အခန်း ၂၇၇
Vol. 28 Ch. 277
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၇၇
ဘာသာပြန် - Ko Yoohtoo
True Immortal Team
နိဒါန်းပျိုးထားသည့် ရှေးဟောင်းလူသားမျိုးနွယ်စု၏ အမွေအနှစ်နေရာများ ပွင့်လှစ်မည့်အချိန်ကို အတိအကျ သတ်မှတ်ရခြင်း မရှိသေးသော်လည်း၊ ရတနာလောင်းကစားပွဲ ကျင်းပမည့်ရက်ကိုမူ ယနေ့မှစ၍ သုံးရက်အလိုတွင် ကျင်းပရန် အတည်ပြုလိုက်ပြီ ဖြစ်သည်။
လင်းချန်သည် ပြီးခဲ့သည့်တစ်ခေါက် ဟောက်ဟိုင်လမ်းမသို့ သွားရောက်စဉ်က ရရှိခဲ့သော ပစ္စည်းများကို လဲလှယ်၍ ရထားသည့် စိတ်ဝိညာဉ်ကျောက်တုံးများအပြင်...
မိမိ၏ ရမှတ်များကို အသုံးပြု၍ လဲလှယ်ထားသော အစိတ်အပိုင်းများအပါအဝင် စုစုပေါင်း ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာခန့်ကို စုဆောင်းရရှိထားပြီး ဖြစ်၏။
ထိုပမာဏမှာ ဤရတနာလောင်းကစားပွဲတွင် ပါဝင်ဆင်နွှဲရန်အတွက် အသင့်ပြင်ထားသော အရင်းအနှီးများပင် ဖြစ်သည်။
လုံလောက်သော ရန်ပုံငွေရှိထားသည့်အပြင် ပစ္စည်းများ၏ တန်ဖိုးကို မှန်ကန်စွာ အကဲဖြတ်ပေးနိုင်မည့် ဟွာရှာအင်ပါယာ၏ နောက်ခံအင်အားလည်း ရှိနေသဖြင့်၊ လင်းချန်အနေဖြင့် ရတနာလောင်းကစားပွဲတွင် ကြီးမားသော အကျိုးအမြတ်များ ရရှိနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
ယခင်က ကျူးကော့မင်နှင့် ဆွေးနွေးခဲ့ပြီးကတည်းက၊ နောင်တစ်ချိန်တွင် စိတ်ဝိညာဉ်ကျောက်တုံးများ ရှားပါးလာနိုင်ပြီး ဟွာရှာအင်ပါယာ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ကြောင်း လင်းချန် သိရှိခဲ့၏။
ထိုအသိသည် သူ၏ ရင်ထဲ၌ တက်ကြွသော စိတ်ဓာတ်မီးတောက်ကို တောက်လောင်စေသည်။ ကျင့်ကြံခြင်းကို ရူးသွပ်သူတစ်ဦး ဖြစ်သည့်အားလျော်စွာ မိမိ၏ အင်ပါယာ ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်သွားမည့် အခြေအနေမျိုးကို သူ ဘယ်သောအခါမျှ အဖြစ်မခံနိုင်ပေ။
ထို့ကြောင့် လင်းချန်သည် စိတ်ဝိညာဉ်ကျောက်တုံးများ များများ ရရှိနိုင်မည့် မည်သည့် အခွင့်အရေးကိုမျှ လက်လွှတ်မည် မဟုတ်ပေ။
‘ကြိုတင်ပြင်ဆင်ထားခြင်းသည် အကောင်းဆုံး’ ဟူသော ဆိုရိုးအတိုင်း ဟွာရှာအင်ပါယာ၌ အရင်းအနှီး ပြတ်လပ်မှု မကြုံတွေ့ရမီ၊ သူသည် စိတ်ဝိညာဉ်ကျောက်တုံးများကို အလုံအလောက် ရှာဖွေစုဆောင်းထားရမည် ဖြစ်သည်။
