အခန်း ၂၇၅
Vol. 28 Ch. 275
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၇၅
ဘာသာပြန် - Ko Yoohtoo
True Immortal Team
သိုင်းကွင်းအတွင်း၌ တိုက်ပွဲအခြေအနေများမှာလည်း ပြောင်းလဲသွား၏။ လင်းချန်နှင့် ယီစင်းတို့ နှစ်ဦးက တစ်ဖွဲ့၊ လီယွမ်ဖုန်း၊ ကျန်းဇီတဲ၊ ကျန်းချီနှင့် ကျန်းဝမ်ရွှမ်းတို့ လေးဦးက တစ်ဖွဲ့ဖြစ်ကာ အပြန်အလှန် ယှဉ်ပြိုင် တိုက်ခိုက်နေကြသည်။
လင်းချန်နှင့် ယီစင်းတို့မှာ ပြိုင်ဘက် လေးဦးနှင့် ရင်ဆိုင်နေရသော်ငြား သူတို့၏ တိုက်စစ်ကို ကောင်းစွာ ခုခံနိုင်ရုံသာမက အနိုင်အရှုံး မပေါ်ဘဲ အကြိတ်အနယ် ရှိနေ၏။
လင်းချန်နှင့် ယီစင်းတို့၏ ကျင့်ကြံမှု နယ်ပယ်မှာ အားနည်းချက် ရှိနေသည်မှာ မှန်သော်လည်း သူတို့ အမှန်တကယ် ထုတ်ဖော်နိုင်သည့် စွမ်းအားမှာမူ ပြင်ပမှ မြင်တွေ့ရသော နယ်ပယ်ထက် များစွာ သာလွန်နေသည်။
အထူးသဖြင့် ယီစင်း၏ သိုင်းဝိညာဉ်အသွင်ပြောင်းခြင်းမှာလည်း ဘိုးဘေးအဆင့် သိုင်းဝိညာဉ်ဖြစ်နေခြင်းက လူတိုင်းကို အံ့အားသင့်စေပြီး လင်းချန်၏ စေ့စပ်ထားသူမှာ သာမန်မိန်းကလေးတစ်ဦး မဟုတ်ကြောင်းကိုလည်း သိသွားစေသည်။
ထို့အပြင် ယီစင်း၏ တိုက်ပွဲအတွေ့အကြုံနှင့် အရည်အသွေးမှာ လင်းချန်ထက် အနည်းငယ်သာ နိမ့်ကျ၏။
မသိမသာနှင့် အချိန်များ ကုန်ဆုံးသွားရာ လင်းချန် ကမ်းရိုးတန်းပြည်နယ်မှ ထွက်ခွာလာသည်မှာ တစ်နှစ် တင်းတင်း ပြည့်လေပြီ။
လွန်ခဲ့သော ငါးလခန့်က မျိုးနွယ်စု အစည်းအဝေးမှာ လုံးဝ ပြီးဆုံးသွားသော်လည်း လင်းချန်နှင့် အဖွဲ့သားများမှာ သန္တာကျွန်းမှ ထွက်ခွာမသွားဘဲ အရှေ့ပိုင်းဌာနခွဲ၏ မူလစံအိမ်၌သာ ဆက်လက် နေထိုင်ကြသည်။
ထိုစံအိမ်၌ သူတို့သာ နေထိုင်ကြပြီး ပြင်ပနှင့် လုံးဝ အဆက်အသွယ် ဖြတ်ထား၏။
သူတို့ ကိုယ်တိုင် ဆန္ဒရှိ၍ အပြင်ထွက်လာခြင်း မရှိပါက မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဝင်ရောက်ခွင့် မပြုချေ။
ကျန်းထျန်ရှင်း သို့မဟုတ် ကျိုးယီအန်တို့ပင်လျှင် ခြွင်းချက် မရှိပေ။ ထို ငါးလတာ ကာလအတွင်း၌ လင်းချန်နှင့် အဖွဲ့သားများမှာ စံအိမ်အတွင်း၌ အပြင်းအထန် ကျင့်ကြံနေကြပြီး အတွင်း၌ အမှန်တကယ် မည်သို့သော အပြောင်းအလဲများ ဖြစ်ပေါ်သည်ကိုမူ မည်သူမျှ မသိနိုင်ပေ။
