← Chapters

အခန်း ၂၇၆

Vol. 28 Ch. 276

အခန်း ၂၇၆

Vol. 28 Ch. 276

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၇၆

ဘာသာပြန် - Ko Yoohtoo

True Immortal Team

ထူးခြားချက်မှာ သူတို့လေးဦး ဝတ်ဆင်ထားသော အဝတ်အစားများမှာ အဖြူရောင်ကို အခြေခံထားပြီး လင်းချန်နှင့် ယီစင်းတို့ ဝတ်ဆင်ထားသည့် ပုံစံနှင့် အလွန်တရာ ဆင်တူနေခြင်းပင် ဖြစ်၏။ သို့သော် လီယွမ်ဖုန်း၏ ဝတ်ရုံဖြူမှာ ရွှေရောင် အနားသတ်များ ပါရှိပြီး လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ဝင်များ ဖြစ်ကြသည့် ကျန်းဇီတဲ၊ ကျန်းချီနှင့် ကျန်းဝမ်ရွှမ်းတို့၏ အဝတ်အစားများ၌မူ ပင်လယ်ပြာရောင် ပုံစံများ ပါဝင်နေသည်။

​

ထို့အပြင် သူတို့ ဝတ်ဆင်ထားသည့် ဝတ်ရုံဖြူများမှာ အနိမ့်စား စိတ်ဝိညာဉ်ပစ္စည်းများ မဟုတ်ကြောင်းကိုလည်း လူတိုင်းက မြင်တွေ့နိုင်၏။

​

“ဒါ... ဒါက။”

​

လင်းချန်၏ နောက်ကွယ်မှ ထွက်လာသော လူလေးဦးကို မြင်လိုက်ရချိန်၌ ထိုနေရာရှိ လူတိုင်းမှာ မှင်သက်သွားကြပြီး မယုံကြည်နိုင်သည့် မျက်ဝန်းများဖြင့် ကြည့်နေကြသည်။

​

“ဇီတဲ... မင်း။”

​

သူ၏ မြေးဖြစ်သူ လမ်းလျှောက်လာသည်ကို မြင်သည့်အခါ ကျန်းထျန်ရှင်းမှာ ရုတ်တရက် ဘာပြောရမှန်း မသိဘဲ ဖြစ်သွားရ၏။

​

သူသာမက ကျိုးယီအန်သည်လည်း လီယွမ်ဖုန်းအား ကြည့်ရင်း အိပ်မက်တစ်ခုအလား မျက်လုံးအဝိုင်းသား ဖြစ်နေရှာသည်။ ကျန်းနျန်ရှင်း၏ ဘေး၌ ရပ်နေသည့် ကျန်းကျစ်ရီမှာလည်း သူ့ရှေ့မှ ကျန်းဝမ်ရွှမ်းကို အံ့အားသင့်စွာ ကြည့်လိုက်၏။

​

“ဝမ်ရွှမ်း... မင်း နယ်ပယ်က။”

​

မှန်သည်။ လင်းချန်၏ နောက်မှ ထွက်လာသည့် လူလေးဦးလုံးမှာ နယ်ပယ်တစ်ခုစီ တိုးတက်သွားကြခြင်း ဖြစ်၏။

​

ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့၏ နယ်ပယ်မှာ သေခြင်းရှင်ခြင်း နယ်ပယ်၏ စိတ်ဝိညာဉ်နယ်ပယ်မှ နှလုံးသားနယ်ပယ်သို့ မြင့်တက်သွားသည်။

​

ကျန်းချီနှင့် ကျန်းဝမ်ရွှမ်းတို့မှာမူ စွမ်းအားနယ်ပယ်မှ စိတ်ဝိညာဉ်နယ်ပယ်သို့ မြင့်တက်သွားကြ၏။

​

ထိုသည်မှာ သေခြင်းရှင်ခြင်း နယ်ပယ် ဖြစ်ပြီး နယ်ပယ်ငယ်တစ်ခု တိုးတက်ရန်မှာပင် အလွန်အမင်း ခဲယဉ်းလှသည်။

