အခန်း ၁၀၆၂
Vol. 71 Ch. 1062
အခန်း ((၁၀၆၂) - ကောင်းကင်၏ လျှို့ဝှက်ချက်၊ တိုင်းတစ်ပါး၏ လျှို့ဝှက်ချက်
"အဲဒီအဘွားအိုရဲ့ နာမည်ကို ကျွန်မ မသိပါဘူး။ သူမရဲ့ နာမည်က ရန် လို့ပဲ သိထားပြီး သူမက လှို့ဝှက်ကောင်းကင်ဂိုဏ်း က လာတာပါ။ ကျွန်မအဘိုးကလည်း တစ်ချိန်က အဲဒီဂိုဏ်းမှာပဲ ပညာသင်ခဲ့ဖူးတယ်။
အဲဒါက ရှေးရိုးစွဲ ဂိုဏ်းတစ်ခုဆိုပေမဲ့ တပည့်တော်အများစုက ဂိုဏ်းရဲ့ ကျင့်စဉ်တွေကို မကျင့်ကြံကြဘူး။ အဘွားအိုကတော့ တစ္ဆေ နိယာမ ကျင့်စဉ်တွေကို ကျင့်ကြံတဲ့ ထူးခြားတဲ့သူတစ်ယောက်ပေါ့။
သူမက အဘိုးရဲ့ တပည့်ညီမဝမ်းကွဲ ဖြစ်ပေမဲ့ သူတို့နှစ်ယောက်ကြားမှာ ရန်ငြိုးတွေ ရှိနေခဲ့တယ်။ ဘာရန်ငြိုးလဲဆိုတာတော့ ကျွန်မ မသိဘူး... အဘိုးမရှိတော့တဲ့အခါ သူမရဲ့ အမုန်းတရားတွေအားလုံးကို ကျွန်မဆီကိုပဲ ပစ်မှတ်ထားတော့တာပဲ။ နောက်ပိုင်းဖြစ်ပျက်ခဲ့တာတွေကိုတော့ အကြီးအကဲ သိပြီးသားအတိုင်းပါပဲ။"
"တကယ်တော့ သူမမရှိရင်တောင် ကျွန်မက ကောင်းကောင်းမွန်မွန် ဖြစ်လာမှာ မဟုတ်ပါဘူး။ ထျန်းယန့် ကုန်သွယ်ရေးဂိုဏ်း က ကျွန်မတို့ရဲ့ ထျန်းကျီး ကုန်သွယ်ရေးဂိုဏ်း ကို အရယူဖို့ ကြံစည်နေတာ ကြာပါပြီ။ အဘိုးနဲ့ ကျင့်ကြံသူကြီးတွေ မရှိတော့တဲ့အခါ သူတို့က ကျွန်မတို့ရဲ့ ဆိုင်ခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းယူခဲ့ကြတယ်။ ကျွန်မတို့မှာ သည်းခံနေရုံကလွဲလို့ ဘာမှမလုပ်နိုင်ခဲ့ဘူး။"
"ပြီးခဲ့တဲ့ တစ်လလောက်က... ထျန်းယန့် ကုန်သွယ်ရေးဂိုဏ်း ရဲ့ အမွေဆက်ခံသူ ယန်ထျန်းဇုံ က အဘိုးနာမည်နဲ့ ကျွန်မကို လက်ထပ်ခွင့်တောင်းတဲ့ ဖိတ်စာပို့လာတယ်။ သူက ကျွန်မကို လက်ထပ်ချင်နေတာ..."