စံအိမ်အတွင်းမှ ထွက်လာချိန်၌ ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့မှာ ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့၏ အစွမ်းများ မည်မျှအထိ တိုးတက်လာသည်ကို အလွန် သိချင်နေကြသည်။
သူတို့သာမက အနောက်ပိုင်းဌာနခွဲ၏ အကြီးအကဲ ကျန်းကျစ်ရီမှာလည်း စိတ်ပူနေမိ၏။ အမှန်စင်စစ် သူသည် ကျန်းချီ၏ အကြံပေးချက်အရ လင်းချန်ထံသို့ အဖိုးတန် ကျမ်းစာအုပ်ပေါင်းများစွာ ပေးအပ်ထားပြီး ကျန်းဝမ်ရွှမ်းကိုလည်း ထိုနေရာသို့ လေ့ကျင့်ရန် စေလွှတ်ထားသည့်အတွက် ဖြစ်သည်။ သို့သော် ရလဒ်မှာ မည်သို့ရှိမည်ကို မည်သူမျှ မသိနိုင်ချေ။
စံအိမ်တော်၏ တံခါးဝသို့ သွားရာလမ်း၌ ကျန်းခယ်ရန်က မလှမ်းမကမ်းရှိ အနောက်ပိုင်းဌာနခွဲ အကြီးအကဲအား လှမ်းကြည့်လိုက်၏။ "အမှန်အတိုင်း ပြောရရင် မင်းတော့ အလိမ်ခံလိုက်ရပြီ ထင်တယ် ကျန်းကျစ်ရီ။"
ကျန်းကျစ်ရီက မျက်မှောင်ကြုတ်လျက် ကျန်းခယ်ရန်အား ကြည့်လိုက်သည်။ ရှေးဟောင်းလူသားမျိုးနွယ်စု အမွေအနှစ်နယ်မြေ အခမ်းအနား စတင်တော့မည်ဖြစ်ကြောင်း ကျန်းထျန်ရှင်းထံမှ သူ သတင်းရထားသည်။
ထို့ကြောင့်ပင် စံအိမ်တော်အတွင်း၌ ကျင့်ကြံနေသူများ ယနေ့ အပြင်ထွက်လာစေရန် ကျန်းထျန်ရှင်းက အကြောင်းကြားထားခြင်း ဖြစ်၏။
လင်းချန်နှင့် အဖွဲ့သားများမှာ မြောက်ပိုင်းဌာနခွဲမှ ကျန်းကျန်းနှင့် တောင်ပိုင်းဌာနခွဲမှ ကျန်းဇီချီတို့နှင့်အတူ အပြင်းအထန် ကျင့်ကြံနေကြသည်။ ထိုစံအိမ်တော်အတွင်း၌ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းမှုမှာ အလွန်မြင့်မားပြီး လူအနည်းငယ်သာ အသုံးပြုခြင်းဖြစ်ရာ လေ့ကျင့်မှုမှာ များစွာ ထိရောက်မှု ရှိသည်။
ကျန်းကျစ်ရီက မျက်မှောင်ကြုတ်လိုက်၏။ "အလိမ်ခံရတယ် ဟုတ်လား... ဘာလို့ အဲလိုပြောတာလဲ။"
ကျန်းခယ်ရန်က လှောင်ပြုံး ပြုံးလိုက်သည်။ "အဲဒီ လူသားမျိုးနွယ်က လင်းချန်မှာ အစွမ်းအစ အထိုက်အလျောက် ရှိတာတော့ မှန်တယ်။ နှောင်ကြိုးမဲ့ဂိုဏ်းနဲ့ ငါတို့ မျိုးနွယ်စုကြားမှာလည်း ပတ်သက်မှုတွေ ရှိထားသေးတယ်၊ ဒါပေမဲ့ သူက တခြားသူကို သင်ပေးနိုင်လောက်တဲ့အထိ အစွမ်းရှိတယ်လို့ မင်း တကယ်ထင်နေတာလား။"