အမှန်စင်စစ် ဤသည်မှာ ကြီးမားသော အကျပ်အတည်းတစ်ခု မဟုတ်ပါချေ။ အကယ်၍ စိတ်ဝိညာဉ်ကျောက်တုံးများ ရှားပါးလာပါက ဟွာရှာအင်ပါယာ၏ တိုးချဲ့မှုများကို ခေတ္တရပ်နားထားပြီး လက်ရှိအခြေအနေကိုသာ ထိန်းသိမ်းထားမည်ဆိုလျှင် မည်သည့်ပြဿနာမျှ ရှိလာမည် မဟုတ်ပေ။
သို့သော်လည်း လင်းချန်၏ ပင်ကိုယ်စရိုက်အရ ထိုကဲ့သို့သော ရွေးချယ်မှုကို လုံးဝစဉ်းစားမည် မဟုတ်ပေ။
ဟွာရှာအင်ပါယာသည် ရှေ့သို့သာ ဆက်လက်ချီတက်ရမည် ဖြစ်၏။ တိုးတက်မှုများသာ ရှိနေရမည်ဖြစ်ပြီး ရပ်တန့်နေခြင်းဖြင့် ကျေနပ်နေရမည့် အရာမျိုး မဖြစ်သင့်ပေ။
ကျင့်ကြံခြင်းဟူသည်မှာ အကန့်အသတ်မရှိသော မြင့်တင်မှုများ ပြုလုပ်ခြင်းပင် ဖြစ်သည်ဟု သူ ခံယူထားလေသည်။
“ရတနာလောင်းကစားပွဲ...” လင်းချန်က ရေရွတ်လိုက်သည်။
လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်၏ သူတော်စင်မြို့ အလယ်ဗဟိုရှိ ခမ်းနားထည်ဝါသော စက်ဝိုင်းပုံစံ အဆောက်အအုံကြီးရှေ့တွင် ရပ်နေရင်း လင်းချန်၏ မျက်လုံးများမှာ အရောင်တောက်လာပြီး ဝင်ပေါက်ဆီသို့ လျှောက်လှမ်းသွားလိုက်သည်။
ယီစင်းသည်လည်း လင်းချန်၏ လက်မောင်းကို ချိတ်လျက် ထိုအဆောက်အအုံကြီးအတွင်းသို့ လိုက်ပါသွား၏။
သူတို့၏ နောက်တွင် ကျန်းဇီတဲ၊ လီယွမ်ဖုန်း၊ ကျန်းချီ နှင့် ကျန်းဝမ်ရွှမ်း တို့သည်လည်း ရတနာလောင်းကစားပွဲ၏ အခြေအနေကို ကြည့်ရှုလိုသော စိတ်ဆန္ဒများဖြင့် အသီးသီး လိုက်ပါလာကြသည်။
လင်းချန်သည် ဤပွဲတွင် အဖိုးတန်ပစ္စည်း တစ်ခုခုရရှိခဲ့လျှင် အားလုံးကို ခွဲဝေပေးမည်ဟု ကြိုတင်ကတိပေးထား၏။
ဟောက်ဟိုင်လမ်းမမှ ရရှိခဲ့သော ရန်ပုံငွေများသည်လည်း မူလက ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့ ထောက်ပံ့ပေးထားခြင်း ဖြစ်သောကြောင့် အကျိုးအမြတ်ကို အတူတကွ ခံစားကြရန် သူ ရည်ရွယ်ထားခြင်း ဖြစ်သည်။
ဤဧရာမ စက်ဝိုင်းပုံ အဆောက်အအုံကြီး၏ အမည်မှာ ရတနာသိုက်ခန်းမ ဖြစ်ပြီး ရတနာလောင်းကစားပွဲ ကျင်းပရာ နေရာလည်း ဖြစ်၏။
ပုံမှန်အားဖြင့် ဤခန်းမသည် လေလံပွဲများ ကျင်းပရန် အကောင်းဆုံးနေရာ ဖြစ်သော်လည်း၊ ယခု ရတနာလောင်းကစားပွဲအတွက်မူ အတွင်းပိုင်း အပြင်အဆင်များကို အထူးတလည် ပြုပြင်မွမ်းမံထားသည်ကို တွေ့ရသည်။