ထိုအကြောင်းကို ပြောပြစဉ် ဂျီရွှီယန်၏ မျက်နှာမှာ ဒေါသကြောင့် နီရဲလာသည်။
"ကျွန်မ ယန်ထျန်းဇုံ ကို သတ်ချင်နေတာ ကြာပြီ၊ သူက အခုတော့ အရှက်မရှိ လက်ထပ်ခွင့်တောင်းလာတယ်။ သူက ကျွန်မရဲ့ ထျန်းကျီး ကုန်သွယ်ရေးဂိုဏ်း တစ်ခုလုံးကို ပိုင်ဆိုင်ဖို့ ကြံစည်နေတာပါ။ သူသာ လက်ထပ်လိုက်ရင် တခြားဂိုဏ်းတွေက တစ်စွန်းတစ်စတောင် ခွဲဝေယူလို့ မရတော့ဘဲ သူက အပိုင်စီးသွားနိုင်မှာပေါ့..."
ဂျီရွှီယန်၏ စကားများကို ကြားပြီးနောက် ယီယွင် ခေါင်းခါလိုက်သည်။ စွမ်းအားသာလျှင် အရာရာဖြစ်သော ကျင့်ကြံသူတို့လောကတွင် ဂျီရွှီယန်အနေဖြင့် လက်ခံလိုက်ပါက သူမ၏ ဘဝမှာ ပျက်စီးသွားပေလိမ့်မည်။
ငြင်းဆန်လျှင်လည်း အလားတူပင်ဖြစ်ပြီး ဂိုဏ်းမှာ သိမ်းပိုက်ခံရမည်ဖြစ်သည်။ ယန်ထျန်းဇုံ လက်ထဲသို့ အရှင်လတ်လတ် ရောက်သွားပါက အကျဉ်းချခံရပြီး မုဒိမ်းကျင့်ခံရမည်မှာ သေချာသည်။ သတ်သေမှသာ လွတ်မြောက်နိုင်မည်ဖြစ်သည်။
"ကောင်းပြီ၊ အစ်မပြောတဲ့ နေမင်းသင်္ချိုင်း သဲကန္တာရ မှာ ဖြစ်ပေါ်နေတဲ့ ထူးခြားတဲ့ ဖြစ်စဉ်က ဘာလဲ"
ယီယွင်မှာ ထိုအကြောင်းကို ပို၍ စိတ်ဝင်စားနေသည်။
"အဘိုးရဲ့ ခန့်မှန်းချက်အရတော့ အဲဒီဖြစ်စဉ်တွေက နတ်မီးတောက် တစ်မျိုးကြောင့်လို့ ထင်ရတယ်။ အဲဒါက နေမင်းသင်္ချိုင်း သဲကန္တာရ ရဲ့ သမိုင်းကြောင်းနဲ့ ဆက်စပ်နေတယ်။
ဒဏ္ဍာရီတွေအရ နေမင်းသင်္ချိုင်း သဲကန္တာရ ဟာ နေမင်းကြီးတစ်ခု ပြုတ်ကျရာကနေ နှစ်သန်းပေါင်းများစွာအတွင်းမှာ သဲကန္တာရအဖြစ် ပြောင်းလဲသွားတာလို့ ပြောကြတယ်။ အဘိုးကတော့ အဲဒီနေမင်းကြီးဟာ ယန် စွမ်းအင် အထွတ်အထိပ်ဖြစ်တဲ့ အရာတစ်ခုလို့ ယုံကြည်တယ်။
ပြီးတော့ အဲဒီနေမင်းကြီးက နှစ်သန်းပေါင်းများစွာအတွင်းမှယန် ဝိညာဉ် တစ်ခုကို မွေးဖွားပေးခဲ့တာဖြစ်နိုင်တယ်။ အခုဖြစ်နေတဲ့ ဖြစ်စဉ်တွေက အဲဒီ ယန် ဝိညာဉ် ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေနိုင်တယ်"
"အို"
ယီယွင် အံ့အားသင့်သွားသည်။
"အဘိုးက ဒါကို ဘယ်လိုသိတာလဲ တခြားဂိုဏ်းတွေကရော ဒါကို သိကြသလား"
ဂျီရွှီယန် ခေါင်းခါရင်း "သူတို့ မသိကြလောက်ပါဘူး..." ဟု ပြောသည်။
ဂျီရွှီယန်က ဆက်ပြောပြသည်။
