← Chapters

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း ၂၈၀

Vol. 28 Ch. 280

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၈၀

ဘာသာပြန် - Ko Yoohtoo

True Immortal Team

သူ အနိုင်ရရှိသွားသည် မဟုတ်ပါလား။ သို့သော် လင်းချန်၏ အကြည့်မှာ အဘယ်ကြောင့် အောင်နိုင်သူတစ်ဦး၏ အသွင်မျိုး ဖြစ်နေရသနည်း။

​လင်းချန်က ရုတ်တရက် အံ့ဩဟန်ဆောင်သည့် လေသံဖြင့် မေးလိုက်သည်။ "ခေါင်းဆောင်ကျန်း... ခင်ဗျားက ကျုပ်ကို ထောင်ချောက်ဆင်ဖို့ တမင်ဈေးမြှင့်ပေးနေတာလား။ ဒီဓားရိုးအောက်ခြေမှာ အာကာသဟင်းလင်းပြင်ကျောက်တုံး မြှုပ်ထားတာကို ခင်ဗျား သတိမထားမိလို့လား"

​လင်းချန်၏ စကားအဆုံး၌ ပတ်ဝန်းကျင်မှ လူများမှာ မှင်တက်သွားကြပြီး မျက်လုံးများ ပြူးကျယ်သွားကြ၏။

​"ဟင်းလင်းပြင်ကျောက်တုံး ဟုတ်လား"

​ဟင်းလင်းပြင်ကျောက်တုံး ဆိုသည်မှာ ဟင်းလင်းပြင်နှင့် ပတ်သက်သည့် မည်သည့်ပစ္စည်းမျိုး၌မဆို အသုံးပြုရသော တန်ဖိုးကြီး ပစ္စည်းတစ်ခုပင် ဖြစ်သည်။

​ဥပမာအားဖြင့် အဆင့်မြင့် သိုလှောင်လက်စွပ်တစ်ခု၌ ဟင်းလင်းပြင်ကျောက်တုံး မှုန့်လေး အနည်းငယ် ထည့်သွင်းရုံမျှဖြင့် သိုလှောင်ခန်း၏ တည်ငြိမ်မှုကို များစွာ တိုးတက်စေနိုင်၏။

​လက်သည်းခွံအရွယ်အစားမျှရှိသည့် ဟင်းလင်းပြင်ကျောက်တုံး တစ်တုံးပင်လျှင် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းငါးဆယ်ခန့် တန်ဖိုးရှိသည်။

​ထိုဓားရိုးအောက်ခြေမှ ဝါးတားတား သလင်းကျောက်မှာ တကယ်ပဲ ဟင်းလင်းပြင်ကျောက်တုံး ဖြစ်နေပါသလား။

​"လင်းချန် ပြောတာသာ အမှန်ဆိုရင် အဲဒီ လက်မအရွယ် သလင်းကျောက်က အနည်းဆုံး ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး သန်းခြောက်ဆယ်လောက် တန်လိမ့်မယ်"

​ကျန်းခယ်ရန်သည် လင်းချန်၏ စကားကို ကြားသည့်အခါ ချက်ချင်းပင် ချေပလိုက်၏။ "မဖြစ်နိုင်တာပဲ။ ဟင်းလင်းပြင်ကျောက်တုံးက ကြည်လင်နေရမှာလေ၊ လုံးဝကို ဖောက်ထွင်းမြင်နေရမှာ။ ဝါးတားတား သလင်းကျောက်က ဘယ်လိုလုပ်ပြီး ဟင်းလင်းပြင်ကျောက်တုံး ဖြစ်နိုင်မှာလဲ"

​သူသည် ထိုစကားကို လုံးဝ မယုံချေ။

​ကျန်းခယ်ရန်က သဘောထားကြီးဟန် ပြလိုက်သည်။ "မင်းရဲ့ အရှက်ကို ကာကွယ်ဖို့ တမင်ပြောနေတာပဲ။ တကယ်လို့ မင်းက ငါ့ကိုရော ဒုဂိုဏ်းချုပ်ဝူကိုရော စိတ်ရင်းနဲ့ တောင်းပန်မယ်ဆိုရင်တော့ အဲဒီ ကျောက်တုံး သန်းနှစ်ဆယ်ရဲ့ တစ်ဝက်ကို မင်းကို ပြန်ပေးဖို့ ငါ စဉ်းစားပေးပါ့မယ်"