အတွင်းဘက်တွင် အဆင့်သုံးဆင့် ခွဲထားပြီး စက်ဝိုင်းပုံစံ တည်ဆောက်ထားသည်။ အဆောက်အအုံကို ထောက်ကန်ထားသည့် သလင်းကျောက်တိုင်ကြီးများမှလွဲ၍ ပုံမှန်လေလံပွဲများတွင် အသုံးပြုသည့် ဘဏ္ဍာသေတ္တာများနှင့် ထိုင်ခုံများကို ဖယ်ရှားထားလေသည်။
ထိုသို့ ဖယ်ရှားလိုက်ပြီးနောက် ကွက်လပ်ဖြစ်သွားသော နေရာများတွင် အရွယ်အစား အမျိုးမျိုးရှိသည့် ရှေးဟောင်းပစ္စည်းများကို တင်ထားသော ကောင်တာများကို နေရာအနှံ့ ထားရှိထားသည်။
ခြွင်းချက်မရှိသည်မှာ ထိုရှေးဟောင်းပစ္စည်းများ တင်ထားသော ကောင်တာများကို အစီအရင်များဖြင့် ဝန်းရံကာကွယ်ထားခြင်းပင် ဖြစ်သည်။
ခန်းမ၏ အဆင့်သုံးဆင့်စလုံးမှာ လုံးဝပိတ်ထားခြင်း မဟုတ်ဘဲ အလယ်ဗဟိုတွင် အပေါ်အောက် ပွင့်နေကာ ချိတ်ဆက်ထားသည်။
အလယ်ဗဟို၏ အထက်ပိုင်းတွင် အစီအရင် စွမ်းအားဖြင့် ဖော်ဆောင်ထားသော စိတ်ဝိညာဉ်စွမ်းအား မျက်နှာပြင်တစ်ခု ရှိနေပြီး၊ ထိုမျက်နှာပြင်ပေါ်၌ သတင်းအချက်အလက်များ အဆက်မပြတ် ပေါ်ထွက်နေလေသည်။
ထိုသတင်းများမှာ မည်သည့်အဆင့်၊ မည်သည့်ကောင်တာမှ ပစ္စည်းများကို မည်သူက ဝယ်ယူသွားသည်ဟူသော အချက်အလက်များပင် ဖြစ်၏။
ကောင်တာပေါ်ရှိ ပစ္စည်းတိုင်းတွင် ရောင်းချသူက သတ်မှတ်ထားသော ဈေးနှုန်းများ အတိအကျ ရှိနေပြီး ထိုဈေးနှုန်းမှာ ဆစ်၍မရသော ဈေးနှုန်းများ ဖြစ်ကြသည်။
ဝယ်ယူမည်၊ မဝယ်ယူမည်မှာ ဝယ်သူ၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်လေသည်။
ရတနာသိုက်ခန်းမ၏ အဆင့်သုံးဆင့်စလုံးတွင် လောင်းကစားရန်အတွက် ပစ္စည်းပေါင်း ခုနစ်သိန်းကျော် ရှိနေပြီး အမျိုးအစားအလိုက် ခွဲခြားထားသည်။
ဧည့်သည်များ ခန်းမအတွင်းသို့ ဝင်လာသည်နှင့် အစေခံများက ပစ္စည်းအမျိုးအစားအလိုက် ရှာဖွေရလွယ်ကူစေရန် လမ်းညွှန်မြေပုံများကို ပေးအပ်ကြသည်။
လင်းချန် ရောက်ရှိလာချိန်တွင် ရတနာသိုက်ခန်းမအတွင်း၌ လူများမှာ ဟိုဟိုဒီဒီ သွားလာနေကြပြီး၊ ကောင်တာများပေါ်ရှိ ပစ္စည်းများကို အနီးကပ် စစ်ဆေးကြည့်ရှုကာ ဈေးနှုန်းများကို အကဲဖြတ်နေကြသဖြင့် အလွန်ပင် စည်ကားနေတော့သည်။
အချို့လူများမှာ တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း ထွက်သွားကြသလို၊ အချို့မှာမူ ပစ္စည်း၏ တန်ဖိုးနှင့် ပေးရမည့်ဈေးနှုန်းကို နှိုင်းယှဉ်ကာ အချိန်အတော်ကြာ စူးစိုက်ကြည့်နေကြ၏။ ထို့အတူ ဈေးနှုန်းကို မြင်သည်နှင့် ခေါင်းခါကာ လှည့်ထွက်သွားသူများလည်း ရှိနေသည်။