"အဘိုးက အားနည်းပေမဲ့မြေအနေအထားပညာ နဲ့ ဗေဒင်ပညာမှာ အလွန်ကျွမ်းကျင်တယ်။ သူက လှို့ဝှက်ကောင်းကင်ဂိုဏ်း ကနေ လာတာလေ။ ထျန်းကျီး ဆိုတာ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ဗေဒင်ဟောတာကို ဆိုလိုတာ။ ထျန်းကျီး ကုန်သွယ်ရေးဂိုဏ်း ဆိုတဲ့ နာမည်ကလည်း အဲဒီကနေ ဆင်းသက်လာတာပါ။ အဲဒီပညာရပ်တွေက လူတစ်ယောက်ရဲ့ ခွန်အားကို တိုက်ရိုက် မမြှင့်တင်ပေးနိုင်တော့ ဂိုဏ်းက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တယ်။
အဘိုးကတော့ အဲဒီပညာရပ်မှာ အထွတ်အထိပ်အထိ အောင်မြင်ခဲ့သူပါ။ အဲဒီပညာရပ်ကို သုံးပြီးတော့ နေမင်းသင်္ချိုင်း သဲကန္တာရ ထဲက ရတနာတွေ ရှိမယ့်နေရာကို အတိအကျ ရှာဖွေနိုင်ခဲ့တာပေါ့။"
ထိုသို့ဆိုလျှင် ဂျီရွှီယန်၏ အဘိုးသည် အခြားသူများ မမြင်နိုင်သည်ကို မြင်နိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။
ဂျီရွှီယန်သည် ခဏ တွေဝေဖြစ်ပြီးနောက် အဂရိတ် ကျောက်မျက်ကဲ့သို့ ကျောက်တုံးအချို့ကို ယီယွင်အား ပေးလိုက်သည်။
"အကြီးအကဲ၊ ဒါကို ကြည့်ပါ။ ဒါတွေက အဘိုးအရင်က ရှာတွေ့ခဲ့တဲ့ သန့်စင် ယန် နတ်ဘုရားကျောက်တုံး တွေပါ။ အဲဒီနေမင်းကြီးရဲ့ ဝိညာဉ် မွေးဖွားရာမှာ သာမန်ကျောက်တုံးတွေကနေ ပြောင်းလဲသွားတဲ့ အရာတွေပါ။ အကြီးအကဲ စိတ်ဝင်စားရင် ဒါတွေကို သိမ်းထားလိုက်ပါ"
ယီယွင်သည် ထိုအနီရောင်ကျောက်တုံးများကို ကိုင်တွယ်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ယန် စွမ်းအင်များ လျင်မြန်စွာ လည်ပတ်လာသည်။ သူ၏ နတ်အမြုတေ ထဲသို့ သန့်စင်သော ယန် စွမ်းအင်များ စီးဝင်လာပြီး အလွန်ပင် သက်တောင့်သက်သာ ရှိလှသည်။
အရေးကြီးဆုံးမှာ သူ၏ နတ်အမြုတေ ထဲရှိ မြင့်မြတ်သော သစ်ပင်မျိုးစေ့ မှာ ထိုစွမ်းအင်များကို စုပ်ယူပြီးနောက် တစ်ဖန် ပြန်လည် ကြီးထွားလာခြင်းဖြစ်သည်။ ဤကျောက်တုံးများအားလုံးကို စုပ်ယူနိုင်ပါက သူ၏ ကျင့်ကြံဆင့်နှင့် စွမ်းအားများမှာ အဆမတန် တိုးတက်လာနိုင်မည် ဖြစ်သည်။
ယီယွင်သည် အလွန်ပင် စိတ်လှုပ်ရှားသွားသည်။ နေမင်းသင်္ချိုင်း သဲကန္တာရ မှာ သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်နိုင်ပြီး ဤနေရာတွင် ဆက်လက်နေထိုင်၍ စုံစမ်းရန် လိုအပ်ကြောင်း သူ ယုံကြည်လိုက်သည်။