"မင်း သိထားသင့်တာက... ဗိုလ်လုပွဲမှာ မင်းရဲ့ မြေးမလေးက အဲဒီ လင်းချန်ထက် အဆင့် ပိုမြင့်တယ်ဆိုတာပဲ။ မင်းရဲ့ မြေးမလေးထက် အစွမ်းနည်းတဲ့သူက သူ့ကို သင်ပေးပြီး အစွမ်းတွေ တိုးတက်အောင် လုပ်ပေးနိုင်မယ်လို့ မင်း တကယ် ယုံနေတာလား။"
"ဟားဟား... ဒါကတော့ ရယ်စရာကြီးပဲ။"
ထိုသို့ဆိုပြီးနောက် ကျန်းခယ်ရန်သည် ကျေနပ်အားရစွာဖြင့် မျက်နှာပျက်နေသည့် ကျန်းကျစ်ရီအား တစ်ချက်ကြည့်ကာ ထွက်သွားသည်။
ကျန်းကျစ်ရီမှာမူ လမ်းပေါ်၌ တဖြည်းဖြည်း လျှောက်လှမ်းရင်း သူသည် ထိုလူငယ်လေး၏ လှည့်စားခြင်းကို အမှန်တကယ်ပင် ခံလိုက်ရပြီလား ဟူသည့် အတွေးများဖြင့် စိတ်ရှုပ်ထွေးနေမိ၏။
'ငါ တကယ်ပဲ အလိမ်ခံလိုက်ရတယ် ဆိုရင်တောင် ဘာလုပ်နိုင်မှာလဲ။'
ဤသို့ တွေးလိုက်မိသည်နှင့် ကျန်းကျစ်ရီမှာ သက်ပြင်းချလိုက်သည်။ မည်သူမျှ မသိသော်လည်း ထိုလူငယ်မှာ နှောင်ကြိုးမဲ့ဂိုဏ်းချုပ် ကျိုးယီအန်နှင့် ရင်းနှီးရုံသာမက ကျန်းထျန်ရှင်းကပင် သူ့အပေါ် မျက်နှာသာ ပေးထားသည်။ ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့ကလည်း သူ့အား ညီအစ်ကိုသဖွယ် သဘောထားကြ၏။
ထို့အပြင် အရှေ့ပိုင်းဌာနခွဲမှာလည်း မဟာမိတ်ဖြစ်ပြီး ကျန်းနျန်ရှင်းကလည်း ထိုလူငယ်လေးအား အလွန်အမင်း ရိုသေလေးစားနေသည်ကို ကြည့်လျှင် သူ့အား ကာကွယ်ပေးထားမည်မှာ သေချာလှ၏။
အကယ်၍ သူသာ အမှန်တကယ် အလိမ်ခံရလျှင်တောင် သွားရောက် ပြဿနာရှာရန်မှာလည်း မလွယ်ကူလှချေ။
ဤအတွေးများဖြင့်ပင် ကျန်းကျစ်ရီသည် စိတ်ဓာတ်ကျနေသည့် အမူအရာဖြင့် စံအိမ်တော်၏ ထွက်ပေါက်ဆီသို့ လျှောက်လာ၏။
ကျန်းကျစ်ရီ ထွက်ပေါက်သို့ ရောက်သည့်အခါ လူအများအပြားမှာ ထိုနေရာ၌ စောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရသည်။ သူ၏ရှေ့မှ ရောက်နှင့်နေသည့် ကျန်းခယ်ရန်အပြင် အရှေ့ပိုင်းဌာနခွဲ အကြီးအကဲ ကျန်းနျန်ရှင်းနှင့် တောင်ပိုင်းဌာနခွဲ အကြီးအကဲ ကျန်းရှင်းဟိုင်တို့လည်း ရောက်ရှိနေကြလေပြီ။