​

ပုံမှန်အားဖြင့် သူတို့၏ ပါရမီအဆင့်အတန်းနှင့်ဆိုလျှင် နယ်ပယ်ငယ်တစ်ခု တိုးတက်ရန်မှာ အနည်းဆုံး နှစ်နှစ်မှ သုံးနှစ်ခန့်အထိ ကြာမြင့်နိုင်ပေလိမ့်မည်။

​

လေးငါးနှစ်ခန့် ကြာသွားလျှင်တောင် အံ့ဩစရာ မဟုတ်ချေ။ သို့သော် ငါးလတည်းနှင့် ဖြစ်သွားသည်မှာ မည်သူကမျှ ထင်မှတ်မထားသည့် ကိစ္စပင် ဖြစ်၏။

​

တောင်ပိုင်းဌာနခွဲမှ ကျန်းရှင်းဟိုင်မှာ အလွန်အမင်း အံ့ဩသွားပြီး မြောက်ပိုင်းဌာနခွဲမှ ကျန်းခယ်ရန်မှာမူ မနာလိုစိတ်ကြောင့် မျက်နှာမှာ စိမ်းဖန့်သွားရသည်။

​

ကျန်းခယ်ရန်မှာ ပျော်ရွှင်နေသည့် ကျန်းကျစ်ရီအား ကြည့်ရင်း သူ၏ မျက်နှာမှာ အပူရှိန်တက်လာသကဲ့သို့ ခံစားလိုက်ရကာ အော်ဟစ်လိုက်၏။ “ဘာလို့လဲ... သူတို့က ဘယ်လို တိုးတက်သွားတာလဲ။ မဖြစ်နိုင်ဘူး။”

​

ယခင်က သူသည် ကျန်းကျစ်ရီ၏ မြေးမလေးမှာ အဖိုးတန်သည့် ငါးလတာကို အကျိုးမရှိဘဲ ဖြုန်းတီးပစ်လိမ့်မည်ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုဖူးသည်။

​

ယခုမူ သူတို့မှာ နယ်ပယ်တစ်ခု တိုက်ရိုက် တိုးတက်သွားကြသဖြင့် ထိုသည်မှာ သူ့မျက်နှာအား ဖြတ်ရိုက်လိုက်သကဲ့သို့ပင် ဖြစ်၏။

​

ကျန်းကျစ်ရီ၏ ပျော်ရွှင်နေသော အမူအရာကို မြင်သည့်အခါ ကျန်းနျန်ရှင်းက ပြုံးလိုက်သည်။ “ကဲ... ဘယ်လိုလဲ၊ ကျမ်းစာအုပ် နှစ်သောင်း ပေးရတာ တန်ရဲ့လား။”

​

ကျန်းနျန်ရှင်း၏ မေးခွန်းကို ကြားသည့်အခါ ကျန်းကျစ်ရီမှာ ယခင်က စိုးရိမ်ပူပန်မှုများ လုံးဝ မရှိတော့ဘဲ အကြိမ်ကြိမ် ခေါင်းညိတ်လိုက်၏။ “အင်း... ဒါပေါ့။ တန်တာမှ လွန်ရောပဲ။”

​

ထိုအချိန်၌ ကျန်းဝမ်ရွှမ်းက ကျန်းကျစ်ရီအား လျင်မြန်စွာ ပြောလိုက်သည်။ “တန်တာထက်တောင် ပိုသေးတယ် အဖိုး။ အဖိုးကတော့ အမြတ်ကြီးစား ရတာပဲ။ မြန်မြန် လင်းချန်ကို သေချာ ပြန်ပေးဆပ်လိုက်ပါဦး။”

​

ကျန်းကျစ်ရီမှာ ဇဝေဇဝါ ဖြစ်သွားရကာ ကျန်းဝမ်ရွှမ်းအား ကြည့်လိုက်၏။ “မင်း ဘာကို ဆိုလိုတာလဲ... ငါက ဘာလို့ အမြတ်ကြီးစား ရတာလဲ။ ကျမ်းစာအုပ် နှစ်သောင်း တန်ဖိုးနဲ့ မင်း နယ်ပယ် တိုးတက်သွားတာက အတူတူပဲ မဟုတ်လား။”

