အခန်း ၂၇၉
Vol. 28 Ch. 279
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၇၉
ဘာသာပြန် - Ko Yoohtoo
True Immortal Team
လင်းချန်သည် သူ၏စကားကို အဆုံးသတ်လိုက်ပြီးနောက် ယီစင်းနှင့်အတူ ထိုနေရာမှ လှည့်ထွက်လာသည်။
ကျန်းဇီတဲသည်လည်း မထွက်ခွာမီ ကျန်းခယ်ရန်အား ရန်စလိုက်၏။ "ဟားဟားဟား... ခေါင်းဆောင်ကျန်းက တကယ်ကို ကြွယ်ဝချမ်းသာတာပဲ။ ခုနက မင်းနာမည်ကို တိုက်ရိုက်ခေါ်မိတာ ခွင့်လွှတ်ပါဦး။ မဟုတ်ရင် မင်း ဝမ်းနည်းပြီး ငိုနေမှာစိုးလို့ပါ"
လီယွမ်ဖုန်းကလည်း နှာခေါင်းတစ်ချက် ရှုံ့ကာ အထင်အမြင်သေးစွာဖြင့် နောက်မှ လိုက်ပါသွားသည်။
ကျန်းချီနှင့် ကျန်းဝမ်ရွှမ်းတို့မှာမူ စကားအများကြီးမပြောတော့ဘဲ ပြုံးစစဖြင့်သာ လိုက်သွားကြရာ ဒေါသကြောင့် တုန်ရီနေသည့် ကျန်းခယ်ရန်တစ်ယောက်သာ ကျန်ရစ်၏။
ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းခွဲ၊ ထိုပမာဏကို နောင်၌ သွေးဆာသည့်ခန်းမထံမှ ပြန်လည်တောင်းခံမည်ဆိုလျှင်ပင် ဝန်ဆောင်ခအဖြစ် ကျောက်တုံးတစ်သောင်းမှာ နုတ်ယူခံရမည်ဖြစ်သည်။
ထိုသည်မှာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းနှင့် ညီမျှ၏။ ထို့အပြင် မူလက လင်းချန်ကို ဒုက္ခပေးရန်နှင့် တစ်ဖက်လူ၏ မချိတင်ကဲဖြစ်မှုကို ကြည့်ရှုလှောင်ပြောင်ရန် လာခြင်းဖြစ်သော်လည်း အဆုံးသတ်၌ မိမိကိုယ်တိုင်သာ အရှက်ရပြီး ဘာမှမတတ်နိုင် ဖြစ်သွားသည်။
သူ အဘယ်သို့ ပြုလုပ်နိုင်မည်နည်း။ လူသားမျိုးနွယ်များသည် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်အပေါ် လက်ဖျားနှင့်မျှ မထိရဲသကဲ့သို့ ပင်လယ်မျိုးနွယ်များကလည်း လူသားမျိုးနွယ်များကို အလွယ်တကူ တိုက်ခိုက်၍ မရချေ။
လင်းချန် မျိုးနွယ်စုနယ်မြေမှ ထွက်ခွာချိန်ကို စောင့်ဆိုင်း၍ တိုက်ခိုက်မည်ဆိုလျှင်ပင် အရှေ့ပိုင်းနယ်မြေစုမှ ကျန်းနျန်ရှင်းက ကျိန်းသေပေါက် အကာအကွယ် ပေးပေလိမ့်မည်။
အင်အားချင်းတူညီသည့် မျိုးနွယ်စုနှစ်ခုကြား၌ သူ့ကို မည်သို့ အန္တရာယ်ပြုနိုင်မည်နည်း။
အနည်းငယ် ဝေးရာသို့ ရောက်သည့်အခါ ကျန်းဇီတဲသည် အားရပါးရ အော်ဟစ်ရယ်မောလိုက်၏။ "တကယ်ကို ကျေနပ်စရာပဲ။ ကျန်းခယ်ရန်ရဲ့ မျက်နှာက အီးပါချင်နေတဲ့ရုပ်နဲ့ တူနေတာပဲ ဟားဟားဟား"
လီယွမ်ဖုန်းကလည်း ပြုံးရယ်လျက် လင်းချန်ကို ကြည့်လိုက်သည်။ "ညီလေးလင်းက သူတို့ရဲ့ ပူးပေါင်းကြံစည်မှုကို ကြိုမြင်နေတာပဲ။ တကယ့်သားကောင်ကတော့ မြောက်ပိုင်းနယ်မြေစုရဲ့ ခေါင်းဆောင်ကြီး ဖြစ်သွားတာပေါ့"