ထို့အပြင် ကျန်းထျန်ရှင်းနှင့် နှောင်ကြိုးမဲ့ဂိုဏ်းချုပ် ကျိုးယီအန်တို့ကလည်း ထွက်ပေါက်ရှေ့၌ စောင့်ဆိုင်းနေကြ၏။ သူတို့သာမက မျိုးနွယ်စု၏ ကြီးကဲသူ အများအပြားမှာလည်း ထိုနေရာ၌ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
ဤသို့သော ပြင်ဆင်မှုမျိုးမှာ ကျန်းကျစ်ရီအတွက်မူ မျှော်လင့်ထားသည့် အခြေအနေပင် ဖြစ်၏။
ကျန်းကျစ်ရီသည် သူနှင့် ရင်းနှီးသည့် ကျန်းနျန်ရှင်းအနားသို့ ချဉ်းကပ်သွားကာ စိတ်ဝိညာဉ်အာရုံဖြင့် ဆက်သွယ်လိုက်သည်။ "ဟေး... မျိုးနွယ်စုရဲ့ အရေးပါတဲ့ ကြီးကဲသူတွေ အားလုံးနီးပါး ဘာလို့ ဒီရောက်နေကြတာလဲ။"
ကျန်းနျန်ရှင်းက ခေါင်းညိတ်လိုက်သည်။ "အခု ကျင့်ကြံမှုကနေ အပြင်ထွက်လာမယ့် ကိစ္စနဲ့ ပတ်သက်ပြီး လင်းချန်က ကျန်းဇီတဲနဲ့ လီယွမ်ဖုန်းတို့ရဲ့ အစွမ်းတွေကို မြှင့်တင်ပေးမယ်လို့ ကျန်းထျန်ရှင်းနဲ့ ကျိုးယီအန်တို့ကို ကတိပေးထားတယ်လေ။ ဒါကြောင့် အကြီးအကဲတွေက သူတို့ရဲ့ အစွမ်းတွေ ဘယ်လောက်အထိ တိုးတက်လာမလဲဆိုတာ လာရောက် သက်သေခံဖို့ ရောက်နေကြတာ။"
ထိုစကားကို ကြားရသည့်အခါ ကျန်းကျစ်ရီမှာ ကျန်းခယ်ရန်၏ စကားများကို ပြန်လည် အမှတ်ရသွားမိပြီး မျက်မှောင်ကြုတ်လိုက်သည်။ "လင်းချန်က တကယ်ပဲ အစွမ်းမြှင့်ပေးနိုင်တဲ့ အရည်အချင်း မရှိတာကို သူတို့ မစိုးရိမ်ကြဘူးလား။ အကယ်၍ သူက စကားကြီး စကားကျယ်တွေပဲ ပြောနေတာ ဆိုရင်ကော။"
ကျန်းနျန်ရှင်းက ကျန်းကျစ်ရီ၏ မေးခွန်းကို ကြားသည့်အခါ ခပ်တိုးတိုး ရယ်မောလိုက်သည်။ "ငါ တခြားသူတွေကိုတော့ မယုံဘူး၊ ဒါပေမဲ့ ဧကရာဇ် လင်းချန်က အစွမ်းမြှင့်တင်ပေးနိုင်တယ်လို့ ပြောရင် သူ သေချာပေါက် လုပ်နိုင်လိမ့်မယ်။"
ကျန်းနျန်ရှင်းက သူ၏ အကြံကို ထိုးဖောက်သိမြင်သွားသဖြင့် စိုက်ကြည့်လိုက်သည်။ "မင်း ပေးလိုက်တဲ့ ကျမ်းစာအုပ် နှစ်သောင်း အလကား ဖြစ်သွားမှာနဲ့ လင်းချန်ရဲ့ လှည့်စားမှုကို ခံလိုက်ရမှာကို စိုးရိမ်နေတာမလား။"
ထိုအခါမှ ကျန်းကျစ်ရီမှာ ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ရ၏။
"ဝီီးးး... ဝီီးးး..."