သို့သော်လည်း ယခုအချိန်အထိ မည်သူတစ်ဦးတစ်ယောက်မျှ ဝယ်ယူရန် ဆုံးဖြတ်ခြင်း မရှိသေးပေ။
အလယ်ဗဟိုရှိ မျက်နှာပြင်ကြီးပေါ်တွင်လည်း ပစ္စည်းဝယ်ယူမှု သတင်းမှာ နှစ်ခု၊ သုံးခုခန့်သာ ပေါ်နေပြီး ထိုပစ္စည်းများမှာလည်း အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးသိန်းထက် မပိုသော ဈေးနည်းသည့် ပစ္စည်းများသာ ဖြစ်ကြသည်။
အဘယ်ကြောင့်ဆိုသော် ယနေ့သည် ရတနာလောင်းကစားပွဲ၏ ပထမဆုံးနေ့သာ ရှိသေးသောကြောင့် ဖြစ်သည်။
လူတိုင်းက ပတ်ဝန်းကျင်ကို အရင်လေ့လာကြည့်ရှုပြီးမှသာ ဆုံးဖြတ်ချက် ချလိုကြသည်။
ရတနာလောင်းကစားပွဲဟူသည်မှာ ပစ္စည်းကို အကဲဖြတ်တတ်သော မျက်စိနှင့် ကံကောင်းခြင်းသာမက သည်းခံနိုင်စွမ်းရှိရန်လည်း လိုအပ်ပေသည်။
အကယ်၍ အစပိုင်းတွင် စိတ်လိုက်မာန်ပါ ဝယ်ယူလိုက်ပြီးမှ နောက်ပိုင်းတွင် ပိုကောင်းသော ပစ္စည်းများကို တွေ့သော်လည်း၊ စိတ်ဝိညာဉ်ကျောက်တုံး မလုံလောက်တော့ပါက အလွန်ပင် နှမြောစရာ ကောင်းပေလိမ့်မည်။
ကျန်းဇီတဲသည် ခန်းမအတွင်း လှည့်လည်ကြည့်ရှုရင်း ရှေးဟောင်းရတနာများကို ငေးမောကာ မှတ်ချက်ချလိုက်သည်။ “ဒီလို ရတနာလောင်းကစားပွဲမျိုးက တကယ့်ကို တွေ့ရခဲတာပဲကွ... ငါ့ဖြင့် ဒီရောက်မှပဲ အမြင်ကျယ်သွားရတော့တယ်”
“ဟောက်ဟိုင်လမ်းမမှာ ငါစုဆောင်းခဲ့တဲ့ ရတနာတွေနဲ့ ယှဉ်ရင်တော့ ဒါက လုံးဝကို အဆင့်အတန်း ကွာခြားလွန်းတယ်” လင်းချန်က ပြန်ပြောလိုက်သည်။
ယီစင်း၏ မျက်လုံးများမှာ ကောင်တာတစ်ခုပေါ်သို့ ကျရောက်သွားသည်။
ပြာလုလု အစီအရင် အကာအကွယ်နောက်ကွယ်တွင် ဆံထိုးလေးတစ်ချောင်း ရှိနေသည်ကို သူမ တွေ့လိုက်ရ၏။
ထိုဆံထိုးမှာ ပုံသဏ္ဌာန် ပြည့်စုံသော်လည်း အရောင်အဝါ မှိန်ဖျော့နေလေသည်။ ဆံထိုး၏ ဈေးနှုန်းကို ကြည့်လိုက်သောအခါ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်း ဖြစ်နေသဖြင့် သူမ ခေါင်းကို အသာအယာ ခါယမ်းလိုက်မိသည်။
အကယ်၍ ထိုဆံထိုးကို ဝယ်ယူပြီးမှ စစ်ဆေးကြည့်သောအခါ တန်ဖိုးမှာ ပေးရသော ဈေးနှုန်းထက် လျော့နည်းနေပါက အလွန်ပင် ရင်နာစရာ ကောင်းလိမ့်မည် မဟုတ်ပါလား။
ဤလောင်းကစားပွဲရှိ ပစ္စည်းများမှာ ရှေးဟောင်းအမွေအနှစ် နေရာများမှ ရရှိထားခြင်းဖြစ်ပြီး၊ ရောင်းချသူများ ကိုယ်တိုင်လည်း ထိုပစ္စည်းများမှာ အဘယ်အရာဖြစ်ကြောင်း သေချာမသိကြချေ။