​လင်းချန်က ကျန်းခယ်ရန်၏ ကမ်းလှမ်းမှုကို နှာခေါင်းရှုံ့လိုက်၏။ "ဟမ့်... ကျုပ် ခင်ဗျားကို လိမ်ပြောစရာ ဘာအကြောင်းရှိလဲ။ မယုံရင် ကျုပ်နဲ့အတူ အောက်ထပ် လိုက်ခဲ့။ ကျုပ်က... အဲဒီဟင်းလင်းပြင်ကျောက်တုံးကို ရောင်းပြီး ရတနာလောင်းကစားပွဲမှာ သုံးဖို့ ရန်ပုံငွေ ထပ်ရှာမလို့ပဲ"

​ထိုသို့ပြောပြီးနောက် လင်းချန်သည် ပထမထပ်ရှိ ကောင်တာဆီသို့ လှည့်ထွက်သွားသည်။

​ယီစင်းနှင့် အခြားသူများမှာလည်း ဓားရိုးပေါ်ရှိ သလင်းကျောက်မှာ အမှန်တကယ်ပင် ဟင်းလင်းပြင်ကျောက်တုံး ဖြစ်၊ မဖြစ် စူးစမ်းလိုသဖြင့် လင်းချန်နောက်သို့ အလျင်အမြန် လိုက်ပါသွားကြ၏။

​သူတို့သာမက ပတ်ဝန်းကျင်မှ ကြည့်ရှုသူများမှာလည်း စပ်စုလိုသည့် စိတ်ဖြင့် လိုက်ပါသွားကြရာ လူအုပ်ကြီးမှာ အတော်လေး စည်ကားနေသည်။

​ကျန်းခယ်ရန်မှာ ထိုလူအုပ်ကြီး လိုက်သွားသည်ကို ကြည့်ကာ အတန်ကြာ စဉ်းစားပြီးနောက် အံကြိတ်လျက် မျိုးနွယ်စုဝင်များနှင့်အတူ လိုက်ပါသွား၏။

​"သွားမယ်... ဘာလို့ မလိုက်ရမှာလဲ။ ဒီကောင်က သာမန်သလင်းကျောက်ကို ဘယ်လိုနည်းနဲ့ အဖိုးတန် ဟင်းလင်းပြင်ကျောက်တုံးအဖြစ် ပြောင်းလဲပစ်မလဲဆိုတာ ငါ ကိုယ်တိုင် ကြည့်ချင်သေးတယ်"

​ထိုအချိန်၌ ရတနာသိုက်ခန်းမ အလယ်ဗဟိုရှိ စိတ်ဝိညာဉ်စွမ်းအား မျက်နှာပြင်ပေါ်တွင် လင်းချန်သည် ကျိုးပဲ့နေသည့် ဓားဟောင်းကို ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ဆယ့်သုံးသန်း ငါးသိန်းဖြင့် ဝယ်ယူလိုက်ကြောင်း သတင်းများ ပေါ်ထွက်နေသည်။

​ဤသည်မှာ ယနေ့အတွက် ဈေးအမြင့်ဆုံး အရောင်းအဝယ်ဖြစ်သဖြင့် လူအများအပြား၏ အာရုံစိုက်မှုကို ခံနေရခြင်း ဖြစ်၏။

​ပထမထပ်ရှိ ကောင်တာရှေ့၌ လင်းချန်သည် စိတ်ဝိညာဉ်ကျောက်တုံးများ ပေးချေကာ သံချေးတက်နေသော ဓားဟောင်းကြီးကို လက်ခံရယူလိုက်သည့်အခါ ကြည့်ရှုသူအချို့မှာ ရယ်မောလိုက်ကြသည်။