​

သူ၏အဖိုးဖြစ်သူမှာ အခြေအနေအရပ်ရပ်ကို နားမလည်နိုင်သေးသည်ကို မြင်သည့်အခါ ကျန်းဝမ်ရွှမ်းသည် အတွင်း၌ အမှန်တကယ် မည်သို့ဖြစ်ပျက်ခဲ့သည်ကို ကျန်းကျစ်ရီအား အသေးစိတ် ရှင်းပြရန် ဆုံးဖြတ်လိုက်သည်။ ဤသို့ ဇဝေဇဝါဖြစ်နေခြင်းမှာလည်း အဆန်းမဟုတ်ပေ။

​

ကျန်းဝမ်ရွှမ်းသည် ပင်ပန်းဆင်းရဲလှသည့် လေ့ကျင့်မှုများအကြောင်းကို သူမ၏အဖိုးအား အသေးစိတ် ပြောပြလိုက်၏။

​

လင်းချန်သည် သူတို့တစ်ဦးချင်းစီအတွက် သီးသန့်ကျင့်စဉ်များကို ဖန်တီးပေးရုံသာမက ခန္ဓာကိုယ်ကို အားဖြည့်ပေးရန်နှင့် သောက်သုံးရန်အတွက် ဆန်းကြယ်သည့် ဆေးရည်အမျိုးမျိုးကိုလည်း ပံ့ပိုးပေးသည်။

​

ဤအရာများမှာ သူတို့၏ အစွမ်းများကို မြှင့်တင်ပေးရုံသာမက ခန္ဓာကိုယ်အတွင်းရှိ ဖုံးကွယ်နေသည့် ပါရမီနှင့် အလားအလာများကိုပါ တူးဖော်ပေးခြင်း ဖြစ်၏။

​

သို့မဟုတ်ပါက ငါးလတာအတွင်း နယ်ပယ်ငယ်တစ်ခု တိုးတက်ရန်မှာ အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း။

​

ထို့အပြင် လင်းချန်သည် သူတို့ ဝတ်ဆင်ရန်အတွက် စိတ်ဝိညာဉ်ပစ္စည်း ဝတ်စုံများကိုလည်း ဖန်တီးပေးသေးသည်။

​

ထိုဝတ်စုံများမှာ ခိုင်မာသည့် ကာကွယ်ရေးစွမ်းရည် ရှိရုံသာမက အလွန်တရာလည်း စတိုင်ကျလှပ၏။

​

ကျန်းဝမ်ရွှမ်း ဝတ်ဆင်ထားသည့် ဂါဝန်မှာ ယီစင်း၏ ငွေကြယ်ရောင်ဂါဝန်ဖြူ နည်းပညာကို အခြေခံထားသဖြင့် အပြာနုရောင် အလင်းတန်းများ ဖြာထွက်နေပြီး အလွန်ပင် မျက်စိပသာဒ ဖြစ်လှသည်။

​

သို့သော်လည်း ကျန်းဝမ်ရွှမ်း၏ ဂါဝန်မှာ အသုံးပြုထားသည့် ပစ္စည်းနှင့် အဆင့်အတန်းအရ အစစ်အမှန် ငွေကြယ်ရောင်ဂါဝန်ဖြူကိုမူ မမှီနိုင်သေးချေ။

​

သူ၏မြေးမလေး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျန်းကျစ်ရီမှာ အလွန်တရာ အံ့ဩသွားရပြီး လင်းချန်မှာ မည်သို့သော နောက်ခံမျိုး ရှိနေသဖြင့် ဤမျှ ဆန်းကြယ်နေရသနည်းဟု တွေးတောမိ၏။

​

သူ၏ မြေးမလေးက သူ့အား လိမ်ညာမည်မဟုတ်သည်မှာ သေချာသဖြင့် သူတို့မှာ လင်းချန်ထံမှ အမှန်တကယ်ပင် အမြတ်ကြီးစား ရလိုက်ခြင်း ဖြစ်သည်။

​

‘ငါတို့အနေနဲ့ လင်းချန်ကို သေချာပေါက် ကျေးဇူးတင်သင့်တယ်။’