အထူးသဖြင့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ကဲ့သို့သော ပင်လယ်မျိုးနွယ်စုများတွင် ထိုသို့သော အကဲဖြတ်နိုင်စွမ်းရှိသူများ ရှားပါးလှသည်။
သူတို့ မျိုးနွယ်စုမှ အဆင့်မြင့် အကဲဖြတ်ပညာရှင်များကို ဖိတ်ကြားမည်ဆိုလျှင်လည်း အကဲဖြတ်ခမှာ ထိုပစ္စည်း၏ တန်ဖိုးထက်ပင် ပိုမို များပြားသွားနိုင်သည်။
ထို့အပြင် အချို့သော ပစ္စည်းများမှာ ကျိုးပဲ့နေတတ်ပြီး ပြန်လည်ပြုပြင်နိုင်ခြင်း ရှိ မရှိ နှင့် ပြုပြင်ပြီးနောက် မည်သည့်အဆင့်သို့ ရောက်ရှိမည်ကိုလည်း မည်သူမျှ မခန့်မှန်းနိုင်ချေ။
ပြုပြင်ပြီးနောက်တွင် အရင်းအနှီးနှင့် လုပ်အားခ ရှုံးသွားမည်လား၊ သို့မဟုတ် ရုတ်တရက် ချမ်းသာသွားမည်လား ဆိုသည်မှာလည်း စွန့်စားရသည့် အရာတစ်ခု ဖြစ်နေသည်။
ထို့ကြောင့် လူအများစုမှာ ကိုယ်တိုင်စွန့်စားခြင်း မပြုလိုကြဘဲ ဤရတနာလောင်းကစားပွဲသို့ လာရောက်ရောင်းချကာ အခြားသူများကို စွန့်စားခိုင်းပြီး မိမိတို့ကမူ အသေအချာသော အကျိုးအမြတ်ကိုသာ ရယူကြခြင်း ဖြစ်၏။
ဤပွဲသည် ဝယ်ယူပြီးနောက် တစ်ညတွင်းချင်း ချမ်းသာသွားနိုင်သလို ရှိသမျှ အားလုံး ဆုံးရှုံးသွားနိုင်သည့် လောင်းကစားပွဲတစ်ခုပင် ဖြစ်သည်။
ပွဲစီစဉ်သူဖြစ်သော လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်မှာမူ အရောင်းအဝယ် ဖြစ်မှုတိုင်းမှ ပွဲစားခ တစ်ရာခိုင်နှုန်းကိုသာ ရယူပြီး ဘေးကင်းစွာ ငွေရှာနေကြသည်။
ယခုတစ်ကြိမ် ရတနာလောင်းကစားပွဲမှာ လူသားမျိုးနွယ်စုဝင် မိတ်ဆွေများ ပါဝင်လာခြင်းနှင့်၊ ရှေးဟောင်းအမွေအနှစ်နေရာ အမြောက်အမြားကို မကြာသေးမီက ရှာဖွေတွေ့ရှိထားခြင်းကြောင့် ယခင်ပွဲများထက် ပိုမိုကြီးကျယ်ပြီး ပစ္စည်းများလည်း ပေါများလှသည်။
လူတိုင်းမှာ ဟိုဟိုဒီဒီ သွားလာနေကြသော်လည်း မည်သူမျှ လက်တွေ့ဝယ်ယူရန် ဝန်လေးနေကြဆဲပင်။
အစီအရင် အကာအကွယ်များကြောင့် ပစ္စည်းများကို လက်ဖြင့် ကိုင်တွယ် စစ်ဆေးခွင့် မရှိသလို၊ အချို့သော ပစ္စည်းများမှာလည်း ဖုန်မှုန့်များနှင့် ကာလကြာရှည်မှုဒဏ်ကြောင့် မူလအသွင်အပြင်ကို ခန့်မှန်းရ ခက်ခဲနေလေသည်။
ဤသည်မှာ ဝယ်ယူသူများ၏ အကဲဖြတ်နိုင်စွမ်းကို စမ်းသပ်နေခြင်းဖြစ်ပြီး ကံတရားကလည်း အဓိက အခန်းကဏ္ဍမှ ပါဝင်နေပြန်သည်။
ရုတ်တရက် ကျန်းဇီတဲသည် သတင်းတစ်ခု လက်ခံရရှိလိုက်လေပြီး အသံထွက်လာ၏။ “ဟင်...”