လင်းချန်က ရှင်းပြလိုက်၏။ "တကယ်တော့ ဒီလာတဲ့လမ်းမှာ သွေးဆာတဲ့ခန်းမကလူတွေနဲ့ ကျန်းခယ်ရန်တို့ အနားမှာ ရှိနေတာ သတိထားမိလိုက်တယ်။ အဲဒီအချိန် ကျမ်းစာက အတုဖြစ်နိုင်မှန်း သိလိုက်ရတော့ သံသယဝင်သွားတာ။ ကျန်းခယ်ရန် ဈေးပြိုင်ပေးလာတဲ့အချိန် အားလုံးကို နားလည်လိုက်ပြီ။ သူတို့ ပူးပေါင်းပြီး ငါ့ကို အကွက်ဆင်ဖို့ ကြိုးစားတာပဲ"
ကျန်းချီကလည်း လေးစားစွာဖြင့် မှတ်ချက်ပြုလိုက်သည်။ "ဒါနဲ့ ပြောရဦးမယ်... အရှင်မင်းကြီးရဲ့ အကဲဖြတ်နိုင်စွမ်းကတော့ တကယ့်ကို အံ့မခန်းပဲ"
ထိုအချက်နှင့် ပတ်သက်၍ လင်းချန်က ပြုံးလျက်သာ လက်ကာပြလိုက်၏။
သူ၏မျက်လုံးမှာ အစီအရင် အကာအကွယ်ကို ဖောက်ထွင်းကြည့်နိုင်စွမ်း မရှိသော်လည်း ကန့်လန့်ကာနောက်ကွယ်မှ အမတ်ကြီးကျူးကော့မင်၏ ကူညီထောက်ပံ့မှုကြောင့်သာ ဤသို့ သိရှိနိုင်ခြင်းဖြစ်သည်။
ယီစင်းကလည်း တိုးညှင်းစွာ ပြောလိုက်၏။ "တကယ်တော့ ပြန်စဉ်းစားကြည့်ရင် သံသယဖြစ်စရာတွေ အများကြီးပဲ။ တစ်ယောက်ယောက်မှာ ရုပ်အလောင်း သန့်စင်ခြင်းကျမ်းစာ ရှိနေရင် ချန်လေးဆီ ဈေးကောင်းကောင်းနဲ့ လာရောင်းမှာပဲ။ အခုတော့ အစစ်နဲ့တူအောင် ဈေးကို တမင်နှိမ့်ထားတာကပဲ သူတို့ရဲ့ အားနည်းချက် ဖြစ်သွားတယ်"
လင်းချန်က သက်ပြင်းတစ်ချက်ချကာ ခေါင်းခါယမ်းလိုက်ပြီး စိတ်ကို ပြန်လည်စုစည်းလိုက်သည်။ "ဒါတွေကို ဆက်မစဉ်းစားနဲ့တော့။ ငါ့နောက်ကိုသာ လိုက်ခဲ့ကြ၊ အားလုံးကို ချမ်းသာအောင် လုပ်ပေးမယ်"
ကျန်းဇီတဲနှင့် လီယွမ်ဖုန်းတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြ၏။ လင်းချန်၏ အကဲဖြတ်နိုင်စွမ်းမှာ မည်မျှ ထက်မြက်ကြောင်း သူတို့ ကောင်းကောင်းသိကြသည်။
ဟောက်ဟိုင်လမ်းမရှိ အဖိုးတန်ပစ္စည်းများကို တစ်ရက်တည်းနှင့် သိမ်းကျုံးယူနိုင်သူ မဟုတ်ပါလား။
ယခု ဤရတနာလောင်းကစားပွဲမှာ လင်းချန်အတွက် စိတ်ဝိညာဉ်ကျောက်တုံးများကို လွတ်လပ်စွာ သိမ်းယူနိုင်မည့် နေရာတစ်ခုသာ ဖြစ်လာ၏။
ကျန်းဇီတဲက စိတ်အားထက်သန်စွာဖြင့် လင်းချန်၏ ပုခုံးကို ဖက်လိုက်သည်။ "ညီလေးလင်း... ဒီပွဲမှာရှိတဲ့ ပစ္စည်းကောင်းမှန်သမျှကို အကုန်သိမ်းကျုံးယူပစ်ရအောင်"
လင်းချန်က ကျန်းဇီတဲကို ကြည့်ကာ သက်ပြင်းချလိုက်၏။ "အစ်ကိုကျန်း... ခင်ဗျားရဲ့ အလိုရမ္မက်ကလည်း တကယ့်ကို ကြီးမားတာပဲ။ ကျုပ်တို့ဆီမှာ စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ ရှိနေပေမဲ့ ပစ္စည်းပေါင်း သိန်းနဲ့ချီရှိတဲ့ ဒီနေရာမှာတော့ အဲဒီပမာဏက မလုံလောက်သေးဘူး"
ဘုန်းးး
လီယွမ်ဖုန်းက ရှေ့သို့ လှမ်းတက်လာပြီး ဇီတဲအား မာန်မဲလိုက်သည်။ "မစဉ်းစားမဆင်ခြင်ဘဲ ပြောတတ်တာကတော့ မင်းလို ငတုံးပဲ ရှိမယ်"
ကျန်းဇီတဲက လီယွမ်ဖုန်းအား ပြန်လည်ချေပလိုက်၏။ "မင်းက ဘာမှနားမလည်ဘဲနဲ့ ရတနာလောင်းကစားပွဲမှာ ပစ္စည်းတစ်ခုကို ဝယ်ပြီးရင် အဲ့နေရာမှာတင် ပြန်လည်ပြုပြင်ပြီး တန်ဖိုးဖြတ် ပြန်ရောင်းလို့ရတယ်ဆိုတာ မသိဘူးလား"
ရတနာလောင်းကစားပွဲကို စီစဉ်သည့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်သည် ကျန်းဇီတဲ ပြောခဲ့သည့် ဝန်ဆောင်မှုများကို အလယ်ဗဟိုရှိ ကောင်တာ၌ ပေးအပ်ထားသည်။
ရတနာတစ်ခုကို ဝယ်ယူပြီးပါက လက်နက်သွန်းလုပ်သူအား ဝန်ဆောင်ခပေး၍ ပြန်လည်ပြုပြင်စေနိုင်၏။ ရှေးဟောင်းအမွေအနှစ်များမှ ရရှိသည့် ပစ္စည်းများသည် နှစ်ကာလ ကြာမြင့်မှုကြောင့် အဆင့်အတန်းခွဲခြားရန် ခက်ခဲသော်လည်း ပြန်လည်ပြုပြင်ခြင်းဖြင့် စစ်မှန်သော တန်ဖိုးကို သိရှိနိုင်သည်။
အလုံးစုံ ပြုပြင်ရန် မလိုဘဲ အစိတ်အပိုင်း အနည်းငယ်ကို ပြုပြင်ရုံဖြင့် ပစ္စည်း၏ အဆင့်အတန်းကို ခွဲခြားနိုင်မည် ဖြစ်၏။
ထိုသို့ သိရှိပြီးနောက် မိမိကိုယ်တိုင် ဆက်လက်သိမ်းဆည်းထားမည်လား သို့မဟုတ် တိုက်ရိုက်ပြန်လည် ရောင်းချမည်လားဟူသည်ကို ရွေးချယ်နိုင်သည်။ အကယ်၍ ပင်လယ်မျိုးနွယ်ထံ မရောင်းလိုပါကလည်း ထိုနေရာရှိ အခြားသူများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချနိုင်၏။
ကျန်းဇီတဲက ဆက်လက် ရှင်းပြနေသည်။ "ဒါကြောင့် နောက်ရက်တွေမှာဆိုရင် ကောင်တာအလယ်မှာ ပစ္စည်းကောင်းတွေ ထွက်လာမလားဆိုတာကို စောင့်ကြည့်ပြီး ဈေးပြိုင်ဝယ်ယူမယ့်သူတွေ အများကြီး ရှိလာလိမ့်မယ်"
သူကိုယ်တိုင် ဤပွဲ၌ မပါဝင်ဖူးသော်လည်း သူ၏အဖိုးထံမှ ဗဟုသုတများစွာ ကြားဖူးထားခြင်း ဖြစ်၏။
ဤသို့ဖြင့် လင်းချန်နှင့် သူ၏အဖွဲ့မှာ မူလနေရာသို့ ပြန်လည်ရောက်ရှိလာသည်။ ထိုအချိန်၌ လင်းချန်သည် ကောင်တာတစ်ခုရှေ့သို့ တန်းတန်းမတ်မတ် သွားကာ တံဆိပ်ပြားကို ထုတ်ယူပြီး အပြာရောင်အလင်းတန်းကို လွှတ်လိုက်၏။
ဤတစ်ကြိမ်၌ မည်သူမျှ ဈေးပြိုင်ခြင်း မရှိသဖြင့် အသက်ရှူချိန် သုံးကြိမ်အတွင်းမှာပင် ထိုပစ္စည်းကို အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းဖြင့် ဝယ်ယူလိုက်သည်။