​လင်းချန်သည် ပတ်ဝန်းကျင်မှ ပြောဆိုနေမှုများကို ဂရုမစိုက်ဘဲ ထိုဓားဟောင်းကို ကောင်တာပေါ်ရှိ အကောင်းဆုံး အကဲဖြတ်ပညာရှင်ထံသို့ ကမ်းပေးလိုက်၏။ ဤအကဲဖြတ်ပညာရှင်မှာ ယခင်က ဟောက်ဟိုင်လမ်းမမှ ပစ္စည်းများကို တန်ဖိုးဖြတ်ပေးခဲ့သူပင် ဖြစ်၏။

​အကဲဖြတ်ပညာရှင်သည် လင်းချန်ကို ဖော်ရွေစွာ ပြုံးပြကာ စိတ်ဝိညာဉ်စွမ်းအားများဖြင့် ဓားဟောင်းကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။

​အတန်ကြာ စစ်ဆေးပြီးနောက်၌မူ အကဲဖြတ်ပညာရှင်သည် နှမြောတသဖြစ်သည့် အမူအရာဖြင့် ဓားကို ပြန်ချလိုက်၏။

​"ဒီတစ်ခါတော့ မင်း မှားသွားပြီ ထင်တယ် လူငယ်လေး။ ဒီဓားဟောင်းကို ပြုပြင်မယ်ဆိုရင်တောင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းလောက်ပဲ တန်လိမ့်မယ်"

​အကဲဖြတ်ပညာရှင်၏ စကားကို ကြားလိုက်ရသည့်အခါ ကျန်းခယ်ရန်သည် အားရပါးရ အော်ဟစ်ရယ်မောလိုက်သည်။ "ဟားဟားဟား... ဒါက တကယ့်ကို ရယ်စရာကောင်းတာပဲ။ ဓားရိုးမှာ ဟင်းလင်းပြင်ကျောက်တုံး မြှုပ်ထားတယ်ဆိုတာလေ"

​ယီစင်းသည် လင်းချန်၏ ပုခုံးကို အသာအယာ ပုတ်ကာ နှစ်သိမ့်လိုက်၏။ "ချန်လေး... ရပါတယ်... ဘာမှမဖြစ်ဘူး"

​လင်းချန်က ယီစင်းကို ပြုံးပြလျက် ခေါင်းခါပြလိုက်သည်။

​ထို့နောက် သူသည် ကျန်းခယ်ရန်ကို လုံးဝ ဂရုမစိုက်ဘဲ ရှေ့မှ အကဲဖြတ်ပညာရှင်ကိုသာ စိုက်ကြည့်လိုက်၏။ "ဆရာကြီး... ဆရာကြီးအနေနဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ မျက်စိကိုပဲ အားကိုးလို့ မရဘူးဗျ၊ စိတ်ကူးစိတ်သန်းကိုလည်း အသုံးချဖို့ လိုအပ်ပါတယ်"

​လင်းချန်၏ စကားကို ကြားလိုက်ရသည့်အခါ ပစ္စည်းစစ်ဆေးသူမှာ မှင်သက်သွားရသည်။ "စိတ်ကူးနဲ့ ကြည့်တတ်အောင် သင်ယူရမယ် ဟုတ်လား"

​သူသည် လင်းချန်ဆိုလိုသည့် အဓိပ္ပါယ်ကို အမှန်တကယ်ပင် နားမလည်နိုင်ဘဲ ရှိနေပုံရ၏။

​လင်းချန်သည် ထိုသူ၏ လက်ထဲမှ ကျိုးပဲ့နေသည့် ဓားကို လှမ်းယူလိုက်ကာ ဓားသွားပေါ်ရှိ ကျိုးပဲ့နေသော နေရာတစ်ခုကို ညွှန်ပြလိုက်သည်။

​"ဆရာကြီး... အသေအချာ ကြည့်ရှုတော်မူပါ။ ဓားသွားရဲ့အလယ်ဗဟိုတည့်တည့်မှာ အပေါက်အသေးလေး တစ်ပေါက် ရှိနေပါတယ်"

​"လက်နက်သွန်းလုပ်သူတစ်ဦးရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီအပေါက်ဟာ ဓားသွားထိပ်ဖျားကနေ ထိုးဖောက်ဝင်ရောက်လာတဲ့ သေးငယ်တဲ့ တိုက်ခိုက်မှုတစ်ခုကြောင့် ဖြစ်ပေါ်လာတယ်လို့ ထင်ရလိမ့်မယ်။ အဲဒီ တိုက်ခိုက်မှုကြောင့်ပဲ ဓားသွားအလယ်မှာ ဒီလိုဖြစ်သွားပြီး ဓားသွားတစ်ခုလုံးလည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့ရတာ ဖြစ်မယ်။ ဆရာကြီးလည်း ဒီအတိုင်းပဲ တွေးတောနေတယ် မဟုတ်ဘူးလား"

​လင်းချန်၏ စကားအဆုံး၌ ပစ္စည်းစစ်ဆေးသူသည် ခေါင်းကို အသာအယာ ညိတ်လိုက်၏။ "အင်း..."

​လူအုပ်ထဲရှိ အချို့သော လက်နက်သွန်းလုပ်သူများသည်လည်း ဓားသွားပေါ်ရှိ ထိုအပေါက်လေးကို တူညီသည့် အမြင်ဖြင့်ပင် ကြည့်ရှုကာ ခေါင်းညိတ်ထောက်ခံနေကြသည်။

​လက်နက်သွန်းလုပ်သူများ ဖြစ်ကြသည့်အလျောက် သူတို့သည် စိတ်ဝိညာဉ်ပစ္စည်းများအကြောင်းကို ကောင်းစွာ နားလည်ကြ၏။

​ထိုသေးငယ်သည့် အပေါက်လေးနှင့် ဓားသွားပေါ်ရှိ အက်ကြောင်းများကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ဤဓားသွားကို ပျက်စီးစေခဲ့သော အင်အားသည် အတွင်းဘက်မှ အပြင်ဘက်သို့ ပေါက်ကွဲထွက်လာခြင်း ဖြစ်ကြောင်း ခန့်မှန်းရန် မခက်ခဲလှချေ။

​မနီးမဝေး၌ စောင့်ကြည့်နေသည့် ကျန်းခယ်ရန်သည် လင်းချန်၏ စကားများကို ကြားသည့်အခါ အထင်သေးစွာဖြင့် နှစ်ကြိမ်ခန့် နှာခေါင်းရှုံ့လိုက်သည်။ "ဟမ့်..."

​ဤကျိုးပဲ့နေသည့် ဓားသည် သူကိုယ်တိုင် ရတနာလောင်းကစားပွဲသို့ ယူဆောင်လာခဲ့ခြင်း ဖြစ်၏။ သူ၏ မျိုးနွယ်စုအတွင်းရှိ ထိပ်တန်းလက်နက်သွန်းလုပ်သူများနှင့် ပစ္စည်းစစ်ဆေးသူများသည်လည်း ဤအတိုင်းပင် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဖြစ်သည်။

​သူတို့၏ ဆုံးဖြတ်ချက်မှာလည်း လင်းချန် ပြောနေသည်နှင့် ထပ်တူပင် ဖြစ်၏။

​ထို့ကြောင့် ကျန်းခယ်ရန်သည်လည်း ထိုသူတို့၏ ဆုံးဖြတ်ချက်ကို ယုံကာ ဤကျိုးပဲ့နေသည့် ဓားအား ပြုပြင်ခြင်း မပြုဘဲ မြေအောက်မှ တူးဖော်ရရှိသည့် မူလအတိုင်းပင် ရတနာလောင်းကစားပွဲသို့ တင်ခဲ့ခြင်း ဖြစ်သည်။

​ရတနာလောင်းကစားပွဲ၏ စည်းကမ်းချက်များအရ ပြသထားသည့် ပစ္စည်းမှန်သမျှကို မြေအောက်မှ တူးဖော်ရရှိသည့် မူလအခြေအနေအတိုင်းသာ တင်ပြရမည်ဖြစ်ပြီး စွမ်းအင်ဆေးရည်များဖြင့် ဆေးကြောသန့်စင်ခြင်း သို့မဟုတ် ပြုပြင်မွမ်းမံခြင်းများကို လုံးဝခွင့်မပြုချေ။

​ထိုအချိန်၌ လင်းချန်က သူ၏ ရှေ့ရှိ ပစ္စည်းစစ်ဆေးသူအား ရုတ်တရက် မေးလိုက်၏။ "တကယ်လို့ အဲဒီသေးငယ်တဲ့ အပေါက်လေးက ဓားမှာ မူလကတည်းက ရှိနေခဲ့တာဆိုရင်ရော"

​လင်းချန်၏ မေးခွန်းကြောင့် ထိုသူမှာ ဆွံ့အသွားရပြီး ဘာမျှ ပြန်မပြောနိုင်ဘဲ လင်းချန်ကို ကြောင်ကြည့်နေမိသည်။

​ပစ္စည်းစစ်ဆေးသူသာမက လူအုပ်ထဲရှိ လက်နက်သွန်းလုပ်သူများပါ နေရာမှာတင် တောင့်ခဲသွားကြရ၏။ အဘယ်ကြောင့်ဆိုသော် လင်းချန်၏ မေးခွန်းမှာ သူတို့တစ်ခါမျှ ထည့်သွင်းစဉ်းစားခြင်း မပြုခဲ့ဖူးသည့်အချက် ဖြစ်နေသောကြောင့်ပင်။

​သို့သော် အကယ်၍ ဤအပေါက်လေးသည် ဓား၏ မူလအစိတ်အပိုင်းသာ ဖြစ်ခဲ့လျှင် ထိုအပေါက်၏ ရည်ရွယ်ချက်က အဘယ်နည်း။

​ထိုခဏ၌ လူအုပ်ထဲမှ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုဝင် လက်နက်သွန်းလုပ်သူတစ်ဦးက အလန့်တကြား အော်ဟစ်လိုက်သည်။ "အတွင်းလမ်းကြောင်း ကျင့်စဉ်..."

​ထိုသူ၏ အော်ဟစ်သံကြောင့် အခြား လက်နက်သွန်းလုပ်သူများနှင့် ရှေ့ရှိ ပစ္စည်းစစ်ဆေးသူတို့၏ စိတ်ထဲ၌ အတွင်းလမ်းကြောင်း ကျင့်စဉ် ဟူသော ဝေါဟာရသည် ရုတ်ချည်း ပေါ်ပေါက်လာ၏။

​အတွင်းလမ်းကြောင်း ကျင့်စဉ် ဆိုသည်မှာ လက်နက်သွန်းလုပ်ခြင်း ပညာရပ်၏ ခက်ခဲနက်နဲသည့် နည်းစနစ်တစ်ခု ဖြစ်သည်။

​အချို့သည့် စိတ်ဝိညာဉ်ပစ္စည်းများ၌ အသုံးပြုသည့် ကုန်ကြမ်းများသည် မူလကတည်းကပင် ပြင်းထန်သော အင်အားများကို ပိုင်ဆိုင်ထားတတ်ကြ၏။

​ထိုအင်အားများကို ပိုမိုထိရောက်စွာ အသုံးချနိုင်ရန်အတွက် စိတ်ဝိညာဉ်ပစ္စည်း၏ အတွင်းပိုင်း၌ သေးငယ်သည့် လမ်းကြောင်းများကို ဖန်တီးပေးရခြင်းဖြစ်ပြီး ထိုအခါမှသာ အင်အားများသည် စီးဆင်းရန် နေရာနှင့် ဦးတည်ချက်ကို ရရှိနိုင်ပေလိမ့်မည်။

​အတွင်းလမ်းကြောင်း ကျင့်စဉ်သည် အလွန်ပင် စည်းကမ်းကြီးပြီး တိကျသည့် နည်းစနစ်ဖြစ်သလို အထူးသီးသန့် ကုန်ကြမ်းများကိုလည်း လိုအပ်သည်။

​ထိုသည်မှာ သာမန်လက်နက်သွန်းလုပ်သူများ တတ်ကျွမ်းနိုင်သည့် ပညာရပ်မျိုး မဟုတ်ပေ။

​အနည်းဆုံးတော့ ယခုရောက်ရှိနေကြသည့် လက်နက်သွန်းလုပ်သူများထဲ၌ ဤနည်းစနစ်ကို မည်သို့အသုံးချရမည်ကို တတ်ကျွမ်းသူ တစ်ဦးမျှ မရှိဘဲ ထိုကဲ့သို့သော ပညာရပ်ရှိသည်ကိုသာ ကြားဖူးနားဝ ရှိကြခြင်း ဖြစ်၏။

​ပစ္စည်းစစ်ဆေးသူသည် တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ ဉာဏ်အလင်းပွင့်သွားသည်။ "အကယ်၍ ဒီဓားမှာရှိတဲ့ အပေါက်လေးက အတွင်းလမ်းကြောင်း ကျင့်စဉ်နဲ့ ပြုလုပ်ထားတဲ့ အတွင်းစီးဆင်းမှု လမ်းကြောင်းသာ ဖြစ်ခဲ့မယ်ဆိုရင် ဧကန်မလွဲ အဲဒီထဲမှာ ပြင်းထန်တဲ့ စွမ်းအင်တွေ စီးဆင်းနေမှာပဲ။ တိုက်ပွဲအတွင်း အလွန်အမင်း ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတဲ့အခါ ဓားအတွင်းပိုင်းက အင်အားတွေဟာ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲထွက်သွားပြီး ဓားကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေတာပဲ ဖြစ်ရမယ်"

​လင်းချန်သည် စကားပြောနေရင်းဖြင့် ပစ္စည်းစစ်ဆေးသူ၏ စားပွဲပေါ်ရှိ ကျောက်စိမ်းပုလင်းကို လှမ်းယူလိုက်၏။

​"မှန်ပါတယ်။ အဲဒါကြောင့် ဓားရဲ့ကုန်ကြမ်းထဲမှာ အတွင်းလမ်းကြောင်း ကျင့်စဉ်နဲ့အတူ အလွန်အစွမ်းထက်တဲ့ အင်အားတွေ ကိန်းအောင်းနေမှာ သေချာတယ်"

​ထိုသို့ ပြောပြီးသည်နှင့် လင်းချန်သည် ကျောက်စိမ်းပုလင်းထဲရှိ ဖုန်သန့်စင်ဆေးရည်များ အားလုံးကို ကျိုးပဲ့နေသည့် ဓားသွားပေါ်သို့ လောင်းချလိုက်သည်။

​ဆေးရည်ဖြင့် ဆေးကြောလိုက်သည့်အခါ ကျိုးပဲ့နေသော ဓားပေါ်ရှိ ရှေးဟောင်း အညစ်အကြေးများမှာ သန့်စင်သွားပြီး အချိန်ကာလ၏ ဖုံးလွှမ်းနေသော အငွေ့အသက်များလည်း လုံးဝ ပျောက်ကွယ်သွား၏။

​ဆေးရည်ဖြင့် သန့်စင်ပြီးနောက်၌ အချိန်ကာလ၏ အောက်တွင် ဖုံးကွယ်နေသည့် အနှစ်သာရများသည် ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။

​ကြီးမားလှသည့် ဟင်းလင်းပြင် တုန်ခါမှုများသည် ဓားကိုယ်ထည်မှတစ်ဆင့် ပျံ့နှံ့ထွက်ပေါ်လာရာ လူတိုင်း သိသိသာသာ ခံစားလိုက်ရ၏။

​လင်းချန်၏ လက်ထဲရှိ ကျိုးပဲ့နေသည့် ဓားသည် ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများကို ပြိုကျစေကာ တစ်ခါတစ်ရံ ကျုံ့သွားစေလိုက်၊ တစ်ခါတစ်ရံ ပြန့်ကားသွားစေလိုက် ဖြစ်နေစေသည်။

​ထိုခဏ၌ လင်းချန်သည် ညာဘက်လက်တွင် စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းကာ ရဲဒင်းတစ်ခုသဏ္ဌာန် ပြုလုပ်လိုက်၏။

​ထို့နောက် ရေစီးကြောင်းကို ခွင်းလျက် ဓားလက်ကိုင်ရိုး၌ ရှိသည့် တစ်ပိုင်းတစ်စ ကြည်လင်နေသော သလင်းကျောက်ပေါ်သို့ အားကုန် ရိုက်ချလိုက်သည်။

​ခွမ်းးး

​ကြည်လင်ပြတ်သားသည့် အသံနှင့်အတူ သလင်းကျောက်သည် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး တောက်ပသော အလင်းဖြူလေး တစ်ချက် လက်သွားကာ လက်သီးဆုပ်ခန့်ရှိသည့် ကြည်လင်တောက်ပသော ကျောက်တုံးလေး တစ်တုံး ထွက်ပေါ်လာ၏။

​လင်းချန်သည် ထိုလက်သီးဆုပ်ခန့်ရှိသည့် သလင်းကျောက်ကို အသာအယာ ဖမ်းယူလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

​"ငါ ထင်ထားတဲ့အတိုင်းပဲ... ဓားရိုးမှာရှိတဲ့ ဒီသလင်းကျောက်ဟာ ဟင်းလင်းပြင်ကျောက်တုံးကို ထည့်သွင်းထားတဲ့ သိုလှောင်အိတ် တစ်ခုသက်သက်ပဲ။ ဒီဓားဟာ ဟင်းလင်းပြင် အင်အားကို အသုံးချနိုင်အောင် ထူးခြားပြောင်မြောက်တဲ့ လက်နက်သွန်းလုပ်သူတစ်ယောက်က ဖန်တီးထားတာပဲ ဖြစ်ရမယ်"

​ဂလု ဂလု

​လင်းချန်၏ လက်ထဲမှ လက်သီးဆုပ်ခန့်ရှိသော ဟင်းလင်းပြင်ကျောက်တုံးကို မြင်လိုက်ရသည့်အခါ စုရုံးနေကြသည့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုဝင်များအားလုံးမှာ အံ့အားသင့်လွန်းသဖြင့် ပင်လယ်ရေများကို အငမ်းမရ ရှူသွင်းမိကုန်ကြ၏။

​လူသားမျိုးနွယ်စုဝင် အနည်းငယ်သည်လည်း ကြည်လင်နေသည့် ကျောက်တုံးကို အံ့သြတကြီး ကြည့်နေကြသည်။

​သို့သော် လူတစ်ယောက်၏ မျက်နှာမှာမူ မစင်စားမိထားသူကဲ့သို့ပင် အလွန်တရာ ဆိုးရွားနေ၏။ ထိုသူမှာ ကျန်းခယ်ရန် ပင် ဖြစ်သည်။

​ဟင်းလင်းပြင်ကျောက်တုံး... လက်သီးဆုပ်ခန့်ရှိသည့် ဟင်းလင်းပြင်ကျောက်တုံးကြီးပင်။

​ဤမျှကြီးမားသည့် ဟင်းလင်းပြင်ကျောက်တုံး၏ တန်ဖိုးမှာ အတိုင်းအဆမရှိဘဲ လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စု တစ်ခုလုံးကို နှစ်ပေါင်းတစ်ထောင်တိုင်တိုင် ထောက်ပံ့ပေးထားနိုင်သည်အထိ တန်ဖိုးရှိ၏။

​ကျန်းခယ်ရန်၏ ရင်ထဲ၌ သွေးစိမ်းရှင်ရှင် ထွက်မတတ် နာကျင်နေရသည်။

​"အဲဒီ ရှေးဟောင်းအမွေအနှစ်နေရာကနေ ရတနာတွေ အများကြီး ရခဲ့တာပဲ... အဲဒီက ထွက်လာတဲ့ ပစ္စည်းက ဘယ်လိုလုပ် တန်ဖိုးနည်းမှာလဲ"