သူ၏ ဆက်သွယ်ရေး ကျောက်စိမ်းကို ထုတ်ယူကာ ပေးပို့လာသော သတင်းစကားကို ဖတ်ကြည့်လိုက်ပြီးနောက် မျက်လုံးများ အရောင်တောက်သွားကာ လင်းချန်ကို ပြောလိုက်သည်။ “ညီလေးလင်း... သတင်းကောင်းဟေ့၊ မင်းတော့ ဒါကို သေချာပေါက် စိတ်ဝင်စားမှာပဲ”
ပြိုင်ဘက်ကင်းအင်ပါယာ
အပိုင်း ၂၂၆ ပြီး။
Author Ko yoohtoo
True Immortal Team
ပြိုင်ဘက်ကင်းအင်ပါယာ
အပိုင်း ၂၂၇
Author Ko yoohtoo
True Immortal Team
ရတနာလောင်းကစားပွဲ၏ ပထမဦးဆုံးနေ့တွင်ပင် အငြိုးအတေးများနှင့် ပြိုင်ဆိုင်မှုများမှာ စတင်အသက်ဝင်လာပြီ ဖြစ်သည်။
“ဘယ်လိုသတင်းမျိုးလဲ” လင်းချန်သည် စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန် မေးမြန်းလိုက်၏။
“ငါ့ရဲ့ မျိုးနွယ်စုဝင်တစ်ယောက်က သတင်းပို့လာတာ... ကျမ်းစာဧရိယာထဲမှာ မင်းရှာနေတဲ့ ရုပ်အလောင်း သန့်စင်ခြင်း ကျမ်းစာ ကို တွေ့ပြီတဲ့ကွ” ကျန်းဇီတဲက ပြုံးလျက် ပြန်ဖြေလိုက်သည်။
ကျန်းဇီတဲ၏ စကားကို ကြားလိုက်ရသည်နှင့် လင်းချန်၏ မျက်နှာတွင် ဝမ်းသာပီတိဖြစ်မှုများ သိသိသာသာ ထင်ဟပ်သွားတော့ကာ ပြောလိုက်သည်။ “ရုပ်အလောင်း သန့်စင်ခြင်း ကျမ်းစာလား... မြန်မြန်သွားကြည့်ကြစို့”
ဤ ရုပ်အလောင်း သန့်စင်ခြင်း ကျမ်းစာ သည် သူ၏ ရုပ်သေးခန္ဓာ စီမံကိန်း အောင်မြင်ရန်အတွက် အလွန်တရာ အရေးပါသော သော့ချက်တစ်ခု ဖြစ်သည်။
ဤကျမ်းစာကို အချိန်မီ ရရှိနိုင်ခဲ့လျှင် ရုပ်သေးခန္ဓာ စီမံကိန်း ပြီးမြောက်ရန် ပိုမိုမြန်ဆန်လာမည်ဖြစ်ပြီး ကျန်ရှိနေသော ဟွာရှာအင်ပါယာ၏ စစ်သူကြီးများ၊ တပ်မှူးကြီး ငါးဦးနှင့် အမတ်ချုပ်ကြီးတို့ကိုပါ ဤကမ္ဘာလောကအတွင်းသို့ ဆင့်ခေါ်လာနိုင်တော့မည် ဖြစ်သည်။
လင်းချန်သည် ထိုသတင်းကို ကြားပြီးနောက် ကျမ်းစာဧရိယာဆီသို့ အပြေးအလွှား ဦးတည်သွားတော့ရာ ကျန်ရှိသောသူများကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြ၏။
ရတနာသိုက်ခန်းမ၏ တတိယထပ်တွင် ရှိသော ကျမ်းစာဧရိယာအတွင်းသို့ ရောက်ရှိလာသောအခါ၊ ကျန်းဇီတဲ၏ လမ်းပြမှုဖြင့် သတင်းပို့ခဲ့သော မျိုးနွယ်စုဝင် လူငယ်လေးရှိရာသို့ ရောက်ရှိလာကြသည်။
ကျန်းဇီတဲက ထိုလူငယ်၏ ပုခုံးကို ပုတ်လျက် ကျေးဇူးတင်စကား ဆိုကာ၊ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းကို ဆုလာဘ်အဖြစ် ပေးအပ်လိုက်ရင်း ပြောလိုက်၏။ “ကောင်းပြီ... မင်း တော်တော်လုပ်နိုင်တယ်”