​

ကျန်းကျစ်ရီက တွေးတောလိုက်ပြီးနောက် ခဏတာ စဉ်းစားလိုက်၏။ “ခဏနေရင် ငါ မျိုးနွယ်စုဆီ သတင်းပို့မယ်။ ကျမ်းစာအုပ် အချက်အလက်တွေကို ဒီပို့ခိုင်းပြီး မိတ္တူကူးပြီးရင် သူ့ကို ပေးလိုက်။”

​

ကျန်းဝမ်ရွှမ်းက ခေါင်းညိတ်လိုက်သည်။ “အင်း... ဟုတ်ကဲ့ အဖိုး။ အဲဒီအထဲမှာ ရုပ်အလောင်း သန့်စင်ခြင်းနဲ့ ပတ်သက်တဲ့ ကျမ်းစာတွေ ပါ၊ မပါကိုလည်း သတိထားကြည့်ပေးပါဦး။”

​

“အေးပါ... အဖိုး သတိထားကြည့်ပေးပါ့မယ်။”

​

ကျန်းဝမ်ရွှမ်းသာမက ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့ကလည်း သူတို့၏ ခေါင်းဆောင်များဖြစ်သော ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့ကို ရုပ်အလောင်း သန့်စင်ခြင်း ကျမ်းစာများအကြောင်း ထည့်သွင်း ပြောဆိုကြ၏။

​

ဤသည်မှာ လင်းချန်က ကူညီပေးရန် တောင်းဆိုထားသည့် အကူအညီအသေးစားလေးပင် ဖြစ်သည်။

​

ငါးလတာ အပြင်းအထန် လေ့ကျင့်မှုအတွင်း၌ လင်းချန်၏ အကူအညီမှာ မည်မျှ ကြီးမားကြောင်းကို သူတို့ကိုယ်တိုင် ကောင်းစွာ သိရှိထားကြသဖြင့် နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေကြခြင်း ဖြစ်၏။

​

ကျန်းထျန်ရှင်းသည် လင်းချန်၏ အနားသို့ ရောက်ရှိလာကာ သိသိသာသာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “မိတ်ဆွေ လင်းချန်... မင်းက တကယ့်ကို ကြီးမားတဲ့ အံ့အားသင့်စရာကြီးကို ယူဆောင်လာပေးလိမ့်မယ်လို့ ငါ မထင်ထားဘူး။”

​

ရှေးဟောင်းလူသားမျိုးနွယ်စု အမွေအနှစ်နယ်မြေသို့ သွားရောက်ရာ၌ ပါဝင်မည့် အဖွဲ့ဝင်တိုင်းမှာ အသန်မာဆုံး ဖြစ်နေရန် အရေးကြီးလှ၏။

​

အဘယ်ကြောင့်ဆိုသော် ထိုအမွေအနှစ်နယ်မြေအတွင်း၌ မည်သို့သော အခြေအနေမျိုး ရှိနေမည်ကို မသိရသကဲ့သို့ ပြင်ပကမ္ဘာကလည်း အတွင်းပိုင်း အခြေအနေကို စောင့်ကြည့်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။

​

တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာပါက ပြင်ပမှ လူများက ကူညီနိုင်မည် မဟုတ်ဘဲ မိမိကိုယ်ကိုယ်သာ အားကိုးကြရပေလိမ့်မည်။

​

အတွင်း၌ အသက်အန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည့် ကပ်ဘေးများ ရှိလာနိုင်သည် မဟုတ်ပါလား။

​

ထို့ကြောင့် အမွေအနှစ်နယ်မြေ အခမ်းအနား မစတင်မီ အင်အား အနည်းငယ် တိုးတက်လာခြင်းမှာပင် ဘေးကင်းလုံခြုံမှုနှင့် အခွင့်အလမ်းကို ပိုမို ရရှိစေမည် ဖြစ်၏။

​

လင်းချန် ယူဆောင်လာပေးသည့် တိုးတက်မှုမှာမူ တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်းမျှ မဟုတ်ဘဲ အဆပေါင်း ရာချီ၍ တိုးတက်သွားခြင်း ဖြစ်ရာ ကျန်းထျန်ရှင်းအနေဖြင့် အဘယ်ကြောင့် ဝမ်းမသာဘဲ နေပါမည်နည်း။