ထိုအချိန်၌ စံအိမ်တော်၏ ထွက်ပေါက်ဆီမှ တုန်ခါမှုများ ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက် ထွက်လာမည်ဖြစ်ကြောင်း သိသာထင်ရှားလာ၏။
စံအိမ်တော်၏ တံခါးဝရှိ ဝင်းပသည့် အလင်းတန်းများ လှုပ်ခတ်သွားပြီးနောက် ပုံရိပ်နှစ်ခု ထွက်ပေါ်လာ၏။
အသေအချာ ကြည့်လိုက်သည့်အခါ ထိုသူများမှာ မြောက်ပိုင်းဌာနခွဲမှ ကျန်းကျန်းနှင့် တောင်ပိုင်းဌာနခွဲမှ ကျန်းဇီချီတို့ ဖြစ်နေသည်ကို တွေ့ရှိရ၏။
သူတို့နှစ်ဦးမှာ လမ်းလျှောက်ထွက်လာကြရာ လူအများ၏ အာရုံစိုက်မှုကို ရရှိကြသည်။
လွန်ခဲ့သော ငါးလခန့်ကထက် သူတို့၏ အရှိန်အဝါမှာ သိသိသာသာ ပိုမိုအားကောင်းလာပြီး သေခြင်းရှင်ခြင်း နယ်ပယ်ရှိ စွမ်းအားနယ်ပယ်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားလှ၏။
သေခြင်းရှင်ခြင်း နယ်ပယ်၏ စိတ်ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သဖြင့် သူတို့၏ အစွမ်းမှာ သိသာစွာ တိုးတက်လာခြင်း ဖြစ်၏။
ဤသည်မှာ ရှေးဟောင်းလူသားမျိုးနွယ်စု အမွေအနှစ်နယ်မြေသို့ သွားရောက်ကြမည့် ခရီးစဉ်အတွက် အမှန်တကယ်ပင် ကြီးမားသည့် အထောက်အကူ ဖြစ်စေပေလိမ့်မည်။
ကျန်းကျန်း လမ်းလျှောက်လာသည်ကို မြင်သည့်အခါ ကျန်းခယ်ရန်က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး ကျန်းကျစ်ရီအား ဂုဏ်ယူဝံ့ကြွားသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ "ဟားဟား... ကောင်းတယ်၊ တကယ်ကို ကောင်းတယ်။ အချို့လူတွေကတော့ ကိုယ့်ကိုယ်ကိုယ် အလိမ်ခံနေရတာတောင် မသိရှာဘဲ သူတို့ရဲ့ သားစဉ်မြေးဆက်တွေကို ငါးလလုံးလုံး အချိန်ဖြုန်းခိုင်းထားမိပြီ ထင်တယ်။"
ကျန်းခယ်ရန်၏ ကဲ့ရဲ့လှောင်ပြောင်သည့် စကားများကြောင့် ကျန်းကျစ်ရီ၏ မျက်နှာမှာ သံမဏိရောင်ကဲ့သို့ မှောင်မည်းသွားရ၏။
ဘေး၌ ရပ်နေသည့် ကျန်းနျန်ရှင်းကလည်း အခြေအနေကို ရိပ်မိသွားပြီး ကျန်းကျစ်ရီ ဘာကြောင့် အစောပိုင်းက စိုးရိမ်ပူပန်နေရသနည်းဆိုသည်ကို နားလည်သွား၏။ ဤသည်မှာ ကျန်းခယ်ရန်၏ စိတ်အနှောင့်အယှက်ဖြစ်စေသည့် စကားများကြောင့်သာ ဖြစ်ပေလိမ့်မည်။
သို့သော် ကျန်းနျန်ရှင်းမှာမူ လင်းချန်အပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေသည်။ လင်းချန်က အစွမ်းမြှင့်တင်ပေးမည်ဟု ကတိပေးထားပါက သူ သေချာပေါက် လုပ်ဆောင်ပေးလိမ့်မည်။ အမှန်စင်စစ် ကျန်းချီ၏ လက်ရှိအစွမ်းမှာ လင်းချန်၏ ကျေးဇူးကြောင့်သာ ဖြစ်ရာ ကျန်းနျန်ရှင်းအနေဖြင့် သူ့အပေါ် အလွန်အမင်း ယုံကြည်မှု ရှိနေခြင်းမှာ အဆန်းမဟုတ်ပေ။
ဤသို့ တွေးတောရင်း ကျန်းနျန်ရှင်းသည် ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့ဘက်သို့ လှည့်ကြည့်လိုက်သည်။ "မင်းတို့က ဧကရာဇ်လင်းက သူတို့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကိုပဲ မြှင့်တင်ပေးနိုင်မယ်လို့ ထင်နေကြတာလား။ တကယ်တော့ ဧကရာဇ်လင်းရဲ့ အစစ်အမှန် ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းရည်က ဘယ်မှာလဲဆိုတာ မင်းတို့ သိသေးတာ မဟုတ်ဘူး။"
ထို့နောက် တံခါးဝဆီသို့ ကြည့်လိုက်ရာ ကျန်းနျန်ရှင်း၏ မျက်ဝန်းများမှာ မျှော်လင့်ချက်များဖြင့် တောက်ပနေ၏။
ထိုအချိန်၌ ကျန်းဇီချီသည်လည်း တောင်ပိုင်းဌာနခွဲဆီသို့ ပြန်လည်ရောက်ရှိသွားပြီး တောင်ပိုင်းဌာနခွဲ အကြီးအကဲ ကျန်းရှင်းဟိုင်ကလည်း ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
ဤမြင်ကွင်းကို မြင်လိုက်ရချိန်၌ ကျန်းကျစ်ရီ၏ စိတ်ထဲ၌ ပို၍ပင် စိုးရိမ်ပူပန်မှုများ တိုးပွားလာသည်။ ကျန်းကျန်းနှင့် ကျန်းဇီချီတို့မှာ အတွင်းရှိ သိပ်သည်းလှသည့် စိတ်ဝိညာဉ်စွမ်းအင်များကို ငါးလတာ သုံးရုံဖြင့် ဤမျှလောက်သည့် တိုးတက်မှုမျိုး ရရှိကြခြင်း ဖြစ်၏။
ထိုကာလအတွင်း သူတို့အနေဖြင့် မျိုးနွယ်စုပြိုင်ပွဲမှ ရရှိထားသည့် အမှတ်များဖြင့် လဲလှယ်ထားသော ဆေးလုံးအချို့ကိုလည်း အထောက်အကူအဖြစ် သုံးကြပေလိမ့်မည်။
ထိုအချိန်၌ ကျန်းကျစ်ရီ၏ စိတ်ထဲ၌ ရှိနေသည့် တစ်ခုတည်းသော အတွေးမှာ သူ၏ မြေးမလေးသည် အမှန်တကယ်ပင် လင်းချန်၏ လက်ထဲ၌ အချိန်ကုန်သွားပြီး ငါးလတာအတွင်း တိုးတက်မှု အလွန်နည်းပါးနေမည်လား ဆိုသည်ပင် ဖြစ်၏။
ကျန်းခယ်ရန်၏ ဂုဏ်ယူနေသည့် အမူအရာနှင့် ကျန်းရှင်းဟိုင်၏ ကျေနပ်နေသော အမူအရာတို့မှာ ကျန်းကျစ်ရီအား ပိုမို စိတ်ပျက်သွားစေပြီး ထိုဖြစ်နိုင်ချေကို ပို၍ပင် ယုံကြည်သွားစေသည်။
"ဝီီးးး... ဝီီးးး..."