ယီစင်းက အံ့ဩစွာ မေးလိုက်၏။ "ချန်လေး... ဒီပစ္စည်းက တကယ်ပဲ အမြတ်ထွက်မှာမလို့လား"
လင်းချန်က ပြန်ဖြေလိုက်သည်။ "ဒါကို ပြုပြင်ပြီးရင်တော့ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းခွဲလောက် တန်လိမ့်မယ်။ ပြုပြင်ခကို ထည့်တွက်ရင်တော့ အမြတ်လည်းမရှိ အရှုံးလည်းမရှိတဲ့ သဘောပဲ"
ယီစင်းက ဆက်မေးလိုက်၏။ "ဒါဆိုရင် ဘာလို့..."
လင်းချန်က ယီစင်း၏ ခေါင်းကို အသာအယာပုတ်ရင်း ပြုံးလျက် ရှင်းပြလိုက်သည်။ "ခုနက မိန်းကြည့်နေတုန်းက ဒီပစ္စည်းလေးကို သဘောကျနေပုံရလို့ ကိုဝယ်လိုက်တာပေါ့။ ပြုပြင်ပြီးသွားရင်တော့ ဒါက အတော်လေးကောင်းတဲ့ စိတ်ဝိညာဉ်ပစ္စည်းလေး ဖြစ်သွားမှာပါ"
ယီစင်းမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် သူမ၏ မျက်လုံးများမှာလည်း လခြမ်းကွေးလေးများကဲ့သို့ ပြုံးယောင်သန်းသွား၏။
လင်းချန် ဝယ်ယူသည်မှာ အခြားမဟုတ်ဘဲ ယီစင်း စောစောက ကြည့်နေသည့် ထိုကျောက်စိမ်းဆံထိုးလေးပင် ဖြစ်သည်။
ထို့နောက် အဖွဲ့သားများမှာ ထိုဧရိယာအတွင်း ဆက်လက် လှည့်လည်ကြည့်ရှုကြ၏။
ရုတ်တရက် ရှေ့နား၌ လူအုပ်ကြီး စုရုံးနေသည်ကို တွေ့ရသော်လည်း လူအများစုမှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းကာ ထွက်ခွာသွားကြသည်ကို မြင်လိုက်ရသည်။
လင်းချန်နှင့် အဖွဲ့သားများမှာ စူးစမ်းလိုစိတ်ဖြင့် အနားသို့ ချဉ်းကပ်သွားရာ လူအများ ဝိုင်းအုံကြည့်နေသည့် ကောင်တာပေါ်၌ အလွန်တရာ ပျက်စီးနေသော ဓားရှည်တစ်ချောင်းကို တွေ့လိုက်ရ၏။
ဓားမှာ တစ်ဝက်ခန့် ကျိုးနေပြီး ကျန်ရှိသည့် အစိတ်အပိုင်းမှာလည်း အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။
ဓားရိုးတစ်ခုတည်းသာ အကောင်းအတိုင်း ကျန်ရှိနေသော်လည်း ထိုနေရာ၌ မြှုပ်နှံထားသည့် ဝါးတားတား သလင်းကျောက်မှာမူ ဖုန်မှုန့်များ ဖုံးလွှမ်းနေ၏။
ထိုအချိန်၌ လူအများအပြားမှာ အပြိုင်အဆိုင် ဈေးတိုးပေးနေကြပြီး ဈေးနှုန်းမှာ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းနှစ်ဆယ်အထိ မြင့်တက်နေကာ ဆက်လက်၍လည်း တိုးနေဆဲပင်။ ဈေးပြိုင်ပေးနေသူများထဲ၌ ကျန်းခယ်ရန်မှာ ထင်ရှားစွာ ပါဝင်နေသည်။
ထိုခဏ၌ ကျန်းခယ်ရန်သည် သူ၏ တံဆိပ်ပြားကို ဝင့်ယမ်းကာ အပြာရောင်အလင်းတန်းကို လွှတ်လိုက်၏။ "ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ဆယ့်သုံးသန်း"