​မူလက သွေးဆာသည့်ခန်းမနှင့် ပူးပေါင်းကာ လင်းချန်ကို ထောင်ချောက်ဆင်ရန် ကြံစည်ခဲ့သော်လည်း ယခုမူ သူများမကောင်းကြံ ကိုယ်သာခံ ဆိုသည့် အခြေအနေသို့ ဆိုက်ရောက်သွား၏။

​တစ်ဖက်လူကို ထောင်ချောက်ထဲသို့ အောင်မြင်စွာ ဆွဲသွင်းနိုင်ပြီဟု ထင်မှတ်ခဲ့သော်လည်း အမှန်တကယ်၌မူ ကိုယ့်ကိုကိုယ်သာ ထောင်ချောက်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်ခြင်းဖြစ်ကြောင်း သူ သိလိုက်ရသည်။

​လင်းချန်သည် သူ့ကို အဘယ်ကြောင့် လူအလူနတစ်ယောက်ကဲ့သို့ ကြည့်နေသည်ကို ယခုမှပင် ကျန်းခယ်ရန် နားလည်သွား၏။

​ထိုစဉ် လင်းချန်သည် ဟင်းလင်းပြင်ကျောက်တုံးကို ပစ္စည်းစစ်ဆေးသူ၏ ရှေ့၌ အသာအယာ လှုပ်ယမ်းပြရင်း မေးလိုက်သည်။ "တကယ်လို့ ဒီဟင်းလင်းပြင်ကျောက်တုံးကို လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်စုဆီ ရောင်းမယ်ဆိုရင် ဘယ်လောက်ရမလဲ"

​လင်းချန်သည် ဤမျှတန်ဖိုးကြီးလှသည့် ဟင်းလင်းပြင်ကျောက်တုံးကို မိမိတို့ မျိုးနွယ်စုထံ ရောင်းချရန် ရည်ရွယ်နေသည်ကို သိရသည့်အခါ ပစ္စည်းစစ်ဆေးသူမှာ အံ့အားသင့်စွာဖြင့် မေးလိုက်မိ၏။ "မင်း... မင်းက တကယ်ကြီး ရောင်းမှာလား"

​ဟင်းလင်းပြင်ကျောက်တုံးသည် တန်ဖိုးရှိသည်မှာ မှန်သော်လည်း လင်းချန်အနေဖြင့် ထိုကျောက်တုံးကို အလွန်အမင်း လိုအပ်နေသည်တော့ မဟုတ်ပေ။

​ဟွာရှာအင်ပါယာအတွင်း၌ ဤထက် ပိုမိုကောင်းမွန်သည့် ဟင်းလင်းပြင်သလင်းကျောက်များစွာ ရှိနေပြီးသား ဖြစ်သည်။

​သို့သော် ထိုသလင်းကျောက်များသည် အရည်အသွေး အလွန်မြင့်မားလွန်းသဖြင့် လင်းချန်အနေဖြင့် ရောင်းချမည် မဟုတ်ပေ။ ထိုကဲ့သို့သော ထူးကဲသည့် ကုန်ကြမ်းများကို မိမိဘာသာ အသုံးပြုရန်အတွက်သာ သိမ်းဆည်းထားမည် ဖြစ်၏။

​ဤဟင်းလင်းပြင်ကျောက်တုံးအတွက်မူ...

​လင်းချန်သည် ကျန်းခယ်ရန်အား ကြည့်လျက် သဘောကောင်းလှသည့် အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ "ရောင်းမှာပေါ့... ဒါက တစ်စုံတစ်ယောက်က ကျုပ်ကို စေတနာအပြည့်နဲ့ လက်ဆောင်ပေးထားတာပဲလေ။ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလှယ်လိုက်တာ ကောင်းပါတယ်။ ကျုပ်လည်း နှမြောနေမှာ မဟုတ်ဘူး... ဟုတ်တယ်မလား မျိုးနွယ်စုခေါင်းဆောင်ကျန်း"

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၈၀ ပြီး။

ဘာသာပြန် - Ko Yoohtoo

True Immortal Team

All Chapters