​

လိုက်ပါလာသည့် မျိုးနွယ်စုကြီးကဲသူများကလည်း အံ့ဩမဆုံး ချီးကျူးနေကြသည်။

​

မကြာမီမှာပင် အားလုံး လူစုခွဲလိုက်ကြပြီး လင်းချန်သည် အရှေ့ပိုင်းဌာနခွဲ အကြီးအကဲ ကျန်းနျန်ရှင်းနှင့်အတူ သူတော်စင်မြို့ရှိ အရှေ့ပိုင်းဌာနခွဲ၏ စံအိမ်သို့ ပြန်လာ၏။

​

လမ်းခရီး၌ မျိုးနွယ်စု အစည်းအဝေးပြီးနောက် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို ကျန်းနျန်ရှင်းထံမှ လင်းချန် သိရှိရသည်။

​

ပြိုင်ပွဲသုံးခု၏ ရလဒ်များအရ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုမှာ လက်နက်သွန်းလုပ်ခြင်း၌ ပထမ ရရှိ၏။ သို့သော် ဆေးဖော်စပ်ခြင်း၌မူ မြောက်ပိုင်းဌာနခွဲက ပထမ ရရှိသွားပြီး အနောက်ပိုင်းဌာနခွဲက အစီအရင်ပြိုင်ပွဲ၌ လွှမ်းမိုးသွားသည်။

​

မျိုးနွယ်စု ညီလာခံ ပြီးဆုံးသွားသော်လည်း အဖွဲ့အစည်းအသီးသီးမှာ ထွက်ခွာမသွားကြသေးပေ။ အဘယ်ကြောင့်ဆိုသော် ရတနာလောင်းကစားပွဲတစ်ခုကို ပြင်ဆင်နေသောကြောင့် ဖြစ်၏။

​

ထိုပွဲကို ရှေးဟောင်းလူသားမျိုးနွယ်စု အမွေအနှစ်နယ်မြေ မစတင်မီ ကျင်းပလိမ့်မည်ဟု ခန့်မှန်းရသည်။

​

ဝူချွန်ရှန်းဘက်၌မူ လင်းချန်အား တွေ့ဆုံရန် တောင်းဆိုမှုမှာ မအောင်မြင်သလို ကျန်းနျန်ရှင်းကလည်း သူ့အပေါ် ကောင်းမွန်သည့် အမူအရာ မပြသသဖြင့် ဘာမှ မတတ်နိုင်ဘဲ စောစီးစွာ ထွက်ခွာသွားရ၏။

​

ကျန်းနျန်ရှင်းက လင်းချန်အား ကြည့်ကာ တည်ကြည်စွာ ပြောလိုက်သည်။ “သူ မထွက်ခွာခင် မင်းကို ပြောခိုင်းလိုက်တဲ့ စကားတစ်ခွန်း ရှိတယ်။”

​

လင်းချန်က စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်၏။ “သူ ဘာပြောတာလဲ။”

​

ကျန်းနျန်ရှင်းက ဝူချွန်ရှန်း၏ စကားကို လင်းချန်အား တိကျစွာ ပြန်လည် ပြောပြလိုက်သည်။ “လူတစ်ယောက်ကို အတင်းအကျပ် အရမ်းဖိအားမပေးပါနဲ့... မဟုတ်ရင် မင်း နောင်တရလိမ့်မယ်။”

​

လင်းချန်၏ မျက်နှာပေါ်၌ အေးစက်သည့် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာ၏။ “ဟက်... တောင်းပန်ပါတယ်။ ကျုပ် လုပ်ဖို့ ရည်ရွယ်ထားတာက လူတွေကို အတင်းအကျပ် ဖိအားပေးဖို့ပဲ။ သူ ဘာမှ တုံ့ပြန်မှု မရှိမှာကိုတောင် စိုးရိမ်နေတာ။”

​

“အဲဒါက...”