တစ်ချိန်တည်းမှာပင် ကမ္ဘာငယ်လေး၏ တံခါးဝမှ ဝင်းပသည့် အလင်းတန်းများ ထပ်မံ လှုပ်ခတ်သွားပြီး ပုံရိပ်တစ်ခု အရင်ဆုံး ထွက်ပေါ်လာ၏။ ဝဲကျနေသည့် ဆံပင်ရှည်များနှင့် ချောမောလှပသော မျက်နှာပိုင်ရှင်၊ ထူးဆန်းသည့် စိတ်ဝိညာဉ်ပစ္စည်းတစ်ခုဖြင့် မျက်နှာတစ်ဝက်ကို ဖုံးကွယ်ထားပြီး ရေစီးကြောင်းများ၏ သက်ရောက်မှု မရှိသော ဖြူစင်သန့်ရှင်းသည့် ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ထွက်လာ၏။ ထွက်လာသည့် လူငယ်မှာ အခြားသူမဟုတ်ဘဲ လင်းချန်ပင် ဖြစ်၏။
သူ၏ ဘေး၌မူ ငွေကြယ်ရောင်ဂါဝန်ဖြူကို ဝတ်ဆင်ထားသည့် ယီစင်းမှာ လင်းချန်၏ လက်ကို တင်းကျပ်စွာ ဆွဲကိုင်ထားလျက် အလင်းတန်းများကြားမှ အတူတကွ ထွက်ပေါ်လာကြသည်။
လင်းချန်နှင့် ယီစင်းတို့ဟူသော ဤနတ်သက်ကြွေသည့်အလား လှပသော စုံတွဲသည် တံခါးဝ၏ လှေကားထစ်များမှ လမ်းလျှောက်ဆင်းလာရင်း တစ်ဦးနှင့်တစ်ဦး ရယ်မောကာ စကားပြောနေကြ၏။
သူတို့နှစ်ဦး ထွက်ပေါ်လာသည်နှင့် ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့၏ မျက်လုံးများမှာ တစ်ပြိုင်နက်တည်း ပြူးကျယ်သွားရကာ ယီစင်းအပေါ်သို့သာ အာရုံစိုက်လိုက်ကြ၏။
လက်ရှိအချိန်၌ ယီစင်း၏ ကျင့်ကြံမှုနယ်ပယ်မှာ ကောင်းကင်နယ်ပယ်၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားလှ၏။ ငါးလတာအတွင်း ဤမျှလောက်သော အဆင့်အထိ မြင့်တက်သွားခြင်းမှာ သိသာလှ၏။
လင်းချန်၏ တစ်ကြိမ်တည်းနှင့် နယ်ပယ် လေးဆင့် ဖောက်ထွက်နိုင်ခဲ့သည့် စွမ်းဆောင်ရည်လောက် မကြီးမားသော်လည်း ဤအရှိန်အဟုန်မှာ အလွန်တရာ မြန်ဆန်လှသည်ဟု ဆိုရပေလိမ့်မည်။ အမှန်စင်စစ် လူတိုင်းမှာ လင်းချန်ကဲ့သို့ ထူးဆန်းသည့် လူသားတစ်ဦး မဟုတ်ကြပေ။
လင်းချန်နှင့် ပတ်သက်၍မူ သူ၏ အရှိန်အဝါမှာ ကောင်းကင်နယ်ပယ် အမြင့်ဆုံးအဆင့်၌ ရှိနေဆဲ ဖြစ်သော်လည်း ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့ကဲ့သို့သော ပညာရှင်များမှာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသည့် တည်ငြိမ်မှုကို အလွယ်တကူ သိနိုင်ကြ၏။
အစပိုင်း၌ လင်းချန် နယ်ပယ် လေးဆင့် ဖောက်ထွက်ခဲ့ချိန်က သူ၏ အရှိန်အဝါမှာ အနည်းငယ် မတည်ငြိမ်ဘဲ ဖြစ်နေခဲ့၏။ သို့သော် ငါးလတာ ကာလအတွင်း သူ၏ နယ်ပယ်ကို အခိုင်အမာ တည်ဆောက်ပြီးနောက်၌မူ ဤကဲ့သို့သော ဖောက်ထွက်မှု နည်းလမ်း၏ အကျိုးကျေးဇူးမှာ ထင်ရှားလာပြီး လင်းချန်၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ တုန်လှုပ်ဖွယ်ရာ ကောင်းလောက်အောင် သန်မာလာလေပြီ။
တစ်ချိန်တည်းမှာပင် သူ၏ နယ်ပယ်မှာ တည်ငြိမ်သွားပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်မှာလည်း များစွာ တိုးတက်လာသည်ကို ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့က ရှင်းလင်းစွာ ခံစားနေရလေပြီ။
လင်းချန်နှင့် ယီစင်းတို့ ထွက်လာပြီး မကြာမီမှာပင် ကျန်းဇီတဲ၊ လီယွမ်ဖုန်း၊ ကျန်းချီနှင့် ကျန်းဝမ်ရွှမ်းတို့မှာ တစ်ဦးပြီးတစ်ဦး ထွက်လာကြ၏။
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၇၅ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team