လင့်ချက်အပြည့်ဖြင့် လင်းချန်အား စိုက်ကြည့်လိုက်၏။ "ရုပ်အလောင်း သန့်စင်ခြင်း ကျင့်စဉ်ထဲမှာ ရုပ်သေးခန္ဓာ ဖန်တီးပုံ ဖော်ပြထားပြီး အကြောတွေနဲ့ ဒန်ထျန်အစားထိုးမယ့် ပစ္စည်းတွေအပြင် အဆင့်မြင့်နည်းပညာတွေလည်း ပါဝင်နေတယ်။ ဒါပေမဲ့ ကျင့်စဉ်ရဲ့ အားနည်းချက်က တကယ့်အသွေးအသားနဲ့တူတဲ့ ခန္ဓာကိုယ်မျိုး မဖန်တီးနိုင်ဘဲ သတ္တုတွေကိုပဲ အသုံးပြုနိုင်တာပဲ။ ဒါပေမဲ့ အင်ပါယာကတော့ အသွေးအသားနဲ့တူတဲ့ ခန္ဓာကိုယ်တွေ ဖန်တီးနိုင်စွမ်း ရှိတယ်။ တကယ်လို့ ဟွာရှာအင်ပါယာနည်းပညာနဲ့ ရုပ်အလောင်း သန့်စင်ခြင်းကျင့်စဉ်ကိုသာ ပေါင်းစပ်လိုက်ရင် ရုပ်သေးခန္ဓာစီမံကိန်း အောင်မြင်ဖို့ လက်တစ်ကမ်းပဲ လိုတော့မယ်။"
သူ၏စကားကို ကြားရသည့်အခါ လင်းချန်သည်လည်း စစ်မှန်သည့် ဝမ်းမြောက်မှုကို ခံစားလိုက်ရသည်။
ရုပ်သေးခန္ဓာစီမံကိန်း အောင်မြင်သွားပြီးနောက်၌ စစ်သူကြီးများသည် သူ၏အနားသို့ မျှော်လင့်ထားသည်ထက် စောစီးစွာ ရောက်ရှိလာနိုင်မည်ဖြစ်ရာ တွေးကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှ၏။
ဝမ်းသာမှုများအပြီး၌ လင်းချန်သည် စိတ်ခံစားချက်ကို ပြန်လည်ထိန်းချုပ်ကာ မေးလိုက်သည်။ "အခု ငါတို့ ဘာတွေ လိုသေးလဲ။"
လင်းချန်၏ မေးခွန်းကို ကြားသည့်အခါ ကျူးကော့မင်သည် အိုးတိုးအောက်တေး ရယ်မောလိုက်၏။ "ဟီး... အရှင်မင်းကြီး... အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ အရာအားလုံး လိုအပ်နေပါသေးတယ်။"
လင်းချန်က မေးလိုက်သည်။ "ဒါ ဘာကို ဆိုလိုတာလဲ။"
ကျူးကော့မင်က ပြန်ဖြေ၏။ "အခုရထားတာက ရုပ်အလောင်း သန့်စင်ခြင်း ကျင့်စဉ်ရဲ့ အပိုင်းအစတစ်ခုပဲ ရှိသေးတာ။ အဲဒီထဲမှာ မိတ်ဆက်ပိုင်းတချို့ပဲ ပါတယ်။ သန့်စင်ပုံ နည်းလမ်းတွေ၊ ဘာပစ္စည်းတွေ လိုအပ်တယ်၊ ဘယ်ပစ္စည်းက ဘာကို ဖန်တီးနိုင်တယ်ဆိုတဲ့ အသေးစိတ်တွေ တစ်ခုမှ မပါသေးဘူး။"
ကျူးကော့မင်၏ လက်ထဲမှ လက်ရေးမူတွင် စာမျက်နှာ အနည်းငယ်သာ ရှိသည်ကို တွေ့လိုက်ရသဖြင့် လင်းချန် ဆွံ့အသွားရသည်။
အတန်ကြာမှပင် လင်းချန်သည် သက်ပြင်းချလိုက်၏။ "ဟူး... ဒါဆို ငါတို့ ရုပ်အလောင်း သန့်စင်ခြင်း ကျင့်စဉ် အပြည့်အစုံကို အရင်ရှာရဦးမှာပေါ့။ မဟုတ်ရင် ရုပ်သေးခန္ဓာစီမံကိန်း ရှေ့ဆက်လို့ ရမှာ မဟုတ်ဘူး။"
ကျူးကော့မင်သည် ရှက်ရွံ့စွာဖြင့် လင်းချန်၏ ရှေ့၌ ဒူးထောက်လိုက်သည်။ "မှန်လှပါ။ ဒါကြောင့် အရှင်မင်းကြီးပဲ အပင်ပန်းခံပြီး ပိုဂရုစိုက်ပေးဖို့ တောင်းဆိုရပါတော့မယ်။ ကျွန်တော်မျိုးတို့ အရည်အချင်း မရှိလို့ အရှင်မင်းကြီးရဲ့ စိုးရိမ်ပူပန်မှုတွေကို မဖြေဖျောက်ပေးနိုင်ဘဲ အရှင်မင်းကြီးကိုယ်တိုင် သွားလာရှာဖွေ နေရတာကို ကြည့်ပြီး အရမ်း အပြစ်ရှိတယ်လို့ ခံစားရပါတယ်။"
လင်းချန်က ပြောလိုက်၏။ "ထတော့... ဒါ ဘာဖြစ်လို့လဲ။ မောင်မင်းတို့က အရမ်းကောင်းအောင် လုပ်ထားပြီးသားပဲ၊ ကိုယ့်ကိုယ်ကိုယ် အထင်မသေးကြနဲ့။ အရင်တုန်းကလည်း မောင်မင်းတို့ ဒီလောက်အထိ အစွမ်းမထက်ခဲ့ကြဘူး မဟုတ်လား။ ငါ့ရဲ့ ပြုစုပျိုးထောင်မှုတွေကြောင့်ပဲ မောင်မင်းတို့ ဒီအစွမ်းမျိုးတွေ ရလာတာလေ။"
လင်းချန်၏ စကားက စစ်မှန်သည့် ရိုးသားမှုပင် ဖြစ်သည်။
စစ်သူကြီးများသည် အရည်အသွေးမြင့်မားပြီး အလားအလာ ကောင်းသော်လည်း ပြုစုပျိုးထောင်ရန် လိုအပ်၏။
ဟွာရှာအင်ပါယာ၏ ဤစစ်သူကြီးများအားလုံးကို လင်းချန်ကိုယ်တိုင် ပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည်ဟုပင် ဆိုရပေလိမ့်မည်။
ကျူးကော့မင်သည် အမိန့်တော်အတိုင်း ထရပ်လိုက်ပြီး ဝမ်းနည်းဝမ်းသာ မျက်ရည်များဖြင့် လင်းချန်အား ကြည့်လိုက်သည်။ "အရှင်မင်းကြီး..."
ထို့နောက် ကျူးကော့မင်အား တာဝန်များကို ဆက်လက် ထမ်းဆောင်ရန် ညွှန်ကြားပြီးနောက် လင်းချန်သည် စနစ်မျက်နှာပြင်ကို ပိတ်လိုက်ရာ ထိုအခါမှသာ ယီစင်းသည် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိဘဲ သူ့ဘေး၌ ရပ်လျက် စူးစမ်းသည့် မျက်ဝန်းများဖြင့် ကြည့်နေသည်ကို သတိထားမိလိုက်၏။
ယီစင်းက လင်းချန် တစ်ခုခုဖြစ်မှာ စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။ "ချန်လေး... ခုနက ရှင် ဘာဖြစ်နေတာလဲ၊ ဟင်းလင်းပြင်ကို စိုက်ကြည့်နေလို့။"
လင်းချန်က ခေါင်းရမ်းလိုက်၏။ "မဟုတ်ပါဘူး ရှင်းရှင်းရယ်... ကို ကျူးကော့မင်နဲ့ ထူးခြားတဲ့ နည်းလမ်းတစ်ခုနဲ့ စကားပြောနေတာပါ။"
ယီစင်းသည် ကျူးကော့မင်အကြောင်း ပြောချိန်၌ လေးစားမှုများဖြင့် ပြည့်နှက်နေပြီး သူမ၏ ဂါဝန်အနားသတ်ကို နူးညံ့စွာ မလိုက်သည်။ "အမတ်ချုပ်က တကယ် တော်တာပဲ။ သူ ဖန်တီးပေးထားတဲ့ ဒီ ငွေကြယ်ရောင်ဂါဝန်ဖြူက တကယ်ကို အံ့ဩစရာပဲ။"
သူမ၏ အစွမ်းများ တိုးတက်လာသည်နှင့်အမျှ ဝတ်ဆင်ထားသည့် ဝတ်စုံအပေါ် ပိုမို အထင်ကြီးလာ၏။
ဤဂါဝန်က ခိုင်မာသည့် ကာကွယ်ရေးစွမ်းရည် ရှိရုံသာမက သူမ၏အစွမ်းများ တိုးတက်လာလျှင် ထိုစွမ်းအားများကိုပါ မြှင့်တင်ပေးနိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် ဂါဝန်၌ ဆန်းကြယ်သည့် အစွမ်းများစွာ ရှိသေး၏။
ဥပမာအားဖြင့် ယခုကဲ့သို့ ရေအောက်၌ ရှိနေသော်လည်း ဤဂါဝန်မှာ လုံးဝ စိုစွတ်ခြင်း မရှိဘဲ ပင်လယ်ရေများက ဂါဝန်ထဲသို့ စိမ့်မဝင်နိုင်သကဲ့သို့ ဖြစ်နေသည်။
ထို့ကြောင့် ယီစင်းသည် ရေထဲ၌ ရှိနေသော်လည်း သူမခန္ဓာကိုယ်မှာ ကုန်းပေါ်၌ ရှိနေသကဲ့သို့ ခြောက်သွေ့နေဆဲပင်။
ဂါဝန်အနားသတ်များကလည်း ကုန်းပေါ်၌ကဲ့သို့ပင် ရေစီးကြောင်းများ၏ သက်ရောက်မှု မရှိဘဲ အောက်သို့ တွဲကျနေ၏။
အထူးသဖြင့် ညဘက်အချိန်၌ ယီစင်း၏ အတွေးတစ်ချက်နှင့် စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ် ထည့်လိုက်ရုံဖြင့် ဂါဝန်မှ ငွေရောင်ကြယ်အလင်းတန်းများ ဖြာထွက်လာပြီး ပင်လယ်ပြင်အလယ်၌ အလွန်တရာ လှပနေသည်။
ဤဂါဝန်ကြောင့်ပင် ယီစင်းသည် အမျိုးသမီးများကြား၌ အလွန် ရေပန်းစားနေပြီး အမျိုးသမီးများစွာက သူမ၏ လှပသည့် ဂါဝန်ကို မည်သည့်ဆိုင်က ချုပ်ပေးသနည်းဟု လာရောက် မေးမြန်းကြ၏။
ယီစင်းက ခပ်ဖွဖွ ရယ်မောလိုက်သည်။ "ဟင်းဟင်း... ဒါပေမဲ့ ဒါကို အမတ်ချုပ် ပုံစံထုတ်ပြီး ချန်လေးရဲ့ မီးသွန်းဌာနက ဖန်တီးပေးတာလို့ မိန်း ပြောပြလို့ မရဖြစ်နေတယ်။"
ရုတ်တရက် ယီစင်းသည် တစ်ခုခုကို သတိရသွားသကဲ့သို့ လင်းချန်အား ကြည့်လိုက်၏။ "ချန်လေး... ရှင့်မှာ စိတ်ဝိညာဉ်သလင်းကျောက်တွေ လိုနေတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဒါဆို ဘာလို့ ဆန်းကြယ်တဲ့ ပစ္စည်းတချို့ကို ရောင်းပြီး မရှာတာလဲ။"
"ဥပမာ မိန်းရဲ့ ငွေကြယ်ရောင်ဂါဝန်ဖြူလိုမျိုးပေါ့။ တကယ်လို့ မီးသွန်းဌာနကို ဒီလို ကြယ်အလင်းတန်းတွေ ထွက်တဲ့ ဂါဝန်တွေ လုပ်ခိုင်းပြီး ရောင်းမယ်ဆိုရင် အမျိုးသမီးတွေ အများကြီး ဝယ်ကြမှာ သေချာတယ်။ ဘယ်မိန်းကလေးက အလှအပကို မကြိုက်ဘဲ နေမှာလဲ။"
"ပြီးတော့ စီနီယာအစ်ကို မကြာခဏ စားလေ့ရှိတဲ့ စားသုံးနိုင်တဲ့ ကျောက်စိမ်းတွေ၊ အောင်မြင်စွာ ဖန်တီးထားတဲ့ စွမ်းရည်ကျောက်စိမ်းတွေနဲ့ ဟွာရှာက အရသာရှိတဲ့ တော်ဝင်ဖျော်ရည်တွေကိုလည်း ရောင်းလို့ရတာပဲလေ။"
ယီစင်း၏ စကားအဆုံး၌ လင်းချန်သည် လုံးဝ ဆွံ့အသွားရသည်။
'ဟုတ်သားပဲ... ငါ ဘာလို့ ဒါကို မတွေးမိတာလဲ။'
ဟွာရှာဂြိုဟ်ပေါ်၌ အများအပြား ထုတ်လုပ်ထားသည့် ထိုပစ္စည်းများကို သူကိုယ်တိုင် စားသုံးမှုမှာ အလွန်ပင် နည်းပါး၏။
ဤသိုင်းဝိညာဉ်တိုက်ကြီးပေါ်၌ ထိုအရာများ တစ်ခုမှ မရှိချေ။ တွေးကြည့်လျှင် ဤကမ္ဘာ၌ မုန့်ပဲသရေစာဟူသည့် အယူအဆပင် မရှိသေးချေ။
တစ်နည်းအားဖြင့် သူသည် ထိုပစ္စည်းများကို စတင်ရောင်းချသည်နှင့် တစ်ဦးတည်း လက်ဝါးကြီးအုပ် ရောင်းချခွင့် ရရှိမည်ဖြစ်ရာ အကျိုးအမြတ် အမြောက်အမြား ရရှိမည် မဟုတ်ပါလော။
ဤသို့ တွေးလိုက်မိသည်နှင့် လင်းချန်သည် စိတ်လှုပ်ရှားစွာဖြင့် ယီစင်းအား ပွေ့ချီကာ အကြိမ်ပေါင်းများစွာ ဝှေ့ယမ်းလိုက်၏။ "ကိုယ့်ရဲ့ ဇနီးချောလေးက တကယ်ကို တော်တာပဲ ဟားဟားဟား။"
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၇၃ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team