​

ကျန်းနျန်ရှင်း၏ မျက်နှာ၌ စိုးရိမ်ရိပ်များ ထွက်ပေါ်လာသည်။ ကျန်းနျန်ရှင်း၏ အမူအရာကို မြင်သည့်အခါ လင်းချန်က ပြုံးလိုက်၏။ “ဟားဟား စိတ်မပူပါနဲ့။ သူ ဘာလုပ်လာမလဲဆိုတာကို တကယ် မကြောက်ပါဘူး။ တကယ်တော့ ကမ်းရိုးတန်းပြည်နယ်ကို သွားပြီး ပြဿနာ ရှာမယ်ဆိုရင်တောင် ကျုပ်က ပိုကြိုက်မိဦးမှာ။”

​

လင်းချန်၏ ယုံကြည်မှုရှိသည့် အမူအရာကြောင့် ကျန်းနျန်ရှင်းမှာ ဘာဆက်ပြောရမှန်း မသိတော့ချေ။

​

အရှေ့ပိုင်းဌာနခွဲ စံအိမ်သို့ ပြန်ရောက်ပြီး မကြာမီမှာပင် ကျန်းကျစ်ရီသည် ကျန်းဝမ်ရွှမ်းကို ခေါ်ဆောင်ကာ လာရောက် လည်ပတ်သည်။

​

သူ လာရခြင်းမှာ ရည်ရွယ်ချက် နှစ်ခု ရှိ၏။

​

တစ်ခုမှာ ကျန်းဝမ်ရွှမ်း၏ အစွမ်းများကို မြှင့်တင်ပေးသည့်အတွက် လင်းချန်အား အထူးတလည် ကျေးဇူးတင်ရန် ဖြစ်သည်။

​

အခြားတစ်ခုမှာ ကျန်းချီနှင့် ကျန်းဝမ်ရွှမ်းတို့၏ ဆက်ဆံရေးအကြောင်းကို ကျန်းနျန်ရှင်းနှင့် ဆွေးနွေးရန် ဖြစ်ရာ ဘေးနားမှ လင်းချန်နှင့် ယီစင်းတို့က ထိုသူနှစ်ဦးအား အဆက်မပြတ် စနောက်နေကြ၏။

​

နောက်ထပ် နှစ်ရက် ကုန်ဆုံးသွားပြီးနောက် ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့လည်း အတူတကွ ရောက်ရှိလာကြသည်။

​

သူတို့၏ နောက်၌ ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့လည်း ပါလာကြ၏။

​

သူတို့ လာရောက်ရခြင်းမှာလည်း လွန်ခဲ့သည့် ရက်အနည်းငယ်က ကျန်းကျစ်ရီ လာသကဲ့သို့ပင် လင်းချန်အား ကျေးဇူးတင်ရန် ဖြစ်သည်။

​

အထူးသဖြင့် ကျန်းထျန်ရှင်းမှာ လင်းချန်အတွက် ကျမ်းစာအုပ်ပေါင်း ငါးသောင်းမှ ခြောက်သောင်းခန့်အထိ လက်ဆောင်အဖြစ် ယူဆောင်လာ၏။

​

တစ်ချိန်တည်းမှာပင် ကျန်းထျန်ရှင်းသည် မျိုးနွယ်စု ညီလာခံအတွင်း၌ လင်းချန် ရရှိခဲ့သည့် အမှတ်များကို ၅၀၀ အထိ တိုးမြှင့်ပေးရန် ဆုံးဖြတ်လိုက်ရာ ထိုအမှတ်များဖြင့် လင်းချန် ကြိုက်နှစ်သက်ရာ တစ်ခုခုကို လဲလှယ်နိုင်မည် ဖြစ်သည်။

​

လင်းချန်က ဘာမှ ထပ်မစဉ်းစားတော့ဘဲ ထိုအမှတ်အားလုံးကို စိတ်ဝိညာဉ်သလင်းကျောက်များအဖြစ် ပြောင်းလဲလိုက်ပြီး အရေးပေါ် အခြေအနေ၌ အသုံးပြုနိုင်ရန်နှင့် ရတနာလောင်းကစားပွဲအတွက် အရင်းအနှီးအဖြစ် ဟွာရှာအင်ပါယာသို့ ပေးပို့လိုက်၏။