ထိုသည်ကို မြင်သည့်အခါ လင်းချန်၏ မျက်နှာ၌ လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာပြီး ရှေ့သို့ လှမ်းတက်ကာ နှုတ်ဆက်လိုက်သည်။ "ခေါင်းဆောင်ကျန်း... ကျုပ်တို့ ထပ်တွေ့ကြပြန်ပြီနော်"
ပြောပြောဆိုဆိုဖြင့် လင်းချန်သည် သူ၏ တံဆိပ်ပြားကို ထုတ်ကာ အချက်ပြလိုက်၏။ "နှစ်ဆယ့်သုံးသန်းနဲ့ ငါးသောင်း"
ဤသို့ ပြုလုပ်ပြီးနောက် လင်းချန်သည် ကျန်းခယ်ရန်ဘက်သို့ လှည့်ကြည့်ကာ ပြုံးလိုက်သည်။ "ဒါကို မျက်လုံးချင်းတုံ့ပြန် သွားချင်းပြန်တိုက် လို့ ခေါ်တယ်"
ကျန်းခယ်ရန်က အောင်နိုင်သူအပြုံးဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။ "အဲဒီစကားက ငါပြောရမယ့် စကားပဲ"
ရတနာသိုက်ခန်းမတစ်ခုလုံး၏ အာရုံစိုက်မှုမှာ လင်းချန်နှင့် ကျန်းခယ်ရန်တို့၏ ပြိုင်ဆိုင်မှုပေါ်သို့ ရောက်ရှိနေလေပြီ။
ကျန်းခယ်ရန်၏ စကားများကို ကြားလိုက်ရသည့်အခါ လင်းချန်၏ ဘေးနားရှိ ယီစင်းနှင့် အခြားသူများမှာ စိုးရိမ်တကြီးဖြင့် တုန်လှုပ်သွားကြသည်။
ထို့နောက်၌ ကျန်းခယ်ရန်သည် အောင်နိုင်သူတစ်ဦးကဲ့သို့ ဝင့်ကြွားသော အမူအရာဖြင့် လင်းချန်ကို ကြည့်ကာ လှောင်ပြောင်သရော်လိုက်၏။ "မင်းက ထင်သလောက် ပါးနပ်တာပဲ။ ဒါပေမဲ့ ဒါကလည်း မင်းအတွက် ခင်းထားတဲ့ ထောင်ချောက်တစ်ခုမှန်း မင်းမသိဘူး မဟုတ်လား။ မင်းတို့လို လူငယ်တွေက အမြဲတမ်း စိတ်လိုက်မာန်ပါ ရှိတတ်ကြတယ်။ ငါက ဒီမှာ ရူးသွပ်သလိုမျိုး ဈေးအပြိုင်ပေးနေတာကို မြင်တော့ ခုနကလိုမျိုး မင်းကလည်း ငါ့ကို ပြန်ပြီး ဒုက္ခပေးချင်နေတာ မဟုတ်လား"
ကျန်းခယ်ရန် ပြောဆိုနေစဉ်မှာပင် အသက်ရှူချိန် သုံးကြိမ် ပြည့်မြောက်သွားပြီး ထိုကျိုးပဲ့နေသည့် ဓားဟောင်းကြီးမှာ လင်းချန်၏ ပိုင်ဆိုင်မှု ဖြစ်သွားလေပြီ။
ထို့အပြင် သူနှင့်အတူ အပြိုင်အဆိုင် ဈေးပေးနေသည့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ဝင်အချို့မှာလည်း ဈေးပြိုင်ပေးခြင်းကို ရပ်တန့်လိုက်ကြပြီး လင်းချန်ကို လှောင်ပြောင်သော မျက်နှာထားများဖြင့် ကြည့်နေကြသည်။
ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများမှာ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြပြီး အချို့မှာ လင်းချန် အရှုံးပေါ်သွားသည်ကို ကြည့်ကာ ဝမ်းသာအားရ ဖြစ်နေကြ၏။
"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သန်းလောက်ပဲ တန်တဲ့ ဓားစုတ်တစ်ချောင်းကို မြောက်ပိုင်းနယ်မြေစု ခေါင်းဆောင်က ဘာလို့ ဒီလောက်အထိ ဈေးမြှင့်ပေးနေတာလဲလို့ ငါစဉ်းစားနေတာ... တကယ်တော့ လင်းချန်ကို ထောင်ချောက်ဆင်နေတာကိုး"
"သူတို့ကြားမှာ ဘာရန်ငြိုးတွေ ရှိလို့လဲ"
"အဲဒီ လူသားမျိုးနွယ် လင်းချန်က အရှေ့ပိုင်းနယ်မြေစု ခေါင်းဆောင်ရဲ့ မဟာမိတ်ကို သတ်ပစ်မယ်လို့ ကြွေးကြော်ထားတာလေ။ ဒါက ရန်ငြိုးမဟုတ်ရင် ဘာဖြစ်ဦးမလဲ"
ကျန်းခယ်ရန်၏ အောင်နိုင်သူအပြုံးကို ကြည့်ရင်း ကျန်းဇီတဲက မကျေမနပ် ရေရွတ်လိုက်သည်။ "တောက်စ်... ကျန်းခယ်ရန်က ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ နောက်ထပ် ထောင်ချောက်တစ်ခု ထပ်ဆင်နိုင်လိမ့်မယ်လို့ ငါမထင်ထားဘူး"
ဘေးနားရှိ လီယွမ်ဖုန်းကလည်း ခေါင်းခါယမ်းလိုက်၏။ "ခုနလေးတင် ညီလေးလင်း ဒုက္ခပေးတာ ခံလိုက်ရပြီးတော့ အမွှေးတိုင်တစ်ဝက်စာလောက် အချိန်လေးအတွင်းမှာပဲ ညီလေးလင်းကို ပြန်ပြီး အကွက်ဆင်နိုင်တယ်ဆိုတော့... မထင်ရဘူးပဲ"
ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ဆယ့်သုံးသန်းဆိုသည်မှာ ဤပွဲအတွက် ပြင်ဆင်ထားသည့် အရင်းအနှီး၏ ငါးပုံတစ်ပုံခန့် ရှိသည်။ ထိုမျှပမာဏရှိသော ကျောက်တုံးများမှာ ကျန်းခယ်ရန်၏ အကွက်ထဲသို့ ကျရောက်ကာ အလဟဿ ဖြစ်သွားလေပြီ။
ယီစင်းသည် မျက်မှောင်ကို တင်းတင်းကြုတ်လျက် ကျန်းခယ်ရန်ကို စိုက်ကြည့်ရင်း တွေးနေမိ၏။
နောင်အချိန်များ၌မူ... ကျန်းခယ်ရန် သို့မဟုတ် သွေးဆာသည့်ခန်းမက လူများ ရှိ၊ မရှိကို အမြဲသတိပြုရမည်ဖြစ်ပြီး နောက်တစ်ခါ ထောင်ချောက်ထဲ မကျစေရန် သူမ ဆုံးဖြတ်လိုက်သည်။
ကျန်းခယ်ရန်မှာမူ အတွင်းစိတ်၌ အလွန်တရာ ကြည်နူးနေမိ၏။
ယခင်က ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်း ဆုံးရှုံးရသော်လည်း ယခု တစ်ဖက်လူကို သန်းနှစ်ဆယ်ကျော် ဆုံးရှုံးအောင် ပြုလုပ်နိုင်သဖြင့် အကြွေးကြေသွားပြီဟု ခံစားနေရသည်။
သို့သော်လည်း ကြာလာသည်နှင့်အမျှ ကျန်းခယ်ရန်၏ အပြုံးမှာ မှိန်ဖျော့သွား၏။
အဘယ်ကြောင့်ဆိုသော် လင်းချန်၏ မျက်နှာ၌ စိုးရိမ်ပူပန်မှု အရိပ်အယောင်မျှ မရှိဘဲ သူ့ကို လူအ၊ လူညံ့တစ်ယောက်အား ကြည့်နေသကဲ့သို့ ဖြစ်နေသည်။
ထိုအကြည့်မှာ သူ့ကို အလွန်ပင် စိတ်မသက်မသာ ဖြစ်စေi၏။
ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၇၉ ပြီး။
ဘာသာပြန် - Ko Yoohtoo
True Immortal Team