လူငယ်လေးသည်လည်း သတင်းပေးရုံမျှဖြင့် ထိုမျှပမာဏရှိသော ကျောက်တုံးများကို ရရှိလိုက်သဖြင့် ဝမ်းသာအားရဖြင့် ထွက်ခွာသွားတော့သည်။
လင်းချန်သည် ကျမ်းစာတင်ထားသော ကောင်တာရှေ့သို့ ချဉ်းကပ်သွား၏။ ထိုကျမ်းစာမှာ အသွင်အပြင်အားဖြင့် စာမျက်နှာများမှာ အနည်းငယ် လိပ်တက်နေပြီး လူအများအပြား ဖတ်ရှုကိုင်တွယ်ထားသည့်ပုံ ပေါက်နေသော်လည်း၊ ထူးခြားသည့် အချက်ပြမှုမျိုး မရှိပေ။
သို့သော်လည်း ကျမ်းစာတွင် အသုံးပြုထားသော စက္ကူမှာ အထူးပစ္စည်းများဖြင့် ပြုပြင်ထားပြီး လက်နက်သွန်းလုပ်ခြင်း နည်းပညာများဖြင့် စီရင်ထားသဖြင့် ရေစိုခံခြင်း၊ မီးမလောင်ခြင်းနှင့် နှစ်ပေါင်းများစွာ တည်တံ့နိုင်စွမ်း ရှိပေသည်။
လက်မဝက်ခန့် ထူသော ထိုကျမ်းစာ၏ မျက်နှာဖုံးပေါ်တွင် ရုပ်အလောင်း သန့်စင်ခြင်း ဟူသော စာလုံးကြီးများကို ထင်ရှားစွာ မြင်တွေ့နေရ၏။
ဤသည်မှာ လင်းချန် ရှာဖွေနေသော ကျမ်းစာ အစစ်အမှန်ပင် ဖြစ်ပေသည်။ သို့သော် အတွင်းပိုင်း ပါဝင်သည့် အကြောင်းအရာများမှာ မည်သို့ရှိမည်ကိုမူ မသိရှိနိုင်သေးပေ။
ရတနာလောင်းကစားပွဲတွင် ကျမ်းစာများကို တန်ဖိုး အရင်အကဲဖြတ်ပြီးမှ သတ်မှတ်ထားသော ဈေးနှုန်းဖြင့်သာ ရောင်းချလေ့ရှိသည်။
အဘယ်ကြောင့်ဆိုသော် ကျမ်းစာများ၏ တန်ဖိုးမှာ အခြားအရာဝတ္ထုများကဲ့သို့ မဟုတ်ဘဲ တစ်ချက်ကြည့်ရုံဖြင့် သိသာနိုင်သောကြောင့် ဖြစ်သည်။
လီယွမ်ဖုန်းက လက်ပိုက်လျက် ကောင်တာပေါ်ရှိ ဈေးနှုန်းကို ကြည့်ကာ အံ့အားသင့်စွာ မေးလိုက်၏။ “ညီလေးလင်း... မင်း အပင်ပန်းခံ ရှာနေတဲ့ ကျမ်းစာက ဒီလောက်ပဲ တန်တာလား”
လင်းချန် အလေးအနက်ထားသော ဤကျမ်းစာသည် အလွန်တန်ဖိုးကြီးသင့်သော်လည်း၊ ကောင်တာပေါ်တွင် ရေးထားသော ဈေးနှုန်းမှာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းမျှသာ ဖြစ်နေသဖြင့် ဈေးအနည်းဆုံး အုပ်စုထဲတွင် ပါဝင်နေလေသည်။
ယီစင်းကလည်း အစီအရင် အကာအကွယ်နောက်ကွယ်ရှိ ကျမ်းစာကို သေချာကြည့်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။ “ချန်လေး... တစ်ခုခု မှားနေတာများလား၊ နာမည်တူနေတာမျိုးရော မဖြစ်နိုင်ဘူးလား”
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၇၇ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team