​

စိတ်ဝိညာဉ်သလင်းကျောက်များ ရှာဖွေခြင်းမှာ လင်းချန်အတွက် လက်ရှိအချိန်၌ ထိပ်တန်းဦးစားပေး ကိစ္စရပ်တစ်ခုလည်း ဖြစ်သည်။

​

ရှေးဟောင်းလူသားမျိုးနွယ်စု အမွေအနှစ်နယ်မြေ ပွဲတော်မှာ အစီအရင်ဆရာကြီးများက အစီအရင်များကို ကိုင်တွယ်နေရဆဲ ဖြစ်သဖြင့် အနည်းငယ် ကြန့်ကြာနေ၏။

​

သို့သော် ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့၏ အဆိုအရ ရလဒ်မှာမူ အလွန်ပင် အားရကျေနပ်စရာ မကောင်းလှပေ။

​

ကျိုးယီအန်က လင်းချန်နှင့် အခြားသူများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ “ဟူး... ငါတို့ အခု လုပ်နိုင်တာက ထွက်ပေါက်ကို ချဲ့ထွင်ပြီး ပါရမီရှင် လူငယ်တွေကို အတတ်နိုင်ဆုံး များများ ဝင်ခွင့်ပေးဖို့ပဲ။ အတွင်းပိုင်းမှာ ဘာဖြစ်ပျက်နေလဲ စောင့်ကြည့်ဖို့က လုံးဝ မဖြစ်နိုင်ဘူး။”

​

“အမွေအနှစ်နယ်မြေထဲ ရောက်ရင် အရာရာကို သတိထားကြ။ အကြီးမားဆုံး ခြိမ်းခြောက်မှုက အတွင်းက အန္တရာယ်တွေ မဟုတ်ဘဲ မင်းတို့နဲ့အတူ ဝင်လာကြမယ့် တခြား ပါရမီရှင်တွေပဲ။”

​

ကျန်းထျန်ရှင်းကလည်း ခေါင်းညိတ်လိုက်၏။ “အင်း... မှန်တယ်။ အချိန်တန်ရင် ပင်လယ်မျိုးနွယ်စုနဲ့ လူသားမျိုးနွယ်စုတွေ အများကြီး ပါဝင်လာမှာမို့ အခြေအနေတွေ ရှုပ်ထွေးနေလိမ့်မယ်။ နောက်ကျော ဓားနဲ့ထိုးခံရတတ်တယ်။ ပြင်ပက လူတွေကလည်း အတွင်းက ကိစ္စတွေကို ဘာမှ မသိနိုင်တော့ တစ်စုံတစ်ယောက် သေဆုံးသွားရင်တောင် လူသတ်သမားကို ရှာဖို့ ခဲယဉ်းလိမ့်မယ်။”

​

ကျန်းထျန်ရှင်းနှင့် ကျိုးယီအန်တို့၏ စကားကို ကြားရသည့်အခါ လူတိုင်းမှာ တည်ကြည်လေးနက်သွားကြသော်လည်း လင်းချန်မှာမူ အံ့အားသင့်ရုံသာမက ဝမ်းတောင် သာမိသွားသည်။

​

‘ပြင်ပကမ္ဘာက အတွင်းက အခြေအနေကို မသိနိုင်ဘူး ဟုတ်လား။’

​

ထိုသို့ဆိုလျှင် ရှေးဟောင်းလူသားမျိုးနွယ်စု အမွေအနှစ်နယ်မြေထဲ ရောက်သွားသည်နှင့် သူသည် ဟွာရှာအင်ပါယာ၏ အစွမ်းများကို လွတ်လပ်စွာ အသုံးပြုနိုင်တော့မည် မဟုတ်ပါလော။

​

ထိုအမွေအနှစ်နယ်မြေအတွင်း၌ မည်သူကများ သူ့အား ယှဉ်ပြိုင်နိုင်ပါမည်နည်း။ လင်းချန် တစ်ဦးတည်း ရှိနေခြင်းမှာ နိုင်ငံတစ်ခုလုံး ရှိနေခြင်းနှင့် ထပ်တူပင် ဖြစ်သည်။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၇၆ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters